Thursday 14 December 2017

လက်ဖက်ရည်နှင့် စီးမျောသူများ


ဇွဲသစ် (ရမ္မာမြေ)
()
ကျွန်တော် လက်ဖက်ရည်ကို အလွန် ကြိုက်ပါသည်။ ထိုသို့ လက်ဖက်ရည်ကြိုက်ခြင်းသည် အမေ့ထံမှ ရသော အမွေတစ်ခုဟု ကျွန်တော် ထင်မိသည်။ ကျွန်တော့်အမေသည်လည်း လက်ဖက်ရည် အလွန် ကြိုက်သူ ဖြစ်သည်။ လက်ဖက်ရည်ဆိုသည်မှာ လက်ဖက်ရည်ဆိုင်တွင် သောက်ရသော ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုပေါ့ စသည့် လက်ဖက်ရည်မျိုးကို အဓိကဆိုလိုသည် မဟုတ်ပေ။ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ရေနွေးကြမ်း၊ အဖန်ရည်၊ အခါးရည်၊ လက်ဖက်ရည်ကြမ်း စသည့် အမည်အမျိုးမျိုးဖြင့် လူသိများသော လက်ဖက်ရည်ပင် ဖြစ်သည်။
“အပူကို အပူနဲ့ တိုက်ရတယ်တဲ့။ နေပူက ပြန်ရောက်တဲ့အချိန် ရေနွေးကြမ်းပူပူကို တဝကြီးသောက်ရင် ပိုကျန်းမာတယ်”
ဟုတ်၊ မဟုတ်တော့ မသိ။ လယ်ယာလုပ်ငန်းခွင်ထဲတွင် ပင်ပင်ပမ်းပမ်း အလုပ်လုပ်ပြီးနောက် အိမ်ပြန်ရောက်လျှင် အမေက ထိုသို့ ပြောတတ်သည်။ ထိုသို့ပြောရင်း ရေနွေးကြမ်းပူပူကို အားပါးတရ သောက်တတ်သည်။ ကျွန်တော်လည်း အမေနှင့်အတူ ရေနွေးကြမ်း လိုက်သောက်သည်။ ကျွန်တော်တို့ လယ်ကွက်တွင် လယ်ထွန်သည့်အခါတိုင်း၊ ကောက်စိုက်သည့်အခါတိုင်း၊ ကောက်ရိုက်သိမ်းသည့် အခါတိုင်း ထမင်းချိုင့်နှင့်အတူ လက်ဖက်ခြောက်ခတ်ပြီးသား ရေနွေးဓာတ်ဘူးကြီးတစ်လုံးနှင့် ရေနွေးခွက် တစ်ခွက်နှစ်ခွက်လောက် ယူသွားတတ်စမြဲ။ စပါးပေါ် ပြီးနောက် လယ်ကွက်အချို့တွင် မြေပဲစိုက်သည့်အခါတိုင်း၊ မြေပဲဖော်သည့်အခါတိုင်းလည်း ရေနွေးကြမ်းက ပါမြဲပါနေတော့သည်။ ကျွန်တော်သည် ထိုလယ်ယာလုပ်ငန်းခွင်များသို့ ငယ်စဉ်ကတည်းက အမေနှင့် လိုက်ပါစမြဲဖြစ်ရာ အမေ့နည်းတူ ကျွန်တော်လည်း လက်ဖက်ရည်ကို ကြိုက်မှန်းမသိ ကြိုက်သွားတော့သည်။
*****


()
လက်ဖက်ရည်နှင့်ပတ်သက်၍ စွဲလမ်းခဲ့ရသော တရုတ်ပြည်နောက်ခံ ပြဇာတ်တစ်ပုဒ်နှင့် အက်ဆေးတစ်ပုဒ် ရှိဖူးသည်။ ပြဇာတ်ကို တရုတ်စာရေးဆရာကြီး Lao She (လောရှေ) က ရေးသည်။ နာမည်ပေးထားပုံက ရိုးရိုးလေး။ “Tea House (လက်ဖက်ရည်ဆိုင်)” ဟူ၍ပင်။ ဆရာမြသန်းတင့်၏ ကျေးဇူးကြောင့် ထိုပြဇာတ်မြန်မာပြန်ကို ဖတ်ခွင့်ရသည်။ တရုတ်ပြည်၏ ခေတ်ကြီးသုံးခေတ်ကို မျက်မြင်ဒိဋ္ဌ ကြုံတွေ့ဖြတ်သန်းခဲ့ရသော ပီကင်းမြို့ရှိ လမ်းမကြီးတစ်ခုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ မြင်ကွင်းများကို ပြဇာတ်ဆရာက တင်ပြထားသည်။ ထိုလက်ဖက်ရည်ဆိုင်တစ်ဆိုင်တည်း၌ပင် ခေတ်ပြောင်းသည်နှင့်အမျှ လူမျိုးစုံတို့၏ ပြောဆိုပြုမူပုံအသွယ်သွယ်ကို ခြယ်မှုန်းပြသွားဟန်က လှလွန်းသည်။ လက်ဖက်ရည်ဆိုင်နှင့်ပတ်သက်သည့် အက်ဆေးတစ်ပုဒ်မှာ ဆရာမြသန်းတင့်၏ လက်ရာဖြစ်သည်။ ဆရာက သူ့ဇာတိမြို့ကလေး၏ ပထမဦးဆုံး လက်ဖက်ရည်ဆိုင်အကြောင်းမှသည် သူတို့ လူငယ်အရွယ် ရံပုံငွေရရေးအတွက် ကြိုးကြိုးစားစား ဖွင့်ခဲ့ကြသော လက်ဖက်ရည်ဆိုင်များအကြောင်းအထိ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့ကို ထင်ဟပ်ကာ ချယ်မှုန်းသွားပုံကလည်း တစ်မူဆန်းနေသည်။
လောရှေ၏ လက်ဖက်ရည်ဆိုင်မှာမူ တစ်ဆိုင်တည်း ဖြစ်သော်လည်း ဆရာမြသန်းတင့်၏ လက်ဖက်ရည်ဆိုင်က ငါးဆိုင်။ လောရှေ၏ လက်ဖက်ရည်ဆိုင်က တရုတ်ပြည်၏ မန်ချူးမင်းဆက်ခေတ်၊ ပဒေသရာဇ်စစ်ဘုရင်ခေတ်၊ ကူမင်တန် အုပ်စိုးသောခေတ်ဟူသော ခေတ်သုံးခေတ်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဆရာမြသန်းတင့်၏ လက်ဖက်ရည်ဆိုင်ငါးဆိုင်က သူ့ခေတ်သူ့အခါနှင့်သူ ခေတ်အပြောင်းအလဲကို မြင်သွားကြရသည်။ ဆရာမြသန်းတင့် ခြယ်မှုန်းပြသည့် ပထမဆုံးလက်ဖက်ရည်ဆိုင်ကို တရုတ်အမျိုးသား ဦးအောင်ရှုက ပိုင်ဆိုင်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ အုပ်စိုးနေသည့် ခေတ်က ဖြစ်သည်။ ထိုခေတ်ထိုအခါက နိုင်ငံရေးသမားများအကြောင်း၊ လူအမျိုးမျိုးအကြောင်း၊ ဓလေ့စရိုက်အကြောင်းစသည်တို့ကို ဦးအောင်ရှုလက်ဖက်ရည်ဆိုင်နောက်ခံပြု၍ တင်ပြသွားပုံက လှပသေသပ်လွန်းသည်။ ဦးအောင်ရှုဆိုင် အောင်မြင်လာသောအခါ မြို့အဝင်တွင် မူဆလင်အမျိုးသား ဦးယူစွတ် (ခေါ်) ဦးဘယူ၏ လက်ဖက်ရည်ဆိုင်တစ်ဆိုင် တိုးလာသည်။ နောက်ပိုင်းတွင် တရုတ်ဆိုင်၊ ကုလားဆိုင်တို့နှင့်အပြိုင် ဦးဘဂျမ်းအမည်ရှိ အမျိုးသားတစ်ဦး ဖွင့်လိုက်သော မြန်မာဆိုင် ပေါ်လာသည်။ ဂျပန်ခေတ် ရောက်လာသောအခါ ဦးအောင်ရှုဆိုင်ရော ဦးဘယူဆိုင်ပါ မရှိတော့။ ဦးဘဂျမ်းဆိုင်မှာလည်း စားသောက်ကုန် ရှားပါးသည့်ပြဿနာကြောင့် ကြာရှည်မတည်တံ့နိုင်တော့ဘဲ နောက်ဆုံး ရပ်လိုက်ရသည်။ ဂျပန်ခေတ် ဆရာမြသန်းတင့် ၁၃ နှစ်သားအရွယ်က မြို့တွင် “မတောင့်တ” အမည်ဖြင့် စာကြည့်တိုက်တစ်ခု တည်ဆောက်နိုင်ရန် ရံပုံငွေရရေးအတွက် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ကြသည်။ ရသမျှအမြတ်အစွန်းများဖြင့် စာကြည့်တိုက်အတွက် အုတ်ဖုတ်ရာ ထိုအုတ်များမှာ မဟာမိတ်လေယာဉ်များ၏ ဗုံးဒဏ်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ရသဖြင့် ခဲလေသမျှ သဲရေကျရသည်။ များမကြာမီ ဆရာမြသန်းတင့်တို့ လူငယ်တစ်စု မြို့နယ်အဆင့် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖတပလ) ကို ဖွဲ့စည်းကြသည်။ အခက်အခဲမျိုးစုံကြားမှပင် ဖတပလဆိုင်းဘုတ် တင်ကြသည်။ ရံပုံငွေအတွက် လက်ဖက်ရည်ဆိုင် ဖွင့်ကြသော်လည်း လပိုင်သာ ခံပြီး လက်ဖက်ရည်ဆိုင် အရင်းပြုတ်သွားသည်။ ဤတွင် ဆရာမြသန်းတင့်က အက်ဆေးကို အဆုံးသတ်ထားသည်။ ဆရာမြသန်းတင့် ခြယ်မှုန်းပြလိုက်သော လက်ဖက်ရည်ဆိုင်ပန်းချီကားများက ကြွရွလှပနေသည်။ ခံစားချက်မျိုးစုံကို ပေးစွမ်းနေလေသည်။
*****
()
လက်ဖက်ရည်သောက်ခြင်းနှင့် ပတ်သက်၍ မြန်မာစာဆိုတော်များက ကဗျာလင်္ကာများ စီကုံးရေးသားခဲ့ကြသည်မှာလည်း စိတ်ဝင်စားစရာဖြစ်သည်။ စလေဦးပုညက “လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေ အမှန်ရောက်ပါလိမ့်၊ ကြံသလောက်ပြီးတဲ့ရေ” ဟု စပ်ဆိုခဲ့သည်။ စာဆိုစလေဦးပုညလည်း လက်ဖက်ရည်ကြမ်း ကြိုက်သူတစ်ဦး ဖြစ်ပေမည်။ ထို့ထက် ပိုထူးသည်က မန်လည်ဆရာတော်နှင့် လယ်တီဆရာတော်တို့၏ လက်ဖက်ရည်တေးထပ်နှစ်ပုဒ်ပင်။ မန်လည်ဆရာတော်၏ တေးထပ်က လက်ဖက်ရည်၏ ဆိုးကျိုးများကို ပြသော်လည်း လယ်တီဆရာတော်၏ တေးထပ်ကမူ လက်ဖက်ရည်၏ ကောင်းကျိုးများကို ညွှန်းသည်။ သူ့အကြောင်းပြချက်နှင့်သူ မှန်သည်ချည်းပင် ဖြစ်သည်။ ဦးစွာ လယ်တီဆရာတော်ဘုရားကြီး၏ တေးထပ်ကို ခံစားကြည့်ပါဦး
မအိပ်မနေ အသက်ရှည်
လက်ဖက်ရေ အမြဲသောက်
ချွဲပျောက်လို့ ဆီးရွှင်
၎င်းနောက် အကျိုးမြင်သည်
သူခိုးပင် ရန်ကင်း
ဤကဲ့သို့ ရန်မသီလျှင်
ကြံအစည်တိုးလိမ့်မယွင်း
တရားနှင့် ကျိုးများရှာလျှင်
နိုးကြားစွာကြံခြင်း
တမျိုးအား ဉာဏ်လင်း၍
ဓမ္မခန်ရင်းဖွေရှာ
ကျမ်းဓမ္မာ တင်ကာပြ
သင်္ခါရ အောက်မေ့ရပါ
ထင်စွာပြ အကြောင်းရှာလျှင်
ကောင်းရာကို စိတ်စွဲ၍
မအိပ်ဘဲ အသက်ရှည်
လင်းလုအောင်နေ
သို့မို့ကြောင့် ရတက်ပြေအောင်
လက်ဖက်ရေ သောက်ကြကွဲ့လေး။
လယ်တီဆရာတော်
လယ်တီဆရာတော်ဘုရားကြီးက လက်ဖက်ရည် စွဲမြဲစွာ သောက်သုံးသူသည် ခွျှဲပျောက်၊ ဆီးရွှင်သည့်အပြင် ညနက်သန်းခေါင်ထိ အိပ်ချင်စိတ်မပေါ်သဖြင့် သူခိုးရန်ပင် ကင်းဝေးနိုင်သည်ဟု ဆိုသည်။ တစ်ဖန် မိမိအတွက် ဘေးမသီ ရန်မခဘဲ အကြံအစည်ကောင်းများ တိုးပွားကြံစည်ဖြစ်လာမည်သာမက တရားဘာဝနာ ပွားများအားထုတ်လိုသူများအဖို့ နိုးကြားတက်ကြွစွာ ကြိုးစား၍ ဉာဏ်အလင်းပင် ပွင့်နိုင်သည်ဟု ဆိုပြန်သည်။ အချိန်ရှိခိုက်လုံ့လစိုက်၍ တရားဓမ္မကို ကျင့်ကြံနေထိုင်တတ်သူသည် ကောင်းသောအကြံ မှန်သောအကျင့်ကို ကျင့်သဖြင့် မအိပ်မနေ အသက်ရှည်သည်ဟု ဆိုပြန်ပါသည်။ သို့ဖြစ်ရာ ပစ္စုပ္ဗန်၊ သံသရာနှစ်ဖြာအကျိုးအတွက် စိတ်အေးရအောင် လက်ဖက်ရည် သောက်ကြဖို့ ဆရာတော်ဘုရားက တိုက်တွန်းထားသည်။
မန်လည်ဆရာတော်ဘုရားကြီးကမူ “လက်ဖက်ရေ” ဟူသော အမည်ဖြင့် လက်ဖက်ရည်သောက်ခြင်း၏ ဆိုးကျိုးများကို ထောက်ပြသည်။ ရှုပါဦး။
လက်ဖက်ရေ
လက်ဖက်ရေ မပြတ်သမျှ
မရည်တတ် မှန်သည်
လာဘ်ရဖို့ မကြံစည်
ကံနှစ်လီချွတ်ယွင်း
ကျိုးမရ ချိန်ပုပ်ကာ
အိမ်လုပ်မှာ တိုးလို့လစ်ဟင်း
ဝိုင်းဖွဲ့လို့ရီစရာ
ဝစီမှာ သိမ်ဖျင်း
မကြည်သာအိမ်တွင်းက
ကျိန်ဆဲရင်းနားပူ
သုံးစရာပိုက်ဆံပါးပြန်တော့
မယားက တိုးလို့သာဆူ
မိုက်ဉာဏ်များတဲ့ အလကားလူရယ်
အခြားသူပြောဆိုကြသည့်
လောကနှင့်သံသရာ
ကျိုးမရှိပါ
ကရားတလုံးနှင့်မခြားသုံးပါလျှင်
မယားမုန်းကာ ကွာတတ်ချည်ရဲ့လေး။
                                                   မန်လည်ဆရာတော်
လက်ဖက်ရည်နှင့်ပတ်သက်လာလျှင် မန်လည်ဆရာတော်ကမူ လယ်တီဆရာတော်နှင့် အရှေ့နှင့်အနောက်လို ဆန့်ကျင်ဘက်အမြင် ရှိသည်။ သူက လက်ဖက်ရည်ကို ဖြတ်သင့်သည်ဟု အဆိုပြုသည်။ မဖြတ်ဘဲ ဆက်သောက်နေမည်ဆိုလျှင် လာဘ်လာဘရအောင်လည်း မကြံစည်၊ မတွေးတောဘဲ နေတတ်သည်။ အတိတ်ကံ၊ ပစ္စုပ္ဗန်ကံဟူသော ကံနှစ်ပါးလုံး ချွတ်ချော်ယွင်းမှားတတ်သည်။ လက်ဖက်ရည်သောက်ခြင်းသည် အကျိုးမရှိ။ အချည်းနှီးသာ ဖြစ်သည်။ အချိန်လည်း ကုန်သည်။ အိမ်အလုပ်လည်း မလုပ်ဖြစ်ဘဲ လစ်ဟင်းတတ်ပြန်သည်။ လက်ဖက်ရည်ဝိုင်းတွင် အများဝိုင်းဖွဲ့၍ သိမ်ဖျင်းသော အပျော်အပျက်စကားများကို ပြောမိတတ်သည်။ သို့ဖြစ်ရာ အိမ်သူသက်ထား ဇနီးမယားက လက်ဖက်ရည်ကြိုက်သည့် လင်ယောကျ်ားကို ကြည်ဖြူလေးမြတ် မရှိနိုင်တော့ရာ ပူညံပူညံ လုပ်တော့သည်။ လက်ထဲတွင် သုံးစရာ ပိုက်ဆံနည်းလာသောအခါ ဇနီးသည်က ပို၍ ပူညံပူညံ လုပ်လာပြန်သည်။ လောကအတွက်ရော သံသရာအတွက်ပါ တစ်စုံတစ်ရာ အကျိုးမပြုနိုင်သော လက်ဖက်ရည်ကို မိုက်မိုက်မဲမဲ ဆက်သောက်နေဖို့ မသင့်ဟု စာဆိုအရှင်က ဆိုပါသည်။ အကယ်၍သာ ထိုသို့ ရေနွေးကရားတွင် လက်ဖက်ရည်ထည့်ကာ ဆက်သောက်သုံးနေမည်ဆိုပါက အိမ်သူသက်ထားကပင် အမုန်းကြီးမုန်းလျက် အိမ်ထောင်ပါ ကွဲတတ်သည်ဟု စာဆိုအရှင်က ဆိုပြန်သည်။ မန်လည်ဆရာတော့်တေးထပ်အတိုင်းဆိုလျှင် လွန်စွာ ဆိုးကျိုးများသည့် လက်ဖက်ရည်ပါတကား။
မန်လည်ဆရာတော်နှင့် လယ်တီဆရာတော်တို့သည် ခေတ်ပြိုင်ပုဂ္ဂိုလ်ကျော်များဖြစ်သည်။ ဝိသုဒါ္ဓရုံဆရာတော်၊ လယ်တီဆရာတော်နှင့် မန်လည်ဆရာတော်တို့သည် တစ်ပါးနှင့်တစ်ပါး စာတစ်တန် ပေတစ်တန်ဖြင့် မကြာခဏ တရားဆွေးနွေးညှိနှိုင်းတတ်သည့် “ဓမ္မသဟာယ၊ ဓမ္မမဟာမိတ်များ” ဖြစ်ကြောင်း ဆရာတော် ဦးစန္ဒိမာ (စလင်း) ၏ “သမိုင်းတွင် သမိုင်းဝင် စာဆိုအရှင်များ” စာအုပ်တွင် ဖတ်ရှုမှတ်သားရသည်။ မန်လည်ဆရာတော်နှင့် လယ်တီဆရာတော်တို့သည် နှစ်ပါးလုံး အင်္ဂါသားဖြစ်ပြီး “အထက်မန်လည် အောက်လယ်တီ” ဟူသော ဗျုပ္ဗတ်ဆိုရိုးဖြင့် တပြိုင်တည်း ထင်ရှားခဲ့သူများ ဖြစ်သည်။ သို့ဖြစ်ရာ လက်ဖက်ရည်၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို တစ်ပါးနှင့်တစ်ပါး အပြန်အလှန် စပ်ဆိုကာ ဉာဏ်စမ်းခဲ့လေသည်လောမသိပါ။
*****

()
လက်ဖက်ရည်မှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိသည်။ လက်ဖက်ရည်၏ ကောင်းကျိုးတစ်ခုက ကဖိန်းဓာတ်ပါသောကြောင့် အိပ်ချင်စိတ်ကို အတန်အသင့် ပြေပျောက်စေနိုင်ခြင်းပင်။ ကော်ဖီကဲ့သို့ပင် လက်ဖက်ရည်သည်လည်း အိပ်ငိုက်ပြေစေသည်။ ဤသည်ကား လက်ဖက်ရည်သောက်ခြင်း၏ ကိုယ်တွေ့ကောင်းကျိုးတစ်ခုပင် ဖြစ်၏။
သို့သော် “တန်ဆေး လွန်ဘေး” ဟူသော မြန်မာစကား ရှိသည်။ လက်ဖက်ရည်သောက်ခြင်းသည် ကောင်းကျိုးများ ရှိသည်ဆိုသော်လည်း အလွန်အကျွံသောက်လျှင် ဘေးဥပဒ်ဖြစ်စေသည်။ ၂၀၁၃ ခုနှစ် အစောပိုင်းက အမေရိကန်မှ သုတေသနဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ နေ့တိုင်း လက်ဖက်ခြောက်ပြင်းပြင်း ခတ်ထားသော လက်ဖက်ရည်အိုးကြီးတစ်အိုးစာကို (၁၇) နှစ်ကြာ စွဲစွဲမြဲမြဲ သောက်လာသူ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် skeletal fluorosis ဟူသော အရိုးရောဂါတစ်မျိုး ခံစားရသည်ဟုဆိုသည်။ ဤရောဂါသည် ဖလိုရိုက် (Fluoride) အလွန်အကျွံ စားသောက်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ လက်ဖက်ရည်နှင့် သောက်ရေတို့တွင် ဖလိုရိုက် အနည်းနှင့်အများဆိုသလို ပါဝင်လေ့ရှိသည်။ အဆိုပါအမျိုးသမီး၏ သွေးထဲတွင် ဖလိုရိုက်ပါဝင်မှုသည် သာမန်ထက် လေးဆ ပိုမိုမြင့်မားနေသည်ဟု သုတေသီများက ဆိုသည်။
ဖော်ပြပါ အရိုးရောဂါသည် သောက်ရေတွင် ဖလိုရိုက်ပါဝင်မှုမြင့်သော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၌ အဖြစ်များပြီး ဥရောပနှင့် မြောက်အမေရိကတိုက်တို့တွင် အဖြစ်နည်းသည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ကျောက်ကပ်အစုံသည် ခန္ဓာကိုယ်ရှိ ဖလိုရိုက်များကို ရှင်းလင်းဖယ်ရှားပေးတတ်သည်။ သို့သော် အဆိုပါလူနာအမျိုးသမီးကဲ့သို့ လက်ဖက်ရည် အလွန်အကျွံ သောက်ခြင်းမှတစ်ဆင့် ဖလိုရိုက် အလွန်အကျွံ စားသုံးမိပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းဖလိုရိုက်များသည် အရိုးတွင် အနည်ထိုင်သွားတတ်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံ၌ လက်ဖက်ရည်ကြောင့်ဖြစ်သော အလားတူအရိုးရောဂါ ဖြစ်ပွားမှုများသည် တစ်နေ့ လက်ဖက်ရည်တစ်ဂါလံ ပုံမှန် သောက်သုံးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ ဆေးသုတေသီများက အဆိုပါ အရိုးရောဂါသည်အမျိုးသမီးကို လက်ဖက်ရည်အသောက်ရပ်ဖို့ ညွှန်ကြားရာ အရိုးနာကျင်မှုဝေဒနာ သက်သာပျောက်ကင်းလာသည်ဟု ဆိုပါသည်။ အကြောင်းမှာ အရိုးသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း သူ့အလိုလို ပြုပြင်သွားမှုကြောင့် ဖလိုရိုက်အနည်ထိုင်မှု တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်သွားတတ်ခြင်းကြောင့်ဟု ဆိုသည်။ သို့ဖြစ်ရာ လက်ဖက်ရည်ကို ချင့်ချိန်သောက်သုံးဖို့ အထူးလိုအပ်ပေသည်။
*****

()
လက်ဖက်ရည်သည် လူတစ်ဦး၏ ကျန်းမာရေးအတွက် အကျိုးပြုနိုင်၊ မပြုနိုင်ဟူသော ကိစ္စကို ထားဦး။ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဂျ်အိုဝဲလ်၏ A nice cup of tea အမည်ရှိ ရသစာတမ်းတစ်ပုဒ်ကိုသာ သင် ဖတ်ကြည့်ဖူးသည်ဆိုလျှင် လက်ဖက်ရည်ကောင်းကောင်းတစ်ခွက် သောက်နိုင်ဖို့ နည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ပြုလုပ်ကြည့်လောက်ပေမည်။ ထိုရသစာတမ်းတွင် သူက လက်ဖက်ရည်ဖျော်နည်း (၁၁) နည်းကို အသေးစိပ်တင်ပြထားသည်။ လက်ဖက်ရည်ကြိုက်သူများအတွက်မူ သူ့စာတမ်းက များစွာ အကျိုးပြုပေမည်သာ။ ဆရာမြသန်းတင့်က ထိုစာတမ်းကို “လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်” အမည်ဖြင့် ဘာသာပြန်၍ “နိုင်ငံတကာ ရသစာတမ်းများ” စာအုပ်တွင် ထည့်သွင်းဖော်ပြပြီးဖြစ်ရာ လက်ဖက်ရည်ကြိုက်သည့် ရွှေမြန်မာအများလည်း နည်းလမ်းအမျိုးမျိုးဖြင့် လက်ဖက်ရည်ဖျော်ကြည့်နိုင်ပါပြီ။ မြည်းစမ်းသောက်သုံးကြည့် နိုင်ပါပြီ။ လက်ဖက်ရည်အချို သောက်မည်လော။ အခါးသောက်မည်လော။ အဖန်သောက်မည်လော။ ရပေမည်။
*****

()
လက်ဖက်ရည် အလွန်အကျွံသောက်ခြင်းသည် မကောင်းဟု သိထားကြပြီ။ ချင့်ချိန်သောက်ကြဖို့ လိုပေပြီ။ သို့သော် လူဆိုသည်မှာလည်း တစ်ချို့သော အကျင့်များကို မကောင်းမှန်းသိလျက်နှင့် ဆက်လက် တွယ်ကပ်နေမိကြသည်။ ဥပမာအားဖြင့် ဆေးလိပ်သောက်သည့်အကျင့်ကို မဖြတ်နိုင်ခြင်းမျိုးပင်။ ဆေးလိပ်သောက်တတ်သည့် သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကို တွေ့ဖူးသည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု သူတို့ မသိမဟုတ်။ သိကြသည်ချည်း။ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။ သို့သော် အများစုမှာ ဆေးလိပ်မဖြတ်လိုကြပေ။ မကောင်းမှန်း သိလျက်နှင့် ဆက်၍ သောက်နေကြသည်။ သူငယ်ချင်းတစ်ယောက်မှာ ဆေးလိပ်ကို မကြာမကြာ ဖြတ်သည်။ ဖြတ်ပြီး မကြာခင် ပြန်ပြန်သောက်သည်။ ထို့နောက် ဆေးလိပ်ဖြတ်ပြန်သည်။ ဤသို့ဖြင့် သံသရာလည်နေတော့သည်။ လက်ဖက်ရည် သောက်ရာတွင်လည်း အလွန်အကျွံ သောက်၍ ဘေးမဖြစ်စေရအောင် ချင့်ချိန်သောက်ကြရပါတော့မည်။
ကျွန်တော်တို့ငယ်စဉ်ကတည်းက အမေ လက်ဖက်ရည် ကြိုက်သည်မှာ အခုထိပင်။ အမှန်တော့ ကျွန်တော် လူ့လောကကြီးထဲသို့ မရောက်မီကတည်းက အမေ့တွင် လက်ဖက်ရည်သောက်သည့် အလေ့အထ ရှိခဲ့မည်မှာ သေချာသည်။ ကျွန်တော်သည်လည်း လက်ဖက်ရည်သောက်သည့်အကျင့် အမွေရထားသူပီပီ လက်ဖက်ရည်ကို ကြိုက်ဆဲကြိုက်လတ္တံ့ပင်။ တစ်နေ့ တစ်ဂါလံလောက်ထိ သောက်ဖြစ်၊ မသောက်ဖြစ်မှာ မသေချာပါ။ အချို့နေ့များတွင် ထိုပမာဏထက်ပင် ပိုဦးမည် ထင်သည်။ အနည်းနှင့်အများသာ ကွာမည်။ လက်ဖက်ရည် မသောက်ဖြစ်သည့်နေ့ကား ရှားသည်။ အမေက ကျွန်တော့်ထက် လက်ဖက်ရည်ကို စွဲလာခဲ့သူ ဖြစ်သည်။ အိမ်တွင် လက်ဖက်ရည်ကို ဓာတ်ဘူးထဲ မပြတ်ထည့်ထားတတ်သည်။ လက်ဖက်ခြောက်ခပ်ပြီး သာမန်အရွယ်အစား ဓာတ်ဘူးတစ်ဘူး၊ ရေနွေးအဖြူ အပြည့်ထည့်ထားသော ဓာတ်ဘူးကြီးတစ်ဘူးတို့ကား အမေ့ လက်စွဲတော်များပင် ဖြစ်သည်။ အမေ့ကို လက်ဖက်ရည်လျှော့သောက်ဖို့ တရားချလို့ ရမည်ကားမဟုတ်။ သူ့နှုန်းအတိုင်း နေ့စဉ် သူ လက်ဖက်ရည်သောက်နေပေမည်။ အမေကြိုက်တတ်သော လက်ဖက်ရည်ကို အမေ မဖြတ်နိုင်မည့်အတူတူ ဂျော့ဂျ်အိုဝဲလ်၏ လက်ဖက်ရည်ဖျော်နည်း (၁၁) နည်းကို လက်တွေ့စမ်းသပ်ပြီး အမေ့ကို ပြုစုခွင့်ရလျှင် လက်ဖက်ရည်သောက်အလေ့ အမွေပေးသော အမေ့ကို ကျွန်တော် ကျေးဇူးဆပ်ခွင့်ရမည် ထင်မိပါ့။ သြော် - ကျွန်တော်တို့လည်း ကျွန်တော်တို့၏ စွဲလမ်းမှုများနှင့်အတူ စီးမျောလိုက်ပါရင်း အသားကျနေပါပကော။

ကိုးကား
-       ‘Too much tea causes unusual bone disease’ by Rachael Rettner
-                  -         လက်ဖက်ရည်ဆိုင် ပင်ကိုယ်ရေးအက်ဆေးနှင့် Lao She ၏ Tea House ပြဇာတ်ဘာသာပြန် (မြသန်းတင့်)
            -     သမိုင်းတွင် သမိုင်းဝင် စာဆိုအရှင်များ (ဦးစန္ဒိမာ (စလင်း))

No comments:

Post a Comment