Showing posts with label ဇာတ်ကားအညွှန်း. Show all posts
Showing posts with label ဇာတ်ကားအညွှန်း. Show all posts

Thursday, 16 June 2016

Twilight over Burma စာအုပ်၊ မြန်မာပြန်နှင့် ဇာတ်ကားအကြောင်း သိရသမျှ


သြစတြေးလျနိုင်ငံသူ Inge Sargent ရေးတဲ့ Twilight over Burma စာအုပ်နဲ့ပတ်သက်ပြီး ကျွန်တော့် Facebook account မာ ဒီနေ့ ပို့စ်တစ်ခု တင်ဖြစ်ခဲ့ပါတယ်။ အဲဒီပို့စ်မှာ စာအုပ်နဲ့ပတ်သက်ပြီး မိတ်ဆွေတွေဆွေးနွေးဖြစ်တာတွေအရ မြန်မာပြန်စာအုပ်သုံးအုပ် (Version သုံးမျိုး) ရှိနေတာ တွေ့ရပါတယ်။
.
Twilight Over Burma ကို မြန်မာပြန်ထားတဲ့ ဗားရှင်းသုံးမျိုးအနက် ဆရာမောင်သန်းဆွေ (ထားဝယ်) မြန်မာပြန်တဲ့ စာအုပ်ကို "မဟာဒေဝီတစ်ပါးဧ။် ရှာပုံတော်" လို့ အမည်ပေးထားပါတယ်။ ဆရာနိုင်ဦး မြန်မာပြန်ထားတဲ့ စာအုပ်အမည်က "တစ်ခေတ်တစ်ခါက မဟာဒေဝီ စဝ်သုနန္ဒီ" ဖြစ်ပါတယ်။ ဆရာ ပြေ (ဆေး - ၂) ဘာသာပြန်ထားတဲ့ စာအုပ်အမည်က "မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး" ဖြစ်ပါသတဲ့။
.
Twilight over Burma ကို တိုက်ရိုက်မြန်မာပြန်လိုက်ရင် "မြန်မာပြည်ဧ။် ဆည်းဆာ" လို့ ပြန်ဆိုနိုင်လောက်ပါတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ အမျိုးသမီးဖြစ်တဲ့ သြစတြေးလျသူ မဟာဒေဝီ အင်ဂါဆာဂျင့် ရေးတဲ့ ဒီစာအုပ်ကို အခြေခံပြီး ပြန်ရိုက်တဲ့ Twilight over Burma ဇာတ်ကားကို ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ဂုဏ်သိက္ခာမဲ့စွာ ပြသခွင့်ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး တုန့်ပြန်ပြောဆိုထားတာကို တင်ပြထားတဲ့ သျှမ်းသံတော်ဆင့်ပါ သတင်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ ပိတ်လိုက်ပါမှ လူတွေပိုသိကုန်တာပါပဲ။
.
ကျွန်တော်ဆို ဒီစာအုပ်ကို စာအုပ်ဆိုင်တစ်ချို့နဲ့ အွန်လိုင်းပေါ်မှာ ရှောင်တခင် တွေ့ဖူးပေမယ့် အထူးတလည် စိတ်မဝင်စားခဲ့မိဘူး။ ဘာအကြောင်းအရာကို ရေးထားတယ်ဆိုတာသိရုံလေး မြည်းစမ်းခဲ့ဖူးတာပါ။ Amazon မှာတော့ ဒီစာအုပ်ကို ဒေါ်လာ ၂၀ အထက် ဈေးနဲ့ ရောင်းနေတာ တွေ့ရပါတယ်။ မြန်မာငွေနဲ့ဆိုရင် နှစ်သောင်းကျော် ပေးရမှာပေါ့။ စာအုပ်ကို ဝယ်ဖတ်ဖြစ်ဖို့ကတော့ မသေချာသေးပါဘူး။ တစ်ချို့က ဇာတ်ကားတစ်ကားလုံးကို ဖဘမှာ တင်ပေးထားတာလည်း တွေ့လေတော့ ရုပ်ရှင်အနေနဲ့ ကြည့်ဖြစ်ပါတယ်။ ပိတ်လိုက်တာတွေ၊ မကြည့်ရဘူးဆိုတာတွေကိုမှ ကြည့်ချင်တာလည်း လူ့သဘာဝဖြစ်နေတော့ အတော်ဆိုးသဗျ။
.
စကားမစပ် သျှမ်းသံတော်ဆင့်က သတင်းမှာ Twilight over Burma ကို (မှုံရီဆိုင်း တိုင်းမြန်မာ) ဆိုပြီး ဘာသာပြန်ဆိုလိုက်တာ အင်မတန် သဘောကျမိတယ်။ စွဲမက်စေတဲ့ ဘာသာပြန်ဆိုမှုဆိုတာ ဒါမျိုးဖြစ်ပါလိမ့်မယ်။ .
.
ဒီစာအုပ်ရဲ့ မူရင်းအင်္ဂလိပ်စာအုပ်၊ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဘာသာပြန်ဆိုသူအမည်ကို ဖော်ပြမထားတဲ့ မြန်မာပြန်စာအုပ် (မှုန်ရီဆိုင်း တိုင်းမြန်မာ)၊ ဇာတ်ကားကို Facebook ပေါ်မှာ ပြန်တင်ထားတဲ့ လင့် နဲ့ ဗွီဒီယိုဒေါင်းယူနိုင်ဖို့ လင့်တွေကို အောက်မှာ စုစည်းတင်ပြလိုက်ပါတယ်။ မူရင်းတင်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ [ မူရင်း Youtube Video link မှာတော့ ဒီ Video ကို ဒီနေ့ပဲ ပြန်ဖြုတ်ချလိုက်တာ တွေ့ရပါတယ်။ ] {{{{ ဒီပို့စ်တင်တဲ့အခါ လင့်တွေကို ပေးမရလို့ အောက်မှာ Comment အနေနဲ့ပဲ ပေးလိုက်ပါတယ်။ }}}}
.
(၁) Twilight over Burma (Inge Sargent) [ Download here >>> https://drive.google.com/file/d/0B7-ax9r6_4CUTEUtNFo4ZXRodnM/view ]
.
(၂) မှုန်ရီဆိုင်း တိုင်းမြန်မာ (ဘာသာပြန်) [ Download here >>> https://drive.google.com/file/d/0B7-ax9r6_4CUb1B6TGhjLWNrQnM/view ]
.
(၃) Twilight over Burma Movie [ Watch below >>>



.
(၄) Twilight over Burma Movie [ Download here >>>  https://my.pcloud.com/publink/show?code=XZse8hZrfJL3vR1FRFOQExYKDSXvj1kaRgX 
.
ဗွီဒီယိုမှာ အင်္ဂလိပ်စကားပြောလည်း မဟုတ်ဘဲ စာတမ်းထိုးလည်း မပါတဲ့အတွက် နားလည်ဖို့ ခက်ခဲပါတယ်။ အင်္ဂလိပ်လို စကားပြောပုံစံဇာတ်ကား (သို့) အင်္ဂလိပ်စာတန်းထိုးဇာတ်ကား ရှိတော့ ရှိမှာပါ။ မတွေ့မိသေးတာ ဖြစ်ပါလိမ့်မယ်။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၁၆၊ ၆၊ ၂၀၁၆
.
{ ဆရာမောင်သန်းဆွေ (ထားဝယ်) နဲ့ ဆရာနိုင်ဦးတို့ ဘာသာပြန်တဲ့ စာအုပ်မျက်နှာဖုံးတွေကို ပေးသူတွေနဲ့ လိုအပ်တဲ့ လင့်အချို့ကို ရှာဖွေပေးသူတွေကို ကျေးဇူးတင်ပါတယ်။

Monday, 6 June 2016

နှစ်သက်မိတဲ့ ဇာတ်ကားတစ်ကား


လွန်ခဲ့တဲ့ (၇) ရက်လောက်က Youtube မှာ မွှေနှောက်ရင်း မထင်မှတ်ဘဲ တရုပ်ခေါင်းဆောင် ချန်ကေရှိတ်အကြောင်း၊ သူ့ဇနီး မဒမ်ရှန်ကေရှိတ်အကြောင်းတွေ တွေ့တော့ အရင်တုန်းက ရှန်ကေရှိတ်အကြောင်း ရေးတေးတေးကြားဖူးပေမယ့် အသေချာမသိတာကြောင့် Google မှာ သူ့အကြောင်း ဇာတ်ကားတွေ ရှိလေမလားဆိုပြီး ရှာကြည့်မိတယ်။ အဲဒီမှာ The Soong Sisters ဆိုတဲ့ ဇာတ်ကားတစ်ကားက ကျွန်တော့်အာရုံကို ဖမ်းစားလိုက်ပါတယ်။ နှစ်သက်မိတဲ့ မင်းသမီး Michelle Yeoh လည်း ပါသလို Police Story သုံးကားလုံးမှာ ဂျက်ကီချန်းရဲ့ ရည်းစားနေရာက တောက်လျှောက်သရုပ်ဆောင်ခဲ့တဲ့ Maggie Cheung လည်း ပါနေလို့ပါ။ ဇာတ်ကားလေးကို စိတ်ဝင်စားပေမယ့် Youtube မှာ ကြည့်လိုက်တော့ ၂ နာရီ ခွဲလောက်ကြာမယ့် ဇာတ်ကားရှည်ဖြစ်နေတာ တွေ့ရတယ်။ ကံကောင်းထောက်မစွာ အင်္ဂလိပ်စာတမ်းထိုး တရုပ်ဇာတ်ကား ဖြစ်နေပြန်ရော။ ဒါပေမယ့် ကောင်းလွန်းပါတယ်လို့ ညွှန်းကြတဲ့ ကိုးရီးယားကားတွေကိုတောင် ကွက်ကျော်ရိုက်ပြီး အဆုံးသတ်ကို ကျော်ကြည့်တတ်တဲ့ ကျွန်တော် ဒီတရုတ်စကားပြော ဇာတ်ကားကို တထိုင်တည်းမကြည့်ဘဲ တစ်နေ့ကို နာရီဝက်လောက်စီ ကြည့်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ခုတော့ ဇာတ်ကားပြီးသွားပြီမို့ နှစ်သက်မိတဲ့ ဇာတ်ကားလေးအကြောင်း မျှဝေလိုက်ပါရစေ။
.

Youtube မှာ ဇာတ်ကားမကြည့်မီ ဇာတ်ကား Review ကို ဖတ်ကြည့်လိုက်တယ်။ ဒီဇာတ်ကားက နာမေပေးထားတဲ့အတိုင်း Soong မိသားစုက ညီအစ်မသုံးယောက်အကြောင်းကို ဗဟိုပြုရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီညီအစ်မသုံးယောက်ကလည်း ခေတ်သစ်တရုပ်သမိုင်းရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ လွတ်လပ်ရေးဖခင်ကြီး ဒေါက်တာဆွန်ယက်ဆင်၊ ဒုတိယကမ္ဘာစစ်အတွင်း တရုပ်ခေါင်းဆောင် ရှန်ကေရှိတ်နဲ့ အဲဒီခေတ်အဲဒီအခါက နာမည်ကြီး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ခွန်ရှန်စီတို့ကို အသီးသီးလက်ထပ်ခဲ့ကြရတဲ့ အမျိုးသမီးတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့အမျိုးသားတွေနဲ့အတူ တရုပ်နိုင်ငံသမိုင်းသစ်မှာ ကမ္ဗည်းမော်ကွန်းထုဆစ်ခံရတဲ့ ပုဂ္ဂိုလ်တွေဖြစ်လောက်အောင်ထိ သူတို့တွေ တရုပ်ပြည်နိုင်ငံရေးမှာ အားကြိုးမာန်တက် ပါဝင်လုပ်ဆောင်ခဲ့ကြတာ တကယ် အားရစရာပါပဲ။
.

ဆွန်ယက်ဆင်ကွယ်လွန်ပြီးနောက်မှာ ရှန်ကေရှိတ်က ခေါင်းဆောင်ဖြစ်လာတယ်။ ကွန်မြူနစ်တွေကို အလိုမကျတဲ့ သူ ကွန်မြူနစ်တွေကို သုတ်သင်ရှင်းလင်းလာတယ်။ ဒီမှာ အမြင်မတူသူတွေကို ပေါင်းစည်းလိုတဲ့ ဆွန်ယက်ဆင်နဲ့ အယူအဆတူသူ ဆွန်ယက်ဆင်ဇနီးသည် ချင်လင်းနဲ့ ချန်ကေချိတ်နဲ့ ညီမငယ်မေလင်းကို သဘောတူတဲ့ ကျန်မိသားစုဝင်တွေအကြားမှာ ပြဿနာတွေများလာတယ်။ ချင်လင်း ရုရှားပြည်ကို ထွက်သွားတယ်။ အဲဒီမှာ ၁၀ နှစ်တာ ဇာတ်မြှပ်နေခဲ့ပြီး မိခင်နာမကျန်းဖြစ်လို့ ပြန်လာတယ်။ ဒီအချိန်မှာ ချန်ကေရှိတ်က သူ့ညီမဖြစ်သူနဲ့ လက်ထပ်ပြီး မိသားစုဝင်ဖြစ်နေပြီ။ ဒီတော့ အိမ်တွင်းပဋိပက္ခတွေ ပိုများလာရော။ ရှန်ကေရှိတ်က ချင်လင်းကို လုပ်ကြံချင်လောက်အောင်ကို စက်ဆုပ်တယ်။ ဒါပေမယ့် ချင်လင်းက လူထုထောက်ခံမှုကို အခိုင်အမာရရှိထားလေတော့ သူသေရင် အာဇာနည်ဖြစ်သွားမယ်၊ လူတွေက သူ့ကို ဆန့်ကျင်မှုပိုများလာမယ်ဆိုတာသိလေတော့ မလုပ်ကြံစေတော့ပြန်ဘူး။ ကွန်မြူနစ်တွေကို ချေမှုန်းမှုတွေ ဆက်တိုက်ဖြစ်လာလို့ ကွန်မြူနစ်တွေ  သူပုန်ထတယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ ဒီအခြေအနေမှာ နွားကွဲကျားဆွဲဆိုသလို ဂျပန်တွေက အခွင့်ကောင်းယူပြီး တရုပ်ပြည်ကို သိမ်းလာတယ်။ လူထုက ပြည်တွင်းစစ်ကိုရပ်ပြီး နှစ်ဘက်ပေါင်းလို့ ဂျပန်ကို တော်လှန်တိုက်ထုတ်ဖို့ ဆန္ဒပြကြတယ်။ ခေါင်းမာတဲ့ ချန်ကေရှိတ်က အလျှော့မပေးပြန်ဘူး။ နောက်ဆုံး ကွန်မြူနစ်တွေက ရှန်ကေရှိတ်ကို ပြန်ပေးဆွဲလိုက်တယ်။ ရှန်ကေရှိတ်ရဲ့ ဇနီးသည် မေလင်းက ရှန်ကေရှိတ်ရှိရာဆီ လိုက်သွားတယ်။ ကွန်မြူနစ်တွေနဲ့ပေါင်းပြီး ဂျပန်ကိုတော်လှန်ဖို့ သဘောတူညီချက်နဲ့ ရှန်ကေရှိတ်ကို ပြန်ခေါ်လာနိုင်တယ်။ ဒီမှာ မစ္စရှန်ကေရှိတ် (မေလင်း) ရဲ့ နိုင်ငံရေးသြဇာက တရှိန်ထိုးမြင့်တက်သွားပြန်ပါလေရော။ ဒီလိုနဲ့ ဂျပန်ကို တိုက်တယ်။ နောက်ဆုံး ဂျပန်တွေဆီကနေလွတ်လပ်ရေးရပြန်ရော။ ဇာတ်ကားဆုံးခါနီးမှာ ကွန်မြူနစ်တွေက နိုင်ငံကို ထူထောင်တယ်၊ ရှန်ကေရှိတ်ဦးဆောင်တဲ့အမျိုးသားရေးဝါဒီတွေက ထိုင်ဝမ်ကို ဆုတ်ခွာထွက်ပြေးသွားရတယ်ဆိုပြီး စာတစ်ကြောင်းနှစ်ကြောင်းနဲ့ ဥက္ကဌကြီးမော်စီတုန်းပုံကို ပါးပါးလေး ပြပြီး ဇာတ်ကားအဆုံးသတ်ထားလေရဲ့။
.

ဒီဇာတ်ကားက ခေတ်သစ်တရုပ်ပြည်သမိုင်းကို အတန်အသင့် လှစ်ဟပြထားတယ်ဆိုရင် မမှားပါဘူး။ အားတဲ့အခါ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သိပ်မအားရင်၊ ရှည်လွန်းတယ်လို့ ဆိုရင် ကျွန်တော့်လိုပဲ တစ်နေ့ကို နာရီဝက်လောက်လေး နည်းနည်းချင်းစီ ကြည့်လိုက်ပေါ့။ ငါးရက်မြောက်နေ့မှာတော့ ဇာတ်ကားပြီးသွားမှာပါ။ :D
.
လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၆၊ ၆၊ ၂၀၁၆ (တနင်္လာနေ့)

Watch "The Soong Sisters" (Full Video)