![]() |
ပါမောက္ခဒေးဗစ်ဘရက်ဒလေ၊ ပါမောက္ခမယာဘရက်ဒလေနှင့် စာရေးသူ |
![]() |
ပါမောက္ခဒေးဗစ်ဘရက်ဒလေ ဟောပြောစဉ် |
ဒီနေ့ ကျွန်တော့်ရည်ရွယ်ချက်တစ်ခု ပြည့်မြောက်ခဲ့တယ်လို့ ဆိုနိုင်တယ်။
ကျွန်တော် လာထရုဘ်တက္ကသိုလ်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော် လေးစားတဲ့ ပါမောက္ခနှစ်ဦး ဒီမှာ လုပ်ကိုင်နေလို့ ဖြစ်ပါတယ်။ တစ်ဦးက မြန်မာလူမျိုး ဘာသာဗေဒပညာရှင် ဆရာကြီး ဒေါက်တာသိန်းထွန်း ဖြစ်ပါတယ်။ နောက်တစ်ဦးက သြစတြေးလျနိုင်ငံသား ဘာသာဗေဒပညာရှင်ကြီး ပါမောက္ခ ဒေးဗစ်ဘရက်ဒလေ (David Bradley) ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးနှစ်ဦး ပညာရေးဌာနမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ချိန်က မြန်မာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ပတ်သက်တဲ့ တစ်ချို့သော သုတေသနစာတမ်းတွေကို တွဲဖက်သုတေသနပြု ရေးသားတင်ပြခဲ့ဖူးကြပါတယ်။ ဆရာကြီး ဒေါက်တာသိန်းထွန်းကတော့ ကျွန်တော် ဒီကိုရောက်တဲ့အချိန်မှာ အငြိမ်းစားယူပြီး အခု ကွင်းစလန်ပြည်နယ်မှာ နေထိုင်နေပြီ။ ၂၀၁၂ ခုနှစ်လောက်က အင်းဝစာအုပ်ဆိုင်ကနေ ဝယ်ယူဖြစ်ခဲ့တဲ့ ဘာသာဗေဒအခြေပြု အင်္ဂလိပ်စာရေးနည်းစာအုပ်ကစပြီး ဒေါက်တာသိန်းထွန်း၊ လာထရုဘ်တက္ကသိုလ်ဆိုတဲ့ အမည်တွေကို တွဲလျက်သား ရင်းနှီးခဲ့တယ်။ အခု ဆရာကြီးနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်း မရနိုင်တော့။
ပါမောက္ခဒေးဗစ်ဘရက်ဒလေနဲ့ တွေ့ဆုံချင်ခဲ့တာ ဒီကို ရောက်ကတည်းကပါပဲ။ သူက အငြိမ်းစားယူသွားပြီဖြစ်ပေမယ့် လာထရုတ်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ဘာသာဗေဒပါမောက္ခအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေဆဲ။ သူနဲ့ တွေ့ဆုံချင်ခဲ့ပေမယ့် သူက ကိုယ်နဲ့ တွေ့ဆုံဖို့ အချိန်ပေးနိုင်ပါ့မလား ဆိုတာ တွေးတွေးပြီး သူ့ဆီ တွေ့ဆုံနိုင်ဖို့ မချိန်းဆိုဖြစ်ခဲ့တာ နှစ်တွေကြာခဲ့ပေါ့။ ဒီနေ့ကျမှ သူနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတယ်။ ဒီနေ့ လာထရုတ်တက္ကသိုလ်ဝင်းထဲမှာ Working with China: Atlases and Surveys ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ ဟောပြောပါတယ်။ တက်ရောက်နားထောင်တဲ့သူတွေ (၂၀) ဝန်းကျင်သာရှိပြီး အများစုက တရုတ်လူမျိုးတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဘာသာစကားတွေကို လေ့လာသုတေသနပြုနေတဲ့ ပုဂ္ဂိုလ်အချို့လည်းပါဝင်ပါတယ်။ ကျွန်တော်ကတော့ တရုတ်နိုင်ငံရဲ့ ဘာသာစကားတွေအကြောင်းကို ဗဟုသုတအနေနဲ့ လေ့လာနိုင်ဖို့၊ ပြီးတော့ သူ့ရဲ့ ပင်မသုတေသနနယ်ပယ်ဖြစ်တဲ့ လီဆူး၊ လားဟူစတဲ့ Tibeto-Burman အနွယ်ဝင်ဘာသာစကားတွေအကြောင်း၊ သူ ကျွမ်းကျင်တဲ့ တခြားသုတေသနနယ်ပယ်တွေဖြစ်တဲ့ ရခိုင်ဘာသာစကား၊ ထားဝယ်ဘာသာစကား စတဲ့ နှီးနွှယ်ဆက်စပ်တာတွေ တစ်စွန်းတစ်စ ပြောဆိုဆွေးနွေးလိမ့်မယ်လို့ တွေးပြီး ဒီဟောပြောပွဲကို တက်ဖို့ ဆုံးဖြတ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။ သူနဲ့ ပထမဆုံး လူချင်း တွေ့ဆုံခွင့် ရချင်တာလည်း ပါပါတယ်။
ဒီဟောပြောပွဲမှာ ပါမောက္ခဒေးဗစ်ဘရက်ဒလေ အဓိက ဟောပြောခဲ့တာက (၁၉၈၃) ခုနှစ်ကတည်းက တရုတ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သူ တရုတ်နိုင်ငံမှာ ဘာသာဗေဒသုတေသနတွေ လုပ်ဆောင်လာခဲ့တဲ့ အတွေ့အကြုံတွေ၊ တရုတ်နိုင်ငံတဝှမ်းနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဘာသာစကားတွေအကြောင်း၊ တရုတ်အစိုးရအဆက်ဆက်နဲ့ ညှိယူသုတေသနလုပ်ရတဲ့ အခြေအနေတွေ၊ အခက်အခဲတွေ၊ သူ ရင်ဆိုင်ကျော်လွှားခဲ့ရပုံတွေ၊ သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ (သို့) ကူညီပံ့ပိုးချိတ်ဆက်ပေးခဲ့တဲ့ (အခုခါမှာ) နာမည်ကျော် တရုတ်လူမျိုး ဘာသာဗေဒပညာရှင်တွေ၊ လက်ရှိတရုတ်နိုင်ငံရဲ့ ဘာသာစကားအခြေအနေတွေအကြောင်းပါ။ ကျွန်တော်မျှော်မှန်းထားခဲ့သလို မြန်မာနိုင်ငံက တိဘက်တိုဘားမန်းအနွယ်ဝင်ဘာသာစကားတွေဖြစ်တဲ့ လားဟူ၊ လီဆူးဘာသာစကားတွေအကြောင်းပါ သူ့ ဆွေးနွေးချက်တွေထဲမှာ ကြားညှပ်ပါဝင်ပါသေးတယ်။
သူ့ ဟောပြောဆွေးနွေးချက်တွေအပြီးမှာ ပရိသတ်တွေက မေးခွန်းမေးကြပါတယ်။ ဒုတိယမေးခွန်းမေးသူတစ်ဦးက "တရုတ်နိုင်ငံက ပြည်နယ်တွေ၊ ခရိုင်တွေမှာ ရှိတဲ့ အမျိုးမျိုးသော ဘာသာစကားတွေထဲက တစ်ချို့ဟာ ပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ပါမောက္ခကြီး ဆွေးနွေးသွားတဲ့ အထဲမှာ ပါဝင်တယ်။ ဒီဘာသာစကားတွေကို ပြန်ပြီးရှင်သန်အောင် အသက်သွင်းဖို့ Language revitalization လုပ်ဖို့လိုတယ်။ အခုကော တရုတ်ပြည်မှာ ဒီကိစ္စ ဘယ်လို လုပ်နေကြသလဲခင်ဗျ။" ဆိုတဲ့ မေးခွန်းကတော့ အတော်လေး စိတ်ဝင်စားစရာပါပဲ။ ဒီမေးခွန်းအပေါ် ပါမောက္ခ ဒေးဗစ်ဘရက်ဒလေ ဖြေဆိုသွားတာက "တရုတ်နိုင်ငံမှာ Minority language တွေ မပျောက်သွားစေဖို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အရာတွေအများကြီး ရှိနေသေးတယ်။ အများကြီး လိုအပ်နေပါသေးတယ်" တဲ့။
တတိယမေးခွန်းမေးဖြစ်သူက ကျွန်တော်ပါ။ ကျွန်တော်ကတော့ "ဒုတိယမေးခွန်းမေးသူရဲ့ မေးခွန်းဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းကြောင်း၊ ဒီကိစ္စအတွက် bilingual education ကို ကောင်းကောင်းလေး အသုံးပြုပြီး အစိုးရအနေနဲ့ ဖြေရှင်းပေးရင် Language revitalization ကို အကောင်အထည်ဖော်နိုင်ကြောင်း၊ ဒီမှာ ကျွန်တော် မြင်တာတစ်ခုက နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဘာသာစကားမူဝါဒ (Language policy) အကြား ဆက်စပ်မှုတွေ ရှိကြောင်း၊ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ဟာ ခေတ်သစ်သမိုင်းတလျှောက် နိုင်ငံသားတွေအားလုံးရဲ့ Unification ကိုသာ အလေးထားပြီး၊ diversification ကို အလေးမထားတဲ့ နိုင်ငံရေးသဘောထားမျိုး ရှိတဲ့အတွက်ကြောင့် ဒီနိုင်ငံရေးအခြေအနေတွေက minority language တွေ အပေါ် ရိုက်ခတ်မှုဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတာ ဒီနိုင်ငံရေးသဘောက အခရာကျကြောင်း၊ ပါမောက္ခကြီးအနေနဲ့ကော ဒီအပေါ်မှာ ဘယ်လိုသဘောထားသလဲ။ လက်ရှိ တရုတ်ပြည်မှာ bilingual education ကို သုံးနေတယ်လို့ လေ့လာဖူးပါတယ်။ လက်ရှိ တရုတ်ပြည်ရဲ့ bilingual education ခရီးပေါက်မှုအခြေအနေကော ဘယ်လိုရှိပါသလဲ" ဆိုတဲ့ မေးခွန်းကို မေးဖြစ်တယ်။ သူ ပြန်ဖြေတာက "နိုင်ငံရေးနဲ့ ဘာသာစကားမူဝါဒအကြား ဆက်စပ်မှုရှိတယ်ဆိုတဲ့ အဆိုကို သူ သဘောတူတယ်ဆိုတဲ့အကြောင်း၊ တရုတ်ပြည်မှာတော့ transitional bilingual education (ကျောင်းသားတွေရဲ့ ကနဦးပညာသင်နှစ်တွေမှာ ပထမဘာသာစကားကို ပြောဆိုသင်ကြားပြသပြီး အတန်းမြင့်လာတာနဲ့အမျှ ဒုတိယဘာသာစကား၊ တတိယဘာသာစကားတို့ကို တဖြည်းဖြည်း အသုံးပြုသင်ကြားသင်ယူစေတဲ့ သင်ကြားနည်း) ကို အတော်များများ သုံးနေပြီ ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာတော့ ပြည်မဘက်က မြန်မာစကားပြောတဲ့ ဆရာ၊ ဆရာမတွေက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဘက်က တခြားတိုင်းရင်းသားကလေးငယ်တွေကို သင်ရတဲ့အခါ ကိုယ်ပြောတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်နဲ့ ဘာသာစကားအတားအဆီး ရှိကြောင်း၊ Bilingual education ကို မြန်မာအစိုးရအနေနဲ့ အသုံးပြုဖို့ လိုကြောင်း၊ ဒီလိုနဲ့ ဘာသာစကားတွေ ပျောက်ကွယ်မယ့်အန္တရာယ်ကိုလည်း ကာကွယ်တားဆီးနိုင်ကြောင်း" ဖြေသွားပါတယ်။
ဟောပြောပွဲအပြီး စားသောက်ကြရင်း တခြားပွဲတက်ရောက်သူတွေနဲ့ စကားစမြည်ပြောဆိုကြပါတယ်။ နောက်တော့ ပါမောက္ခဒေးဗစ်ဘရက်ဒလေက ကိုယ့်ကို စကားလာပြောတယ်။ "မင်းနဲ့ ဆက်သွယ်ဖို့ လိပ်စာပေးပါလား" တဲ့။ "ဟုတ်ကဲ့ ... လိပ်စာကဒ်တော့ မရှိပါဘူး။ စာရွက်တစ်ရွက်ပေါ်မှာ ရေးပေးပါ့မယ်။" ဆိုပြီး ကျွန်တော့်ရဲ့ အီးမေးလိပ်စာ၊ဖုန်းနံပါတ်တို့ကို သူ့ဆီ ပေးလိုက်တယ်။ သူ့ဘေးမှာ သူ့ဇနီး Mrs. Bradley လည်း ရှိနေပါတယ်။ လိပ်စာရေးထားတဲ့ စာရွက်ကို သူ့ဆီပေးပြီးနောက် ပါမောက္ခဇနီးမောင်နှံနဲ့ စကား ပြောဖြစ်ကြတယ်။ သူက ကိုယ် လေ့လာနေတဲ့ ဘာသာရပ်တွေအကြောင်း၊ ဘွဲ့အကြောင်း မေးပါတယ်။ ပြီးတော့ "မြန်မာစကား ပြောတတ်ပါသလား" ဆိုပြီး မြန်မာလို သူက မေးတယ်။ ပြောတတ်ပါတယ် လို့ ကိုယ်က ပြန်ဖြေတော့ "ရခိုင်စကား ပြောတတ်ပါလာ" ဆိုပြီး ရခိုင်သံပီပီသသနဲ့ သူ ဆက်မေးပြန်တယ်။ "ဟုတ်ပါယင့်။ ရခိုင်ဖြစ်လို့ ရခိုင်စကား ကောင်းကောင်းကြီး ပြောတတ်ပါရေ" လို့ ကိုယ်က ရခိုင်လို သူ့ကို ပြန်ပြောတယ်။ သူက "မင်းနဲ့ ငါ အေးအေးဆေးဆေး တွေ့ချင်တယ်။ ငါ အားတဲ့တစ်ရက် အေးအေးဆေးဆေး တွေ့ကြရအောင်ကွာ။" တဲ့။ "ရပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီဇင်ဘာ (၁၅) ရက်နေ့ ဘွဲ့ယူပြီး ဒီဇင်ဘာ (၂၆) ဆိုရင် မြန်မာနိုင်ငံ ပြန်ရတော့မယ်။ ဒီကြားထဲ အဆင်ပြေတဲ့အချိန် တွေ့နိုင်ပါတယ်" လို့ သူ့ကို ပြောဖြစ်တယ်။ ကိုယ်က ဆက်ပြီး "ကျွန်တော် ပါမောက္ခရဲ့ စာတွေကို ဒီကိုမရောက်ခင် မြန်မာနိုင်ငံမှာကတည်းက လေ့လာခဲ့ဖူးပါတယ်။ ပါမောက္ခနဲ့ လူချင်း တွေ့ဆုံချင်ခဲ့ပါတယ်။ အခုမှပဲ တွေ့နိုင်တော့တယ်။" လို့ ပြောတော့ သူ့ဇနီးသည်က "အဲဒါများဟယ်။ ဒီထက်စောပြီး သူနဲ့ စောစော ဘာလို့ လာမတွေ့တာလဲ။" လို့ အပြစ်တင်စကားဆိုပါလေရော။ ကျွန်တော်က "အားနာလို့ပါဗျာ။ ပါမောက္ခအနေနဲ့ အင်မတန် အလုပ်ရှုပ်မယ်ဆိုတာ နားလည်လို့ ကိုယ့်အတွက် အချိန်ပေးပြီး တွေ့နေရရင် အားနာဖို့ ကောင်းတယ်လို့ တွေးပြီး မဆက်သွယ်ဖြစ်ခဲ့တာပါ။ တောင်းပန်ပါတယ်။" လို့ အားနာပါးနာနဲ့ ဆိုဖြစ်ခဲ့တယ်။ မခွဲခွာမီ အတူတူ အမှတ်တရ ဓာတ်ပုံတစ်ပုံ ရိုက်ခွင့်ပြုပါလို့ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ဒီနေ့ လူချင်းတွေ့ဖြစ်တာ ရည်ရွယ်ချက်တစ်ခု ပေါက်မြောက်သွားသလို ခံစားမိတယ်။ ကိုယ် အင်မတန်လေးစားကြည်ညိုရတဲ့ စာရေးဆရာကြီးတစ်ယောက်ကို အပြင်မှာ ရင်းရင်းနှီးနှီး တွေ့လိုက်ရလို့ ခံစားလိုက်ရတဲ့ ပီတိလိုမျိုးပါပဲ။ မြန်မာပြည်မပြန်မီစပ်ကြားမှာ သူနဲ့တွေ့ဖြစ်ခဲ့သေးရင် မေးမြန်းဆွေးနွေးချင်တာတွေ အတော်များများ ရှိပါသေးရဲ့။ ပြန်လည် တွေ့ဆုံနိုင်ဖို့လည်း မျှော်လင့်မိပါရဲ့။
ဇွဲသစ် (ရမ္မာမြေ)
25.11.2016
ဇွဲသစ် (ရမ္မာမြေ)
25.11.2016
No comments:
Post a Comment