Monday 1 August 2016

သုတေသနကျမ်းပြုမဟာဘွဲ့ နှင့် ဘာသာရပ်အထူးပြုမဟာဘွဲ့အကြောင်း


ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ အကြောင်းရင်းကို ပြောရရင် ပညာသင်ဆုလျှောက်ဖို့ ကြိုးစားပြင်ဆင်နေတဲ့ ညီမတစ်ယောက်ရဲ့ မေးခွန်းက စတယ်လို့ ဆိုရမှာပါ သူက သြစတြေးလျနိုင်ငံမှာ ပညာသင်ဆုနဲ့ မဟာဘွဲ့လာတက်နိုင်ဖို့ ကြိုးစားနေသူပါ ကျွန်တော်ကိုယ်တိုင်ကလည်း ပညာသင်ဆုနဲ့ မဟာဘွဲ့ လာတက်နေသူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးပညာသင်နှစ်ဝက်မှာ သင်ယူနေသူတစ်ယောက် ဖြစ်လေတော့ ကျွန်တော်တက်ရောက်နေတဲ့ တက္ကသိုလ်မှာ ကိုယ်တိုင်လေ့လာမှတ်သားဖူးတာတွေကို မဏ္ဍိုင်ပြုပြီး သုတေသနကျမ်းပြုမဟာဘွဲ့ (Master by research) နဲ့ ဘာသာရပ်အထူးပြုမဟာဘွဲ့ (Master by coursework) ဘယ်လိုကွာလဲ ဆိုတာကို တင်ပြလိုပါတယ်။ မေးခွန်းမေးလာတဲ့ ညီမကို ဖြေခဲ့တဲ့ အဖြေကို အကျယ်ချဲ့ပြီး ပြည့်စုံအောင် ဖြည့်စွက်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။ 
ဒီဆောင်းပါးထဲမှာ မဟာဘွဲ့တွေနဲ့ပတ်သက်ရင် ယတိပြတ်မှန်ကန်တဲ့ အကြောင်းအရာတွေကို အလုံးစုံ ခြုံငုံမိအောင် မတင်ပြနိုင်ကြောင်း ကြိုတင်ဝန်ခံလိုပါတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို သြစတြေးလျတစ်နိုင်ငံတည်းက တက္ကသိုလ်ချင်းအတူတူမှာတောင် Credit နဲ့ Unit ပုံစံမတူသလို တခြား ကွဲပြားတာတွေလည်း အတော်လေး ရှိပါလိမ့်မယ်။ တခြားနိုင်ငံတွေနဲ့ဆို ပိုပြီး မတူတာတွေ ရှိနေမှာပါ ဥပမာ - ဂျပန်နိုင်ငံမှာ မဟာဘွဲ့ယူရင် သုတေသနစာတမ်းကို မဖြစ်မနေရေးရတယ်လို့ ဆိုပါတယ်။ ဒီဘွဲ့ယူသုတေသနစာတမ်း မရေးရင် မဟာဘွဲ့မရဘူးလို့ ကြားဖူးပါတယ်။ သြစတြေးလျမှာတော့ အဲလိုမဟုတ်ပါဘူး။ ယူတဲ့ဘွဲ့အပေါ်မှာမူတည်ပြီး ဘွဲ့ယူကျမ်း ပြုစုရ၊ ပြုစုရဆိုတာ ကွာခြားသွားပါတယ်။ ဒီတော့ တိတိကျကျပြောရရင် ကျွန်တော်တက်ရောက်နေတဲ့ La Trobe University ရဲ့ မဟာဘွဲ့ ပုံစံနှစ်မျိုးအကြောင်းကို လေ့လာမှတ်သားမိသလောက် ရှင်းပြပါရစေ။

() Master by research နဲ့ Master by coursework ဘယ်လိုကွာခြားလဲ
................................................................................................

Master by coursework ဆိုတာ ကျောင်းသားတွေအနေနဲ့ ကိုယ်သင်ယူလိုတဲ့ ဘာသာရပ်တွေကို သင်ယူ၊ အဲဒီဘာသာရပ်တွေမှာ သတ်မှတ်ထားတဲ့ အဆိုင်းမင့်တွေ (assignments) ကိုလုပ်ပြီး ပုံမှန်အတိုင်း လေ့လာသင်ယူရတဲ့ မဟာဘွဲ့ပါ။ မဟာပညာရေးဘွဲ့မှာ သင်ယူရတဲ့ ဘာသာရပ်တွေအတွက် စာမေးပွဲတွေ မရှိပေမယ့် တစ်ချို့ပညာရပ်နယ်ပယ်တွေမှာတော့ လိုအပ်ချက်အရ စာမေးပွဲတွေရှိပါတယ်။ စာမေးပွဲဖြေရတဲ့ ဘာသာရပ်နယ်ပယ်တွေထဲမှာ အတွက်အချက်တွေလုပ်ရတဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေ၊ သိပ္ဗံပညာရပ်နဲ့ ပတ်သက်တဲ့ ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့တွေ ပါဝင်ပါတယ်။ မဟာဘွဲ့သာမက ပထမဘွဲ့ (bachelor) အတွက်လည်း စာမေးပွဲ ဖြေရ၊ မဖြေရဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင် ဒီသဘောမျိုး ရှိတယ်လို့ မှတ်သားဖူးပါတယ်။ 

Master by research ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒီဘွဲ့အတွက် ပညာသင်ဆု လျှောက်လွှာတင်ကတည်းက ကိုယ်လုပ်မယ့် သုတေသနရဲ့ Proposal ကို သတ်မှတ်နေရာမှာ ဖြည့်စွက်တင်ရပါတယ်။ ပညာသင်ဆု အရွေးခံရပြီးပြီဆိုရင်တော့ ကိုယ်တက်မယ့် တက္ကသိုလ်က ကျမ်းကြီးကြပ်သူဆရာတစ်ဦးဦးရဲ့ လက်အောက်မှာ သုတေသနကျမ်းပြုစုရေးသားရပါမယ်။ ကိုယ်အဆိုပြုတဲ့ကျမ်းကို သတ်မှတ်ကာလ (ပုံမှန်အားဖြင့် နှစ်ကြာတတ်ပါတယ်) အတွင်း အပြီး ရေးနိုင်ရပါမယ်။ ဒီကျမ်းအတွက် လိုအပ်ရင် ကွင်းဆင်းလေ့လာသုတေသနပြုမှုလည်း လုပ်ရပါလိမ့်မယ်။ ဒီတော့ ဒီဘွဲ့ပုံစံမျိုးယူမယ့်သူဟာ သုတေသနကျမ်းပြုစုဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေလည်း အတိုင်းအတာတစ်ခုထိ နဂိုတည်းက ရှိထား၊ သိထားဖို့ လိုအပ်ပါတယ်။ အစိမ်းသက်သက်ဆိုရင် ဒီလို သုတေသနသက်သက်နဲ့ မဟာဘွဲ့ယူတာ အင်မတန် ခက်ခဲပါလိမ့်မယ်။ ဒီဘွဲ့အမျိုးအစားအတွက် တခြားဘာသာရပ်တွေကို ယူဖို့မလိုအပ်ပါဘူး။ ကိုယ့်သုတေသနကျမ်း အဆင်ပြေချောမွေ့စွာ အချိန်မီ ပြီးစီးနိုင်ရေးအတွက် သင်တန်းကာလတစ်လျှောက်လုံး ဇောက်ချ ကြိုးစားလုပ်ရုံပါပဲ။

() Master by coursework နဲ့ Minor Thesis
...............................................................

တစ်ခုရှိတာက Master by coursework ကို ရွေးချယ်ခဲ့ရင်လည်း သုတေသနအသေးစား လုပ်ချင်ရင် လုပ်လို့ ရနိုင်ပါသေးတယ်။ သုတေသနအသေးစားကို Minor Thesis လို့ ခေါ်ပါတယ်။ ဒါကို မလုပ်ဘဲ ပုံမှန်အတိုင်း ဘာသာရပ်တွေသင်၊ အဆိုင်းမင့်လုပ်ပြီး မဟာဘွဲ့ ယူရင်လည်း ဖြစ်ပါတယ်။ မဖြစ်မနေ လုပ်ဖို့ မလိုအပ်ပါ။

Minor Thesis လုပ်နိုင်ဖို့ လိုအပ်တာတွေ
.......................................................

တကယ်လို့ Master by coursework ကိုပဲ ယူထားပြီး Minor Thesis လည်း လုပ်ချင်တယ်ဆိုရင်တော့ သာမန်ထက် တော်ဖို့ လိုအပ်ပါတယ်။ Minor Thesis ကို မဟာဘွဲ့တက်တဲ့ နှစ်တာရဲ့ ဒုတိယနှစ်မှာ လုပ်ရပါတယ်။ Minor Thesis လုပ်နိုင်ဖို့ လိုအပ်ချက် (သို့မဟုတ်) သတ်မှတ်ချက်တွေ ရှိပါတယ်။ ပထမလိုအပ်ချက်တစ်ခုက မဟာတန်းကျောင်းသားတိုင်း မသင်မနေရ သင်ယူရတဲ့ သုတေသနပြုလုပ်နည်းဘာသာရပ် (ပညာရေးသမားတွေအတွက်တော့ ဒီဘာသာရပ်အမည်က Research Methods in Education ဖြစ်ပါတယ်) မှာ အမှတ် (၈၀) နဲ့ အထက်အတွက် သတ်မှတ်အဆင့်ဖြစ်တဲ့ အဆင့် (A) (တစ်ချို့ တက္ကသိုလ်တွေမှာတော့ HD နဲ့ အဆင့်တူ ဖြစ်မယ် ထင်ပါတယ်) ရရှိ အောင်မြင်ရပါမယ်။ ဒီသုတေသနဘာသာရပ်ကို မဟာဘွဲ့သမားတွေအတွက် ပညာသင်နှစ်ဝက် (Semester) လေးခု ရှိတဲ့အနက် ပထမနှစ်ဝက် (သို့မဟုတ်) ဒုတိယနှစ်ဝက်မှာ မဖြစ်မနေ ယူကြရပါတယ်။ ဒီတော့ ပညာသင်နှစ်တစ်နှစ်တည်းနဲ့ မဟာဘွဲ့ယူကြသူတွေအတွက် Minor Thesis လုပ်ဖို့ အခွင့်အလမ်း မရကြပါဘူး။ ပညာသင်နှစ် () နှစ် တက်ရတဲ့ မဟာဘွဲ့သမားတွေသာ ဒုတိယနှစ်မှာ Minor Thesis လုပ်ဖို့ အချိန်ရကြပါတယ်။ Minor Thesis လုပ်နိုင်ဖို့ ဒုတိယလိုအပ်ချက်က ဒီမဟာဘွဲ့အတွက် ကိုယ်ယူလာခဲ့တဲ့ ဘာသာရပ်တွေမှာ အနည်းဆုံး (B) အဆင့် (အမှတ် ၇၀ - ၇၉ ရရှိအောင်မြင်သူ) ဖြစ်ရပါမယ်။ ဒါပေမယ့် သင်ယူပြီးခဲ့တဲ့ ဘာသာရပ်တစ်ခုခုမှာ အဆင့် (C) (အမှတ် ၆၀ - ၆၉ ရရှိအောင်မြင်သူ) ဖြစ်ပြီး မသင်မနေရ သင်ရတဲ့ သုသေနဘာသာရပ်မှာလည်း အဆင့် (B) သာ ရခဲ့ပေမယ့် ကိုယ်လုပ်မယ့် သုတေသနအဆိုပြုချက် (Research Proposal) ကောင်းပြီး ကျမ်းကြီးကြပ်သူလည်း အဆင်ပြေလက်ခံမယ်၊ ကိုယ်လည်း အမှန်တကယ် လုပ်ဆောင်လိုစိတ်ရှိတယ်၊ ကြီးကြပ်သူကလည်း ကိုယ့်ကို ယုံကြည်မယ်ဆိုရင်လည်း Minor Thesis လုပ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ခံရနိုင်ပါသေးတယ်။

အချိန်ပြည့် နဲ့ အချိန်ပိုင်း အသေးစားသုတေသနကျမ်း
...............................................................

Minor Thesis လုပ်တာမှာ Full-time minor thesis သို့မဟုတ် part-time minor thesis ကို စိတ်ကြိုက် ရွေးချယ်ယူနိုင်ပါတယ်။ Full-time minor thesis ဆိုတာက စာသင်နှစ်ဝက်တစ်ခုလုံးမှာ တခြားဘာသာရပ်တွေကို ယူစရာမလိုဘဲ ဒီ Minor Thesis တစ်ခုတည်းကိုပဲ လေးလတာ (စာသင်နှစ်ဝက်တစ်ခုစာ) ဇောက်ချလုပ်ရတဲ့ သဘောမျိုးပါ။ ပုံမှန်အားဖြင့် မဟာတန်းကျောင်းသားတွေအနေနဲ့ ပညာသင်နှစ်ဝက်တစ်ခုစီမှာ 60 credit points စီ ပြည့်မီအောင် ဘာသာရပ်တွေကို ယူရပါတယ်။ (တစ်ချို့တက္ကသိုလ်တွေမှာတော့ Credit လို့ မသုံးဘဲ Unit လို့ ခေါ်ပါတယ်။ မဟာဘွဲ့တစ်ခုရဖို့ Credit Point (သို့မဟုတ်) Unit ဘယ်လောက် ရရှိရမယ်လို့ သတ်မှတ်ထားတတ်ပါတယ်။ တက္ကသိုလ်တစ်ခုနဲ့တစ်ခု မတူပါ။ La Trobe University မှာတော့ သာမန်ကျောင်းသားတစ်ဦးအတွက် 240 credit points ရရှိပြီးမှ မဟာဘွဲ့ ရပါတယ်။ အရင်က မဟာဘွဲ့ရထားဖူးတဲ့သူတစ်ယောက် ဒီမှာ မဟာဘွဲ့ ပြန်ယူဦးမယ်ဆိုရင်တော့ သူဟာ Advance standing အနေနဲ့ 180 credit points ရပြီးဖြစ်တာမို့ ပညာသင်နှစ်ဝက်နှစ်ခု (တစ်နှစ်) သာ သင်ယူပြီး မဟာဘွဲ့ ရပါတယ်။ ဒီလို Advance standing ရ၊ မရဆိုတာကို ကိုယ်လျှောက်လိုက်တဲ့ တက္ကသိုလ်က လက်ခံကြောင်း အကြောင်းကြားတဲ့ Acceptance letter မှာ ဖော်ပြပေးတတ်ပါတယ်။)

ဒါပေမယ့် Full-time minor thesis က 60 credit points နဲ့ ညီမျှတဲ့အတွက် တခြာဘာသာရပ်တွေအစား Minor thesis နဲ့ အစားထိုးလိုက်တဲ့ သဘောပါ။ Part-time minor thesis ကျတော့ ဒုတိယနှစ်ရဲ့ ပညာသင်နှစ်ဝက်နှစ်ခုမှာ 30 credit points နဲ့ ညီမျှတဲ့ တစ်ဝက်စီ ခွဲဝေလုပ်ဆောင်ရတဲ့ သဘောပါပဲ ဒီတော့ Part-time minor thesis လုပ်ရင် ပညာသင်နှစ်ဝက်တစ်ခုစီမှာ လိုအပ်နေသေးတဲ့ 30 credit points ပြည့်အောင် အခြား ဘာသာရပ် တစ်ခု (သို့မဟုတ်) နှစ်ခု ယူကြရပါတယ်။ Minor thesis လုပ်တဲ့ ကျောင်းသား၊ ကျောင်းသူ အများစုက Part-time ယူကြတာ တွေ့ရပါတယ်။ သူတို့တွေအနေနဲ့ Stress သိပ်မများဘဲ ကျမ်းပြုစုနိုင်ကြတာကြောင့်လို့ တစ်ချို့က ဆိုပါတယ်။ Part-time ပဲဖြစ်ဖြစ်၊ Full-time ပဲဖြစ်ဖြစ် ဒီလိုမျိုး Minor Thesis လုပ်မယ်ဆိုရင် ကိုယ် သုတေသနလုပ်ချင်တဲ့ အကြောင်းအရာကို Research Proposal ရေးတင်ရပါတယ်။ Minor Thesis ကိစ္စအတွက် အဓိကတာဝန်ယူထားတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်ဆီ သွားတွေ့ပြီး ကိုယ်ဘယ်အကြောင်းအရာ လုပ်ချင်တယ်၊ ဒီနယ်ပယ်အတွက် Supervisor ရှိ၊ မရှိ၊ အဆင်ပြေနိုင်၊ မပြေနိုင် ... စတဲ့ ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ရပါမယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်ကလည်း လိုအပ်တာတွေ အကြံပေးပါလိမ့်မယ်။ တစ်ခါတစ်ခါ ကိုယ်လုပ်ချင်တဲ့အကြောင်းအရာရှိပေမယ့် သင့်တော်တဲ့ ကျမ်းကြီးကြပ်သူကို ရှာမတွေ့လို့ အဆင်မပြေဖြစ်တာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တက်ရောက်နေတဲ့ တက္ကသိုလ်မှာတော့ ပညာရေးဌာနမှာ Language Teaching နဲ့ ပတ်သက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Minor Thesis လုပ်ဖို့ အခွင့်အလမ်း ပိုများတာ တွေ့ရပါတယ်။ ဒါကြောင့် များသောအားဖြင့် Minor thesis လုပ်ကြသူတွေဟာ Master of TESOL ကျောင်းသား၊ကျောင်းသူတွေဖြစ်တာကို တွေ့ရပါသဗျ

ဘာကြောင့် Minor Thesis လုပ်ကြတာလဲ
...................................................

Master by coursework ကို ယူပြီးမှ တစ်ချို့တွေ Minor Thesis လုပ်ကြပါတယ်။ ဘာကြောင့် Minor Thesis လုပ်ကြသလဲ။ ပထမအကြောင်းရင်းက Ph.D ဆက်လုပ်ဖို့ အခွင့်အလမ်း ပွင့်သွားတတ်လို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Minor Thesis အတွက်က သုတေသနအကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး Critical Literature Review ရေးလိုက်ပြီးရင်ကို တာဝန်ကျေသွားပါပြီ။ ဒီ Minor Thesis အတွက် ရေးလိုက်ပြီးတဲ့ Literature review ကိုပဲ Ph.D အတွက် Literature review အဖြစ် အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက Minor Thesis အတွက်ရေးတဲ့ ခေါင်းစဉ်ကိုပဲ Ph.D လုပ်ဖို့အတွက် ဆက်ပြီး အသုံးပြုနိုင်တဲ့ သဘောပါ တစ်ချို့ ပညာတော်သင်တွေက Minor Thesis လုပ်၊ ပြီးရင် ကိုယ့် Supervisor ရဲ့ ထောက်ခံချက်နဲ့ Ph.D ဆက်လျှောက်၊ Ph.D တက်စဉ်ကာလအတွင်း တက္ကသိုလ်က ထောက်ပံ့ပေးမယ့် ပညာသင်ဆုကို ကြိုတင်လျှောက်ထားပြီး မဟာဘွဲ့ပြီးတာနဲ့ ဆက်တိုက် Ph.D လုပ်ခွင့်ရသွားဖူးသူတွေ ရှိပါတယ်။ ဒါက Minor Thesis လုပ်သူတွေ အများစုရဲ့ အဓိက မက်လုံးတစ်ခုပါ။ ဒုတိယအကြောင်းရင်းက Minor Thesis လုပ်ရင် အတန်းတွေ တက်စရာမလို၊ အဆိုင်းမင့်တွေလုပ်စရာမလိုဘဲ စာလုပ်တန်လုပ်၊ တခြားအချိန်ပိုင်းအလုပ် လုပ်တန်လုပ်နဲ့ ကိုယ်ပိုင်အချိန်တွေကို ချိန်ဆအသုံးပြုသွားနိုင်မယ်လို့ တွေးကြတာ ဖြစ်ပါတယ် ဒီဒုတိယအုပ်စုဝင်တွေထဲမှာတော့ Ph.D ထိ အဝေးကြီး မစဉ်းစားဘဲ သြစတြေးလျမှာ နေပြီး၊ အားလပ်ချိန်တွေမှာ အချိန်ပိုင်းအလုပ်လုပ်၊ အပိုဝင်ငွေရှာ၊ အချိန်တန်ရင် အိမ်ပြန်ဖို့ မျှော်ရည်တွေးဆသူတွေ များတတ်ပါတယ်။ သူတို့ရွေးချယ်ခွင့်နဲ့ သူတို့ပါပဲ။ ကျွန်တော် လေ့လာမိသလောက် Minor Thesis လုပ်ဖို့ ရွေးချယ်သူတွေဟာ ဒီ အုပ်စုနှစ်မျိုးထဲက တစ်မျိုးမျိုးမှာ ပါနေတတ်ပါတယ်။

() ရွေးလိုရာရာ ရွေးပါလေ
..............................

ပညာသင်ဆုလျှောက်တဲ့ ကျောင်းသူ၊ကျောင်းသား အများစုကတော့ Master by coursework ယူကြပါတယ်။ ကျွန်တော်လည်း ဒါကိုပဲ ယူဖြစ်ပါတယ်။ သို့ပေမယ့် စာဖတ်သူတွေကို ဒါကိုပဲ ရွေးပါလို့ ကျွန်တော် မတိုက်တွန်းလိုပါဘူး။ စာဖတ်သူတွေအနေနဲ့ ကိုယ်တိုင် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ လျှောက်တော့မယ်ဆိုရင် ဘယ်ဘွဲ့မျိုးက ကိုယ်နဲ့ ပိုသင့်တော်မလဲ၊ ကိုယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ အသေအချာ စဉ်းစားပြီး ကိုယ့်ပညာရေးခရီးလမ်းကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်သင့်ပါတယ်။ အထက်မှာ ရှင်းပြခဲ့တာတွေက ဘယ်မဟာဘွဲ့က ဘယ်လိုရှိတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ဖြတ်ကျော်ရမယ့်အရာတွေကို ကြိုတင်သိမြင်စေဖို့ ကူညီပေးနိုင်ရုံတော့ အကျိုးဖြစ်စေနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ မဟာဘွဲ့မျိုးကို ရွေးချယ်လျှောက်ထားဖို့က နိုင်ငံရပ်ခြားမှာ မဟာဘွဲ့ဆက်တက်မယ့်သူရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပါပဲ ဒါပေမယ့် ဆောင်းပါးနိဒါန်းမှာ ဆိုခဲ့တဲ့အတိုင်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတတ်တာတွေ ရှိလေတော့ ကိုယ် တက်ရောက်ပညာသင်ဖို့ ရွေးချယ်ထားတဲ့ တက္ကသိုလ်နဲ့ ကိုယ်တက်မယ့် မဟာဘွဲ့အကြောင်းကို ဂဃနဏ သိရှိထားအောင်လည်း လေ့လာထားမှ အဆင်ပြေနိုင်မယ်လို့ အကြံပြုလိုက်ပါရစေ။ အားလုံး အဆင်ပြေကြပါစေ ...

                                                                                      လေးစားစွာ

                                                                                      ဇွဲသစ် (ရမ္မာမြေ)
                                                                                                            ၂၊ ၈၊ ၂၀၁၆ (အင်္ဂါနေ့)

No comments:

Post a Comment