Saturday, 30 April 2016

ပြိုင်မြင်းများနှင့်အတူ

အခုတလော ဝမ်းသာစရာ သတင်းတစ်ခု ကြားမိတယ်။ ဝန်ကြီးဌာနအချို့က ဝန်ထမ်းတွေအနက်မှ ဗမာတိုင်းရင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေကို သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေဆီ ပြောင်းချင်ရင် ပြောင်းနိုင်ကြောင်း အထက်က အကြောင်းကြားလာပါတယ်တဲ့။ ဒီအခြားတိုင်းရင်းသားတွေ အတော်များများကလည်း ဝမ်းသာအားရ ပြောင်းရွှေ့ခွင့်တင်ကြပါတယ်တဲ့။ အခုကတော့ သူတို့တွေအတွက် ပြောင်းခွင့်ရဖို့ စောင့်ဆိုင်းကာလပေါ့။ 
ကျွန်တော်ကတော့ ဒါကို ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုလို့ မြင်မိပါတယ်။ သက်ဆိုင်ရာ နယ်ပယ်မှာ တကယ်တော်၊ တကယ်တတ်တဲ့ ပညာရှင်တွေ ကိုယ့်ပြည်နယ်တွေအတွက် ပြန်ပြီး အလုပ်အကျွေးပြုနိုင်ကြတော့မှာမို့ပါ။ အရင်တုန်းက ပညာရှင်နည်းပါးမှု၊ ဘတ်ဂျက်မလုံလောက်မှု၊ အကျင့်ပျက်ခြစားမှုတစ်ချို့၊ ပြည်နယ်တိုးတက်ရေးတွေကို လျစ်လျူရှုထားခံရမှုတွေ အခုချိန်မှာ အတိုင်းအတာတစ်ခုထိ ပြေပျောက်လာတော့မယ်လို့ မျှော်လင့်နေမိပါတယ်။ ပြည်နယ်တိုးတက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်မယ့် ပညာရှင်နည်းပါးမှုတွေကို ဒီလိုမျိုး ကိုယ့်တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ပြောင်းလာကြမယ့် ဝန်ထမ်းတွေက အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သူတို့တွေကို သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေက လက်ကမ်းကြိုဆိုသင့်ပါတယ်။ ကြိုဆိုနေကြမှာပါ။
ဒါပေမယ့် အခုချိန်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရုံးခန်းလေးမှာသာ ပြောင်းလာသမျှဝန်ထမ်းတွေနဲ့ နဂိုရှိတဲ့ ဝန်ထမ်းတွေ စုပြုံပြီး လောလောဆယ် လုပ်ကိုင်ရမယ့် အနေအထား ဖြစ်နေသေးတာကတော့ စိတ်မကောင်းစရာပါပဲ။ မကြာမီမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သီးသန့်အဆောက်အဦအနေနဲ့ ပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခု ကျွန်တော် နားလည်တာကတော့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေမှာ ဌာနခွဲတွေ (ဥပမာ - လယ်ယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာဌာန စသည်ဖြင့်) နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်လာပြီး သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီး ကိုယ့်ပြည်နယ်ကောင်းကျိုးအတွက် စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်လာကြမယ်ဆိုတာပါပဲ။
ဒီတော့ ဒီလိုမျိုး ဌာနခွဲတွေနဲ့ ပေါင်းစုထားတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေ ပေါ်လာပြီဆိုပါစို့။ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ဘတ်ဂျက်တွေကို အလုံအလောက် ရရှိဖို့နဲ့ ကိုယ့်ပြည်နယ်အတွက် တကယ်လိုအပ်တဲ့ ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ပီပြင်တဲ့ဖက်ဒရယ်စနစ်နဲ့ Power sharing နဲ့ resource sharing တွေကို တိတိကျကျ ဖော်ဆောင်ဖို့၊ တရားဝင် ဥပဒေတွေ ရေးဆွဲပြဌာန်းပေးဖို့ အပူတပြင်း လိုအပ်လာပါပြီ။ ဒီလိုမျိုး ဖယ်ဒရယ်စနစ်ကို အကောင်အထည်မဖော်နိုင်ဘဲ နဂိုအတိုင်း ဗဟိုချုပ်ကိုင်မှုနဲ့သာ ဆက်လက်စခန်းသွားနေရင်တော့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ သူ့ရဲ့ တက်တက်ကြွကြွ စေတနာအပြည့်နဲ့ ကို်ယ့်တိုင်းရင်းသားတွေအတွက်၊ ကိုယ့်ပြည့်နယ်အတွက် အကောင်းဆုံးလုပ်ဆောင်လိုက်မဟဲ့လို့ စိတ်မှာတေးမှတ်ပြီး ဝင်ရောက်လာမယ့် ဝန်ထမ်းသစ်တွေနဲ့ နဂိုရှိနေဆဲ ဝန်ထမ်းတွေအဖို့တော့ အကောင်းဆုံး ပြိုင်ပွဲဝင်ပြီး အောင်ပန်းဆွတ်ပေးမယ့် မြင်းကောင်းတစ်ကောင်ကို ပြိုင်ပွဲမှာ ဇက်ကြိုးမလွှတ်ဘဲ ထားတာနဲ့သာ တူနေမယ်ထင်မိပါရဲ့ဗျာ
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
၂၉ ၊ ၄၊ ၂၀၁၆

Tuesday, 26 April 2016

ယူရီးကာမျှော်စင်ကြီးဆီသို့ ဒုတိယအကြိမ် အလည်တစ်ခေါက်


Eureka Skydeck, Melbourne, Australia

သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့သို့ ကျွန်တော် စရောက်သည့်နေ့မှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ဖြစ်သည်။ ရောက်ပြီး နောက်သုံးရက်ခန့်တွင် Australia Awards Scholarships (AAS) အဖွဲ့မှ ကျွန်တော်တို့ လာထရုတ်တက္ကသိုလ် (La Trobe University) တွင် သင်ကြားသော ပညာရေးနယ်ပယ်မိတ်ဆက်သင်တန်း (Introductory Academic Program (IAP)) ကို တစ်လကြာ တက်ရောက်ရသည်။
ထိုတစ်လတာအတောအတွင်း ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စေရန် မှတ်စုလိုက်နည်း၊ အက်ဆေးရေးနည်း၊ ကျမ်းကိုးရေးနည်း စသော အရေးပါသည့် ပညာများကို ဝါရင့်ဆရာဆရာမများက သင်ကြားပေးသည်။ သင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ဖြစ်သည်။ သီးတင်းပတ်တစ်ပတ်အပြီး စနေနေ့တွင် မဲလဘုန်းမြို့ရှိ အထင်ကရနေရာများ၊ အလည်အပတ်သွားစရာ နာမည်ကျော်နေရာများကို AAS အဖွဲ့မှ လိုက်ပို့ပေးသည်။ ပထမအပတ်တွင် မဲလဘုန်းမြို့တွင်းအနှံ့သို့ လိုက်ပို့ပေးသည်။ ထိုနေ့တွင် ယူရီးကာမျှော်စင်ကြီးသို့လည်း ရောက်ခဲ့ကြသည်။ ဒုတိယအပတ် စနေနေ့တွင် မဲလဘုန်းမြို့မှ လေးနာရီခန့် ကားမောင်းရသည့်အကွာအဝေးတွင်ရှိသည့် ဖီးလစ်ကျွန်း (Philip Island) သို့ လိုက်ပို့ပေးသည်။ တတိယတစ်ပတ် စနေနေ့တွင် ယခင်ကရွှေများစွာ ထွက်ခဲ့သော ဆိုဗရင်းတောင်ကုန်းများ (Sovereign Hills) သို့ လိုက်ပို့ပေးသည်။ နောက်ဆုံးအပတ်တွင်မူ သင်တန်းဧ။် နောက်ဆုံးအက်ဆေးတင်ရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ အလုပ်ရှုပ်နေကြသဖြင့် မည်သည့်နေရာသို့မျှ မသွားဖြစ်ခဲ့တော့ချေ။
ထိုတစ်လတာ IAP သင်တန်းကာလသည် စာရေးသူတို့အတွက် ပျော်စရာအကောင်းဆုံး အချိန် ဖြစ်ခဲ့သည်ပင်။ နိုင်ငံတကာမှ သူငယ်ချင်းများ တိုးပွားခဲ့သည်။ ပညာရေးဝန်းကျင်သစ်တွင် သူတို့ဧ။် ပညာရေးကို နဖူးတွေ့ဒူးတွေ့ စတွေ့ဖြစ်ခဲ့ကြသည်။ မိမိနိုင်ငံနှင့် မတူသော ဓလေ့တို့နှင့် စတင်ပွန်းတီးခဲ့ကြသည်။ မိမိနိုင်ငံ၊ မိသားစုတို့နှင့် ခွဲခွာ၍ ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကိုယ် ပိုမိုးအားကိုးဖြစ်လာကြသည်။ ထိုလနောက်ပိုင်းတွင်မူ အတန်းများတက်၊ အဆိုင်းမင့်လုပ်ဖြင့် များစွာ အလုပ်ရှုပ်တော့သည်။ တစ်ခါတစ်လေ သူငယ်ချင်းများနှင့် ချိန်း၍ ရေကူးသွားသည့်အခါမျိုး၊ အားကစားရုံသွားသည့်အခါမျိုးတို့တွင်သာ တစ်ဦးနှင့်တစ်ဦး တွေ့ဖြစ်ကြတော့သည်။ စာကြည့်တိုက်သွားရင်း ထမင်းစားချိန်တွင် အတူတူချိန်း၍ ထမင်းစားဖြစ်ကြသည့်အခါလည်း ရှိသည်။ တစ်ခါတစ်ရံ ဘာသာရပ်တူသူများ တစ်တန်းတည်းတွင် ပြန်ဆုံဖြစ်ကြသည်။ AAS တွေ့ဆုံပွဲများတွင်မူ အားလုံးပြန်ဆုံဖြစ်ကြသည်ပင်။
ဘာလိုလိုနှင့် မဲလဘုန်းတွင် ရောက်နေသည်ပင် တစ်နှစ်ကျော်လာခဲ့ပြီ။ ယနေ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့။ အက်ဒီလိတ်မြို့မှ သူငယ်ချင်းတစ်ယောက် မဲလဘုန်းမြို့သို့ အလည်ရောက်လာသဖြင့် မြို့တွင်းနေရာများသို့ လိုက်ပို့ပေးမည်ဟု သူ့ကို ပြောထားပြီးဖြစ်သည်။ သို့သော် နံနက်ပိုင်းအတန်းရှိသဖြင့် အတန်းပြီးလျှင်ပြီးချင်း သူတို့ဆီဆက်သွယ်ပြီး လာမည်ဟု ပြောထားသည်။

Sunday, 24 April 2016

လေးတောင်မြေမှာ ပွင့်သော ကြာ



                  ဇွဲသစ် (ရမ္မာမြေ)

(၁)
ကြာဆိုတာ
ကန်အောက်ကြမ်းပြင်မှတစ်ဆင့်

ရေကို ထိုးထွက်
တန်ခိုးထက်တဲ့ ပန်းတစ်မျိုး။

ကြာဆိုတာ
အရိုးလည်း အသုံးဝင်
အဖူးလည်း အသုံးကျ
အပွင့်လည်း အသုံးတည့်
အသီးလည်း အသုံးများ
တန်ဖိုးထားအပ်တဲ့ အပင်တစ်မျိုး။

ရေမြင့်မှ ကြာတင့်ပါသတဲ့။
ဟော့ … ဒီကြာပန်းကတော့
ရေမြင့်လို့ ကြာတင့်တာမဟုတ်၊
ကြာတင့်လို့ ရေတွေမြင့်ခဲ့ကြရပြီ။

သူဟာ
ဖူးတုန်းလည်း အကျိုးပွား
ပွင့်တော့လည်း တန်ဖိုးထားရတဲ့
ဘုရားပန်းအိုးထဲက ကြာပန်းမျိုးပေါ့။
xxxxx     xxxxx    xxxxx  xxxxx

(၂)
၁၉ ၉ ၉  - ခုနှစ်၊ အောက်တိုဘာလဧ။် တစ်ခုသောနေ့။ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ ဇရပ်ပြင်ရွာနှင့် ကွမ်းအိုင်ရွာတို့ အစပ်ရှိ တြိဂံသဏ္ဌာန် မြေကွက်ပေါ်တွင် ခန့်ညားစွာ တည်ရှိနေသည့် အ.ထ.က ဇရပ်ပြင် ကျောင်းတော်ကြီး၌ မောင်ကျော်ဇောတစ်ယောက် အဌမတန်း တက်ရောက်နေချိန်။

Friday, 15 April 2016

သံပရာသီးဟင်းရည်ဆွဲခေါ်သွားသော အတိတ်

ရာသီဥတုက ပူမလိုလိုနဲ့ မပူတဲ့နေ့လို့ ဆိုရမယ်။ အပူချိန် ၂၇ ဒီဂရီဆိုပေမယ့် လေတိုက်နေတာကြောင့် ပူသလို မထင်ရ။ 
ဒီလိုအချိန်မှာ မြန်မာသင်္ကြန်အချိန်အခါနဲ့ တိုက်ဆိုင်နေပြန်တယ်။ ဖေ့ဆ့ဘုတ်လူမှုကွန်ရက်ပေါ် တက်လာတဲ့ အနယ်နယ်အရပ်ရပ်က သင်္ကြန်ပွဲကျင်းပဖြစ်နေပုံတွေကို မြင်တွေ့ရတာက ကိုယ်ဇာတိမြေကို လွမ်းစရာ။သတိရစရာတွေထဲမှာမှ ဒီနေ့ တခုတ်တရ သတိရနေမိတာက ငယ်ငယ်တုန်းက အမေလုပ်ပေးတတ်ခဲ့တဲ့ သံပုရာသီးဟင်းရည်ကိုပါပဲ။ 
သံပုရာသီးကို သူများဆီက ဝယ်စရာမလို။ ကိုယ့်ခြံထွက်အသီးတစ်မျိုးပါပဲ။ ရမ်းဗြဲ၊လေးတောင်ရခိုင်ဒေသိယစကားမှာ "ဆီးသံပုရာ" (ဆေးသံပုရာ) လို့ ခေါ်ကြလေရဲ့။ ဆေးဖက်ဝင်တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်တွေမှာတော့ Lime လို့ပဲ ခေါ်တာတွေ့ရရဲ့။ 
သံပုရာသီးဟင်းရည်ကို ထမင်း၊ ဟင်းနဲ့ တွဲပြီး ဟင်းချိုသဘောမျိုး သောက်ရတာပါ။ ပြုလုပ်ပုံက သံပရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၊ ဇလုံတစ်ခုထဲ ရေလိုသလောက်ထည့်၊ ဆား၊ ငါးပိအတန်အသင့်ကို ဒီရေထဲမှာ ဖျော်ထည့်၊ ကြက်သွန်တစ်ခြမ်းကို ခပ်ပါးပါး လှီးပြီး ဒီထဲထည့်၊ ပြီးရင် ငရုပ်သီးတစ်လုံးကို ဒီထဲ ချိုးထည့်၊ သံပရာသီးကို ဒီထဲအရည်ညှစ်ထည့်ပြီး သမအောင် မွှေလိုက်ရင် ထမင်းနဲ့ သောက်စားလို့ရပါပြီ။

အခြေခံလူတန်းစားထဲမှာပါတဲ့ မိမိတို့ မိသားစုအတွက်တော့ အဖိုးအခနည်းတဲ့ ခြံထွက်ဟင်းအမယ်တစ်မျိုးပါပဲ။ ဒီအဖိုးအခနည်းတဲ့ ခြံထွက်ဟင်းသီးဟင်းရွက်တွေကို နှစ်ခြိုက်စွာ စားသောက်တတ်အောင် အမေက အလိမ္မာနဲ့ သင်ပေးခဲ့တယ်လို့ ဆိုရမလားပဲ။ ခြံထွက် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ချဉ်ပေါင်၊ ရုံးပတီသီး (ဒေသအခေါ် "ကောင်းကင်မျှော်သီး" သို့မဟုတ် "ဟင်းရှားသီး")၊ ပဲသီး၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီးတွေကို ရောင်းတန်ရောင်း၊ စားတန်စားရလေရဲ့။ ကျွန်တော့်အကြိုက်ဆုံးကတော့ သံပုရာသီးဟင်းရည်ပါ။ ချဉ်ချဉ်လေးနဲ့ ထမင်းမြိန်စေတဲ့ ဟင်းကောင်းတစ်ခွက်ပါပဲ။
ဒီနေ့ညနေဖက် စာလုပ်နေရင်း ငယ်ငယ်တုန်းက အမေလုပ်ပေးခဲ့တဲ့ သံပုရာသီးဟင်းရည်ကို သတိရမိတော့ လျှာရည်တွေ အလိုလို ကျလာခဲ့ပေါ့။ ဒီလိုနဲ့ စာလုပ်ရာကနေ ညစာကို ပုံမှန်ချိန်ထက် စောပြီး စားဖို့ ဖြစ်သွားပါလေရော။ အသင့်ဝယ်ထားပြီးသား သံပရာသီးနဲ့ သံပရာသီးဟင်းရည်တစ်ခွက် ကျွန်တော် အလျင်စလို လုပ်လိုက်တယ်။ ထမင်း၊ ဟင်းတွေ ပြန်နွှေးပြီး သံပရာသီးဟင်းရည်နဲ့အတူ ထမင်းစားလိုက်တယ်။ ခါတိုင်းတစ်ပန်ကန်သာ ကုန်အောင် စားနိုင်ခဲ့တဲ့ ကျွန်တော် ဒီနေ့ နှစ်ပန်ကန် ပြောင်ပါလေရော။ သံပရာသီးဟင်းရည်သောက်ပြီး ထမင်းစားနေရင်း ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဇာတိရွာလေးကို ပြန်ရောက်သွားခဲ့ပေါ့။
သြော် ... လွမ်းစရာ့ အမေ့လက်ရာ သံပရာသီးဟင်းရည်လေးပါလေ။ ဇာတိရွာကို အလည်ပြန်နေဆဲ အမေကကော သင်္ကြန်မှာ သံပရာသီးဟင်းရည်လုပ်သောက်ရင်း အဝေးက သားကို သတိရနေလေမလားမသိ။ သားကတော့ သံပရာသီးဟင်းရည်ရဲ့ ဆွဲခေါ်ရာ အတိတ်တစ်ချိန်ဆီသို့ အလည်သွားရင်း ...
By: ဇွဲသစ် (ရမ္မာမြေ)
၁၅၊ ၄၊ ၂၀၁၆ (သောကြာနေ့)

Wednesday, 13 April 2016

နှစ်သစ်ဆုမွန် (New Year Wish)

နှစ်သစ်ဆုမွန်
......................

နှစ်သစ်အစ၊ သင်္ကန္တမှာ
နီးမှဝေးမှ၊ ချစ်လှအဆွေ
ပျော်ပါစေ။

နှစ်သစ်အစ၊ သင်္ကန္တမှာ
နီးမှဝေးမှ၊ ချစ်ရအဆွေ
မာပါစေ။

နှစ်သစ်အစ၊ သင်္ကန္တမှာ
နီးမှဝေးမှ၊ ချစ်ကြအဆွေ
သင်္ကြန်ရေနှင့်၊ အေးစေအကြောင်း
ဆုမွန်တောင်းသည်၊ အကောင်းထွေထွေ
ပြည့်ပါစေ။


ဇွဲသစ် (ရမ္မာမြေ)
၁၃၊ ၄၊ ၂၀၁၆ (ဗုဒ္ဓဟူးနေ့)


New Year Wish
.......................

Happy Myanmar New Year
to all of you --- near or far!

May you be healthy
in this glorious time!

May you be free
from all sorts of defilements!

Zwe Thit (Rammarmray)
13/4/2016 (Wed)

Monday, 11 April 2016

ပထမအကြိမ် အာစရိယပူဇော်ပွဲကနီ စည်းလုံးညီညွတ်ရေးသို့

ဒေနိ (၂၀၁၆) ခုနှစ်၊ ဧပြီလ (၁၁) ရက်၊ တနင်္လာနိ။ အကျွန့်ဇာတိ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်၊ အရှေ့မော်ရွာ မူလတန်းကျောင်းမာ ပညာသင်ပီးခကတ်တေ ဆရာကြီး၊ ဆရာမကြီးတိကို ပထမဆုံးအကြိမ် ကန်တော့ပွဲလုပ်ကတ်တေနိ။
အိပ်ရာထလောက်ကပင် လေးတောင်ဂရုမာကော အရှိဖက်သားများဂရုမာပါ “ပထမအကြိမ်မြောက် အ.မ.က အရှေ့မော် ဆရာကန်တော့ပွဲ” နန့် ပတ်သက်ရေ ပုံတိကို ပျော်ကောင်းထနန်း တင်ကတ်တေဟာကို တွိလိုက်ရရေ။ မင်္ဂလာဟိလိုက်တေပင်။ ပျော်ဖို့ကောင်းလိုက်တေပင်။ အဝီးသို့ ရောက်နီလို့ မတက်နိုင်ရေ အကျွန့်အဖို့တော့ခါ ကုန်ခရေ အကယ်ဒမီပီးပွဲကို ကြည့်ရေထက်ပင် ဒေပုံတိ မြင်လိုက်ရစွာ စိတ်လှုပ်ရှားမိရေပိုင် ဝမ်းလေး ဝမ်းသာမိရေလို့ ဆိုရပါဖို့။

Sunday, 10 April 2016

ဘာသာစကားညှပ်ပြောခြင်းမှသည်



"မြန်မာစကားပြောရင်ပြော၊ အင်္ဂလိပ်စကားပြောရင်ပြောပေါ့။ ဟိုညှပ်ဒီညှပ် ပြောတာမျိုးတော့ မလုပ်သင့်ဘူး"

အထက်ကလိုမျိုး ပြောသံတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောပြောနေတော့ မြင်ပြင်းကပ်ခံရတတ်သပေါ့။ ဒီလိုမျိုးပြောတတ်သူဟာ ဘိုရူး ဘူးယိုလို့ ကင်ပွန်းတပ်ပြီး နှာခေါင်းရှူံ့ခံရတတ်ပါတယ်။

တစ်ပါးသူကို ကူညီခြင်းဟာ ရယူလိုမှုအတွက်လား၊ ပေးဆပ်လိုမှုအတွက်လား

Photo Source: http://www.padtastic.com.au/news/page/6/


တစ်ပါးသူကို ကူညီခြင်းဟာ မိမိ ရယူလိုမှုအတွက်ပဲလား။ ဒါမှမဟုတ် ပေးဆပ်လိုခြင်းအတွက်ပဲလား။ မိမိက သူ့အတွက် တစ်စုံတစ်ခု လုပ်ပေးလိုက်လို့ မိမိကို သူက တစ်စုံတစ်ခု လုပ်ပေးရမယ် (သို့) အကျိုးအမြတ်တစ်ခုကို မျှော်တယ်ဆိုရင်တော့ ဒါ မေတ္တာ၊ စေတနာအစစ်နဲ့ ကူညီတာမျိုး မဟုတ်တော့ဘူး။ ရယူလိုမှု (လောဘ) နဲ့ ကူညီတာမျိုးဖြစ်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် စီးပွားရေးဆန်သွားပါလိမ့်မယ်။ အမှန်က ကျေးဇူးတင်မှု၊ လေးစားမှုတို့ဆိုတာ အတင်းအဓမ္မ တောင်းယူလို့ ရတဲ့ အရာမျိုးမှ မဟုတ်တာပဲလေ။

ပိတောက် နှင့် အတာ

ခါသင်္ကြန် ဂိမာန်ပေါက်ပေမယ့်
အချိန်မှန် သူ မရောက်သော်ကြောင့်
စိတ်နောက်ကာ ရင်မှာနွမ်းပါလို့
လွမ်းစိတ်ရယ် ညိုညို
ပိုမိုလို့ ခံစား။

ခါတော်မီ အတာကူးချိန်၌
ရွှင်မြူးစွာ သင်္ကြန်ပွဲကိုလ
တူတွဲကာ ရင်ခုန်နွှဲရအောင်
လာမြဲ အရောက်လာလို့
ဝါမြဲ ပိတောက်ဝါလို့
နွေအတာ ရေစင်ဖျန်း
ချမ်းကြစို့လား။

ဇွဲသစ်( ရမ္မာမြေ )

2008 ခုနှစ် ဧပြီလထုတ် The Light of English Magazine မှ