[ကျွန်တော်နဲ့ "ကဏ္ဍစုံလင်လေးတောင်တခွင်" Facebook Page တို့ ပြောဖြစ်ခဲ့တဲ့ အင်တာဗျူးအပြည်အစုံကို ဒီနေရာမှာ စုစည်းဖော်ပြလိုက်ပါတယ်။ ဒီအင်တာဗျူးကို စီစဉ်တင်ဆက်ပေးတဲ့ ကိုအောင်ဇေမင်းကို ကျေးဇူးတင်ပါတယ်။]
.
မေး။ ကိုထွန်းမင်းနေကောင်းပါလားခင်ဗျ။ ကိုထွန်းမင်း သြစတြေးလျနိုင်ငံမှာ မဟာဘွဲ့တက်ရောက်နေတယ်ဆိုတော့ ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကို လေ့လာနေပါသလဲခင်ဗျာ။
.
မေး။ ကိုထွန်းမင်းနေကောင်းပါလားခင်ဗျ။ ကိုထွန်းမင်း သြစတြေးလျနိုင်ငံမှာ မဟာဘွဲ့တက်ရောက်နေတယ်ဆိုတော့ ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကို လေ့လာနေပါသလဲခင်ဗျာ။
TM: ဟုတ်ကဲ့။ နေကောင်းပါတယ်။ ကျွန်တော် အခု မဲလဘုန်းမြို့က
La Trobe University မှာ မဟာပညာရေးဘွဲ့ (M.Ed) တက်ရောက်နေပါတယ်။ အထူးပြုဘာသာရပ်က သင်ရိုးလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးဘာသာရပ်ပါ။
ဒါပေမယ့် သင်ရိုးဆိုင်ရာဘာသာရပ်တွေအပြင် တခြားပညာရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေထဲက
စိတ်ဝင်စားရာ ဘာသာရပ်တွေကိုလည်း ရွေးချယ်ယူရပါသေးတယ်။
မေး။ အဲဒီဘွဲ့အတွက် ဘယ်နှစ်နှစ် တက်ရောက်သင်ယူရမှာလဲခင်ဗျ။ အဲဒီကျောင်းမှာ မြန်မာပြည်ကကျောင်းသားတွေကောရှိပါသလား။
TM: ဟုတ်ကဲ့။ နှစ်နှစ်သင်တန်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့
ကျွန်တော့်ရဲ့ နောက်ဆုံးပညာသင်နှစ်ဝက်ပါ။ ကျွန်တော် လာထရုတ်တက္ကသိုလ်ကို စရောက်တဲ့ ၂၀၁၅
ခုနှစ်မှာ မြန်မာကျောင်းသားတွေ သိပ်မများသေးဘူး။ စုစုပေါင်း လေးယောက်လောက်ပဲ ရှိဦးမယ်ဗျ။
၂၀၁၆ ခုနှစ်မှာ နောက်ထပ် မြန်မာကျောင်းသားတွေတိုးလာတော့ အခုဆိုရင် မြန်မာကျောင်းသား၊
ကျောင်းသူတစ်ဆယ်ကျော်ရှိသွားပါပြီ။ Ph.D ကျောင်းသားနှစ်ဦးနဲ့
ကျန်တဲ့ Master ကျောင်းသားတွေ ရှိကြပါတယ်။
မေး။ မဟာဘွဲ့တက်ရောက်ဖို့ ပညာတော်သင်ဆု (Scholarship) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုပညာသင်ဆုမျိုးရရှိခဲ့ပါတယ်၊ ဒီပညာသင်ဆုအကြောင်း
ဘယ်လိုသိရှိခဲ့ပါတယ်ဆိုတာကို နောက်လူငယ်တွေသိနိုင်အောင် ပြောပြပေးစေချင်ပါတယ်။
TM: ကျွန်တော် ရတဲ့ ပညာသင်ဆုက
Australia Awards Scholarship ပါ။ AusAid လို့လည်း
အတိုကောက် ခေါ်ကြပါတယ်။ ဒီပညာသင်ဆုဟာ သြစတြေးလျအစိုးရက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့
ထူးချွန်ကျောင်းသား၊ကျောင်းသူတွေအတွက် ပေးတဲ့ ပညာသင်ဆုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပညာသင်ဆုက
အရင် Columbo Plan နဲ့ စခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် ဒီပညာသင်ဆုအကြောင်း
အရင်ကတည်း ကြားဖူးခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်လည်း ကျွန်တော့်အရင် ဒီပညာသင်ဆုနဲ့ သြစတြေးလျမှာ
မဟာဘွဲ့ လာတက်ဖူးကြတယ်လေ။ ကျွန်တော် AusAid ကို လျှောက်ဖြစ်ခဲ့တဲ့
အခြေအနေက ဒီလိုပါ။ ၂၀၁၂ ခုနှစ်ကတည်းက ကျွန်တော် ရန်ကုန်ပညာရေးတက္ကသိုလ်မှာ နည်းပြဆရာအဖြစ်
အမှုထမ်းခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ AusAid ဖြေဖို့ အရည်အချင်းပြည့်မီသူတွေ
ဖြေဆိုနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဌာနတွေဆီ စာဝင်တော့ ကျွန်တော်တို့ စသိခဲ့ကြတယ်ပေါ့။
ဌာနတွင်းမှာ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုပြီးတော့မှ တစ်ခါ သြစတြေးလျသံရုံးမှာ ပညာသင်ဆုလျှောက်လွှာတင်၊
အဆင့်ဆင့်ဖြေဆိုရပြီး ရွေးချယ်ခံရတဲ့သဘောပါ။ ဝန်ထမ်းမဟုတ်တဲ့သူဆိုရင်တော့ ဌာနတွင်း
ရွေးချယ်မှုအပိုင်း မလိုအပ်ဘဲ သြစတြေးလျသံရုံးမှာ တိုက်ရိုက်လျှောက်လွှာတင်ပြီး အဆင့်ဆင့်ဖြေဆိုရမှာပါ။
မေး။ ကမ္ဘာ့ပညာရေးစံမြင့်မားတဲ့ သြစတြေးလျမှာ ပညာတော်သင်ဆုရရှိတယ်လို့
သိခဲ့ရတဲ့ မှတ်မှတ်ရရ နေ့လေးကို ပြောပြပေးနိုင်မလား။
TM: ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလရဲ့ နေ့တစ်နေ့ပေါ့။ နေ့ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။ အင်မတန် ပျော်ခဲ့ရတဲ့ နေ့တစ်နေ့ပါ။ ဒီပညာသင်ဆုအတွက် ဖြေရတဲ့အဆင့်အားလုံးကို ကျော်ဖြတ်လို့ နောက်ဆုံး အင်တာဗျူးဖြေပြီးတော့မှ Final Result ထွက်တာဆိုတော့ အချိန်ကုန်၊ လူပမ်းခံခဲ့ရတယ်။ ဒီအတွက် ကိုယ့်ကြိုးစားအားထုတ်မှုနဲ့အညီ သင့်တော်တဲ့ ရလဒ်ကောင်းတစ်ခုရခဲ့တဲ့အတွက် အင်မတန် ပီတိဖြစ်ခဲ့ရတယ်။ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ ဆရာသမားတွေကလည်း ကိုယ်အတွက် ပျော်ရွှင်ခဲ့ကြပါတယ်။ ဘဝအတွက် အမှတ်ရစရာ နေ့တစ်နေ့ပါပဲ။
မေး။ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့
သြစတြေးလျလိုနိုင်ငံမျိုးမှာ ပညာတော်သင်ဆုရဖို့နဲ့ ကျောင်းဝင်ခွင့်အတွက် ဘယ်လိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ရတယ်ဆိုတာကို လူတိုင်းသိချင်ကြမှာပဲလေ။
ဘယ်လိုပြင်ဆင်ဆောင်ရွက်ခဲ့ရပါသလဲ။
TM: အထက်မှာ ပြောခဲ့တဲ့အတိုင်း အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လို့
သက်ဆိုင်ရာ တက္ကသိုလ်မှာ အင်္ဂလိပ်စာမေးခွန်းလွှာနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ
မေးခွန်းလွှာတို့ကို ရေးဖြေဖြေဆိုပြီး မကြာခင် ပါမောက္ခဆရာကြီးတွေနဲ့ တစ်ခါ အင်တာဗျူးဖြေရပါတယ်။
ပြီးတော့မှ တက္ကသိုလ်ကိုယ်စားပြုသုံးဦး ရွေးချယ်တဲ့သဘောပါ။ ဒီအပိုင်းက ဝန်ထမ်းဖြစ်လို့
ဌာနတွင်းရွေးချယ်တာမျိုးပါ။ ကျွန်တော်တို့နှစ်ပြီးတော့ နောက်နှစ်တွေမှာ ဒီလို ဌာနတွင်းရွေးချယ်မှုတွေ
မလုပ်တော့ဘဲ သြစတြေးလျသံရုံးမှာ လျှောက်လွှာတိုက်ရိုက်တင်ဖို့သာ လုပ်ဆောင်ရတော့တယ်လို့
ကြားမိပါတယ်။ ဘာလို့လဲဆိုရင် ဌာနတွင်းရွေးချယ်မခံရသူတွေလည်း သြစတြေးလျသံရုံးမှာ လျှောက်လွှာတင်၊
အဆင့်ဆင့် ဖြေဆိုပြီး နောက်ဆုံးရွေးချယ်ခံရသူတွေထဲမှာပါတဲ့ သာဓကတွေ ရှိခဲ့လို့ပါ။ နောက်လူတွေအတွက်
ပိုကောင်းတဲ့အစီအစဉ်ပေါ့။ ကျွန်တော်တို့ကတော့ ဌာနတွင်းမှာ အရွေးခံရပြီး တစ်ခါ သြစတြေးလျသံရုံးမှာ
ဆက်ပြီး လျှောက်လွှာတင်ရပါတယ်။
ဒီလျှောက်လွှာတင်ဖို့အတွက် AusAid အဖွဲ့က သတ်မှတ်ထားတဲ့ လျှောက်လွှာမှာ အပြည့်အစုံဖြည့်စွက်ပြီး တင်ရပါတယ်။
Australia Awards Scholarship လျှောက်လွှာတင်နည်း နှစ်မျိုးရှိပါတယ်။
ပထမတစ်နည်းက အင်တာနက်ကနေ တိုက်ရိုက်ဖြည့်စွက်ပြီး တင်နိုင်တဲ့နည်းပါ။ အဲဒီမှာ ဘွဲ့လက်မှတ်၊
ဘွဲ့လက်မှတ်နိုတြီဘာသာပြန်၊ ကိုယ်ရရှိထားတဲ့ ဘွဲ့ (သို့မဟုတ်)
ဘွဲ့တွေအတွက် ပညာသင်နှစ်အလိုက်ရရှိခဲ့တဲ့ အမှတ်စာရင်း စတဲ့ လိုအပ်တဲ့
စာရွက်စာတမ်းတွေကို Scan ဖတ်ပြီး Electronic Copy အနေနဲ့ လိုအပ်တဲ့နေရာတွေမှာ တွဲတင်ပေးရပါတယ်။ ဒုတိယတစ်နည်းကတော့ မြန်မာနိုင်ငံကိုယ်စားပြု
AusAid အဖွဲ့နဲ့ ဆက်သွယ်ပြီး ဒီပညာသင်ဆုအတွက် လျှောက်လွှာကို ကိုယ့်ဆီ
အီးမေးပို့ပေးဖို့ အကူအညီတောင်း၊ ပို့လာတဲ့ လျှောက်လွှာကို ကွန်ပျူတာစာစီစာရိုက်ပြီး
အပြည့်အစုံဖြည့်စွက်၊ ပြီးရင် ပရင့်ထုတ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ သံရုံးမှာ
Hard copy အနေနဲ့ Deadline မတိုင်မီ လျှောက်လွှာတင်ရပါတယ်။
ကျွန်တော်က ဒုတိယနည်းဖြစ်တဲ့ Hard copy ကို သံရုံးမှာ တင်တဲ့နည်းကို
သုံးခဲ့ပါတယ်။ ဒါက ပညာသင်ဆုလျှောက်ခဲ့တဲ့ ပထမအဆင့်ပေါ့။ ဒီအဆင့်အတွက် ပြင်ဆင်ခဲ့ရတာတွေ
ပြောရရင်တော့ အများကြီးပါ။ အဓိကတော့ လျှောက်လွှာကို အကောင်းဆုံးဖြစ်အောင် ဖြည့်စွက်ရတယ်။
အဲဒီမှာ ကိုယ်ရွေးချယ်ထားတဲ့ ဘွဲ့နဲ့ အထူးပြုဘာသာရပ်ကို ဘာကြောင့်ရွေးတာလဲ၊ ပြန်ရောက်ရင်
ကိုယ့်နိုင်ငံအတွက် ဘာတွေ အကျိုးပြုနိုင်ဖို့ မျှော်လင့်ထားသလဲ စတဲ့ အကြောင့်အရာတွေနဲ့ပတ်သက်တဲ့
အက်ဆေးလေးပုဒ်ကတော့ လျှောက်လွှာရဲ့အဓိကသော့ချက်ဖြစ်တယ်လို့ ဆိုရမယ်။ ဒီအပိုင်းတွေမှာ
အကောင်းဆုံးဖြေဆိုနိုင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ဒီအပိုင်းအပါအဝင် လျှောက်လွှာမှာ
ရေးထားတဲ့အချက်အလက်တွေကို အထပ်ထပ် ပြန်စစ်ဆေးခဲ့ပါတယ်။ ကိုယ့်ဘက်က အမှားမရှိအောင် ပြင်ဆင်တာပေါ့။
နောက်တစ်ချက်က ကိုယ့်ဌာနအကြီးအကဲရဲ့ ထောက်ခံစာနဲ့ လုပ်ငန်းခွင်အကြီးအကဲပုဂ္ဂိုလ်
(ကျွန်တော်တို့ ရန်ကုန်ပညာရေးတက္ကသိုလ် အနေနဲ့တော့ ပါမောက္ခချုပ်ဆရာကြီးပေါ့)
သူတို့တွေရဲ့ ထောက်ခံစာတွေလည်း အဆင်ပြေပြေရနိုင်ဖို့ လုပ်ဆောင်ရပါတယ်။
ဆရာကြီးတွေကလည်း တကယ့်စေတနာထားပြီး လုပ်ဆောင်ပေးကြပါတယ်။ ဒီလိုစာမျိုးကို
Recommendation Letter လို့ခေါ်လို့ ရပေမယ့် ပညာသင်ဆုမှာ သုံးတာကတော့
Academic referee report လို့ သုံးနှုန်းပါတယ်။ ပညာသင်ဆုလျှောက်သူရဲ့
ပညာရပ်ဆိုင်ရာအရည်အသွေးကို ထောက်ခံပေးတာနဲ့ Rating သတ်မှတ်တာတွေ
ရောပြီး လုပ်ဆောင်ပေးရတဲ့ စာမျိုးပါ။ ဒီ Referee report က
Master by coursework သမားတွေအတွက် နှစ်စောင်သာလိုပေမယ့်၊
Master by research သမားတွေ၊ Ph.D သမားတွေအတွက်
သုံးစောင်လိုပါတယ်။ ကျွန်တော်က Master by coursework လုပ်မှာဆိုတော့
နှစ်စောင်တည်းပဲ လိုအပ်ခဲ့ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် (CV)၊ အမှတ်စာရင်း၊ ဘွဲ့လက်မှတ်၊ ဘွဲ့လက်မှတ်နိုတြီဘာသာပြန်၊ အိမ်ထောင်စုစာရင်း
နိုတြီဘာသာပြန်၊ ရဲစခန်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ မှတ်ပုံတင်နိုတြီဘာသာပြန်၊ ဝန်ထမ်းကတ်မိတ္တူ၊
ဝန်ထမ်းကတ်နိုတြီဘာသာပြန် စတဲ့ လျှောက်လွှာအတွက် လိုအပ်သမျှ Document တွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ တစ်ခုကို မိတ္တူသုံးစုံလောက်အနည်းဆုံးထားပြီး
ဖိုင်တွဲသိမ်းထားပါတယ်။ လိုအပ်တဲ့အခါ အဆင်သင့်သုံးဖို့ပေါ့။ နောက်ပြီး ကျောင်းလျှောက်တဲ့အခါ
ပညာသင်ဆုနဲ့ ချိတ်ဆက်ထားတဲ့ သြစတြေးလျက နာမည်ကြီးကျောင်းတွေထဲကမှ ကိုယ်စိတ်ဝင်စားတဲ့
ဘာသာရပ်ကို ပေးတဲ့ကျောင်းတွေကို ညွှန်းထားတဲ့ အင်တာနက်ဝက်ဘဆိုဒ်တွေမှာ အသေးစိတ် လိုက်ရှာဖတ်ရပါတယ်။
ရွေးရပါတယ်။ ဒီလို ပြင်ဆင်မှုတွေက ဒီလျှောက်လွှာတင်မှုအဆင့်မှာ အင်မတန်အရေးကြီးပါတယ်။
လျှောက်လွှာတင်ပြီး
တစ်လလောက်နေတော့ သူတို့ဆီက အီးမေးလာတယ်ပေါ့။ အင်္ဂလိပ်စာအရည်အချင်းကို စစ်ဆေးတဲ့ IELTS အမှတ် မရှိထားတဲ့သူတွေ APTIS Test ကို ဘယ်နေ့၊ ဘယ်အချိန်၊
ဘယ်နေရာမှာ ဖြေရမယ်လို့ ပြောထားတယ်။ ကျွန်တော်က IELTS ကို အရင်က
မဖြေဖူးခဲ့တော့ APTIS Test ဖြေခဲ့ရပါတယ်။ APTIS Test ဆိုတာက IELTS လိုမျိုး Reading, Writing,
Speaking, Listening စွမ်းရည်တွေကို စစ်တာပါ။ British
Council ကပဲ စစ်တာ ဖြစ်ပါတယ်။ IELTS အမှတ် မရှိထားသူတွေရဲ့
အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှု စွမ်းရည်တွေကို သိနိုင်အောင် လတ်တလောစစ်ဆေးနိုင်တဲ့ စစ်ဆေးမှုပုံစံတစ်ခုဖြစ်ပါတယ်။
ကွန်ပျူတာနဲ့ ဖြေဆိုရတဲ့ စစ်ဆေးမှုတစ်ခုပါ။ ကျွန်တော်တို့တုန်းကတော့ British
Council နဲ့ သိပ်မဝေးတဲ့ ကွန်ပျူတာဆိုင်တစ်ခုမှာ တစ်ယောက်ကို ကွန်ပျူတာတစ်လုံးစီနဲ့
ဖြေဆိုခဲ့ကြရပါတယ်။ ဒီအဆင့်မှာ တစ်နိုင်ငံလုံးက လျှောက်လွှာတင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက
ပထမအဆင့် ဇကာတင်ရွေးချယ်မှု ပြုလုပ်ပါတယ်။ အင်္ဂလိပ်စာ အားနည်းလွန်းသူတွေကို ဒီအဆင့်မှာ
ဖြုတ်ချန်ထားခဲ့တဲ့သဘောပါ။ ဒီအဆင့်အတွက်တော့ ကျွန်တော် ပြင်ဆင်ခဲ့တာက အဓိက
IELTS မေးခွန်းဟောင်းစာအုပ်နဲ့ CD တွေ တွဲလျက်
Four Skills လုံး မပြတ် လေ့ကျင့်ဖြစ်တာပါ။ APTIS ရဲ့ သဘောသဘာဝတွေနဲ့ ပြင်ဆင်စရာတွေကို ညွှန်းထားတဲ့ အင်တာနက်ဝက်ဘ့ဆိုဒ်တွေထဲမှာ
ဖတ်ရှုလေ့ကျင့်ပြင်ဆင်ထားတယ်။ တခြားစာအုပ်စာစောင်၊ ဟောပြောချက်တွေ စတာတွေကို သုံးပြီး
အင်္ဂလိပ်စာနဲ့ များများထိတွေ့ပေးခဲ့ပါတယ်။
APTIS Test မှာ အရွေးခံရပြီးတဲ့နောက်မှာ IELTS ဖြေဖို့ ရက်တွေကို
AusAid အဖွဲ့က အသိပေးလာပါတယ်။ Listening, Reading နဲ့ Writing အတွက် တစ်ရက်၊ Speaking အတွက် တစ်ရက်၊ စုစုပေါင်း နှစ်ရက်ဖြေဆိုခဲ့ရပါတယ်။ ဒါတော့ IELTS ရဲ့ မူအတိုင်းပေါ့။ IELTS အတွက် ကျွန်တော် အတော်လေးအချိန်ယူ
ပြင်ဆင်ခဲ့ပါတယ်။ IELTS မေးခွန်းဟောင်းစာအုပ်နဲ့ CD ခွေ တွဲလျက်တွေကို စာအုပ်ဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။ ဒါတွေကို ဝယ်ပြီး စာမေးပွဲအတွက်
ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ တခြား အင်္ဂလိပ်စာအထောက်အကူပြုစာအုပ်တွေ၊ အခွေတွေလည်း ဝယ်ယူလေ့ကျင့်ဖြစ်ပါတယ်။
ဒါ့အပြင် Native Speaker နဲ့ လေ့ကျင့်တာ ကိုယ့်အတွက်ပိုပြီး ကောင်းမယ်လို့
တွေးပြီး သင်တန်းတစ်ခုလည်း တက်ဖြစ်ခဲ့ပါသေးတယ်။ နေ့တိုင်း အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး
Four Skills လုံး ညီမျှအောင် ကြိုးစားလေ့ကျင့်ပါတယ်။ ဒီလို စွမ်းရည်လေးခုလုံး
ညီမျှအောင် တိုးတက်စေဖို့က အင်မတန်အရေးကြီးပါတယ်။ IELTS အမှတ်မှာတင်မဟုတ်ဘူး။
တက္ကသိုလ်လျှောက်တဲ့အခါမှာပါ အရေးကြီးတာပါ။ ဥပမာ - ကျွန်တော်တို့
La Trobe University အနေနဲ့ဆိုရင် Master ဘွဲ့လျှောက်တဲ့သူတွေအတွက်
ပျမ်းမျှအားဖြင့် Individual Band Score အနည်းဆုံး (၆) ရရှိထားရမှာဖြစ်သလို Overall Band Score အနည်းဆုံး (၆.၅) ရရမှာပါ။ ဒီတော့ Skill တစ်ခုမှာ အားကောင်းပြီး နောက်တစ်ခုမှာ
အားနည်းနေတာတွေ ရှိကောင်းရှိနေနိုင်ပေမယ့် ကိုယ်အားနည်းတဲ့ Skill မှာ တအားကြီး အားနည်းနေရင် အဆင်မပြေပြန်ပါဘူး။ ဒါကြောင့် IELTS မှာ စွမ်းရည်လေးခုလုံးမှာ ဟန်ချက်ညီညီ တိုးတက်အောင် လေ့ကျင့်နိုင်လေကောင်းလေလို့
ဆိုရတာပါ။
တစ်ခုရှိတာက (၂) နှစ်အတွင်း ဖြေဆိုထားတဲ့ IELTS အမှတ်ရှိထားပြီး Band Score ကောင်းကောင်းလည်း ရထားသူတွေအနေနဲ့
အထက်မှာ ကျွန်တော်တို့ ဖြေဆိုခဲ့ရတဲ့ APTIS Test နဲ့
IELTS ကို ဖြေစရာ မလိုပါဘူး။ (၂) နှစ်အတွင်း ဖြေဆိုထားတဲ့ IELTS အမှတ်မရှိထားသူတွေအတွက်
AusAid အဖွဲ့က အကုန်အကျခံပြီး ဒီစာမေးပွဲတွေကို ဖြေဆိုခွင့်ပေးတာ ဖြစ်ပါတယ်။
IELTS အမှတ်တွေ ထွက်လာပြီးတော့မှ နောက်ဆုံးရွေးချယ်မှုအဆင့်ဖြစ်တဲ့
အင်တာဗျူးဖြေတဲ့အဆင့်ကို ဖြေဆိုရပါတယ်။ အင်တာဗျူးဖြေတာမှာ နှစ်ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက
မိနစ် (၂၀) ခန့်အတွင်း အက်ဆေးတိုတစ်ပုဒ်ရေးပြီး
ကိုယ့်အမြင်ကို ဖော်ပြစေတာပါ။ ကျွန်တော်ဖြေခဲ့တဲ့ အက်ဆေးဆိုရင် “သင်အနှစ်သက်ဆုံးနိုင်ငံခေါင်းဆောင်တစ်ဦးကို ဖော်ပြပြီး အဘယ်ကြောင့် သူ့ကို
နှစ်သက်ရကြောင်း အကျိုးသင့်အကြောင်းသင့် ဆွေးနွေးပြပါ” ဆိုတဲ့
သဘောမျိုးပါ။ အဲဒီမှာ ရတဲ့အချိန်အတွင်း အကောင်းဆုံး ဆွေးနွေးတင်ပြနိုင်ဖို့ လိုပါတယ်။
ဒုတိယအပိုင်းမှာ AusAid အဖွဲ့က သြစီနှစ်ဦးနဲ့ မြန်မာတစ်ဦးက
မေးမြန်းပါတယ်။ အဓိကမေးတာတွေက လျှောက်လွှာမှာ ကိုယ်ရေးခဲ့တဲ့ အက်ဆေးလေးပုဒ်အပေါ်မှာ အခြေခံပါတယ်။
ပြီးရင် Leadership နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို အတော်လေး မေးမြန်းပါတယ်။
ဒီအင်တာဗျူးအဆင့်အတွက် ကိုယ်ဘာတွေ ပြင်ဆင်ခဲ့လဲဆိုရင် Leadership နဲ့ ပတ်သက်တဲ့ စာအုပ်တချို့ ဖတ်ဖြစ်ခဲ့တယ်။ လျှောက်လွှာမှာ ကိုယ်ဖြည့်စွက်ရေးသားခဲ့တာတွေကို
အခေါက်ခေါက် ပြန်ဖတ်တယ်။ ဘယ်အချက်ကို ဘယ်လိုမေးလာရင် ဘယ်လိုပြန်ဖြေမယ်လို့ တွေးနိုင်သလောက်တွေးပြီး
ပြင်ဆင်ထားတယ်။ ပြီးတော့ အင်တာဗျူးဖြေဆိုမယ့်သူတွေ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ လမ်းညွှန်ထားတာတွေကို
Youtube မှာ ရှာပြီး လေ့လာကြည့်ရှုပြင်ဆင်ဖြစ်တယ်။ အင်တာနက်တွေမှာ ဘလော့တစ်ချို့
ရှာဖွေဖတ်ရှုဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖြစ်ခဲ့ပါတယ်။
ဒီအထိပြောခဲ့တာတွေက Australia
Awards Scholarship ရရှိနိုင်ဖို့ ကျွန်တော် လျှောက်ဖြစ်ခဲ့တဲ့ လမ်းပါ။
အင်တာဗျူးဖြေပြီးနောက်မှာ Final result ထွက်ပါတယ်။ ကျွန်တော်ကြားမိသလောက်
၂၀၁၅ ခုနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးက ပညာသင်ဆုလျှောက်ထားသူ (၆၀၀) ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲကမှ နောက်ဆုံးစကာတင်ရွေးချယ်ခံရသူ
(၅၀) ဦးသာ ရှိပါတယ်။ ကြားမိတာကတော့ အစိုးရဝန်ထမ်းဦးရေ
တစ်ဝက်၊ ပြင်ပပုဂ္ဂိုလ်တွေတစ်ဝက်နှုန်းနဲ့ ရွေးချယ်တဲ့ သဘောမျိုးပါ။ ပြင်ပပုဂ္ဂိုလ်ဆိုတဲ့အထဲမှာ
NGO မှာ လုပ်နေတဲ့သူတွေ၊ တခြားအဖွဲ့အစည်းတစ်ခုခုမှာ လုပ်သက်အတွေ့အကြုံရှိသူတွေ
စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
AAS ရွေးချယ်ခံရပြီး
မကြာခင်ကိုယ်လျှောက်ထားတဲ့ တက္ကသိုလ်က Offer Letter ရပါတယ်။ ကျောင်းက
လက်ခံလိုက်တဲ့သဘောပေါ့။ ဒီစာနဲ့အတူ ပညာရေးဝန်ကြီးဌာနကို စာတင်ပြီးတော့
Official Passport ရအောင် အဆင့်ဆင့်လုပ်ရပါတယ်။ ပြီးတော့မှ
Visa အတွက် သြစီသံရုံးမှာ ဆက်လုပ်ရပါတယ်။ ဒီမှာ ကံကောင်းတယ်လို့ဆိုရမလား၊
ကံဆိုးတယ်ပဲ ပြောရမလားမသိ။ ကိုယ်က တက္ကသိုလ်က သတ်မှတ်ထားတဲ့ IELTS အမှတ်လည်း ပြည့်မီခဲ့တဲ့အတွက် ၂၀၁၅ ဇန်နဝါရီမှာ သြစီကို သွားရမယ်။ ဒါပေမယ့်
ဒီလို စောစောစီးစီး ထွက်နိုင်အောင် ဌာနဆိုင်ရာကိစ္စတွေမှာ အပူတပြင်း လုပ်ဆောင်ခဲ့ရတယ်။
တစ်ချို့ကိစ္စတွေမှာ အတော်လေး အချိန်ကြန့်ကြာတတ်လေတော့ အချိန်မီပါ့မလားလို့ အင်မတန်
တွေးပူခဲ့ရတဲ့ ကာလတစ်ခုပါ။ တစ်နှစ်တည်းအတူတူ အရွေးခံခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်အတော်များများက
IELTS အမှတ် (၀.၅)
သို့မဟုတ် (၁) လောက် လိုနေတော့
British Coucil မှာ သင်တန်းတက်ပြီး မြန်မာနိုင်ငံမှာ ကျန်ခဲ့ရပါတယ်။
အမှတ် (၀.၅) လိုတဲ့သူတွေက
သင်တန်းခြောက်လတက်ပြီး IELTS ပြန်ဖြေ၊ အမှတ်ပြည့်မီအောင် လုပ်ကြရပါတယ်။
(၁) မှတ် လိုတဲ့သူတွေက သင်တန်းတစ်နှစ် တက်ရပါတယ်။
ပြီးမှ IELTS ပြန်ဖြေကြရပါတယ်။ ပြည်ပထွက်ဖို့ကိစ္စအတွက် သူတို့တွေတောင်
ကိုယ့်ထက် ပြင်ဆင်ချိန် ရမယ်လို့ တွေးမိခဲ့တယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ၂၀၁၅ ဇန်နဝါရီမှာ
ကျွန်တော် သြစီကို ပညာတော်သင်ထွက်လာနိုင်ခဲ့ပါတယ်။
မေး။ ပြည်ပနိုင်ငံမှာကျောင်းတက်ရတယ်ဆိုတော့ စိန်ခေါ်မှုမှုတွေ
ရှိကြစမြဲပါပဲ။ ကိုထွန်းမင်းအနေနဲ့ အဓိကစိန်ခေါ်မှုတွေကကော ဘာတွေကြုံတွေ့ခဲ့ရလဲဗျ။
TM: စိန်ခေါ်မှုတွေအတော်လေး ကြုံခဲ့ရပါတယ်။
အထူးသဖြင့် သြစတြေးလျရောက်ပြီး ပထမနှစ်ဝက်စတက်တဲ့ အချိန်တုန်းကပါ။ ကျွန်တော်က
Listening ပိုင်းမှာ အတော်လေး ညံ့တယ်လို့ ထင်ခဲ့တယ်။ အတန်းထဲမှာ ဆရာတွေစာသင်ရင်
နားမလည်ဖြစ်တာမျိုး၊ သိပ်နားမလည်တော့ တခြားကျောင်းသား၊ ကျောင်းသူတွေ ဆွေးနွေးနေပေမယ့်
ကိုယ်ကတော့ ဝင်မဆွေးနွေးနိုင်တာမျိုးပါ။ ဒီက သြစီအင်္ဂလိပ်အသံကလည်း တမူထူးနေတော့ နေသားမကျသေးတာ၊
သူတို့ တအားမြန်မြန်ပြောလိုက်ရင် ဘာပြောမှန်း နားမလည်တော့တာမျိုး ရှိပါတယ်။ ဘာသာစကားအခက်အခဲပေါ့။
ပထမနှစ်ဝက် (၃) လတာ၊ (၄) လလောက်ကာလမှာတော့ ဒီပြဿနာ အတော်လေး ကြီးခဲ့တယ်။ ဒီတော့
ဘာလုပ်ရသလဲဆိုရင် ဆရာပြောတာတွေကို အသံဖမ်းပြီး အိမ်မှာ အထပ်ထပ်အခါခါ ပြန်နားထောင်ရတယ်။
ဆရာအဓိက ညွှန်းတဲ့ စာအုပ်တွေ၊ သုတေသနဆောင်းပါးတွေကို အချိန်များများပေးပြီး အားစိုက်ဖတ်ရတယ်။
သြစီကျောင်းသားတွေ၊ ပိုပြီးအတွေ့အကြုံများတဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေထက်
ပိုပြီး အချိန်ပေးအားထုတ်ရတာပေါ့။ နောက်ပညာသင်နှစ်ဝက်တွေမှာတော့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာပါတယ်။
နောက်ပြီး အရင်က ကိုယ်နဲ့ မကျွမ်းဝင်ဖူးတဲ့ ဝန်းကျင်တစ်ခုမှာ အဆင်ပြေအောင် ပထမနှစ်ဝက်မှာ
အများကြီး သင်ယူရပါတယ်။ ဥပမာ - Plagiarism မဖြစ်အောင် သူများစာတွေကို
ဘယ်လိုမျိုး ကိုးကားမယ်၊ Turnitin ကို ဘယ်လိုမျိုး သုံးရမယ်၊
စာကြည့်တိုက်ဝက်ဘ့ဆိုဒ်ကို ဘယ်လိုမျိုး အသုံးပြုရပြီး စာအုပ်တွေ၊ သုတေသနဆောင်းပါးတွေ
ရှာရမယ် စတဲ့ ကိစ္စတွေအများကြီးကို သင်ယူရတာပါပဲ။ ဒါတွေလည်း ပထမနှစ်ဝက်ကို ကျော်ဖြတ်ပြီးတာနဲ့
တဖြည်းဖြည်း နေသားကျသွားတာပါပဲ။ အိမ်ကို သတိရပြီး တစ်ခါတစ်ခါ အထီးကျန်သလို ခံစားရတာလည်း
အတိုင်းအတာတစ်ခုထိ ရှိခဲ့တာပေါ့။ ဒီလိုအချိန်မျိုးမှာဆို အိမ်ကို ဖုန်းဆက်တာမျိုး၊
ဒီက သူငယ်ချင်းတွေနဲ့ လူချင်းတွေ့ပြီး စကားပြောတာမျိုးတွေ လုပ်ပြီး အိမ်လွမ်းစိတ်ကို
ဖြေဖျောက်ရတာပေါ့။ ကျွန်တော့်အတွက် နောက်စိန်ခေါ်မှုတစ်ခုက Assignment တစ်ခုလုပ်ရတော့မယ်ဆိုရင် ကွန်ပျူတာစကရင်ပေါ်မှာ စာတွေ ဖတ်၊ မှတ်တာမျိုး လုပ်ဖို့
အကျင့်မဖြစ်တာပါပဲ။ ဒီက ကျောင်းသားအများစုက ကိုယ်လုပ်မယ့် အဆိုင်းမင့်အတွက် သုတေသနဆောင်းပါးတွေကို
ကွန်ပျူတာစကရင်ပေါ်မှာပဲ ဖတ်၊ စကရင်ပေါ်မှာပဲ Highlight လုပ်ပြီး
ကိုယ်ရေးနေတဲ့ scholarly essay ကို တစ်ခါတည်း စာစီစာရိုက်လုပ်သွားတတ်ကြတယ်။
ကျွန်တော်ကျတော့ ကိုယ်ရေးမယ့် essay အတွက် သုတေသနဆောင်းပါးတွေရှာ၊
ပရင့်ထုတ်ပြီးမှ ရလာတဲ့ စာရွက်တွေပေါ်မှာ ဖတ်၊ Hightlight လုပ်၊
Notes ထုတ်ပြီး ကွန်ပျူတာနဲ့ စာစီတာမျိုး လုပ်ရတယ်။ အခြားသူတွေထက် ပိုပြီးအချိန်ကုန်၊
ငွေကုန်၊ ပိုပင်ပန်းရတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီနည်းကိုပဲ တောက်လျှောက်သုံးလာခဲ့တယ်။
သူများတွေလို ကွန်ပျူတာစကရင်ပေါ်မှာ ဖတ်ရှုမှတ်သားပြီး အက်ဆေးတွေတစ်ခါတည်းရေးတာမျိုး
ကျွန်တော် လုပ်ကြည့်ပေမယ့် သိပ်အဆင်မပြေဘူး။
မေး။ ကိုထွန်းမင်းက မြန်မာပြည်မှာလည်းပဲ ပညာရေးတက္ကသိုလ်တက်ခဲ့တယ်ဆိုတော့ ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ အခုတက်နေတဲ့ သြစတြေလျက တက္ကသိုလ်တို့ရဲ့
အဓိက ခြားနားချက်တွေကို ပြောပြပေးနိုင်မလားခင်ဗျာ။
TM: ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ La Trobe University ကို နှိုင်းယှဉ်ရရင် ကွာခြားတာတွေတော့ အများကြီးပါပဲ။ ဒါလည်း မထူးဆန်းပါဘူး။ သြစတြေးလျက ဖွံ့ဖြိုးပြီးနိုင်ငံ၊ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေ။ ပထမကွာခြားချက်က တက္ကသိုလ်ဖွဲ့စည်းပုံပါ။ ကျွန်တော်တို့ ရန်ကုန်ပညာရေးတက္ကသိုလ်က ဆရာ၊ဆရာမတွေ မွေးထုတ်ပေးတဲ့ သီးသန့်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဖြစ်ပါတယ်။ လာထရုတ်တက္ကသိုလ်ကျတော့ အဲလိုမျိုး သီးသန့်ရည်ရွယ်ချက်အတွက် မဟုတ်ဘူး။ အင်မတန်ကျယ်ပြန့်တဲ့ ပညာရပ်နယ်ပယ်တွေ ရှိပါတယ်။ ပညာရေး၊ စိုက်ပျိုးရေး၊ လူမှုရေး၊ ဥပဒေ၊ ရူပဗေဒ၊ သချာင်္ စသည်ဖြင့် ပညာရပ်တွေ အတော်လေးအမျိုးစုံပါတယ်။ သြစတြေးလျမှာက ဝိဇ္ဇာသိပ္ဗံတက္ကသိုလ်တွေမှာ B.Ed, M.Ed, Ph.D ဘွဲ့တွေ ပေးပါတယ်။ ဒီမှာက ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်ရယ်လို့ သီးသန့် မရှိတာ တွေ့ရပါတယ်။ ကျွန်တော်ရဲ့ မိခင် ရန်ကုန်ပညာရေးတက္ကသိုလ်ကတော့ B.Ed, M.Ed, Ph.D စတဲ့ ပညာရေးဘွဲ့တွေကို အဓိကပေးတဲ့ တက္ကသိုလ်ပါ။ ဒီတော့ ဖွဲ့စည်းပုံ မတူပါဘူး။
တက္ကသိုလ်နှစ်ခုကြား မတူညီတဲ့ နောက်တစ်ချက်က သင်ထောက်ကူပစ္စည်းတွေအပါအဝင်
Infrastructure အပိုင်းတွေပါ။ ဒါလည်း စောစောကပြောခဲ့တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံကြားက သိသာတဲ့ ခြားနားချက်တစ်ခုပါ။ ဥပမာ - လာထရုတ်တက္ကသိုလ်ရဲ့ စာသင်ခန်းတိုင်းမှာ အနည်းဆုံး Projector တစ်ခု ရှိပြီး၊ တခြား Resources တွေလည်း အပြည့်၊ စာရေးခုံတွေ၊ ထိုင်ခုံတွေလည်း အလွယ်တကူ ရွေ့လို့ရ၊ Group Discussion လို Activity လုပ်မယ်ဆိုရင်လည်း အဆင်ပြေပြေ လုပ်ဆောင်နိုင်တယ်။ ဒါပေမယ့် ရန်ကုန်ပညာရေးတက္ကသိုလ်မှာဆိုရင် Projector က တစ်ဌာနမှာမှ တစ်ခုပဲ ခွဲတမ်းကျ ရှိတတ်တယ်။ ဆရာတစ်ဦးဦးသုံးနေပြီဆိုရင် ကျန်တဲ့ ဆရာတစ်ယောက် သုံးလို့မရတော့ဘူး။ ပြီးတော့ ဒီ Projector ကို အသယ်အပို့လုပ်ရ၊ တပ်ဆင်ရ၊ ပြန်ဖြုတ်ရနဲ့ ဆရာတွေရော ကျောင်းသားတွေပါ စာသင်ချိန်တွေထဲက အချိန်ဖဲ့ယူကြရပါတယ်။ နှမြောစရာ အချိန်တွေပါ။ ဒီလိုမျိုး မလုပ်ဘဲ စာသင်ခန်းထဲမှာပဲ Projector ကို ထားမယ်ဆိုရင်လည်း မဖြစ်ပြန်ဘူး။ စာသင်ခန်းက လုံခြုံမှုမရှိပြန်ဘူး။ အခိုးခံရမှာပဲ။ ဒီတော့ Projector လို ခေတ်မီသင်ထောက်ကူ ထိရောက်စွာအသုံးပြုနိုင်မှုဟာ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ အခုချိန်ထိ ပြဿနာရှိနေဆဲပါပဲ။ နောက်ပြီး စာသင်ခုံတွေလည်း ခုံတန်းရှည်ပုံစံတွေနဲ့ဆိုတဲ့အခါမှာ ဆရာ၊ ဆရာမတွေအတွက်ရော ကျောင်းသား၊ကျောင်းသူတွေအတွက်ပါ Group Discussion ပုံစံမျိုး လုပ်ဖို့ သိပ်အခွင့်အလမ်းမသာတာမျိုး ရှိပါတယ်။ ဒီတော့ Lecture Method ပဲ သုံးပြီးသင်ဖို့ တွန်းအားပေးသလို ဖြစ်နေတာပေါ့။ အခုနောက်ပိုင်းတော့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ အဆောက်အဦအသစ်တစ်ချို့
တိုးချဲ့မှုနဲ့အတူ စာရေးခုံ၊ ထိုင်ခုံတွေကိုပါ ပြင်ဆင်လာတာ တွေ့ရတော့ ဝမ်းသာစရာပါ။ နောက်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှာ စာသင်ခန်းတွေက အသံမလုံတော့ တစ်ခန်းက စာသင်ကြားတဲ့အသံက တခြားအခန်းကို ရောက်ပြီး အတော်လေး အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကလည်း တစ်ခန်းနဲ့ တစ်ခန်း နီးကပ်ပြီး တပြိုင်တည်း သင်နေလို့ ဖြစ်တဲ့ ကိစ္စပါ။ လာထရုတ်တက္ကသိုလ်မှာတော့ အဲလိုမျိုး ပြဿနာတွေ မရှိတတ်ပါဘူး။
တက္ကသိုလ်နှစ်ခုအကြား တတိယကွာခြားချက်တစ်ခုက တက္ကသိုလ် လည်ပတ်တဲ့ စနစ်ပါ။ ဒါလည်း
ဒုတိယအချက်နဲ့ အတိုင်းအတာတစ်ခုထိ ဆက်စပ်နေပါတယ်။ လာထရုတ်တက္ကသိုလ်မှာ ကျောင်းသား၊ကျောင်းသူတွေရော ဆရာတွေပါ ကျောင်းဝင်းအတွင်း ဘယ်နေရာမဆို အင်တာနက်အသုံးပြုနိုင်စေဖို့ Wifi ကောင်းကောင်းလေး ပေးထားပါတယ်။ ပြီးရင် စာကြည့်တိုက်ဟာ တက္ကသိုလ်ရဲ့ အရေးကြီးဆုံးနေရာပါပဲ။ စာကြည့်တိုက်လို့ဆိုတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရ မြင်တွေ့ရတဲ့ စာကြည့်တိုက်နဲ့ အင်တာနက်ပေါ်က စာကြည့်တိုက်ဝက်ဘ့ဆိုဒ် နှစ်မျိုးလုံးဟာ အင်မတန် စိတ်ဝင်စားစရာပါ။ ဒီနေရာမှာ ဒီက စာကြည့်တိုက်အကြောင်းကို အသေးစိပ် ပြောချင်ပါတယ်။ လာထရုတ်တက္ကသိုလ်စာကြည့်တိုက်က သုံးထပ်ရှိပါတယ်။ ပထမထပ်မှာ စာကြည့်တိုက် အသုံးပြုသူတွေကို စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှအတွက် အကူအညီပေးနိုင်ဖို့ နေရာ၊ လုံခြုံရေးကောင်တာ၊ မိတ္တူကူး၊ ပရင့်ထုတ်မယ့် နေရာ၊ ကျောင်းသားတွေ အုပ်စုလိုက်သီးသန့်စာလေ့လာဆွေးနွေးဖို့ အခန်းတွေ၊ စာလေ့လာဖို့စားပွဲ၊
ခုံတွေ၊ ကွန်ပျူတာတွေနဲ့ ကော်ဖီဆိုင်တစ်ဆိုင် ရှိပါတယ်။ ဒီအထပ်မှာ အသုံးပြုသူတွေ စကားပြောလို့ရပါတယ်။ ဒုတိယထပ်မှာတော့ ကွန်ပျူတာတွေ၊ ဘွဲ့လွန်ကျောင်းသားတွေ တိတ်တိတ်ဆိပ်ဆိပ် စာလေ့လာနိုင်တဲ့ အခန်းတွေ၊ စာလေ့လာနိုင်မယ့် စားပွဲ၊ ထိုင်ခုံတွေ၊ ပရင့်ထုတ်မယ့်နေရာတို့
ရှိပါတယ်။ ဒီအထပ်မှာ အသုံးပြုသူတွေ စကားပြောဆိုနိုင်ပေမယ့် ပထမထပ်မှာလို အသံကျယ်ကျယ် မပြောရပါဘူး။ တတိယထပ်ကတော့ လုံးဝ အသံတိတ်ပြီး ကိုယ့်စာကိုယ်လေ့လာနေရမယ့် အထပ်ဖြစ်ပါတယ်။ ဒီအထပ်မှာ စာအုပ်တွေကို စာအုပ်စင်တွေနဲ့ အတန်းလိုက် စနစ်တကျ ထားရှိပါတယ်။ စာအုပ်တွေကို ကျောင်းသား၊ ကျောင်းသူတွေကိုယ်တိုင် အေးအေးလူလူ သွားရောက် ရှာဖွေယူနိုင်ပါတယ်။ သုံးပြီးရင် အနီးအနားက သုံးပြီးပြန်ထားရမယ့် သတ်မှတ်နေရာမှာ ပြန်ထားပေးလိုက်ရုံပါ။ ဒါမှမဟုတ် ဌားသွားချင်ရင်လည်း စာအုပ်ဌားတဲ့ စက်မှာ ကျောင်းသားကဒ်နဲ့ သွားဌားရုံပါ။ Self-service ဖြစ်လို့ စာအုပ်ဌားရ အတော်လေး အဆင်ပြေပါတယ်။ အင်တာနက်ပေါ်က စာကြည့်တိုက်ဝက်ဘဆိုဒ်မှာ စာကြည့်တိုက်ထဲ ရှိသမျှ စာအုပ်စာစောင်တွေအပြင် တခြားအွန်လိုင်ပေါ်က
ပညာရပ်ဆိုင်ရာ သုတေသနဆောင်းပါးတွေ၊ စာအုပ်တွေနဲ့လည်း ချိတ်ဆက်ထားပေးပါတယ်။ ဒီ E-library ကနေတစ်ဆင့် Database တွေ၊ တခြား ပညာရပ်အမျိုးမျိုးနဲ့ပတ်သက်တဲ့ သုတေသနဂျာနယ်ပေါင်းများစွာကို ချိတ်ဆက်ထားပေးတယ်။ ဒီတော့ ပညာရပ်တစ်ခုကို ဇောက်ချလေ့လာလိုသူတွေအနေနဲ့ ရေကုန်ရေခမ်း လိုက်ပြီး လေ့လာနိုင်တာပါပဲ။ ဒါ့အပြင် ကျောင်းသားတွေအတွက် Learning Management System (LMS) လို့ခေါ်တဲ့ E-portfolio တစ်ခုလည်း ဒီ E-library ထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေတယ်။ ဒီထဲမှာ ကျောင်းသားတစ်ဦးဦး စိတ်ကြိုက် ရွေးချယ်ယူထားတဲ့ ဘာသာရပ်တွေအတွက် Assignment တင်နိုင်မယ့်လင့်တွေ၊ ဖတ်ဖို့စာတွေ၊ Subject Learning Guide တွေ၊ ကျောင်းသားအချင်းချင်းဖြစ်စေ၊ ဆရာနဲ့ကျောင်းသားအကြားဖြစ်စေ မေးမြန်းဖြေဆိုနိုင်တဲ့ Blog၊ ဆရာက ဘာသာရပ်နဲ့ ပတ်သက်ပြီး ကြေညာစရာရှိတာကို အသိပေးကြေညာနိုင်မယ့် Blog၊ တခြားသက်ဆိုင်တဲ့ Video၊ အသံဖိုင် စတာတွေကို တင်ပေးထားပါတယ်။ ဒီ E-portfolio ကနေတစ်ဆင့် ဆရာနဲ့ ကျောင်းသား၊ကျောင်းသူတွေ အဓိက အဆက်အသွယ်ပြုကြပါတယ်။ ဒီမှာ အားသာချက်တစ်ခုကတော့ ကျောင်းသားတွေ အဆိုင်းမင့်တင်တဲ့အခါမှာ ည (၁၂) နာရီတင်ရမယ်ဆိုရင် ညဘက် (၁၂) နာရီမထိုးခင် (၅) မိနစ်အလိုလောက်က တင်လိုက်ရင်တောင် ရနိုင်ပြီး တခြားနည်းနဲ့ မရနိုင်တဲ့ အခွင့်အရေးတွေကို ကျောင်းသားတွေ ခံစားခွင့်ရတာပါပဲ။ ဆရာတွေအနေနဲ့လည်း Plagiarism လို့ခေါ်တဲ့ စာခိုးမှုမဖြစ်အောင် Turnitin လို ဆော့ဖှဝဲတွေ တိုက်ရိုက်သုံးပြီး အဆိုင်းမင့်တွေကို စစ်ဆေးဖို့ အခွင့်အလမ်းရကြပါတယ်။ ဒါတွေဟာ လာထရုတ်တက္ကသိုလ်မှာတော့ တခြားကမ္ဘာတဝှမ်းက တက္ကသိုလ်ကြီးတွေလို သမရိုးကျ အလုပ်တစ်ခု ဖြစ်နေပါပြီ။ ရန်ကုန်ပညာရေးတက္ကသိုလ်မှာတော့ တခြားမြန်မာနိုင်ငံက တက္ကသိုလ်တွေလိုပဲ အင်တာနက်ပေါ်က E-portfolio မရှိနိုင်သေးတဲ့အခါမှာ အဆိုင်းမင့်တစ်ခုတင်မယ်ဆိုရင်
ကျောင်းသားတွေ စာစီစာရိုက်လုပ်၊ ပြီးရင် ပရင့်ထုတ်၊ Hard copy အနေနဲ့ပဲ Assignment ကို ဆရာနဲ့ တွေ့တဲ့အချိန်မှာ တင်ကြရတာလေ။ သြစီလို ဖွံ့ဖြိုးပြီးနိုင်ငံက ကျောင်းသားတွေ ခံစားရတဲ့ အခွင့်အလမ်းတွေကို ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေအပါအဝင် မြန်မာကျောင်းသားတွေ ခုထိ ခံစားခွင့် မရသေးပါဘူးလို့
မြင်မိတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ကျွန်တော်တို့ B.Ed, M.Ed တက်ခဲ့တဲ့ (၂၀၁၁) ခုနှစ်အထိ အရင် စာကြည့်တိုက်ကိုပဲ အားကိုးခဲ့ရပါတယ်။ အဲဒီစာကြည့်တိုက်မှာ လူ (၄၀) ဝန်းကျင် စာထိုင်ဖတ်ဖို့ နေရာတော့ ရှိပါတယ်။ ဒါပေမယ့် စာအုပ်တွေကို ကျောင်းသားတွေကိုယ်တိုင် ကြည့်ရှုရှာဖွေခွင့် မရှိပါဘူး။ ကိုယ်လိုချင်တဲ့စာအုပ်ကို ကက်တလောက်မှာ ရှာ၊ စာရွက်ပေါ်ရေးပြီး စာကြည့်တိုက် အကူတွေဆီ ပေး၊ သူတို့တွေအနက် တစ်ယောက်ယောက်က စာအုပ်တွေ ရှာပေးရပါတယ်။ သူတို့ရှာနေစဉ် စောင့်နေရတယ်။ ကိုယ်တကယ်လိုချင်တဲ့ စာအုပ်တွေ ရှာမတွေ့တာ၊ ပျောက်တာတွေ အတော်များများ ကြုံကြရပါတယ်။ နောက်အရေးကြီးတာ တစ်ခုက စာအုပ်တွေ Update မဖြစ်တာတွေပါ။ ဒီတော့ ကိုယ့်တက္ကသိုလ်က စာကြည့်တိုက်တစ်ခုတည်းနဲ့ အဆင်မပြေပါဘူး။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ အဝေးသင်တက္ကသိုလ်စာကြည့်တိုက်၊ BC က စာကြည့်တိုက်၊ AC က စာကြည့်တိုက်တို့မှာ အသင်းဝင်ကဒ်တွေလုပ်ထားမှ လိုအပ်တဲ့ စာအုပ်တွေကို ရနိုင်တာ။ ကျောင်းသားတွေ ပိုပြီး ပင်ပန်းရတာပေါ့။
ဒါကြောင့် အားလုံးကို ခြုံပြောရရင် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတို့ရဲ့
တက္ကသိုလ်နှစ်ခုအကြား ကွာဟချက်တွေ အတော်လေး များလွန်းတယ်လို့ပဲ ဆိုရမှာပါ။ ဒီလိုကွာဟချက်တွေ
နည်းပါးစေဖို့ အတော်လေး ကြိုးစားရဦးမှာပါ။
မေး။ လေးတောင်နယ်က ကလေးသူငယ်တွေရဲ့ ပညာရေးကဏ္ဍတိုးတက်ဖို့ သြစတြေးလျနိုင်ငံက
အလိုချင်ဆုံး အကူအညီတစ်ခုပေးမယ်ဆိုရင် ကိုထွန်းမင်းအနေနဲ့ ဘယ်အရာကို ရွေးချယ်မှာပါလဲ။
TM: ဒီမေးခွန်းအတွက် လက်တွေ့ကျတဲ့အပိုင်းကိုပဲ
ပြောချင်တယ်။ ကျွန်တော်တို့ လေးတောင်နယ်ဆိုတာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ထဲက ရွာ
(၁၅) ရွာပေါင်းစုထားတဲ့ တိုက်နယ်တစ်ခုပါ။ ရခိုင်ပြည်နယ်ဧရိယာနဲ့
နှိုင်းစာရင် နေရာကွက်ကွက်ကလေးပါပဲ။ သို့ပေမယ့် ပညာရေးနဲ့ပတ်သက်ရင် အတိုင်းအတာတစ်ခုထိ
အစဉ်အလာကြီးမားခဲ့တဲ့ နယ်တစ်ခုပါ။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးစခေတ်က ကျွန်တော်တို့နယ်မှာ
ထင်ရှားခဲ့တဲ့ ရွာထက်ရွာဆရာတော်ဦးပညာကြောင့် လောကဓာတ်ကျောင်းဆိုတာ ပေါ်လာပြီး ဇရပ်ပြင်အထက်တန်းကျောင်းလည်း
ဆက်လက်ပေါ်ပေါက်လာတော့ လေးတောင်နယ်ပညာရေးလည်း ဝေစည်လာခဲ့တယ်။ ခုနောက်ပိုင်း ကျောက်တွေအထက်တန်းကျောင်းဆိုတာလည်း
နယ်ခံပုဂ္ဂိုလ်ကြီးတွေရဲ့ ကျေးဇူးကြောင့် ပေါ်လာခဲ့တယ်။ အခုခါမှာ ဒီအထက်တန်းကျောင်းနှစ်ကျောင်း၊
ကျေးရွာတိုင်းက မူလတန်းကျောင်းတွေနဲ့ မူလွန်ကျောင်းအချို့တို့က လေးတောင်နယ်ရဲ့ ပညာပေးရာဗဟိုဌာနတွေ
ဖြစ်နေပါတယ်။ ပညာရေးမှာ ပုံစံသုံးမျိုးရှိတယ်လို့ ဆိုကြတယ်။ Formal
education လို့ခေါ်တဲ့ ကျောင်းသင်ပညာရေး၊ Non-formal
education လို့ ခေါ်တဲ့ သမရိုးကျမဟုတ်တဲ့ပညာရေးနဲ့ Informal
education လို့ခေါ်တဲ့ ကိုယ်တိုင်သင်ယူပညာရေးတို့ပါ။ အထက်ပါ လေးတောင်နယ်က
ကျောင်းတွေက Formal education ထဲမှာ ပါတာပေါ့။ ဒါ့အပြင် နွေရာသီမှာ
အင်္ဂလိပ်စာ ပညာဒါနသင်တန်းပေးတာမျိုး၊ ကွမ်းအိုင်ကျောင်းဆရာတော် လက်ရှိဆောင်ရွက်နေတဲ့
ယဉ်ကျေးလိမ္မာသင်တန်းလိုမျိုး၊ မသန်စွမ်းကလေးငယ်တွေအတွက် Special education လိုမျိုးကတော့ Non-formal education ဖြစ်ပါတယ်။
Informal education ဆိုတဲ့ ကိုယ်တိုင်သင်ယူပညာရေးပုံစံကျတော့ စာအုပ်စာပေကနေတစ်ဆင့်
ပညာသင်ယူတာ၊ အင်တာနက်ဝက်ဘ့ဆိုဒ်တွေ၊ Youtube, Audio, Video တွေကနေတစ်ဆင့်
ကိုယ်တိုင် လေ့လာသင်ယူတတ်မြောက်တာတွေပါ။ သြစတြေးလျနိုင်ငံလို ပြည်ပနိုင်ငံတစ်နိုင်ငံကနေ
Formal education ပိုင်းကို ပေးမယ်ဆိုရင်တော့ လက်ရှိမူအရ အစိုးရချင်းပဲ
ဆက်သွယ်ပြီး National level မှာ ကူညီပေးရမယ့်သဘောမျိုး
ဖြစ်တယ်လို့ နားလည်မိတယ်။ ကူညီထောက်ပံ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။ ဥပမာ - မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက်
မြန်မာအစိုးရကို အဓိက ကူညီခဲ့ကြသူတွေထဲမှာ သြစတြေးလျပါဝင်ပါတယ်။ ပြည်ပနိုင်ငံတစ်ခုကနေပြီး
လေးတောင်နယ်လို Local အဆင့်ထိ ဆင်းကူညီထောက်ပံ့တာမျိုးတော့ အခုထိ
မမြင်မိသေးဘူး။ ပြည်ပနိုင်ငံတွေက Local ကို ဆင်းပြီး ကူညီနိုင်ဖို့ဆိုရင်
ပြည်ပပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကနေ ငွေကြေးအကူအညီတွေပေးတဲ့ INGO, NGO တွေကတစ်ဆင့် ကူညီပေးတာမျိုးတော့ ရှိတာပေါ့။ ဒီလိုမျိုး ပြည်ပအထောက်အပံ့ခံ
NGO အဖွဲ့တွေ ပညာရေးအတွက် ကူညီတာမျိုးက လက်ရှိအချိန်ထိ ရခိုင်တွေအတွက်
မရှိသလောက်ပါပဲ။ ဘူးသီးတောင်၊ မောင်တောဘက်မှာတော့ ဘင်္ဂါလီတွေအတွက် INGO တွေက ကျောင်းတွေဆောက်ပေးတာမျိုးတွေအထိ ကူညီပေးတာ ရှိတယ်လို့ ကြားဖူးတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာဆိုရင်တော့
ကျွန်တော် အရင် တာဝန်ကျခဲ့ဖူးတဲ့ တွံတေးမြို့နယ်၊ အထက၊ကံဘဲ့ကျောင်းမှာ NGO တွေက ရေလုံအိမ်သာတွေ ဆောက်လုပ်ပေးတာ၊ စာကြည့်တိုက်ဆောက်ပေးတာတို့ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ဒီလိုမျိုး INGO, NGO တွေရဲ့ ထောက်ပံ့မှုရှိတယ်
မကြားမိသေးဘူး။ အဓိကတော့ ကျောင်းအဆောက်အဦ၊ ပရိဘောဂတွေအတွက် အစိုးရအထောက်အပံ့ကိုသာ
ဦးစားပေးရတယ်။ တကယ်လို့သာ INGO, NGO တွေ ကျွန်တော်တို့ဘက်ကို
ရောက်တယ်ဆိုရင်တော့ ကျောင်းတွေမှာ ယင်လုံအိမ်သာ ကောင်းကောင်းဆောက်ပေးတာမျိုး၊ သင်ထောက်ကူပစ္စည်းတွေ
ဖြည့်ဆည်းပေးတာမျိုး စသည်ဖြင့် ကျောင်းအတွက် လိုအပ်တာမျိုးတွေ လုပ်ဆောင်နိုင်မှာပေါ့။
ပြည်ပထောက်ပံ့မှုနဲ့ မဆိုင်ပေမယ့် လေးတောင်နယ်ပညာရေးအတွက် အင်မတန်အရေးကြီးတဲ့ ပြောင်းလဲစရာတစ်ခုလို့
မြင်မိတာတစ်ခုကတော့ အောင်ချက်ရာခိုင်နှုန်းတိုးဖို့ထက် ကလေးတွေအရည်အချင်းတိုးဖို့ကို
ဦးစားပေးလုပ်ဆောင်ဖို့ အပိုင်းပါ။ ဒီကိစ္စလည်း အခုခါမှာ ပြောင်းလဲဖို့ လွယ်တော့ မလွယ်သေးဘူး။
မြန်မာနိုင်ငံအနေနဲ့ ဆယ်စုနှစ်များစွာ အောင်ချက်ရာခိုင်နှုန်းကောင်းဖို့ဆိုတဲ့အပိုင်းကိုပဲ
ဦးစားပေးလာခဲ့တာကိုး။ ဖွံ့ဖြိုးပြီးနိုင်ငံအတော်များများရဲ့ အခြေခံပညာရေးကဏ္ဍမှာပါ ဒီလိုမျိုး
ကိန်းဂဏာန်းကိုသာ ဦးစားပေးနေတဲ့သဘောမျိုး ရှိပါတယ်။ သြစတြေးလျ၊ အမေရိကတို့လည်း ဒီထဲမှာ
ပါပါတယ်။ ဒါပေမယ့် သူတို့နဲ့ မြန်မာနိုင်ငံအခြေအနေ မတူတာက ကျွန်တော်တို့ဆီမှာလို ဆရာတွေရဲ့
လစာမလုံလောက်မှု သူတို့ဆီမှာ မရှိဘူး။ ဒီတော့ သူတို့ဆီမှာ ကျူရှင်သင်ရင် အရေးယူမယ် ဘာညာပြောနေစရာမလိုဘူး။
သူတို့နိုင်ငံက ဆရာတွေ ရတဲ့လစာနဲ့ အဆင်ပြေပြေ နေထိုင်နိုင်ကြပေမယ့် ဒီမှာက အဲလိုမျိုး
မဟုတ်သေးဘူး။ ဒီတော့ ဆရာ၊ဆရာမတွေရဲ့ လစာလောက်ငအောင် မပေးနိုင်သေးသရွေ့ မြန်မာနိုင်ငံရဲ့
တခြားနေရာတွေမှာလို ကျွန်တော်တို့ နယ်မှာလည်း ကျူရှင်နဲ့ဆက်စပ်ပြဿနာတွေ ရှိနေဦးမှာပဲ။
သြစတြေးလျ၊ အမေရိကန်တို့လို ဖွံ့ဖြိုးပြီးနိုင်ငံတစ်ချို့မှာကျတော့ ကျောင်းမှာပဲ ဆရာတွေက
ကျောင်းသားတွေကို အတတ်သင်ပေးတယ်။ ပုံစံမျိုးစုံနဲ့ ကျောင်းသားတွေကို အစိုးရကျောင်းတွေမှာ
ကူညီပေးတယ်။ ဒီလောက်သင်ပေးတာတောင် ကျောင်းသားတွေ စာမလိုက်နိုင်သေးဘူးဆိုရင် သက်ဆိုင်ရာ
ကျောင်းသားမိဘက သတ်မှတ်အတန်းကို သင်ပြဖို့ အရည်အချင်းပြည့် (လက်မှတ်ရ)
ဆရာကို အင်တာနက်ပေါ် ကြော်ငြာတင်ပြီးခေါ်မယ်။ ဒီကြော်ငြာကို တွေ့ပြီး အကြောင်းပြန်လာတဲ့
သတ်မှတ်အရည်အချင်းပြည့် ဆရာတွေထဲက အသင့်တော်ဆုံးဆရာတစ်ယောက်ကိုသာ မိဘတွေက ရွေးချယ်ပြီး
အိမ်လာသင်စေတယ်။ မြန်မာနိုင်ငံက Study Guide (သို့) ကျူရှင်သဘောမျိုး ဖြစ်သွားတာပေါ့။ နောက်တစ်ခုက ဒီက အိမ်တိုင်းနီးပါးမှာ
Wifi အဆင်ပြေအောင် တတ်ဆင်ထားတတ်ကြတာဆိုတော့ ကလေးတွေအနေနဲ့ မသိတာတစ်ခုခု
ရှိရင် Youtube နဲ့ Google Search Box ရိုက်ထည့်ရှာဖွေပြီး
ကိုယ်တိုင် လေ့လာသင်ယူတတ်မြောက်နိုင်တဲ့ ကိုယ်တိုင်သင်ယူပညာရေးမျိုးကို အကျင့်တစ်ခုလို
လုပ်ဆောင်တတ်နေကြပြီ။ အမေရိကမှာဆိုရင် အင်တာနက်ပေါ် တင်ထားတဲ့ Khan Academy ရဲ့ အခြေခံပညာကျောင်းသင်ရိုး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာဗွီဒီယိုတွေကနေတစ်ဆင့် ကျောင်းသားတွေ
ကိုယ်တိုင် လေ့လာသင်ယူနိုင်ကြတယ်။ ကျောင်းမှာသင်တဲ့သင်ခန်းစာကို နားမလည်ခဲ့တဲ့ ကလေးတစ်ယောက်
Khan Academy သင်ခန်းစာကို လေ့လာပြီး နားလည်တတ်ကျွမ်းသွားတာမျိုး ရှိတယ်။
ကျွန်တော်တို့နယ်ဘက်မှာက ကျောင်းက ဆရာ၊ ဆရာမတွေ အစွမ်းကုန်သင်ပေးတာကို ကျောင်းသားတွေ
နားလည်အောင် သင်ယူရတယ်။ စာမလိုက်နိုင်ရင် ကျူရှင်ယူကြမယ်ပေါ့။ ကျောင်းသားတွေကိုယ်တိုင်
အားထုတ်လေ့လာဆည်းပူးတဲ့အပိုင်းမှာ နည်းနည်း အားနည်းအောင် အခြေအနေတစ်ချို့က ဖန်တီးပေးနေတယ်လို့
ထင်မိတယ်။ သူတို့တွေ ပြင်ပစာပေတွေ လေ့လာဖတ်ရှုတာမျိုး လုပ်နိုင်ဖို့ ကျောင်းမှာ စာကြည့်တိုက်ကောင်းကောင်း
ထားဖို့လိုပါတယ်။ ဒီစာကြည့်တိုက်တွေမှာ ကျောင်းသားတွေ ကျောင်းသင်ခန်းစာအထောက်အကူပြုစာပေတွေနဲ့
တခြား သုတ၊ ရသစာပေတွေကိုပါ ဖတ်ရှုနိုင်အောင် စာအုပ်စာပေတွေ စုဆောင်းထားနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့နယ်က အထက်တန်းကျောင်းတွေ၊ မူလွန်ကျောင်းတွေနဲ့ မူလတန်းကျောင်းတွေမှာ ဒီလိုမျိုးစာကြည့်တိုက်တွေကို
စနစ်တကျလည်ပတ်စေပြီး ကျောင်းသားတွေရော ဆရာတွေပါ လေ့လာဖတ်ရှုနိုင်မယ့် စာအုပ်တွေ စုဆောင်းပေးနိုင်ရင်
လေးတောင်နယ်ပညာရေးအတွက် ပိုကောင်းသွားပါမယ်။ င/ပြီချောင်းရွာ
ဆရာကြီးဦးသိန်းထွန်းရဲ့ “ရမ္မာထွန်း” စာပေလိုမျိုး
အခမဲ့စာအုပ်အငှားဆိုင်၊ အခု ဆောက်လုပ်ဆဲဖြစ်တဲ့ လေးတောင်တစ်နယ်လုံးနဲ့ဆိုင်တဲ့
“လေးတောင်တိုက်နယ် လူငယ်စာပေပရဟိတအသင်းစာကြည့်တိုက်” နဲ့ ရွာစာကြည့်တိုက်တွေ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်မှုကလည်း လေးတောင်နယ်ရဲ့
ပညာရေးအတွက် အင်မတန် အထောက်အကူပြုပါတယ်။ တိုးတက်တဲ့ လူမျိုးတိုင်း၊ နိုင်ငံတိုင်းဟာ
စာကြည့်တိုက်တွေကို အလေးထားကြပါတယ်။ ဒီတော့ လေးတောင်နယ်အတွက် သြစတြေးလျအစိုးရထံက အလိုချင်ဆုံး
ထောက်ပံ့မှုတစ်ခုကို တောင်းပါလို့သာ ဆိုခဲ့ရင် လေးတောင်နယ်က စာသင်ကျောင်းတွေ၊ အထူးသဖြင့်
အထက်တန်းကျောင်းနှစ်ကျောင်းနဲ့ မူလွန်ကျောင်းတွေမှာ စာကြည့်တိုက်ကောင်းကောင်း တည်ဆောက်ပေးနိုင်စေဖို့ရယ်၊
လေးတောင်နယ်က စာကြည့်တိုက်တွေကို အတန်အသင့် ခေတ်မီတဲ့ စာကြည့်တိုက်တွေဖြစ်အောင်၊ ဒီစာကြည့်တိုက်တွေက
အများအတွက် အကျိုးပြုနိုင်အောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲဆိုတဲ့ နည်လမ်းတွေကို လေ့ကျင့်သင်တန်းပေးမှုတွေနဲ့
ထိရောက်တဲ့ လူထုအထောက်အကူပြု စာကြည့်တိုက်တွေဖြစ်အောင် လိုအပ်တဲ့သင်တန်းပေးမှုတွေကို
ပြည်မအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရရဲ့
ခွင့်ပြုချက်တွေ၊ အကူအညီတွေနဲ့ ကျောင်းတွေနဲ့ ရပ်ရွာလူထုကို အသိဥာဏ်ပညာစွမ်းအားဖြည့်ပေးတဲ့
အစီအစဉ်မျိုး လုပ်ပေးစေချင်မိတယ်။ ဒီအပိုင်းကသာ လက်တွေ့ကျကျ အကျိုးဖြစ်စေမယ်။ ဘာကြောင့်လဲဆိုရင်
အစိုးရရဲ့ ဘတ်ဂျက်အခက်အခဲကြောင့် ကျောင်းစာကြည့်တိုက်ကို လုပ်ချင်ရဲ့နဲ့ မလုပ်နိုင်တာမျိုး
ရှိရင်ရှိမယ်။ “လေးတောင်တိုက်နယ် လူငယ်ပရဟိတအသင်းစာကြည့်တိုက်”
ဆိုတာလည်း ကိုယ်ထူကိုယ်ထ မတည်ငွေတွေနဲ့ လေးတောင်နယ်ရဲ့ အလယ်နေရာမှာ မြေကွက်ဝယ်ပြီး
အဆောက်အဦဆောက်နေတာ ၂ နှစ်ရှိပြီ။ ငွေကြေးလိုအပ်ချက်ကြောင့် ခုထိ မပြီးနိုင်သေးဘူး။
ဒီအပိုင်းအတွက် တခြားနိုင်ငံက ငွေကြေးထောက်ပံ့မှုသာ ရမယ်ဆိုရင်တော့ ဒီလို ကိစ္စတွေ ချက်ချင်း
အကောင်အထည်ဖော်နိုင်မှာပါ။
မေး။ ကိုထွန်းမင်းအနေနဲ့ အဲဒီမှာ ပညာသင်ကြားရင်း သြစတြေးလျနိုင်ငံရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး (သို့) အံ့သြစရာအကောင်းဆုံး အကြောင်းအရာ (၃) ခုလောက် ပြောပြပါဆိုရင် ဘယ်အရာတွေဖြစ်မလဲ။
TM: ဒီမှာ ပညာသင်ကြားရင်း ကြုံရတဲ့ စိတ်ဝင်စားစရာတစ်ခုက
ဆရာ၊ တပည့်အကြား ပွင့်ပွင့်လင်းလင်း မေးမြန်းပြောဆိုဆွေးနွေးကြတာ၊ ဆရာကလည်း
“ငါက ဆရာ၊ သူက တပည့်ပဲ” ဆိုတဲ့ စိတ်မျိုးနဲ့ တပည့်တွေအပေါ်
အထက်ကနေ ပြောဆို ဆက်ဆံတာမျိုး မရှိတာတွေ၊ စေတနာထားပြီး စည်းကမ်းနဲ့လုပ်ဆောင်ပေမယ့်
ချုပ်ချယ်မထားတာတွေပါ။ ကျွန်တော်တို့ အရှေ့တိုင်းသားတွေက ဆရာတွေအပေါ် ချစ်ကြောက်ရိုသေ
တတ်ကြတယ်။ တစ်ခုခု မေးချင်ရင်တောင် ဒါမေးလိုက်ရင် ဆရာက ငါ့အပေါ် စိတ်ကွက်သွားမှာလား၊
မရိုသေမလေးစားသလို ဖြစ်သွားမလားဆိုတဲ့ အတွေးက ရှေ့က ပေါ်လာတတ်ကြပါတယ်။ မေးချင်ပေမယ့်
မမေးဖြစ်ကြဘူး။ ဒီမှာတော့ အဲလိုမျိုးမဟုတ်ဘူး။ ဆရာတွေကိုလည်း ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်တယ်။
ကျောင်းသားတွေက ဆရာနဲ့ ဆန့်ကျင်ဘက်အမြင်မျိုးရှိနေတယ်ဆိုရင်လည်း ဆရာက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်
ပေးတယ်။ မြန်မာနိုင်ငံမှာတော့ ဒီက ဆရာတွေရဲ့ သဘောထားမျိုး ထားရှိတဲ့ ဆရာသမားတွေ တွေ့ဖူးပေမယ့်
မြန်မာ့ယဉ်ကျေးမှုအလိုက် ဆရာတပည့်ကြား ဆက်ဆံရေးက သူ့နည်းသူ့ဟန်နဲ့ တွင်ကျယ်နေဆဲပါ။ ဒုတိယစိတ်ဝင်စားစရာတစ်ချက်က
ဒီက တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကောင်းကောင်း ရှိဖို့ကို အင်မတန် အလေးထားလုပ်ဆောင်ကြတဲ့အပြင်
ကျောင်းသားတွေကိုလည်း စာကြည့်တိုက်ကို များများသုံးပြီး Self-study များများလုပ်စေတဲ့ အချက်ပါပဲ။ လာထရုတ်တက္ကသိုလ်စာကြည့်တိုက်ဟာ ရုံးဖွင့်ရက်တွေမှာ
မနက် (၇) နာရီခွဲကနေ ညသန်းခေါင်အထိ ဖွင့်ပါတယ်။
စနေ၊ တနင်္ဂနွေရက်တွေမှာ မနက် (၉) နာရီခွဲကနေ
ညသန်းခေါင်အထိ ဖွင့်ပါတယ်။ စာမေးပွဲကာလအတွင်း ရက်နှစ်ဆယ်ကျော်ကျော်လောက် စာကြည့်တိုက်ကို
(၂၄) နာရီ ဖွင့်ထားပါတယ်။ စာကြည့်တိုက်က အသုံးပြုသူတွေ
အဆင်ပြေပြီး စိတ်ကြေနပ်စေတယ်။ ကျောင်းသား၊ကျောင်းသူအတော်များများ စာကြည့်တိုက်မှာ အချိန်ကုန်ကြပါတယ်။
စာကြည့်တိုက်မှာ ကျောင်းသားတွေအသုံးပြုဖို့ ထားပေးတဲ့ ကွန်ပျူတာတွေ သုံးချင်သုံး၊ မိတ္တူကူးချင်ရင်
ကူး၊ ပရင့်ထုတ်ချင်ထုတ်၊ အုပ်စုလိုက် စာတွေ ဆွေးနွေးချင်ရင် ဆွေးနွေး၊ စာနဲ့ပတ်သက်ပြီး
အကူအညီလိုရင် Ask La Trobe လို့ခေါ်တဲ့ နေရာမှာ အကူအညီသွားတောင်းနဲ့ဆိုတော့
ပညာကြိုးစားသင်ယူလိုတဲ့ ကျောင်းသား၊ကျောင်းသူတွေ အတွက် “စာကြည့်တိုက်ဟာ
ပျော်စရာ” ဆိုတဲ့ အတွေးတွေ ဖြစ်စေတာအမှန်ပါ။ ဒီအချက်က ကျွန်တော့်အတွက်
စိတ်ဝင်စားစရာအကောင်းဆုံးတစ်ချက်ပေါ့။ အံ့သြစရာ တစ်ချက်ကတော့ ကျွန်တော်တို့ မဟာဘွဲ့
ကျောင်းသား၊ ကျောင်းသူတွေအဖို့ စာသင်ချိန် နည်းပြီး Self-study အချိန် အများကြီး ရတာရယ်၊ သင်တန်းကာလတလျှောက် စာမေးပွဲ လုံးဝ မရှိဘဲ Assignment
ပုံစံအမျိုးမျိုးနဲ့သာ ပြီးဆုံးသွားတဲ့ အချက်ပါ။ ဥပမာ - သုံးလတာ Semester တစ်ခုမှာ ဘာသာရပ်တစ်ခုအတွက် စာသင်ချိန်
သုံးရက်တည်းသာ ရှိတဲ့ တစ်ဘာသာ တွေ့ဖူးတယ်။ Using Multimedia for Learning ဆိုတဲ့ ဘာသာရပ်ပါ။ ဒါပေမယ့် ဒီဘာသာရပ်ရဲ့ အဆိုင်းမင့်ကြီးနှစ်ခုအတွက် အင်တာနက်ကရော၊
စာကြည့်တိုက်ကပါ စာအုပ်စာစောင်၊ ဆောင်းပါးတွေ အများကြီး ရှာဖတ်ရတာပါပဲ။ ပြီးတော့ သူငယ်ချင်းတွေနဲ့ရော
ဆရာနဲ့ပါ အများကြီးဆွေးနွေးတိုင်ပင်ခဲ့ရပါတယ်။ ဒီလိုမျိုး ဆွေးနွေးတိုင်ပင်မှုတွေ၊ သက်ဆိုင်ရာ
စာအုပ်စာပေ၊ပညာရပ်ဆိုင်ရာဆောင်းပါးမျိုးစုံ ရှာမဖတ်ထားဘဲ အဆိုင်းမင့်တွေကို လုပ်လို့မရတော့
ကိုယ့်အချိန်ကို ကိုယ် စီမံခန့်ခွဲပြီး လုပ်ဆောင်ကြရပါတယ်။ အချိန်တွေအများကြီးပေးပြီး
လုပ်ကြရပါတယ်။ ဒီလို ကြိုးစားရင်း သိမြင်ဆည်းပူးမှုတွေ အများကြီး လုပ်နိုင်သွားကြတယ်။
စာမေးပွဲအတွက် ပူပန်စရာ မလိုဘဲ ကိုယ်တကယ် စိတ်ဝင်စားတဲ့ နယ်ပယ်ကို ထဲထဲဝင်ဝင် လေ့လာဖတ်ရှုရေးသားတင်ပြဖို့
အခွင့်အလမ်းတွေ မြန်မာနိုင်ငံထက် ဒီမှာ ပိုပြီး ရပါတယ်။ ဒီအချက်တွေက အင်မတန် ကောင်းတဲ့
လုပ်ဆောင်ချက်တွေလို့ ယုံကြည်မိပါတယ်။
မေး။ ကျနော်တို့ မြန်မာပြည် ရဲ့ပညာရေး သြစတြေးလျလိုတစ်နေ့ဖြစ်လာမယ်လို့ ထင်ပါသလား။ ဘယ်လောက်ကြာကြာ အချိန်ယူရမယ်လို့ထင်မြင်မိပါသလဲ။
TM: ဒါကတော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဖြစ်လာရမှာပေါ့။ သို့ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ သြစတြေးလျနိုင်ငံရဲ့ ပညာရေးထက် ဆယ်စုနှစ်အတော်များများ နောက်ကျကျန်နေရစ်ခဲ့ပြီ။ စောစောက ကျွန်တော်နှိုင်းယှဉ်ပြခဲ့တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ လာထရုတ်တက္ကသိုလ်တို့အကြား ခြားနားချက်တွေကို ကြည့်ရင်ပဲ အတော်လေး မြင်သာမယ် ထင်ပါတယ်။ ဒီတော့ သြစတြေးလျလို မြန်မာပြည်ရဲ့ ပညာရေးကောင်းလာဖို့က ဆယ်စုနှစ်တွေချီပြီး အစွမ်းကုန် ကြိုးစားရမှာပါ။ ဒီလို မြန်မာပြည်ရဲ့ ပညာရေးကောင်းလာဖို့က ပိုမို ကောင်းမွန်တဲ့ စနစ် ရှိဖို့ လိုပါတယ်။ သြစီမှာလို မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ အတိုင်းအတာတစ်ခုထိ Autonomy ရရှိဖို့၊ သုတေသနကို ပိုမိုအလေးထားတဲ့ ဝန်းကျင်ကောင်းတစ်ခု ရှိဖို့၊ ပြီးတော့ Facilities လည်း ပြည့်စုံလာဖို့အတွက် အစိုးရရဲ့ ထောက်ပံ့မှုတွေလည်း ဒီထက် ပိုတိုးလာဖို့ လိုတာပေါ့။ ဒါကတော့ အဆင့်မြင့်ပညာအပိုင်းမှာပါ။
အခြေခံပညာပိုင်းမှာလည်း သာမန်အားဖြင့် သြစတြေးလျဟာ မြန်မာနိုင်ငံထက် အများကြီး ပိုသာပါတယ်။ ဒါပေမယ့် Aboriginals နဲ့ Torres Strait Islanders လို့ခေါ်တဲ့ ဒေသခံတိုင်းရင်းသားတွေကို သင်ကြားဖို့ လျော်ကန်သင့်မြတ်တယ်လို့ သုတေသနတွေအရရော၊ လူထုရဲ့ ထောက်ခံမှုအရပါ သတ်မှတ်ခံရတဲ့ bilingual education လို့ခေါ်တဲ့ ဘာသာစကားနှစ်ခုပူးတွဲပညာသင်ကြားတဲ့ သင်ကြားနည်းကို အရင်က သုံးလာပေမယ့် အခုနောက်ပိုင်းမှာ မသုံးခိုင်းတော့တာကျတော့ သြစတြေးလျနိုင်ငံရဲ့ ဆုတ်ယုတ်မှုတစ်ခုပါ။ တစ်ကမ္ဘာလုံးက သုတေသီတွေ၊ ဘာသာဗေဒပညာရှင်တွေက နိုင်ငံတစ်နိုင်ငံရဲ့ ပင်မဘာသာစကားကို ဒုတိယဘာသာစကားအနေနဲ့ ပြောဆိုရတဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် ဒီသင်ကြားနည်းဟာ အသင့်တော်ဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုကြပေမယ့် သြစတြေးလျနိုင်ငံအနေနဲ့ တခြားတိုးတက်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်တဲ့အခါ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သူများနိုင်ငံတွေထက် ပိုပြီး ရှေ့ရောက်ချင်တာရယ်၊ အင်္ဂလိပ်စကားကို
မိခင်ဘာသာစကားအဖြစ်မပြောဆိုတဲ့ ဌာနေတိုင်းရင်းသားတွေကို အင်္ဂလိပ်ဘာသာစကား သင်ယူလေ့လာစေဖို့သာ အလေးပေးချင်တာရယ်
ဒီအချက်တွေကြောင့် ဒီသင်ကြားနည်းကို ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ အသုံးမပြုစေတော့တာမျိုး ရှိလာပါတယ်။ ဒီတော့ ဌာနေတိုင်းရင်းသားတွေရဲ့ ဘာသာစကားအတော်များများ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာတယ်။ ဒါ သြစတြေးလျ ပညာရေးအတွက် ဆုတ်ယုတ်မှုတစ်ခုပါပဲ။ မြန်မာနိုင်ငံမှာ အရင်ကတည်းက အခုထိ အစိုးရအဆက်ဆက် bilingual education ပုံစံကို မကြိုက်တဲ့သဘော တွေ့ရပါတယ်။ ဗမာဘာသာစကားကိုသာ လူနည်းစုတိုင်းရင်းသားတွေသင်၊ ဗမာယဉ်ကျေးမှုနဲ့
သမိုင်းကိုသာ လူနည်းစုတိုင်းရင်းသားတွေ သင်ရတာမျိုးက များပြီး တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းကို သိပ်ပြီးထည့်မတွက်ခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် တခြားတိုင်းရင်းသားဒေသတွေမှာ ပင်မဘာသာစကား လွှမ်းမိုးပြန့်ပွားမှုနှုန်းဟာ တခြားအရှေ့တောင်အာရှနိုင်ငံတွေထက်
မြန်မာနိုင်ငံက ပိုများတယ်လို့ ပညာရှင်တွေ ထောက်ပြထားကြတာ ရှိပါတယ်။ ဒါဟာ တခြားတိုင်းရင်းသားဘာသာစကားတွေရဲ့ အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဗမာစကား (သို့) မြန်မာစကားကို ဒုတိယဘာသာစကားအနေနဲ့ သင်ယူရတဲ့ တခြားတိုင်းရင်းသားတွေအတွက် bilingual education ဆိုတာ အင်မတန် အရေးတကြီး လိုအပ်ပါတယ်။ ရှမ်းတိုင်းရင်းသား ကလေးတစ်ယောက်ရဲ့ မိခင်ဘာသာစကားဟာ ရှမ်းဘာသာစကားပါ။ ဒီကလေးဟာ ဗမာစကား (သို့) မြန်မာစကားကို ဒုတိယဘာသာစကားအနေနဲ့ သင်ယူလေ့လာရပါတယ်။ ဒီတော့ ဗမာစာနဲ့ရေးထားတဲ့ စာ၊ ဗမာလို ပြောတဲ့ စကားကို သူ နားမလည်ပါဘူး။ ချင်း၊ မွန်၊ ကရင်၊ ကချင်စတဲ့ တခြားတိုင်းရင်းသားတွေလည်း ဒီအတိုင်း ပြဿနာရှိပါတယ်။ ကလေးတွေကို ငယ်စဉ်တည်းက မိခင်ဘာသာစကားနဲ့ သင်ကြားပြသပေးလို့ရှိရင် ပိုပြီး နားလည်နိုင်ပါတယ်။ နောက်ပိုင်း အတန်းကြီးလာတာနဲ့ ဒုတိယဘာသာစကားအဖြစ် မြန်မာဘာသာစကားကို သင်ယူစေမယ်၊ တတိယဘာသာစကားအဖြစ် အင်္ဂလိပ်စကားကိုပါ တဖြည်းဖြည်း ထပ်တိုးသင်ယူစေမယ်ပေါ့။ Bilingual education ပုံစံကို အခြေခံပညာရေးမှာ သုံးလိုက်ရင် တိုင်းရင်းသားတွေအတွက် သူတို့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကိုပါ တစ်ခါတည်း ထိန်းသိမ်းပြီးသားဖြစ်နိုင်တဲ့အပြင် ဒုတိယဘာသာစကားနဲ့ တတိယဘာသာစကားကိုပါ သင်ယူတတ်မြောက်နိုင်ပါတယ်။ တစ်ခါတည်း Multicultural citizen ဖြစ်ပြီးသားပါပဲ။ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့အရေး” လို့ အော်နေစရာမလိုဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုတာ အလိုလို ဖြစ်လာမှာပါ။ မြန်မာနိုင်ငံလို ဘာသာစကားအမျိုးပေါင်း (၁၀၀) ကျော်ကို ပြောဆိုကြတဲ့ တိုင်းရင်းသားမျိုးစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံအတွက် ဒီသင်ကြားနည်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုဆိုရင် မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးဟာ ပြည်မမှာတင်မဟုတ်ဘဲ တခြားတိုင်းရင်းသားဒေသတွေမှာပါ အင်မတန် တိုးတက်လာစေမှာပါ။ လက်ရှိအချိန် ပညာရေးမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ ဖင်လန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဒီသင်ကြားနည်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုအပ်တဲ့ဒေသတွေမှာ
လိုအပ်သလို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ ဖင်လန်နိုင်ငံမှာဆိုရင် “ဘာသာစကားမျိုးကွဲများတာ သူတို့နိုင်ငံရဲ့ အားသာချက်တစ်ခုပါ။ အားနည်းချက်မဟုတ်ပါဘူး။” လို့ ဆိုတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအချက်ကို အားသာချက်အဖြစ် ရှုမြင်ပြီး တခြားတိုင်းရင်းဘာသာစကားတွေ ရှင်သန်ရေးအတွက်ပါ ဦးစားပေးလုပ်ဆောင်ရင်း သူတို့ရဲ့ ပညာရေးကိုပါ မြှင့်တင်ပေးဖို့ လိုအပ်နေပါပြီ။
ဒီလိုဆိုရင် မြို့ပြနဲ့ ကျေးလက် ပညာရေးအလှမ်းကွာဟမှုလည်း ပိုပြီး လျော့ပါးလာမှာဖြစ်ပါတယ်။
နောက်အရေးကြီးတာတစ်ခုက Teaching to
the test လို့ ခေါ်ကြတဲ့ စာမေးပွဲအတွက် ဦးတည်စာသင်တဲ့ ပုံစံဖြစ်နေတဲ့
အခြေခံပညာရေးအခြေအနေတွေကိုလည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာက
Exam-orientation ကြောင့်ပါ။ စာမေးပွဲသည်သာ အခရာဆိုသလို ဖြစ်နေတော့ ဒီစာမေးပွဲမှာ
အမှတ်ကောင်းဖို့ကိုသာ တွေးပြီး စာကျက်မှတ်မှုကိုသာ ကျောင်းသားတွေ၊ မိဘတွေ၊ နောက်တော့
ဆရာ၊ ဆရာမအတော်များများကပါ ဦးစားပေးလာကြတယ်။ အထက်ကလည်း အောင်ချက်မြင့်မားရေးအတွက်သာ
ကြည့်ကြလေတော့ နောက်ဆက်တွဲအနေနဲ့ အောင်ချက်ရာခိုင်နှုန်းမြင့်မားအောင် မသမာတဲ့နည်းလမ်းနဲ့
လုပ်ဆောင်မှုတွေဖြစ်တဲ့ စာခိုးမှု၊ လာဘ်စားမှု စတဲ့ ပြဿနာတွေ ပေါ်လာတာပါပဲ။ ဒါကြောင့်
စာမေးပွဲစစ်တဲ့အခါမှာ ကျက်မှတ်မှုဆိုင်ရာမေးခွန်းထက် အတွေးအမြင်၊ တီထွင်ဖန်တီးမှုပိုင်းတွေကို
ဦးစားပေးတဲ့ မေးခွန်းတွေ များများထည့်ပေးတာ ကောင်းပါတယ်။ စာမေးပွဲဆိုင်ရာ မသမာမှုတွေကို
အတိုင်းအတာတစ်ခုထိ လျော့ပေါ့စေပြီး ကျောင်းသားတွေ ကိုယ့်အစွမ်းအစနဲ့ ဖြေဆိုဖို့ တွန်းအားပေးသလို
ဖြစ်စေတာပေါ့။ သို့ပေမယ့် အကောင်းဆုံးကတော့ စာမေးပွဲတစ်ခုတည်းနဲ့ ကျောင်းသားတွေရဲ့
အမှတ်တွေကို မဆုံးဖြတ်ပဲ တခြား ပညာရနိုင်တဲ့ လုပ်ဆောင်မှုတွေအတွက်ပါ အမှတ်တွေ ဖြည့်စွက်သတ်မှတ်ယူနိုင်ရင်
ပိုပြီး ကောင်းပါတယ်။ ဥပမာ - အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး
ကျောင်းသားတွေကို ကိုယ်တိုင်စူးစမ်းလေ့လာပြီး ပြန်တင်ပြစေတဲ့ ပုံစံမျိုးပေါ့။ သြစီမှာတော့
မူလတန်းကျောင်းတွေကအစ ဒီလိုမျိုးကိစ္စတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကြရတယ်။ ဒီအတွက် သူတို့ရဲ့
Activity အမှတ်ကို အမှတ်စုစုပေါင်းမှာ ပေါင်းထည့်ယူသွားတာပါ။ နောက်တစ်ခုက
ဒီမှာ တက္ကသိုလ်တွေနဲ့ အခြေခံကျောင်းတွေ ချိတ်ဆက်ထားတာ ရှိပါတယ်။ လာထရုတ်တက္ကသိုလ်နဲ့
ချိတ်ဆက်ထားတဲ့ အခြေခံပညာ ကျောင်းကြီးနှစ်ကျောင်းရှိပါတယ်။ ကျောင်းရဲ့ ပညာရေးဆိုင်ရာ
အကူအညီအတော်များများကို လာထရုတ်တက္ကသိုလ်ရဲ့ သုတေသနအားနဲ့ ပေါင်းစပ်ပြီး ပေးကြတယ်။
ဥပမာ - လာထရုတ်တက္ကသိုလ်ရဲ့ Bundoora Campus မှာ ဆိုရင် Charles La Trobe School ရှိတယ်။ ကျောင်းနဲ့
တက္ကသိုလ်အနီးမှာ လာထရုပ်တက္ကသိုလ်အပိုင် La Trobe Wildlife Sanctuary ဆိုတဲ့ တိရိစ္ဆာန်တွေနဲ့ အပင်မျိုးစုံ ရှိတဲ့ လှောင်ချိုင့်နေရာကျယ်တစ်ခုရှိတယ်။
အဲဒီနေရာမှာ Charles La Trobe School က ကလေးတွေ သဘာဝပတ်ဝန်းကျင်အကြောင်း၊
တိရစ္ဆာန်နဲ့ အပင်တွေအကြောင်းကို ဆရာ၊ဆရာမတွေရဲ့ အုပ်ထိန်းမှုနဲ့ လာရောက်လေ့လာတတ်ကြတယ်။
လာထရုတ်တက္ကသိုလ်မှာ B.Ed တက်ရောက်နေတဲ့ ကျောင်းသားတွေက သူတို့ယူရတဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဘာသာရပ်ကို ကလေးတွေသင်ယူရာမှာ အထောက်အကူ ဖြစ်စေဖို့ ဒီ
La Trobe Wildlife Sanctuary ထဲမှာ လုပ်ဆောင်နိုင်မယ့် သင်ယူမှုလုပ်ငန်းစဉ်တွေကို
ရေးဆွဲတာမျိုးတွေ လုပ်ဆောင်ပေးကြတာ ရှိပါတယ်။ ဒီလို ပရော့ဂျက်တွေကို ကလေးတွေအတွက် အသုံးပြုလို့
အောင်မြင်တယ်ဆိုရင် ဝိတိုရိယပြည်နယ်အစိုးရရဲ့ ပညာရေးဌာနကို တင်ပြပြီး ကျောင်းတွေမှာ
ဒီဘာသာရပ်အတွက် ဒီလိုမျိုး လုပ်ဆောင်မယ်ဆိုပြီး သင်ရိုးထဲကို ပါသွားရော။ ဒီလိုမျိုးပဲ
တက္ကသိုလ်က ထွက်ပေါ်တဲ့ အသစ်တွေ့ရှိတဲ့ ကောင်းမွန်တဲ့ တီထွင်ဆန်းသစ်တဲ့ ပညာရပ်တွေ၊ ပညာရေးလုပ်ငန်းစဉ်တွေကို
အခြေခံမှာ တရားဝင်သုံးဖြစ်အောင် တက္ကသိုလ်၊ အခြေခံကျောင်းနဲ့ ပြည်နယ်အစိုးရတို့အကြား
ကောင်းကောင်းလေး ချိတ်ဆက်ထားနိုင်ပါတယ်။ ဒါလည်း သြစတြေးလျရဲ့ ပညာရေးအောင်မြင်မှုအတွက်
အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ကျွန်တော်တို့ဆီမှာက တက္ကသိုလ်က မဟာဘွဲ့၊ ပါရဂူဘွဲ့တွေအတွက်
သုတေသနတွေလုပ်တယ်၊ တခြားပညာရှင်တွေ သုတေသနလုပ်ကြတယ်၊ B.Ed ကျောင်းသားတွေလည်း
ပရော့ဂျက်တွေ လုပ်ကြတယ်။ ဒါပေမယ့် ဒါတွေဟာ အခြေခံမှာ အသုံးပြုဖို့အတွက် မချိတ်ဆက်နိုင်တဲ့
ပြဿနာတွေ ရှိပါတယ်။ သြစီမှာလို အဆင့်မြင့်ပညာ၊ အခြေခံပညာနဲ့ သင်ရိုးမှာ ထည့်သွင်းနိုင်မယ့်
ဥပဒေပြုအဖွဲ့တို့ ချိတ်ဆက်မှု ပိုများလာဖို့လည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။
အခု ဒီလိုမလုပ်နိုင်သေးတာဟာ သြစတြေးလျနိုင်ငံမှာလို မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်နဲ့
ကိုယ့်ပြည်နယ်မှာ အတိုင်းအတာတစ်ခုထိ ကိုယ့်ကြမ္မာကိုယ် စီမံပိုင်ခွင့် မရှိနိုင်သေးတဲ့
နိုင်ငံရေးအခြေအနေကြောင့်လည်း ဖြစ်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပညာရေးဟာ
ဆက်စပ်နေတာပါပဲ။ ပညာရေးအပေါ် နိုင်ငံရေးရဲ့ ရိုက်ခတ်မှုတွေလည်း အများကြီးပဲလေ။
ဒီတော့ ခြုံပြောရရင်
သြစတြေးလျရဲ့ လက်ရှိပညာရေးအဆင့်ကို လိုက်မီနိုင်ဖို့ ဆယ်စုနှစ်တွေ ချီပြီး အစွမ်းကုန်
ကြိုးစားရမှာ အသေအချာပါပဲ။ ဖြစ်တော့ ဖြစ်လာမှာပါ။ ဒါပေမယ့် တကယ်လို့သာ နိုင်ငံတစ်နိုင်ငံကို
စံပြုပြီး သူ့လိုဖြစ်လာအောင် ကြိုးစားစတမ်းဆိုရင် မြန်မာနိုင်ငံအနေနဲ့ သြစတြေးလျတို့၊
အမေရိကန်တို့ကို စံပြုတာထက် ဖင်လန်နိုင်ငံရဲ့ ပညာရေးကိုသာ အဓိက စံပြုသင့်တယ်လို့ ကျွန်တော်ကတော့
ယုံကြည်ပါတယ်။ ဖင်လန်နိုင်ငံမှာ စာမေးပွဲစစ်ဆေးတာကို ဦးစားမပေးဘူး။ ကလေးတွေ တကယ်
ပညာတတ်ရေး၊ အရည်အချင်းရှိရေးကိုသာ တန်ဖိုးထားတယ်။ ဆရာအတတ်သင်ပညာရေးကို အထူးအလေးထားဆောင်ရွက်တယ်။
ဆရာတွေကို လစာကောင်းကောင်းပေးတယ်။ အတန်းထဲက ကလေးတိုင်းရဲ့ လိုအပ်ချက်အလိုက် ဆရာက သင်ပြပေးတယ်။
ဒီနိုင်ငံဟာ မြန်မာနိုင်ငံအရွယ်အစားထက် ထက်ဝက်ငယ်တဲ့နိုင်ငံပါ။ မြန်မာနိုင်ငံမှာလို
လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ ရှိကြတဲ့နိုင်ငံဆိုပေမယ့် နိုင်ငံသားတိုင်း စိတ်ကျေနပ်စေတဲ့
ပညာရေးစနစ်ရှိတဲ့ နိုင်ငံပါ။ ပညာရေးစနစ်နဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေထက် ဒီနိုင်ငံကိုသာ
မြန်မာနိုင်ငံအနေနဲ့ စံပြုသင့်တယ်လို့ ဆိုချင်ပါတယ်။
မေး။ ကိုထွန်းမင်း မြန်မာပြည်ကိုပြန်ရောက်ရင် ဘာတွေဆက်လုပ်ဖို့
ရည်ရွယ်ချက်တွေ ရှိပါသလဲခင်ဗျာ။
TM: မြန်မာပြည်ပြန်ရောက်ရင်တော့ လက်ရှိတာဝန်ကျနေတဲ့
စစ်ကိုင်းပညာရေးတက္ကသိုလ်၊ သင်ပြနည်းဌာနမှာ ပြန်ဝင်ဖြစ်မှာပါ။ အဲဒီမှာပဲ ပညာရေးနဲ့ ပတ်သက်တဲ့
သုတေသနတွေကို နိုင်သလောက် လုပ်ဖြစ်မယ်။ ဒီက ရလာတဲ့ အသိပညာတွေကိုလည်း နိုင်သလောက် အသုံးချမယ်။
ပညာတော်သင်အတွေ့အကြုံတွေကိုလည်း လိုအပ်တဲ့သူတွေ၊ လိုချင်တဲ့သူတွေဆီ အခါအခွင့်သင့်တိုင်း
မျှဝေဖြစ်မှာပါ။ အထူးသဖြင့် ရခိုင်လူငယ်တွေအတွက် ပညာသင်ဆုအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး
ကိုယ်သိမှတ်လေ့လာမိသလောက်ကို ဟောပြောပွဲပုံစံမျိုးလည်း လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ပြီးတော့ ကျွန်တော်ဝါသနာပါတဲ့ စာပေရေးသားမှုကိုလည်း ဆက်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။
နောက်ထပ် ရည်ရွယ်ချက်တစ်ခုက ပါရဂူဘွဲ့အတွက် ပညာရေးဝမ်းစာဆက်ဖြည့်ပြီး ပညာရေးခရီးကို
ဆက်လျှောက်လှမ်းဖို့ပါ။
မေး။ ကိုထွန်းမင်းက ၂၀၀၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတနိုင်ငံလုံး ဝိဇ္ဇာ ပထမနဲ့လည်းအောင်မြင်ခဲ့တဲ့အပြင် အခုတစ်ခါ ကမ္ဘာ့အကြီးကျယ်ဆုံးဆိုနိုင်ငံတစ်နိုင်ငံက
မဟာဘွဲရပြီးလို့ ပြန်တော့မယ့် ရခိုင့်လူတော်လူငယ်တစ်ယောက်အနေနဲ့ မြန်မာပြည်ကလူငယ်တွေ ရခိုင့်အနာဂတ်လူငယ်တွေကို ဘာတွေများ ပြောချင်စရာတွေရှိပါသလဲ ခင်ဗျာ။
TM:
အဓိက ပြောချင်တာကတော့ ကိုယ်တိုင် အရည်အချင်းရှိတဲ့သူ ဖြစ်ဖို့ အမြဲ အားထုတ်နေသင့်တယ်ဆိုတဲ့ အချက်ပါ။ လောကကြီးမှာ ဘယ်အရာမှ အလကားမရပါဘူး။ တန်ဖိုးရှိတဲ့အရာတိုင်းအတွက် တန်ရာတန်ကြေး ပေးဆပ်ရပါလိမ့်မယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာ သိအောင်လုပ်၊ ပန်းတိုင်တွေ သတ်မှတ်ပြီး အဲဒီပန်းတိုင်တွေဆီ ရောက်အောင် ကြိုးစားဖို့ လိုပါတယ်။ ဒီလို ကြိုးစားနေစဉ်အတောအတွင်း ကိုယ့်ပတ်ဝန်းကျင်က ဝေဖန်တာတွေ၊ “မဖြစ်နိုင်ဘူး”၊ “မလုပ်နိုင်ပါဘူး” ဆိုပြီး အထင်အမြင်သေးစွာ ဟန့်တားသံတွေ အတိုင်းအတာ တစ်ခုထိ ရှိမှာပါ။ ဒါတွေကို ကျော်လွှားနိုင်ပြီး ကိုယ်လုပ်သင့်တာကို မပြတ်တမ်း လုပ်ဆောင်နေဖို့ လိုပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာမှာပါ။ ကိုယ့်ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို ခံစားလာရမှာပါ။ ကိုယ်က အမြဲ ကြိုးစားနေဖို့တော့ လိုပါတယ်။ ပြီးတော့ ကိုယ့်ဘဝက ဘယ်လောက်ပဲ နိမ့်ကျနေပါစေ၊ အဆင်မပြေဖြစ်နေပါစေ ပညာကို ကြိုးစားသင်ယူခြင်းဟာ ကိုယ့်ဘဝအတွက် တိုးတက်ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခြင်းဖြစ်တယ်ဆိုတာ သတိချပ်ရင်း ကြိုးစားနေဖို့ လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားတော့ အတော်လေး အားငယ်ခဲ့ရသလို၊ မုဆိုးမအမေနဲ့အတူ ညီအစ်ကို မောင်နှမတွေနဲ့ အင်မတန် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပညာကြိုးစားခဲ့လို့ ဒီလို အတိုင်းအတာတစ်ခုထိ အောင်မြင်လာခဲ့ရတာပါပဲ။ ဒီလိုပဲ အမြဲ ကြိုးစားဖြစ်သွားမှာပါ။ ဆရာကြီး ဦးအောင်သင်းပြောသလိုပဲ “သားသမီးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အလေးထားတဲ့ မိသားစုဟာ အခုအချိန်မှာ ဘယ်လိုအခြေအနေမျိုးပဲ ရောက်နေပါစေ နောင်အနာဂတ်တစ်ချိန်ချိန်မှာ ထိပ်တန်းရောက်လာမယ့် မိသားစုပါ။” ဆိုတဲ့ စကားက တကယ့်ကို မှန်ကန်ပါတယ်။ ကျွန်တော့်အမေဆိုရင် သူက မူလတန်းသာ တက်ခဲ့ရဖူးပေမယ့် သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်လို့ ပင်ပင်ပမ်းပမ်း ကြိုးစားခဲ့ရတယ်။ အခု ကျွန်တော်တို့သားသမီးတွေ ထိပ်တန်းမရောက်သည့်တိုင်အောင် မနိမ့်ကျတော့တဲ့ ဘဝမျိုး ရောက်လာခဲ့တာဟာလည်း ဒီပညာရေးရဲ့ ကျေးဇူးတွေပါပဲ။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် အမြဲတစေ အားပေးဖို့ လိုအပ်သလို သားသမီးတွေကလည်း အမှန်တကယ် ပညာလိုလားတဲ့စိတ်နဲ့ အစွမ်းကုန် ကြိုးစားဖြစ်ရင်တော့ ဒီမိသားစုတွေရဲ့ အနာဂတ်ဘဝတွေ ပိုပြီး လှပလာမှာ မလွဲပါဘူး။ ဒီလိုမျိုး ပညာရေးကို အားပေးတဲ့ မိသားစုတွေ များလာတာနဲ့အမျှ ရခိုင်ပြည်ပဲဖြစ်ဖြစ်၊ မြန်မာပြည်ပဲဖြစ်ဖြစ် ထိပ်ဆုံး ရောက်လာမှာအမှန်ပါပဲ။
မေး။ အခုလိုဖြေကြားပေးတဲ့အတွက် ကိုထွန်းမင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
TM: ဟုတ်ကဲ့။ ကျွန်တော်ကလည်း
အခုလိုမျိုး ဖြေကြားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။
((ပြီး))
အင်တာဗျူး (ပထမပိုင်း) ဧ။် မူရင်းလင့် >>> https://www.facebook.com/LaydaungAffairs/posts/773137469491795
အင်တာဗျူး (ဒုတိယပိုင်း) ဧ။် မူရင်းလင့် >>> https://www.facebook.com/LaydaungAffairs/posts/776569942481881
No comments:
Post a Comment