ဇွဲသစ်
(ရမ္မာမြေ)
(၁) ကိုကြွားပို
တစ်နေ့လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ တစ္ဆေချွတ်ပွဲ လုပ်ဖို့ပြင်ဆင်နေတယ်။ တစ္ဆေချွတ်ပေးမယ့် နတ်ကတော်ကြီးကလည်း တစ်နယ်လုံးမှာ နာမည်ကြီးနေလေတော့ ဘေးပတ်ဝန်းကျင် အိမ်တွေက သူ့အစွမ်းအစကို လာရောက်အကဲခတ်ဖို့ စောင့်ဆိုင်းနေကြတယ်။ ပွဲက မစသေး။
သို့သော် နတ်ကတော်ကြီးက မိန်းမလျှာသံကြီးနှင့် ကြွားနေလေရဲ့။
“အားလုံး…သိတယ်…။ အားလုံး…တတ်တယ်…။ အားလုံး…သိတယ်…။ အားလုံး…တတ်တယ်…။
”
ဒီစကားနှစ်ခွန်းကလွဲပြီး ဘာမှ သူမပြော။
ဒါကိုပဲ ဆက်တိုက်ဆိုနေလေတော့ လူ့တစ်ချို့ စိတ်မသက်မသာ ဖြစ်ကြတယ်။ ၀ိုင်းကြည့်နေကြသူတွေထဲမှာ ဆယ်တန်းကျုရှင်က ပြန်လာတဲ့ ကျောင်းသားနှစ်ယောက်လည်း ရှိပါသတဲ့။ ခဏကြာတော့ သူတို့ထဲက တစ်ယောက် ရှေ့သို့ လျှပ်တစ်ပြက် တိုးထွက်သွားပြီး မာန်ပါပါ ပြောလိုက်ပုံက-
“ဒါ…ဒါ…ဒါဆို…ငါတို့အတန်းက ဆီးကွန့်ဆီးရီး သိလား”
အဲဒီတော့မှ ပြောဆိုသံလည်းရပ်၊ နတ်ကတော်လည်း ပြေးထွက်သွားပါလေရောတဲ့။
(၂) တိတ်တိတ်နေ
တစ်နေ့ လေးတောင်နယ်ရဲ့ ရွာတစ်ရွာက ဦးပြည့်လှလို့ခေါ်တဲ့ အလွန်ရိုးအတဲ့လူတစ်ယောက်ဟာ ရမ်းဗြဲမြို့ပေါ် ကိစ္စတစ်ခုနဲ့ ရောက်သွားပါသတဲ့။ အဲဒီခေတ် အဲဒီအခါက သင်္ဘောကြီးတွေ သိပ်မရှိသေးဘူး။ ဦးပြည့်လှဟာ သင်္ဘောဆိပ်နားဆီရောက်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေတယ်။ အဲဒီအချိန်မှာ သင်္ဘောကြီးတစ်စင်းက ဆိပ်ကမ်းမှာကပ်ထားပြီး လူတွေဆင်းနေကြတယ်။ သူ့ဘ၀မှာ အဲဒီသင်္ဘောဆိုတဲ့ အရာကို တစ်ခါမှ မမြင်ဖူး၊ မကြားဖူးလေတော့ အဲဒါကို ဘယ်လိုခေါ်လဲဆိုတာ ကို မသိပါဘူး။ ‘မသိရင်မေး။ မစင်ရင်ဆေး။’ ဆိုတဲ့စကားကို သူပြန်သတိရလိုက်မိတယ်။ ပြီးတော့မှ သူ့အနားမှာ ရပ်နေတဲ့
လူတစ်ယောက်ကို ရခိုင်လို မေးလိုက်တယ်။
“ဒါကြီးကို ဇာပိုင် ခေါ်လဲဝေ၊ ညီသျှေ”
ဘေးလူက သူ့ကို မကြည့်ဘဲ သင်္ဘောရှိရာဆီသို့သာ အာရုံစိုက်ရင်း ပြောလိုက်တယ်။ “တိတ်တိတ်နေ”
ဦးပြည့်လှက ခဏတော့ စဉ်းစားသလို လုပ်နေလိုက်တယ်။ ပြီးတော့မှ သူ့မျက်နှာမှာ အပျော်ရိပ်နဲ့ ၀င်းပသွားပါတယ်။
အဲဒီအချိန်မှာပဲ နောက်ထပ်သင်္ဘောတစ်စီးဝင်လာပါတယ်။ အဲဒီသင်္ဘောကို မြင်လိုက်ရတော့ ဦးပြည့်လှတစ်ယောက် ၀မ်းသာအားရ အသံကုန်အော်လိုက်ပါတယ်။ သူ့အော်သံကို ကြားလိုက်ရတော့ ဘေးနားကလူရော ပတ်ဝန်းကျင်က ခရီးသည်တွေပါ ထိပ်လန့်အံ့ဩသွားကြတယ်။ ပြီးတော့မှ ပြုံးရယ်လာနိုင်ကြတယ်။ ဦးပြည့်လှကြီး အသံကုန် အော်ပြောလိုက်တာက-
“အဝေ…ဟို ‘တိတ်တိတ်နေ’က ဒေ
‘တိတ်တိတ်နေ’ထက်တောင် ကြီးနိန်သိပါရေကားယေ” တဲ့။
(၃) တစ်မတ်နဲ့ငါးမူး
တစ်ခါတုန်းက လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ ကာလသားတစ်ယောက်နဲ့ ကာလသမီးတစ်ယောက် ခိုးပြေးကြတယ်။ နောက်နှစ်ရက်လောက်မှာ နှစ်ဖက်မိဘတွေကို အသိပေးကြတယ်။ ဆင်းရဲလို့မင်္ဂလာပွဲ မလုပ်နိုင်ပေမယ့် နှစ်ဖက်မိဘဆွေမျိုးတွေဆီ ဆွေပြမျိုးပြသွားရင်း ကန်တော့ကြဖို့ နှစ်ယောက်တိုင်ပင်ကြတယ်။
မိန်းမ။ ။ကျုပ်တို့တွေ ဆွေမျိုးတွေဆီတော့သွားကန်တော့ကြမယ်လုပ်နေပြီ။ ဒါပေမယ့် ရှင့်ကို ကျွန်မ မေးပါဦးမယ်။ ရှင့်ဖက်က ဆွေမျိုးတွေကို ကျုပ်ဘယ်လို ခေါ်ရမလဲ။ ကျုပ်ကအပြောအဆို မတတ်ဘူးတော့။
ယောက်ျား။ ။ဟာ…ဒီမိန်းမ။ ငါ့မိန်းမ ဖြစ်နေပြီး တုံးလိုက်တာမှ။ မသေမချင်းမှတ်ထားကွ။ ကိုယ့်ထက်ကြီးရင် ‘အဒေါ်’ လို့ပဲခေါ်ပေါ့ကွ။
(၄) အိုဇုံးလွှာကို တာလပတ်နဲ့ဖာရင် ရလိမ့်မယ်
ကောင်လေးနှစ်ယောက် စကားပြောနေကြတယ်။
ပထမကောင်လေး။ ။အခုကမ္ဘာကြီးမှာ အိုဇုံးလွှာပေါက်တယ်လို့ပြောနေတယ်ကွ။ အဲဒါကြောင့် ကမ္ဘာကြီး ပိုပူလာတယ်လို့ပြောတယ်။
ဒုတိယကောင်လေး။ ။ဟုတ်လား။ အဲဒီအပေါက်ကို လူတွေဘာလို့ မဖာကြသေးတာလဲကွ။
ပထမကောင်လေး။ ။မဖာတတ်လို့ဖြစ်မှာပေါ့ကွာ။
ဒုတိယကောင်လေး။ ။(ခဏလောက်စဉ်းစားသလို လုပ်နေပြီးမှ) ဟာကွာ။ ဒီလူတွေ တော်တော်ညံ့တာပဲ။ ဒါလေးများ။ အဲဒီအပေါက်ကို တာလပတ်နဲ့ တက်ဖာရင် ရရဲ့သားနဲ့။ အထူးအဆန်း လုပ်လို့။
(၅) နှုက်ဆက် ကြက်သွန်ထွက်
တစ်ခါက လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်ရှိတယ်။ သူဟာ ဘ၀အကျိုးပေးကံအရ မှတ်ဥာဏ်သိပ်မကောင်းရှာဘူး။ တစ်နေ့ သူ့အမေက သူ့ကို သူတို့အိမ်နဲ့ဆယ့်ငါးအိမ်ကျော်လောက်မှာရှိတဲ့ ဆိုင်ကလေးမှာ ငရုပ်ကောင်းစေ့နဲ့ ကြက်သွန်တွေ အ၀ယ်လွှတ်လိုက်တယ်။ ကောင်လေးဟာ လိမ္မာရိုကျိုးသူလေးဆိုတော့ အမေပေးတဲ့တာဝန်ကို ကျေပွန်ချင်တယ်။ ပါးစပ်ထဲကတော့ မနားတမ်းသူရွတ်နေတယ်။
“ငရုပ်ကောင်း… ကြက်သွန်… ငရုပ်ကောင်း… ကြက်သွန်… ငရုပ်ကောင်း… ကြက်သွန်…”
ခြောက်အိမ်မြောက်ရှေ့အရောက် သူ့အဖေနဲ့ခင်တဲ့ အဘိုးကြီးတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်တယ်။
ကောင်လေးရဲ့ခြေလှမ်း တုံ့ခနဲ ရပ်သွားတယ်။ အဘိုးကြီးကို ချာခနဲ စောင်းကြည့်လျှက်သား ဖြစ်သွားတယ်။ ပါးစပ်မှ အဆိုရပ်သွားပြီ။ ပြီးမှ သူဘာဆိုလာတာလဲဆိုတာ ပြန်စဉ်းစားတယ်။ စဉ်းစားလို့မရတော့ဘူး။ ဒီတော့ သူ ခေါင်းကုတ်ပြီး စိတ်ပျက်စွာ ညည်းညူလိုက်တယ်။
“ဟာဗျာ…ကျွန်တော် ဘာဆိုလာတာလဲ မသိတော့ဘူး။ မေ့သွားပြီ။” တဲ့။
(၆) လုံးလုံးကြီးပဲ လွဲနေတယ်
တစ်ခါက အဖိုးကြီးလင်မယား ရှိတယ်။ တစ်နေ့ အဖိုးကြီး လယ်ထဲက ပြန်လာတယ်။ သူ့မိန်းမက ထမင်းစားပြီးခါစ။ အဖိုးကြီးအတွက် ထမင်းပွဲပြင်ပြီး အမယ်ကြီးက အိမ်ရှေ့ဖက်ကို ရုတ်တရက် ထွက်သွားတယ်။ အဖိုးကြီးကတော့ ထမင်းကို ပလုပ်ပလောင်း စားနေပြီ။ ဟင်းတစ်ခွက်၊ ငရုပ်သီးထောင်းတစ်ခွက် နှင့် သံပရာသီးချဉ်ရည်ခွက် ရှိတယ်။ သံပရာသီးချဉ်ရည်ဟင်းကို တစ်ဇွန်းခပ်သောက်ကြည့်တယ်။ ဘာအရသာမှ မရှိ။ မသေချာလို့ နောက်တစ်ဇွန်း၊ နှစ်ဇွန်း သောက်ကြည့်တယ်။ အဲဒီအချိန်မှာ သူ့မိန်းမ မီးဖိုခန်းထဲဝင်လာတယ်။ အဘိုးကြီးက မေးလိုက်တယ်။
“မလှ၊ ဒီဟင်းရည်သောက်က ဘာမှ မထည့်ရသေးဘူးလား။ ဆားလည်း
မပါသလိုပဲ။ ချဉ်လည်း မပေါက်ဘူး”
သူ့မိန်းမက ဟင်းခွက်နဲ့သူ့ယောက်ျားကို ကပြောင်းကပြန် အလန့်တကြား ကြည့်ပြီး ပြောလိုက်တယ်။
“သွားပါပြီတော်။ ဒုက္ခပါပဲ။ ရှင် ခုနက သောက်လိုက်တာ သံပရာသီးချဉ်ရည် မဟုတ်ဘူး။ ကျွန်မ
စားပြီးလို့ ဆေးထားတဲ့ လက်ဆေးရည်ရှင့်”
(၇) အကြွေးရှိရင် ဆပ်လိုက်မှ
တစ်ခါက လေးတောင်နယ်က ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ်။ သူတို့ဟာ အင်မတန်မှ ရှေးရိုးဆန်တဲ့ လယ်သမားတွေ ဖြစ်ပါတယ်။ တစ်နေ့ ယောက်ျားဖြစ်သူက တောင်ပေါ်သို့ သစ်၊၀ါးသွားခုတ်တယ်။ တောင်ပေါ်မှာ သရက်သီး သီးနေချိန်ဆိုတော့ သူဟာ သရက်သီးအစိမ်းတွေ ခူးပြီး
တ၀ကြီး စားပစ်လိုက်ပါတယ်။ ပြီးတော့ သရက်သီးတချို့ကို ယူပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ သစ်၊၀ါးတွေကို အလျင်စလို ပစ်ချပြီး မိန်းမကို သရက်သီးလှမ်းပေးလိုက်တယ်။ ပြီးတော့ မိန်းမကို ပြောလိုက်တယ်။
“မိန်းမရေ၊ မီးဖိုချောင်ထဲက ဆားဘူးကို ခဏ မ,ခဲ့ကွာ”
မိန်းမကလည်း ဆားဘူးကို ဘုမသိဘမသိ ထုတ်လာတယ်။
ဆားဘူးလက်ထဲရောက်တော့ ယောက်ျားဖြစ်သူက ဘူးဖုံးကို ဖွင့်ပြီး ဆားတွေကို လက်နဲ့ အဆုပ်လိုက် ယူပြီး အငမ်းမရ စားပါလေရော။ မိန်းမက ယောက်ျားဖြစ်သူကို မျက်လုံးပြူးပြီး ကြည့်နေမိတယ်။ ပြီးတော့မှ သတိဝင်လာဟန်နဲ့ မိန်းမက မေးလိုက်တယ်။
“တော် ဘာလုပ်နေတာလဲ။ ဆားတွေ အဲဒီလောက်ထိ စားနေရလောက်အောင် ရူးများနေပြီလား”
ဒီတော့ ယောက်ျားက စားနေရာမှ ချောင်းဟန့်သံပေးပြီး ဟန်ပါပါ ပြောလိုက်ပုံက-
“မင်းမသိရင် တိတ်တိတ်နေပါကွာ။ ငါတောင်ပေါ်မှာ သရက်သီးစိမ်းတွေ အများကြီးစားလာခဲ့တာ။ သိတဲ့အတိုင်းပဲလေ။ သရက်သီးအစိမ်းဆိုတာ ဆားနဲ့မှ စားမြိန်တာ မဟုတ်လား။ ငါက တောင်ပေါ်ကို ဆားမယူသွားတော့ စားခဲ့တဲ့ သရက်သီးနဲ့ လိုက်ဖက်သွားအောင် အခု ဆားတွေအများကြီး စားနေရတာကွ။ ရှင်းပြီလား” ဟူသတတ်။
(၈) နားကြားပြင်းကတ်လွန်းလို့
တစ်ခါက လေးတောင်နယ်၏ ရွာတစ်ရွာမှာ လူချမ်းသာ လူကြီးတစ်ယောက် အသက်ကြီးခါမှ ကံပေါ်ပြီး သမီးအရွယ် မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပါသတဲ့။ မိန်းကလေးဟာ ရုပ်ရည်ကလည်း သနားကမား၊ ပလီပလာလေးကလည်း ပြောတတ်ဆိုတော့ အဖိုးကြီးက သူ့ကိုငုံထားမတတ် ချစ်ပါသတဲ့။
တစ်ခုသော ညမှာ သူခိုးတစ်ယောက် အဖိုးကြီးရဲ့ပစ္စည်းတွေကို ခိုးဖို့
အောက်က စောင့်ပြီး အဖိုးကြီးတို့ လင်မယား အိပ်ပျော်သွားအောင်စောင့်နေပါသတဲ့။ အဲဒီလို စောင့်နေစဉ်အတွင်း အဖိုးကြီး စကားပြောသံကို ဆက်တိုက်ကြားနေရပါသတဲ့။
“ဒီ မိန်းမချောလေး ဘယ်သူ့မိန်းမများပါလိမ့်… ဒီ မိန်းမချောလေး ဘယ်သူ့မိန်းမများပါလိမ့်… ဟိ-ဟိ-ဟိ”
“ခစ် ခစ် ခစ်…”
အဖိုးကြီး၏ ငယ်မူပြန်သံနှင့်အတူ မိန်းကလေး၏ တခစ်ခစ် ရယ်သံကလည်း ပြတ်တောင်းပြတ်တောင်း ပေါ်လာတယ်။ နာရီဝက်၊ တစ်နာရီလောက် စောင့်ပြီးလို့ အကြောင်းထူးမလာ။ နှစ်နာရီလောက်အကြာမှာ သူခိုးက နားကြားပြင်းကတ်ကတ်နဲ့ ဒေါသတကြီး ကြုံးအော်လိုက်ပါတယ်။
“ဒီ မိန်းမချောလေး ဘယ်သူ့မိန်းမများပါလိမ့်… ဒီ မိန်းမချောလေး ဘယ်သူ့မိန်းမ…မ…”
“ငါ့မိန်းမကွ… အဲဒါ ငါ့မိန်းမ…”
ဒီတော့မှ သူခိုးလည်းပြေး၊ အဘိုးကြီးလည်း အသံတိတ်သွားပါသတဲ့။
By: ဇွဲသစ် (ရမ္မာမြေ)
၂၂၊ ၁၀၊ ၂၀၁၃
No comments:
Post a Comment