ထွန်းမင်း (ပညာရေးတက္ကသိုလ်)
သြဂုတ်လ (၄) ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာ၌ စာရေးသူ၏ “စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေး” ဆောင်းပါး ပါခဲ့သည်။ လူအများအဖို့ စာအိတ်များကို မူလရည်ရွယ်ချက်အတိုင်း သုံးသည်သာမက လာဘ်ပေးလာဘ်ယူမှုအတွက် ငွေကြေးထည့်ရန်ပါ သုံးလာကြပုံ၊ ထိုသို့ စာအိတ်များကိုသုံးလျက် လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များနှင့် အပေးအယူမျှနေသည့် စာအိတ်ယဉ်ကျေးမှုတစ်ခု မိမိတို့နိုင်ငံတွင် အမြစ်တွယ်လာခဲ့ပုံ၊ ထိုသို့သော ဓလေ့စရိုက်သည် အကျင့်ပျက်ခြစားမှုပင်ဖြစ်၍ ကင်းစင်ပပျောက်အောင် သက်ဆိုင်သူများက ကြိုးစားသင့်ပုံ၊ စာရိတ္တမာနနှင့် ပြည့်စုံသင့်ပုံတို့ကို အက်ဆေးပုံစံ တင်ပြထားသော ဆောင်းပါးတစ်ပုဒ်ပင် ဖြစ်သည်။
ထိုဆောင်းပါးကို ဖတ်မိသော
မိတ်ဆွေ တက္ကသိုလ်ဆရာမတစ်ဦးက သူ့ထင်မြင်ချက်ကို ဤသို့ ပြောလာသည်။ “ဆရာရယ် ... ကျွန်မအနေနဲ့တော့ ဆရာ့ဆောင်းပါးရဲ့ ရည်ရွယ်ချက်ကို အင်မတန် ထောက်ခံအားပေးပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ ကြိုက်ချင်မှ ကြိုက်ကြမယ်။ ဒီလိုဖြစ်ရပ်မျိုးက ကျွန်မတို့ ပတ်ဝန်းကျင်တွေမှာ တွေ့မြင်နေကြရတာဆိုတော့ ခက်တော့လည်း ခက်ပါတယ်” ဟူ၍ပင်။
သူ့စကားအပေါ် ကျွန်တော် တုန့်ပြန်ပြောဆို ဖြစ်သည်မှာ “မကြိုက်ရင်လည်း ဘယ်တတ်နိုင်မလဲ ဆရာမရယ်။
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ပဲ ပြောရတော့မှာပေါ့” ဟူ၍ ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးကမူ “အင်း - စာအိတ်ထဲ ထည့်ပေးနိုင်လောက်တဲ့ ပမာဏဆိုရင်တော့ နည်းလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ တကယ်လို့သာ ပေးလာတဲ့ ငွေတွေ အများကြီးဆိုရင်ကော တို့တွေရဲ့ သိက္ခာကို ရိက္ခာနဲ့ မလဲဘူးဆိုပြီး တောင့်ခံနိုင်ပါ့မလား” ဟူ၍ တွေးတွေးဆဆ ဆိုလာသည်။ သူ့စကားထဲတွင် တွေးတောစရာ များစွာ
ပါသည်။ သူက မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။ စာရှုသူတို့အနေဖြင့်ကော
မိမိကိုယ်ကိုယ် ထိုသို့ ဆင်ခြင်သုံးသပ်ကြည့်မိကြပါသလား။ တစ်စုံတစ်ဦးက ထိုသို့ မေးလာသည်ရှိသော်
မည်သို့ ပြန်ဖြေဖြစ်ကြပါမည်နည်း။ ထိုသို့ ရိက္ခာ (ငွေပမာဏ)
များများနှင့် သိက္ခာကို အပေးအယူလုပ်ရမည့် အခြေအနေမျိုးကို ကိုယ်တိုင်
ကြုံတွေ့လာရသည်ဆိုပါလျှင် တောင့်ခံနိုင်ကြပါမည်လော။ အတော်ပင် ဆုံးဖြတ်ရခက်မည့် အနေအထားတစ်ခုဟု
စာရေးသူ ထင်ပါသည်။
***