Tuesday, 9 January 2018

ဆရာဟူသည် တပည့်များအကျိုးကို ရှေ့ရှုသူ


ထွန်းမင်း (ပညာရေးတက္ကသိုလ်)

ပညာရေးစနစ်တစ်ခုသည် လူတိုင်းအတွက် တပြေးညီ သင်ယူလေ့လာခွင့်ကို ဖန်တီးပေးသင့်သည်။ ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံသားတိုင်း မည်သည့်နေရာဒေသတွင် မွေးဖွားသည်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေးနောက်ခံ မည်သို့ပင် ဖြစ်နေပါစေ၊ ကျား/မ၊ အသက်အရွယ်၊ ဉာဏ်ရည် မည်သို့ပင် ကွာခြားနေသည်ဖြစ်စေ ပညာသင်ယူနိုင်ခွင့် အပြည့်အဝ ပေးလိုသည့် ဆန္ဒ ရှိသည်။ အမှန်မှာ ဖင်လန်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတကာစံချိန်စံညွှန်းအရ ပညာထူးချွန်သူများဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းလာခဲ့ကြသည်။ ဤသို့အောင်မြင်မှုအတွက် အဓိက အသိအမှတ်ပြုပေးရမည့်သူများမှာ ဆရာကောင်း ဆရာမွန်များနှင့် ဆရာအတတ်သင်ပညာရေးစနစ်ပင် ဖြစ်သည်။
ယနေ့ ဖင်လန်နိုင်ငံ၏ ဆရာအတတ်သင်ပညာရေးစနစ်ကို ချီးမွှမ်းထောမနာပြုလျက် အကဲဖြတ်မှုများ ရှိနေသော်လည်း ထိုစနစ်တွင် သို့လောသို့လော စဉ်းစားစရာ အတော်များများကို ရင်ဆိုင်ကျော်လွှားနေရဆဲ ဖြစ်သည်။ ထိုသို့ စဉ်းစားတွေးတောစရာတစ်ချက်မှာ ဆရာအတတ်သင်ပညာရေးအတွက် သင်တန်းသား ရွေးချယ်မှုစနစ်ပင် ဖြစ်သည်။ လတ်တလောတွင်မူ ဖင်လန်နိုင်ငံ၏ သင်တန်းသားရွေးချယ်မှုစနစ်သည် ကျောင်းသားများ ကျောင်းတက်စဉ် ပညာထူးချွန်ထက်မြက်သူများ ဟုတ်၊ မဟုတ်ဟူသော အချက်ကို အလေးပေးသည်။ ဆရာအတတ်သင်ပညာရေးအတွက် သင်တန်းသားရွေးချယ်မှုလုပ်ငန်းစဉ်မှတစ်ဆင့် ဆရာဖြစ်သင်တန်း တက်ခွင့်ပေးပြီး ကျောင်းတွင် ဆရာအဖြစ် တာဝန်ထမ်းရွက်ကြမည့် ပုဂ္ဂိုလ်များ၏ အရေအတွက်နှင့် အရည်အသွေးကို ထိန်းထားကြရသည်။ ဤလုပ်ငန်းစဉ်မှတစ်ဆင့် ဆရာကောင်း ဆရာမွန်များနှင့် ဆရာဖြစ်ရန် မသင့်တော်သူများကို ကွဲပြားစွာ စိစစ်ရွေးချယ်ကြသည်။ ထိုသို့ သင်တန်းသားများ စိစစ်ရွေးချယ်မှုလုပ်ငန်းစဉ်မှာ အမြဲတစေ ပြုပြင်ပြောင်းလဲမှု ရှိနေရသည်။ သင်တန်းသားရွေးချယ်မှုသည်လည်း လက်ရှိအချိန် ဆရာအတတ်သင်ပညာရေး၏ မရှိမဖြစ်အရေးပါသော ဖွံ့ဖြိုးရေးဆိုင်ရာ ပန်းတိုင်တစ်ခုပင် ဖြစ်သည်
သို့ဆိုလျှင် ဆရာကောင်း ဆရာမွန် ဆရာမြတ်ဟူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း စာရှုသူတို့ မေးခွန်းထုတ်မိကြပေမည်။ ၁၈၉၀ ခုနှစ်ကျော်ကာလက အူနို ဆိုင်ဂနူး (Uno Cygnaeus) ဟူသော ပညာရှင်ကမူ ဆရာတစ်ဦး၏ ယဉ်ကျေးဖွယ်ရာ ဟန်အမူအယာသည် ပညာရေးရည်မှန်းချက်များ ပေါက်မြောက်အောင်မြင် စေရေးအတွက် အားကိုးနိုင်ဆုံးသော အာမခံချက်ဖြစ်သည်ဟု ဆိုသည်။ ဆရာတစ်ဦးဖြစ်လာသည်နှင့် ဆရာ့ဘဝနှင့်အညီ ဆောင်ရွက်ဖွယ်ရာများစွာ ရှိလာသည်။ ထိုဆောင်ရွက်ဖွယ်ရာများသည် ခေတ်မီဆရာများ၏ အလုပ်ကိုပင် အကျိုးသက်ရောက်မှု ရှိစေသည်။ ရိုးရာအစဉ်အလာတို့မည်သည် ခိုင်မာစွာ အမြစ်တွယ်နေတတ်သည်။ ဆရာ့အလုပ်တွင် အစဉ်အလာ ဝတ္တရားတစ်မျိုး ရှိနေသည်။ ထိုဝတ္တရားသည် ယနေ့ခေတ် ဆရာများနှင့်ရော နှစ်ဆယ်ရာစု ဆရာများနှင့်ပါ ညီတူညီမျှ သက်ဆိုင်နေသည်။ ၎င်းမှာ ဆရာများသည် သြဇာအာဏာရှိသလို စံနမူနာပြပုဂ္ဂိုလ်များလည်း ဖြစ်ရန် လွန်စွာအရေးကြီးသည်ဟူသော အချက်ပင် ဖြစ်၏။ သင်ကြားမှုဟူသော ဝေါဟာရ၏ မူလအဓိပ္ဗာယ်သည် လူကြီးက ကလေးနှင့် ပြောဆိုဆက်သွယ်လျက် ရည်ရွယ်ချက်ရှိရှိ သင်ကြားပေးရမည့် တာဝန်ဝတ္တရားတွင် အခြေခံသည်ဟု ဆိုသည်။ အခြားသူများရှေ့တွင် အရှက်ခွဲခံရခြင်း၊ လှောင်ပြောင်ခံရခြင်းနှင့် ကြောက်စိတ် တို့ကဲ့သို့သော မနှစ်မြို့ဖွယ် အမှတ်ရစရာများသည် ဆရာများအပေါ် တပည့်များ တသက်တာ အပြုသဘောမဆောင်သော အမြင်မျိုး ကိန်းအောင်းသွားစေသည်။ တစ်ဖက်ကကြည့်လျှင်လည်း ဆရာ၏ အားပေးစကားတစ်ခွန်းက တပည့်တစ်ဦး၏ ဘဝတစ်သက်တာလုံးအတွက် သိသာထင်ရှားသော ဘဝအလှည့်အပြောင်းတစ်ခုကိုပင် ဖြစ်စေနိုင်ပြန်သည်။ ဆရာကောင်း ဆရာမွန်များသည် တပည့်များ ပညာရေးတွင် ထူးချွန်ထက်မြက်စေရန် သူတို့၏ စိတ်လှုပ်ရှားမှုဆိုင်ရာ ကျန်းမာရေး (Emotional health) အရေးကြီးကြောင်း သိထားကြသည်။ သို့ဖြစ်ရာ တပည့်များအပေါ် ထားရှိသည့် စေတနာ၊ မေတ္တာ၊ ခန္တီစတရားတို့ကဲ့သို့သော အခြင်းအရာများသည် ဆရာ့ကိုယ်ရည်ကိုယ်သွေးပိုင်းတွင် လွန်စွာ အရေးပါသင့်ပေသည်။
ဆရာကောင်း ဆရာမွန်တစ်ဦး၏ သွင်ပြင်လက္ခဏာများကို သရုပ်ဖော်ရာတွင် လူအမျိုးမျိုး ကြုံတွေ့ဖြတ်သန်းခဲ့ရသော ခေတ်အဆက်ဆက်၊ သဘောတရားအမျိုးမျိုး၊ အယူအဆအထွေထွေနှင့် အတွေးအမြင်အစုံစုံတို့အရ အလေးပေးမှုများ မတူကြချေ။ သူ့နည်းသူ့ဟန်ဖြင့် အလေးပေးမှုများ ရှိလာခဲ့သည်ချည်းပင်။ သို့ဖြစ်ရာ ဆရာတစ်ဦး၏ စံပြကိုယ်ရည်ကိုယ်သွေးကို တိတိပပ ပုံဖော်ရေးဆွဲရန် မဖြစ်နိုင်ပါချေ။ ဆရာကောင်း ဆရာမွန်တစ်ဦး ဖြစ်ရန် နည်းလမ်းအသွယ်သွယ် ရှိသည်။ ဆရာကောင်းတစ်ဦးသည် ယန္တရားတစ်ခုလို တပုံစံတည်း ပြုမူလုပ်ဆောင်ခြင်း မပြုပေ။ တပည့်မျိုးစုံရှိသကဲ့သို့ ဆရာကောင်း ဆရာမွန်များသည်လည်း မျိုးစုံရှိကြသည်။ ထို့ပြင် လူတိုင်း ဆရာကောင်း ဆရာမွန်ချည်း မဖြစ်နိုင်ပေ။ ဆရာ့အလုပ်သည် လွန်စွာ အားစိုက်ထုတ်ရသော အလုပ်ဖြစ်လေရာ ဆရာတိုင်း ဆရာတိုင်း ရံဖန်ရံခါဆိုသလို စိတ်ပျက်အားငယ်မှုကို ကြုံတွေ့ခံစားရတတ်သည်။ ဆရာက မည်မျှပင် ကြိုးစားဖြေရှင်းပါစေ အဆင်မပြေသည့် အခြေအနေများ ရှိတတ်ပြန်သည်။ ဆရာအနေဖြင့် အဖြေ အဆင်သင့် မရှိထားသည့် ပြဿနာများ၊ စိန်ခေါ်မှုများကို နဖူးတွေ့ဒူးတွေ့ ကြုံရတတ်ပေသည်။
ဆရာကောင်း ဆရာမွန်များကို လေ့ကျင့်သင်ကြားပေးခြင်းသည် ကိုယ်ရည်ကိုယ်သွေးကောင်းများကို ပြုစုပျိုးထောင်ပေးခြင်းဟူ၍ပင် ဆိုနိုင်သည်။ ဆရာအတတ် လေ့ကျင့်သင်ကြားပေးရာတွင် သင်တန်းသားများ၏ သင်ကြားမှုစွမ်းရည် တိုးတက်အောင် အလေးဂရုပြုရမည်ဖြစ်သကဲ့သို့ ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကိုပါ အလေးထား လေ့ကျင့်ပေးရပါမည်။ ဆရာ့အလုပ်တွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုမှာ တပည့်များ၊ ကျောင်းသားမိဘများ၊ လုပ်ဖော်ကိုင်ဖက် ဆရာများ၊ ပညာရေးနှင့်ပတ်သက်ဆက်နွယ်သူများ အပါအဝင် လူ့အသိုင်းအဝိုင်းများနှင့် အပြန်အလှန် ဆက်သွယ်လုပ်ဆောင်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။ ဆရာက ကျောင်းကို ဒေသခံလူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသအနေဖြင့် ရှိနေသည့် ကွန်ရက်တစ်ခုအဖြစ် ပုံဖော်ဖန်တီးနိုင်ပြီဆိုလျှင် ယဉ်ကျေးမှု၊ လူမှုရေးတို့နှင့်ပတ်သက်၍ ကျောင်း၏ လုပ်ငန်းဆောင်တာတို့ကို ပိုမိုခိုင်မာအားကောင်းသွားစေသည်။ နိုင်ငံတကာသို့ ဖြန့်ကျက်ခြင်း (Internationalisation) နှင့် ယဉ်ကျေးမှုစုံပေါင်းစည်းနေထိုင်ရေး (Multiculturalism) ကဲ့သို့သော လတ်တလော ခေတ်စားနေသည့် လမ်းကြောင်းများအရမူ ဆရာများသည် အနာဂတ်ကို ဖန်တီးပေးသူများပီပီ လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့်ချီ၍ ဆန်းသစ်သော တာဝန်ဝတ္တရားပုံစံသစ် ရှိလာလေပြီ။ ထိုအရေးကိစ္စတွင် တက်ကြွစွာ လှုပ်ရှားလုပ်ဆောင်ရမည့် အခန်းကဏ္ဍမှ ပါဝင်လာရန်လည်း လိုအပ်နေပေပြီ။
ဆရာကောင်း ဆရာမွန်တစ်ဦး၏ သွင်ပြင်လက္ခဏာများကို သရုပ်ဖော်ရာတွင် လူအမျိုးမျိုး ကြုံတွေ့ဖြတ်သန်းခဲ့ရသော ခေတ်အဆက်ဆက်၊ သဘောတရားအမျိုးမျိုး၊ အယူအဆအထွေထွေနှင့် အတွေးအမြင်အစုံစုံတို့အရ အလေးပေးမှုများ မတူကြချေ။ သူ့နည်းသူ့ဟန်ဖြင့် အလေးပေးမှုများ ရှိလာခဲ့သည်ချည်းပင်။ သို့ဖြစ်ရာ ဆရာတစ်ဦး၏ စံပြကိုယ်ရည်ကိုယ်သွေးကို တိတိပပ ပုံဖော်ရေးဆွဲရန် မဖြစ်နိုင်ပါချေ။ ဆရာကောင်း ဆရာမွန်တစ်ဦး ဖြစ်ရန် နည်းလမ်းအသွယ်သွယ် ရှိသည်။ ဆရာကောင်းတစ်ဦးသည် ယန္တရားတစ်ခုလို တပုံစံတည်း ပြုမူလုပ်ဆောင်ခြင်း မပြုပေ။ တပည့်မျိုးစုံရှိသကဲ့သို့ ဆရာကောင်း ဆရာမွန်များသည်လည်း မျိုးစုံရှိကြသည်။ ထို့ပြင် လူတိုင်း ဆရာကောင်း ဆရာမွန်ချည်း မဖြစ်နိုင်ပေ။ ဆရာ့အလုပ်သည် လွန်စွာ အားစိုက်ထုတ်ရသော အလုပ်ဖြစ်လေရာ ဆရာတိုင်း ဆရာတိုင်း ရံဖန်ရံခါဆိုသလို စိတ်ပျက်အားငယ်မှုကို ကြုံတွေ့ခံစားရတတ်သည်။ ဆရာက မည်မျှပင် ကြိုးစားဖြေရှင်းပါစေ အဆင်မပြေသည့် အခြေအနေများ ရှိတတ်ပြန်သည်။ ဆရာအနေဖြင့် အဖြေ အဆင်သင့် မရှိထားသည့် ပြဿနာများ၊ စိန်ခေါ်မှုများကို နဖူးတွေ့ဒူးတွေ့ ကြုံရတတ်ပေသည်။
ဆရာကောင်း ဆရာမွန်များသည် တပည့်များအတွက် လေးစားအားကျစရာ ဖြစ်သည်။ တပည့်များ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ရန်လည်း အထောက်အပံ့ကောင်း ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသင်ဘာသာရပ်များကို တပည့်များဖက်မှ မြင်အောင်ကြည့်တတ်၊ မကြည့်တတ်၊ တပည့်များကို လိုအပ်သည့်နေရာတွင် ကူညီထောက်ပံ့ပေးမှု ပြု၊ မပြု၊ တပည့်များ သင်ယူလေ့လာရာ၌ အရေးကြီးသည့် အချက်များကို ကြိုတင်သိမြင်မှု ရှိ၊ မရှိ ဟူသော မေးခွန်းများအပေါ် အပြုသဘောဆောင်လျက် တုန့်ပြန်လုပ်ဆောင်မှုအပြင် တပည့်များ အမှန်တကယ် သင်ယူလေ့လာမှု ဖြစ်သွားအောင် ဆရာက ကြိုးပမ်းလိုစိတ် ရှိ၊ မရှိဟူသော အချက်လည်း အရေးကြီးသည်။ ကျောင်းသားများသည် မိမိတို့ အောင်မြင်ပေါက်မြောက်စွာ သင်ယူတတ်မြောက်သွားလျှင်သော်လည်းကောင်း၊ မိမိတို့ သိသိသာသာ တိုးတက်မှုရှိသည်ဟု သတိပြုမိလာလျှင်သော်လည်းကောင်း၊ မိမိတို့ကို ဂရုစိုက်သည်၊ နားလည် တန်ဖိုးထားသည်ဟု အမှန်တကယ် ယုံကြည်သွားကြလျှင်သော်လည်းကောင်း စိတ်အားထက်သန်လာကြ ပေမည်။ ဆရာကောင်း ဆရာမွန်တို့မည်သည် အသေးငယ်ဆုံးသော အောင်မြင်မှုများကို ဦးစားပေးလုပ်ဆောင်တတ်သည်။ ထိုသို့သော အောင်မြင်မှုမျိုး ရရှိလာပြန်လျှင်လည်း ဝမ်းသာပီတိ ဖြစ်တတ်ကြသည်။
ယနေ့ခေတ်မီကျောင်းများတွင် သတင်းအချက်အလက်များ ဒီရေအလား တနေ့တခြား တိုးပွားလာနေသည်ဖြစ်ရာ ဆရာများ မှတ်ကျောက်တင်ခံနေရသလို ဖြစ်နေသည်။ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများက ဆရာများထံ အမျိုးမျိုးအဖုံဖုံ တောင်းဆိုလာကြသည်။ ဤသို့ ခေတ်ကြပ်ကြီးတွင် အလုပ်လုပ်နေကြရစဉ်တွင် ဆရာများအနေဖြင့် ဆရာအလုပ် ဆက်လုပ်ချင်စိတ်နှင့် ကြိုးစားချင်စိတ်တို့ကို ဆက်လက်ထိန်းထားနိုင်ရန် အလိုက်သင့် ဖြေရှင်းနိုင်သည့် စွမ်းရည်များကို မမေ့မလျော့ ပြုစုပျိုးထောင်လျက် အသုံးချသင့်သည်။ သို့ဖြစ်ရာ ဆရာများသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တတ်သည့်စွမ်းရည်များ လိုအပ်သကဲ့သို့ မိမိ၏ ဆရာဘဝနှင့် ဆရာအလုပ်အပေါ် လက်တွေ့ဘဝနှင့်နီးစပ်သည့် သဘောထားမျိုး ထားရှိရန်လည်း လိုအပ်သည်။ ထို့ပြင် ဆရာဘဝနှင့် ဆရာအလုပ်တို့ကိုလည်း မြတ်နိုးတန်ဖိုးထားတတ်ရပါမည်။ ဆရာကောင်း ဆရာမွန်များသည် ခြောက်ပြစ်ကင်း သဲလဲစင်း ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ သို့သော် ၎င်းတို့သည် မိမိကိုယ်ကိုယ်နှင့် မိမိ၏ တပည့်များအပေါ် လူသားဆန်စွာ ပြုမူပြောဆိုသင်ကြားတတ်ကြသူများ ဖြစ်သည်။ ထို့ပြင် ဆရာကောင်း ဆရာမွန်တို့မည်သည် မိမိ၏ တပည့်များကိုလည်း ပြစ်မျိုးမှဲ့မထင် ပုဂ္ဂိုလ်များ ဖြစ်လာရမည်ဟူ၍ မျှော်လင့်မထားကြပေ။ လုံးဝ ပြီးပြည့်စုံသော လူဟူ၍ မရှိကြောင်း ၎င်းတို့ နားလည်လက်ခံတတ်ကြသည်။
ဆရာအလုပ်ကို မြတ်နိုးခြင်း (Pedagogical love) သည် ဆရာကောင်း ဆရာမွန်ဖြစ်ခြင်းတစ်မျိုးပင် ဖြစ်သည်။ ထိုသို့သော ဆရာများသည် စာသင်ရလျှင် ထမင်းမေ့ဟင်းမေ့ဟူ၍ ပြောရလောက်အောင် စာသင်ကြားခြင်းကို နှစ်သက်မြတ်နိုးသူများ ဖြစ်သည်။ ဆရာအလုပ်ကို မြတ်နိုးခြင်းဟူသည် တပည့်များ၏ သင်ယူမှုအပေါ် အမြဲမပြတ် ယုံကြည်မှုရှိသည်သာမက တပည့်များထံ၌ ရှာဖွေဖော်ထုတ်ပေးရမည့် ကိုယ်စွမ်းဉာဏ်စွမ်းများ၊ အခွင့်အလမ်းများအပေါ်တွင်လည်း အမြဲတစေ ယုံကြည်မှုရှိခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် ကျောင်းသားတစ်ဦး၏ တိုးတက်မှု နှေးကွေးနေခြင်း၊ ပုံမှန် တိုးတက်မလာခြင်းမျိုး ဖြစ်နေသည့် အခြေအနေမျိုးတွင် တပည့်များအပေါ် နာသုံးနာအရင်းတည်၍ သင်ကြားပေးတတ်သော ဆရာသည် ထိုကျောင်းသား စိတ်ပျက်အားလျှော့ချင်စိတ် ဖြစ်လာချိန်ဝယ် စိတ်ပျက်အားလျော့ခြင်း အလျဉ်း မဖြစ်စေဘဲ မိမိ၏ သင်ယူမှုစွမ်းရည်အပေါ် ယုံကြည်စိတ် မပျောက်သွားစေအောင် ဂရုစိုက်ပေးတတ်သည်။ ဆရာကိုယ်တိုင်က ကျောင်းသား၏ ကိုယ်စွမ်းဉာဏ်စွမ်းကို ယုံကြည်လျှင် သက်ဆိုင်ရာကျောင်းသားကလည်း မိမိ၏ ကိုယ်စွမ်းဉာဏ်စွမ်းကို ယုံကြည်လာအောင် ကြိုးပမ်းရန် ဆရာ့အနေဖြင့် ပိုမိုလွယ်ကူပေမည်။ ပဂျဲ (Pajares) ဟူသော ပညာရှင်ကမူ “ပညာရေး၏ ရည်မှန်းချက်သည် စာတတ်အောင်သင်ခြင်းထက် ကျော်လွန်ရမည်” ဟု ဆိုသည်။ သူက ဆက်၍ မိန့်ဆိုခဲ့သည့်အချက်မှာလည်း မှတ်သားစရာပင်။ တပည့်များအပေါ် ဂရုစိုက်တတ်ပြီး အပြည့်အဝ ကြိုးစားလုပ်ဆောင်တတ်သော ပုဂ္ဂိုလ်များ ဖြစ်လာစေရန် ကျောင်းနှင့် ဆရာတို့သည် အကောင်းမြင်စိတ်၊ မိမိကိုယ်ကိုယ် အလေးထားမှု၊ အခြားသူများကို အလေးဂရုပြုမှုတို့နှင့် ပြည့်စုံနေရမည်ဟု ပဂျဲက ဆိုသည်။
ဆရာအလုပ်ကို လုပ်ကိုင်ရာ၌ အမြဲမပြတ် ခေတ်မီအောင် လေ့လာသင်ယူမှုပြုရန် လိုအပ်သကဲ့သို့ မပြတ် လေ့လာသင်ယူနေရန်လည်း လိုအပ်သည်။ ဆရာများသည် သင်ကြားမှုဆိုင်ရာ အသိပညာများ၊ စွမ်းရည်များ၊ ဘာသာရပ်ဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများကို ခေတ်မီဆန်းသစ်အောင် ကြိုးပမ်းရန် လိုအပ်သလို မပြတ် ဆည်းပူးလေ့လာခြင်းလည်း ပြုရပါမည်။ ထို့ပြင် ဆန်းသစ်တီထွင်လျက် လက်တွေ့စမ်းသပ်မှုများနှင့် သုတေသနအခြေပြု အကဲဖြတ်မှုများမှတစ်ဆင့် မိမိတို့အလုပ်တွင် ကြုံတွေ့ရသော ပြဿနာများအတွက်လည်း ဆရာများက အဖြေရှာကြရသည်။ ၁၉၄၅ ခုနှစ်တွင် မာတီဟာဗီယို (Martti Haavio) ဟူသော ပညာရှင်က ဆရာဟူသည် ထာဝရကျောင်းသားများ ဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။ အလားတူပင် ယနေ့ခေတ် ဆရာအတတ်သင်ပညာရေးတွင် ဆရာဟူသည် မိမိအလုပ်နှင့်ပတ်သက်၍ မပြတ် သုတေသနပြုလေ့လာနေသည့် သုတေသီများအဖြစ် ပြောဆိုတတ်ကြသည်။ နီမီ (Niemi) နှင့် ဂျက်ကူဆီဗိုနင် (Jakku-Sivonen) တို့က အောက်ပါအတိုင်း ထောက်ပြခဲ့သည်
ဆရာဟူသည် ပညာရှင်ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျွမ်းကျင်မှုများ မရေမတွက်နိုင်အောင် လိုအပ်သည်။ ထိုသို့သော စွမ်းရည်မျိုး ရှိမှသာ သင်ခန်းစာအကြောင်းအရာကို ကျောင်းသားတစ်ဦးချင်းစီအတွက် သော်လည်းကောင်း၊ အုပ်စုလိုက်အတွက်သော်လည်းကောင်း ပေးဆောင်နိုင်ပြီး အသိပညာများပါ တပါတည်း ရရှိစေနိုင်သည်။ ဤသို့သော အသိပညာမျိုးကို အစီအစဉ်ကို သိသော အသိပညာ (procedural knowledge) ဟု ခေါ်ဆိုနိုင်သည်။ စာတွေ့အသိနှင့် လက်တွေစွမ်းရည်တို့ကို သီးခြားစီရှိနေသော စွမ်းရည်များအဖြစ် မရှုမြင်သင့်ပေ။ ၎င်းစွမ်းရည်နှစ်မျိုးသည် ဆရာအလုပ်တွင် တစ်ခုပေါ်တစ်ခု အမြဲ အကျိုးပြုနေသည်။ အောက်ပါအနှစ်ချုပ်က ဆရာအလုပ်တွင် လိုအပ်သော စွမ်းရည်များကို ဖော်ပြပေးသည်။ ဆရာတစ်ဦး၌ ရှိထားရမည့် စွမ်းရည်များမှာ (၁) အသက်အရွယ်၊ ကျား/မ၊ ယဉ်ကျေးမှုနောက်ခံ၊ သင်ယူမှုအခက်အခဲများ စသည်အားဖြင့် မတူညီသော ကျောင်းသားများကို ထောက်ပံ့ပေးနိုင်သည့် စွမ်းရည်၊ (၂) ကျောင်းနှင့် အခြား ပညာရေးဝန်းကျင်များတွင် အခြားဆရာများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သည့် စွမ်းရည်၊ (၃) ပညာရေးနယ်ပယ်တွင် ပါဝင်လုပ်ကိုင်နေသူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးနိုင်သည့် စွမ်းရည်၊ (၄) သင်ရိုးနှင့် သင်ယူမှုပတ်ဝန်းကျင်များ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့် စွမ်းရည်၊ (၅) ကျောင်း၊ သို့မဟုတ် ပညာရေးအဖွဲ့အစည်းများတွင် ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းရည်၊ (၆) မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် ဆင်ခြင်သုံးသပ်တတ်သည့် စွမ်းရည်တို့ ဖြစ်သည်
ဆရာအတတ်သင်ပညာရေးသည် ဆရာ၊ဆရာမလောင်းများ၏ အသက်မွေးမှုစွမ်းရည်ဖွံ့ဖြိုးရေးတွင် တိုတောင်းသော ကာလတစ်ခုမျှသာ ဖြစ်သည်။ အသက်မွေးမှုစွမ်းရည်ဖွံ့ဖြိုးရေးဟူသည် ဆရာ၊ဆရာမလောင်း များ၏ ကျယ်ပြောသော လူမှုဆက်ဆံရေးဖြစ်စဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ပထမအဆင့်တွင် ဆရာ၊ ဆရာမလောင်းများသည် ကျောင်းတွင် ကိုယ်တိုင် တပည့်ဘဝကို ဖြတ်သန်းကြစဉ် အသက်မွေးမှုအလုပ်နှင့်သက်ဆိုင်သည့် နှုန်းစံများနှင့် စံတန်ဖိုးများတွင် တက်ကြွစွာ ပါဝင်ကြသည်။ ဒုတိယအဆင့်သည် ဆရာအတတ်သင်ပညာရေးသင်တန်း တက်ရောက်စဉ် အသက်မွေးမှုအလုပ်နှင့်ပတ်သက်၍ စာတွေ့လေ့လာမှုအဆင့်ပင် ဖြစ်သည်။ နောက်ဆုံးအဆင့်မှာ ဆရာ၊ ဆရာမလောင်းများ လက်တွေ့ဆရာလောကသို့ ဆရာ၊ ဆရာမလေးများအဖြစ် ဝင်ရောက်သည့်အဆင့် ဖြစ်သည်။ ဖင်လေဆန်း (Finlayson) နှင့် ကိုဟင် (Cohen) တို့ကမူ စံပြုလောကနှင့် လက်တွေ့လောကတို့အကြား ကွာခြားချက် အညွှန်းဘောင်နှစ်ခု ရှိသည်ဟု ဆိုသည်။ သူတို့ ပြောသော အညွှန်းဘောင်နှစ်ခုမှာ ဆရာအတတ်သင်ပညာရေး တက္ကသိုလ်၊ ကောလိပ်အညွှန်းဘောင်နှင့် ကျောင်းအညွှန်းဘောင်တို့ ဖြစ်သည်။ အကယ်၍ ဆရာအတတ်သင်ပညာရေးသည် သင်ကြားမှုပုံစံသစ်ဖြင့် သင်ကြားနိုင်အောင် လုံလောက်သော စွမ်းရည်များကို သင်တန်းသားများအား မပေးလိုက်နိုင်လျှင် ဤနယ်ပယ်၌ ဆရာသစ်တစ်ဦး၏ စွမ်းရည်များ အားနည်းလျက် ရှိနေပေမည်။ လေ့လာမှုများအရ ဆရာသစ်များအနေဖြင့် လက်တွေ့သင်ကြားမှုနယ်ပယ်တွင် ပြဿနာ အကြီးအကျယ် ကြုံရသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ဝါရင့်ဆရာများကို အတုယူခြင်း၊ ပညာတိုးပွားအောင် ဆက်လက်ကြိုးပမ်းခြင်းတို့ လိုအပ်သည်။ ပြုပြင်ပြောင်းလဲမှုကို ရှေ့ရှုသော သုတေသနအခြေပြု ဆရာအတတ်သင်ပညာရေးသည် သင်နည်းစနစ်ဟောင်းများကို ရှောင်နိုင်လောက်အောင် ဟန်ချက်ညီမှုလည်း မရှိ၊ ယုံကြည်ကိုးစားနိုင်မှုလည်း မရှိလျှင် ပညာရေးဟူသည် လက်တွေ့ဘဝနှင့် အလှမ်းကွာလှသော “ဆင်စွယ်မျှော်စင်” ပညာရေးသာ ဖြစ်ပေမည်။ ထိုအခါ ဆရာ၊ ဆရာမလောင်းများသည် တပည့်ဖြစ်စဉ်က မိမိတို့ အသင်ခံရဖူးသည့် သင်ကြားနည်းများကိုသာ သုံးမိသွားစေတော့သည်။ အထူးသဖြင့် ဆရာသစ်များမှာ ထိုသို့ ဖြစ်နိုင်ခြေပိုများသည်။ အကြောင်းမှာ ၎င်းတို့တွင် အရှိန်အဝါလည်း မရှိသေးသလို ပုံမှန်သင်ကြားမှုအလေ့အထလည်း မရှိသေးသောကြောင့်ပင်။ တစ်နည်းဆိုရသော် ဆရာအသစ်များသည် အတွေ့အကြုံ နုနယ်သေးသည်။ သို့ဖြစ်ရာ ၎င်းတို့သည် လက်တွေ့နယ်ပယ်တည်းဟူသော ပင်လယ်ပြင်ထဲ မြုပ်ပါမသွားအောင် မဖြစ်မနေ ကူးခတ်ရမည့် အနေအထားမျိုးကို ရင်ဆိုင်ကြုံတွေ့ ကြရသည်။
ဆရာအတတ်သင်ပညာရေးသည် ဆရာ၊ ဆရာမလောင်းများ၏ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိးမှုအပေါ် အထောက်အပံ့ပြုရပါမည်။ သို့မှသာ ဆရာ၊ ဆရာမလောင်းများက ဆရာ့အလုပ်ကို အဆင်ပြေစွာ စီမံဆောင်ရွက်နိုင်သည့် မိမိတို့၏ အစွမ်းအစကို ယုံကြည်ကြပေမည်။ ဆရာ၊ ဆရာမလောင်းများအနေဖြင့် ဆရာအတတ်သင်ပညာရေးမှ ကောင်းမွန်သော လမ်းညွှန်မှုများ၊ သင်ကြားမှုအတွေ့အကြုံများနှင့် သင်ကြားမှုအလေ့အကျင့်များစွာ ရရှိသော်လည်း အသစ်အသစ်သော လမ်းညွှန်ချက်ကောင်းများ၊ သင်ကြားမှုအတွေ့အကြုံများနှင့် သင်ကြားမှုအလေ့အကျင့်များကို အမြဲမပြတ် လိုအပ်နေသည်။ ဆရာ၊ ဆရာမလောင်းများကို အလေးထားလျက် စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းသည် ဆရာအတတ်သင်ပညာရေး၏ အရည်အသွေးနှင့် အကျိုးပြုနိုင်မှုကို ကူတင်ကယ်မပေးနိုင်သည့် သက်ကယ်ကြိုးတစ်ချောင်းပင် ဖြစ်ပါသတည်း

ထွန်းမင်း (ပညာရေးတက္ကသိုလ်)


ကိုးကား။    Merja Paksuniemi, Satu Uusiautti နှင့် Kaarina Maatta တို့ ပြုစုသည့် Finnish teachers acting for the children - disciplined and love combined

No comments:

Post a Comment