Tuesday, 6 December 2016

ဗလက္ကာရပြုကျင့်ကြသူများ

မြန်မာစကားမှာ မကြားဝံ့မနာသာ စကားလုံးတွေကို နားဝင်ချိုအောင် လွှဲပြောင်းပြောဆိုတတ်ကြတာတွေရှိပါတယ်။ "မုဒိန်းမှု" လို့ သုံးမယ့်အစား "ဗလက္ကာရပြုမှု" လို့ ဆိုတတ်ကြပါတယ်။ "မုဒိန်းကောင်" လို့ ဆိုမယ့်အစား "ဗလက္ကာရပြုကျင့်သူ" လို့ လွှဲပြောင်းပြောဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားလုံးတွေကို ကြားလိုက်ရတာ၊ ဖတ်လိုက်ရတာနဲ့ ကြားသူ၊ ဖတ်သူတွေရဲ့ စိတ်မနောမှာ မနှစ်လိုမှုတွေ ဖြစ်တတ်တာ ဓမ္မတာပါပဲ။ အကျင့်စရိုက်ဆိုးကို ဖော်ပြညွှန်းဆိုတဲ့ အသုံးအနှုန်းတစ်ခုပေကိုး။
"ဗလက္ကာရ" ဆိုတာ "အကြမ်းပတမ်း" (သို့) "အတင်းအဓမ္မ" လို့ အဓိပ္ဗာယ်ရတဲ့ ပါဠိစကားဖြစ်တယ်လို့ မှတ်သားမိပါတယ်။ ဦးဟုတ်စိန်ပါဠိ-မြန်မာ-အင်္ဂလိပ်အဘိဓာန်အရ အင်္ဂလိပ်လို By force ဆိုပြီး အဓိပ္ဗာယ်ပြန်ဆိုနိုင်ပါတယ်။ ဒီတော့လည်း "ဗလက္ကာရ" ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ "မုဒိန်း" ဆိုတဲ့ စကားလုံးနဲ့ အမြဲတစေ ညီမျှခြင်းချလို့ မဖြစ်ဘူးဆိုတာ လက်ခံရမပေါ့။ သာမန်အသုံးအနှုန်းမှာတော့ "ဗလက္ကာရ" ဆိုတာ "အတင်းအဓမ္မ" ဆိုတဲ့ အဓိပ္ဗာယ်ဆောင်ကြောင်း အာရုံပြုသင့်ပါတယ်။
ဘယ်အရာမဆို အတင်းအဓမ္မပြုမူတာ မသင့်တော်တဲ့ အပြုအမူဖြစ်ပါတယ်။ လောကဝတ်အရ မလျော်ကန်တဲ့ အပြုအမူတစ်ခုအဖြစ် လက်ခံထားကြတာ အားလုံးအသိပေပဲ။ အားနည်းသူကို အားကြီးသူက ဗလက္ကာရပြုကျင့်ခြင်းက အများအတွက် အော့နှလုံးနာဖွယ်ပါပဲ။ အတင်းအကြပ်ခိုင်းစေတာ၊ အာဏာပြပြီး ခြိမ်းခြောက်တာ၊ အထက်အရာရှိတွေက လက်အောက်ငယ်သားတွေကို ပညာပြတာ၊ နှိပ်စက်တာ စတာတွေဟာလည်း ဗလက္ကာရပြုကျင့်မှု (အတင်းအဓမ္မပြုကျင့်မှု) တွေပဲ မဟုတ်လား။ ဒါမျိုးတွေ နည်းပါးလေ လောကဝန်းကျင် ပိုမိုသာယာလေဆိုတာ ပြောစရာတောင် မလိုတော့ပါ။
အသိဥာဏ် ပိုမိုမြင့်မားတဲ့ လူတွေတောင် အချင်းချင်း ဗလက္ကာရပြုကျင့်ခြင်း မကင်းနိုင်ကြလေတော့ အသိဥာဏ် နည်းပါးတဲ့ အဟိတ်တိရစ္ဆာန်တွေအဖို့ ဆိုဖွယ်ရာ မရှိတော့။ ဒါကြောင့်လည်း Survival of the fittest ဆိုတဲ့ တောတွင်း ဥပဒေသတစ်ခု ရှိလာခဲ့တာလို့ တွေးမိတယ်။ အကြံ့ခိုင်၊ အသန်မာဆုံး တိရစ္ဆာန်သာ အသက်ရှင်မယ်။ သမင်ကို ကျားကစားမယ်။ ဖားကို မြွေကမျိုဦးမယ်။ ဒီလိုပဲ အားနည်းတဲ့ တိရစ္ဆာန်ကို အားကြီးတဲ့ တိရစ္ဆာန်က ဗလက္ကာရပြုကျင့်တာ တောတွင်းဥပဒေသတစ်ခုလို့ သတ်မှတ်ထားကြဟန်ပါပဲ။
ဒီလိုမျိုး လူလူချင်း၊ တိရစ္ဆာန်အချင်းချင်း ဗလက္ကာရပြုကျင့်ကြတာရှိသလို လူတွေက အရာဝတ္ထုတွေအပေါ် ဗလက္ကာရပြုကျင့်တာတွေလည်း ရှိပါသေးတယ်။ ဥပမာ - စာကြည့်တိုက်က ဌားထားတဲ့ စာအုပ်တွေလို အများပိုင်ပစ္စည်းတွေပေါ်မှာ ဘောပင်၊ ခဲတံ၊ မှင်ဖျက်ဆေး၊ Highlighter တွေနဲ့ မှတ်သားတဲ့ အကျင့်မျိုးဟာ ဗလက္ကာရပြုကျင့်တဲ့ အပြုအမူတစ်ခုပါပဲ။ မလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ပိုင်စာအုပ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံပေါ့လေ။
ဒါနဲ့ပတ်သက်ပြီး ခေတ်သစ်အိန္ဒိယဒဿနဆရာ အိုရှိုရဲ့ ဟောပြောချက်တစ်ခုထဲမှာ ဆွေးနွေးသွားတာတွေအနက် စိတ်ထဲစွဲနေမိတဲ့ ဒဿနလေးတစ်ခုကို သတိရမိပါတယ်။ အိုရှိုဟာ အင်မတန် စာဖတ်နာသူဖြစ်ပါတယ်။ ပညာရပ်နယ်ပယ်အမျိုးမျိုးနဲ့ ပတ်သက်တဲ့ စာအုပ်တွေထည့်ထားတဲ့ မှန်ဗီဒိုတွေ သူ့တစ်အိမ်လုံးမှာ အပြည့်ပါပဲ။ သူ့မှာရှိတဲ့ စာအုပ်အားလုံးကို သူ အနည်းဆုံးတစ်ကြိမ် ဖတ်ပြီးသား ဖြစ်ပါတယ်။ တစ်ခါတော့ သူ့ဦးလေးဖြစ်သူ သူတို့အိမ်ကို အလည်ရောက်လာပါသတဲ့။ ဦးလေးဖြစ်သူက အိုရှိုရဲ့ စာကြည့်တိုက်ထဲက စာအုပ်တစ်အုပ်ကို ဖတ်ရင်း အဲဒီပေါ်မှာ ဘောပင်နဲ့ အမှတ်အသားတွေ အများကြီး လုပ်လိုက်ပါတယ်။ ဒါကို အိုရှို တွေ့တော့ "ဦးလေးက ကျွန်တော့်စာအုပ်တွေပေါ်မှာ ဘာကြောင့် ဒီလို ဗလက္ကာရပြုမူရတာလဲ။ စာအုပ်တွေကို တန်ဖိုးထားသင့်တာပေါ့ဗျာ။ အခု ဦးလေးလုပ်လိုက်တာဟာ ကျွန်တော့်စာအုပ်တွေကို မုဒိန်းကျင့်လိုက်တာပဲ။ ဒီတော့ ဦးလေး မုဒိန်းကျင့်ထားတဲ့ စာအုပ်တွေကို ဦးလေးပဲ ယူသွားတော့ဗျာ။" လို့ ဆိုလိုက်တော့ ဦးလေးဖြစ်သူ အတော်လေး စိတ်ဆိုးသွားသတဲ့။ ဒီမှာ တွေးမိတာတစ်ခုက မိဘ၊ ဆရာနဲ့ လူကြီးသူမတွေကို တမူထူးကဲပြီး ရိုသေလေးစားကြတဲ့ အရှေ့တိုင်းနိုင်ငံတစ်နိုင်ငံက လူကြီးတစ်ယောက် သူ့တူအရင်းခေါက်ခေါက်ကြီးက ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဦးလေးဖြစ်သူကို စော်ကားမော်ကား ပြောရကောင်းမလားဆိုပြီး စိတ်ဆိုးခဲ့တာ ဖြစ်မှာပေါ့။ သို့ပေမယ့် အိုရှိုရဲ့ အဖေက စာအုပ်စာပေတွေကို တန်ဖိုးထားလွန်းတဲ့ သားဖြစ်သူကို နားလည်ပေးပြီး သားဖက်က မားမားမတ်မတ် ရပ်တည်ပေးတယ်။ အစ်ကိုဖြစ်သူသာ မှားကြောင်း အိုရှိုအဖေက ကြားကနေ ပြောပေးရပါသတဲ့။ ဒီမှာ အဓိက မီးမောင်းထိုးပြချင်တာ "စာအုပ်တွေကို မုဒိန်းကျင့်" ဆိုတဲ့ အိုရှိုရဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တက်ရောက်နေတဲ့ လာထရုတ်တက္ကသိုလ်မှာလည်း စာအုပ်တွေကို ဗလက္ကာရပြုသူတစ်ချို့ ရှိနေပါသေးတယ်။ နိုင်ငံတကာကျောင်းသားတွေလည်းရှိ၊ သြစီကျောင်းသားတွေလည်း ရှိလေတော့ ဘယ်သူတွေက ဒီလိုလုပ်တာလဲဆိုတာ ပြောဖို့ ခက်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် စာအုပ်တွေကို ဗလက္ကာရပြုသူတွေ အတော်လေးများပါလားလို့ ပြန်တွေးမိပါတယ်။ ဘယ်နေရာတွေမှာ ပိုပြီး သိသာပေါ်လွင်သလဲဆိုရင် အမေရိကန်စင်တာစာကြည့်တိုက်၊ ဗြိတိသျှကောင်စီစာကြည့်တိုက်တို့က အင်္ဂလိပ်စာကျွမ်းကျင်မှုပိုင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်စရာ စာအုပ်တွေမှာ ဖြစ်ပါတယ်။ ဒီစာအုပ်တွေရဲ့ မြင်သာတဲ့ တစ်နေရာမှာ "ဤစာအုပ်ပေါ်တွင် စာရေးသားခြင်း၊ မှတ်သားခြင်း လုံးဝ မပြုလုပ်ရ" ဆိုတဲ့ စာတန်းကို အင်္ဂလိပ်လို ရေးထားပါတယ်။ သို့ပေမယ့် ရေးသား၊ မှတ်သားစရာ ပစ္စည်းမျိုးစုံသုံးပြီး ရေး၊မှတ်ထားကြတာ စာမျက်နှာတိုင်းမှာ တွေ့ရပါတယ်။ ဒါဟာ အများပိုင်ပစ္စည်း၊ အများသုံးပစ္စည်းဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစ္စည်းလို လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူး၊ မလုပ်သင့်တာ မလုပ်ရဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘရိုက်အုပ်မထားနိုင်တတ်ကြတာတွေ တွေ့တွေ့နေရပါတယ်။ ဒီလိုမျိုး စာအုပ်တွေအပေါ် ဗလက္ကာရပြုကျင့်တာမျိုးတွေကို အမေရိကန်စင်တာစာကြည့်တိုက်နဲ့ ဗြိတိသျှကောင်စီစာကြည့်တိုက်တို့မှာသာ တွေ့ရတာမဟုတ်ပါ။ အသုံးပြုဖူးတဲ့ စာကြည့်တိုက်တိုင်းမှာ အနည်းနဲ့ အများ တွေ့နေရပါတယ်။ ဒီလိုမျိုး တပါးသူရဲ့ စာအုပ်တွေကို ဗလက္ကာရမပြုဖို့ဆိုတာဟာလည်း ကျွန်တော်တို့တွေအားလုံး သတိပြုဆင်ခြင်ပြီး ရှောင်ရှားရမယ့် အပြုအမူဆိုးတစ်ခုဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ ရေးခြစ်ရာတွေအတွက် စာကြည့်တိုက်မှူးမသိလို့ ဒဏ်ငွေအတပ်ခံရတာမျိုးကို ရှောင်ရှားနိုင်ရင်တောင် ဒီအကျင့်ဆိုးကြောင့် ဒီစာအုပ်ကို နောက်ထပ်အသုံးပြုသူတွေ စိတ်အနှောင့်အယှက် ဖြစ်ကြရတယ်မဟုတ်လား။ ဒီတော့ ဒီလိုအပြုအမူမျိုးကို ဂရုပြုရှောင်ရှားသင့်ပါတာပါပဲ။
ကျွန်တော့်အနေနဲ့တော့ စာကြည့်တိုက်က ဌားတဲ့ စာအုပ်တွေနဲ့ တခြားသူတွေဆီက ဌားဖတ်ဖြစ်တဲ့ စာအုပ်တွေကို အမှတ်အသားတစ်စုံတစ်ရာ မပြုလုပ်ဖြစ်အောင် သတိပြုရှောင်ရှားနိုင်ပေမယ့် ကိုယ်ပိုင်စာအုပ်တစ်ချို့မှာတော့ အမှတ်အသားတွေ လုပ်တဲ့ အကျင့်က စွဲနေဆဲ။ တပါးသူတွေရဲ့ စာအုပ်တွေကို ဗလက္ကာရမပြုမိအောင် သတိထားရှောင်လာနိုင်ပေမယ့် ကိုယ်ပိုင်စာအုပ်တစ်ချို့အပေါ် ဗလက္ကာရပြုမိနေဆဲ။ ဒီလိုမှတ်သားထားလိုက်မှ ပိုပြီး လေးနက်သွားသယောင်ယောင် စိတ်ထဲမှာ ထင်မိနေဆဲ။ ဒီအကျင့်က မကောင်းမှန်းသိပေမယ့် မစွန့်လွှတ်နိုင်သေးပြန်။ အိုရှိုလိုမျိုး ကိုယ်ပိုင်ဝယ်ထားတဲ့ စာအုပ်တွေကို ဗလက္ကာရမပြုမိအောင် ကိုယ့်စိတ်ကို ထိန်းထားနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုထိတော့ လေ့ကျင့်ရဦးမှာ အမှန်ပါ။ ဒီအကျင့်ဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုလို့ ယုံကြည်တဲ့အတွက် စွဲမြဲလာအောင်တော့ ဆက်လက်အားထုတ်ရချေဦးမပေါ့။
ဇွဲသစ် (ရမ္မာမြေ)
၅၊ ၁၁၊ ၂၀၁၆

No comments:

Post a Comment