Friday 4 August 2017

စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေး

 ထွန်းမင်း (ပညာရေးတက္ကသိုလ်)

()

ယခုခေတ်လို အင်တာနက်၊ အီးမေးလ်တို့ကို မသုံးဖြစ်ကြသေးသော တစ်ခေတ်တစ်ခါက စာအိပ်ကလေးများသည် ကျွန်တော်တို့အတွက် စာပို့ဆက်သွယ်ရေးတွင် မရှိမဖြစ်သော အရာတစ်ခု ဖြစ်ခဲ့သည်။ လေယာဉ်ပုံအသားတံဆိပ်နှင့် ရိုးရိုးစာအိပ်ဖြူ အကြီး၊ အသေးမှအစ ရေမွှေးဆွတ်ထားသော အလှတန်ဆာဆင်ထားပြီးသည့် စာအိပ်များအဆုံး စာအိပ်မျိုးစုံ တွေ့ဖူးခဲ့ကြပေမည်။ ၎င်းတို့ကို ရည်ရွယ်ချက်အလိုက် လူအမျိုးမျိုးက အသုံးပြုခဲ့ကြသည်ပင်။ တစ်ချို့လူငယ်များက ချစ်သူမိန်းကလေးကို ရေမွှေးရနံ့သင်းသော ရောင်စုံစာအိပ်လေးထဲ ချစ်သဝဏ်လွှာထည့်ကာ ပါးတတ်ခဲ့ကြသည်။ အများစုကမူ ရိုးရိုးစာအိပ်များကို သုံးလျက် စာတိုက်မှတစ်ဆင့် တစ်မြို့တစ်ရွာဆီ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် စာပို့ခဲ့ကြသည်။
စာအိပ်နှင့် စာပို့ခြင်း မစတင်မီ ရှေးအခါက စနစ်တကျ လေ့ကျင့်ထားသော ကျေးငှက်များ၊ ခိုများဖြင့် စာပို့ခြင်းအမှုကို ပြုခဲ့ကြသည်ဟု ဖတ်မှတ်ကြားသိဖူးသည်။ ထိုစဉ်ကတည်းက အကြောင်းအမျိုးမျိုးဖြင့် စာသဝဏ်လွှာ ပါးခဲ့ကြပေသည်။ အချစ်ရေးအတွက် ကျေးစေခိုင်းခဲ့ကြသကဲ့သို့ စစ်ရေးအတွက်လည်း ခိုများဖြင့် စာပို့ခဲ့ကြသည်ဟု ဆို၏။
ဤသို့ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာရင်း စာပို့သည့်စနစ်ပင် ပြောင်းလဲလာခဲ့ပေပြီ။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက တစ်ဖက်လူ၏ အိမ်လိပ်စာကို သိမှသာ စာပို့၍ ရသော်လည်း ယခုအခါ တစ်ဖက်လူ၏ အီးမေးလ်လိပ်စာကို သိရုံမျှဖြင့် စက္ကန့်ပိုင်းအတွင်း စာအရောက် ပို့နိုင်ပေပြီ။ ထို့ထက် အမြန်ချောပို့ဟူ၍ မရှိနိုင်တော့။ တစ်ဖန် ပို့သူနှင့်လက်ခံသူ နှစ်ဖက်စလုံးတွင် ဖက်စ်ရှိပါက စာမျက်နှာများကို စကင်ဖတ်၍ တစ်ဖက်သို့ ပို့လိုက်ရုံဖြင့် ပရင့်ထုတ်ပြီးသား စာများ လက်ခံသူ၏ ဖက်စ်ထဲမှ တန်းခနဲ ထွက်လာနိုင်သည့် ခေတ်မျိုးပင် ဖြစ်သည်။ နည်းပညာတိုးတက်ထွန်းကားလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး မည်မျှပင် ဝေးကွာနေကြပါစေ မြန်ဆန်တိကျစွာ ဆက်သွယ်လာနိုင်ကြပြီ ဖြစ်သည်။ သို့သော် ယနေ့ခေတ်လူ့အဖွဲ့အစည်း၌ စာအိပ်ကလေးများမှာ တစ်နည်းတစ်ဖုံ အသုံးဝင်လျှက် ရှိနေဆဲ ...

()

စာအိပ်ကလေးများကို ပြုလုပ်ခြင်း၏ မူလရည်ရွယ်ချက်သည် အထဲတွင် စာထည့်၍ တစ်နယ်တစ်ကျေးသို့ စာပို့ရန် ဖြစ်ခဲ့ပေမည်။ သို့သော် ယနေ့ခေတ်လို အင်တာနက်၊ အီးမေးလ်ကို အသုံးတွင်ကျယ်လာသည့် ခေတ်အခါတွင် စာအိပ်ဖြင့် စာပို့သည့် အလေ့အထ တဖြည်းဖြည်း နည်းပါးလာကြပေပြီ။ နိုင်ငံတစ်နိုင်ငံ ပို၍ တိုးတက်လာလေလေ နည်းပညာသုံး၍ စာပို့ဆက်သွယ်မှု ပိုမို များပြားလာလေလေ ဖြစ်ပေမည်။
မည်သို့ဆိုစေ အထက်တွင်ဆိုခဲ့သလို ယနေ့ခေတ်လူ့အဖွဲ့အစည်း၌ စာအိပ်ကလေးများ အသုံးဝင်သည့် နေရာများလည်း ရှိပေသေးသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ သံဃာတော်များကို ဝတ္ထုငွေ ကပ်လှူသည့်အခါ စာအိပ်ကလေးများ အသုံးတည့်သည်။ အာစရိယပူဇော်ပွဲများတွင် မိမိတို့၏ အာစရိယ ဆရာ၊ ဆရာမများကို ပူဇော်ကန်တော့ငွေ ထည့်ရန် အသုံးဝင်လှသည်။ ဆရာ၊ ဆရာမများအဖို့ စာမေးပွဲမေးခွန်းလွှာ စသည့် အရေးကြီး စာရွက်စာတမ်းများကို စာအိပ်ထဲတွင် ထည့်၍လည်း သက်ဆိုင်ရာဌာနများကို ပို့တတ်ကြသည်။ တစ်ချို့သော ကျောင်းသားမိဘများက မိမိတို့၏ သားသမီးများကို လာသင်ပေးသော ကျူရှင်ဆရာများအတွက် လစာငွေကို စာအိပ်ထဲတွင် ထည့်၍ ပေးတတ်ကြသည်။ သင့်တော်လျော်ကန်သည့် နေရာများတွင် စာအိပ်ကို ထိုသို့ အဆင်ပြေအောင် အသုံးပြုခြင်းသည် ကောင်း၏။ သူ့ရည်ရွယ်ချက်နှင့်သူ အဆင်ပြေသွားစေသည်သာ။
သို့ရာတွင် တစ်ချို့သော သူများက မိမိတို့အကျိုး မျှော်ကိုးလျက် ဌာနဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးဦးထံ ငွေကြေးတံစိုးလက်ဆောင် ထည့်ပေးနိုင်ရေးအတွက်ပါ စာအိပ်ကလေးက တစ်ခါတစ်ရံ တာဝန်ထမ်းဆောင် ပေးရတတ်ပြန်သည်။ ထိုငွေကြေးကို သက်ဆိုင်ရာပုဂ္ဂိုလ်က လက်ခံ၍ ပေးသူအတွက် မလျှော်မကန် အကျိုးဆောင် ပေးပါလျှင်မူ ၎င်းသည် လာဘ်ပေးလာဘ်ယူမှုပင် ဖြစ်ပေ၏။ ထိုသို့သော စာအိပ်ယဉ်ကျေးမှုသည် ဝန်ထမ်းလောကတွင် ပေါများလှသည်ဟု အစိုးရဝန်ထမ်းမဟုတ်သော အပြင်လူများက ဝေဖန်တတ်ကြသည်။ မိမိကိုယ်တိုင်သည်လည်း ဝန်ထမ်းတစ်ဦးဖြစ်လေရာကြားရ နားဝ မချမ်းသာဆိုသလို ခံစားခဲ့ဖူးသည်။ ထိုစာအိပ်ယဉ်ကျေးမှုသည် မလုပ်သင့်၊ မဖြစ်သင့်သော ယဉ်ကျေးမှုတစ်မျိုးဖြစ်ပါ၏။ သို့သော် ... ထိုသို့သော်သည် အလွန်ထိလွယ်ရှလွယ် ဖြစ်တတ်ပေသည်။ ပြုစရာ ပြင်စရာများ၊ တည့်မတ်စရာများ၊ ဖာထေးစရာများနှင့် ပြွန်းတီးနေပေမည်။ ဆရာကြီးဦးအောင်သင်းစကားနှင့် ပြောရပါလျှင် ထိုသို့ မလိုလားဖွယ် စာအိပ်ယဉ်ကျေးမှုကို အားပေးအားမြှောက်ပြုသူများသည် ရှိသင့်ရှိထိုက်သော စာရိတ္တမာနခေါင်းပါးနေသူများပင် ဖြစ်ပေသည်။ ရှက်ဖွယ် ဖြစ်သဖြင့် အချိန်မီ ပြင်ဆင်နိုင်အောင် ကြိုးစားသင့်ပေသည်။

()

လွန်ခဲ့သော ဇူလိုင်လ ၂၁ ရက်နေ့က စာရေးသူ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ဆရာမဝင်းဝင်းမြင့် (နန်းတော်ရှေ့) တို့ စာပေဟောပြောပွဲအတွက် ကြွရောက်ဟောပြောခဲ့ကြသည်။ ထိုဟောပြောပွဲတွင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကပန်းတိုင်ရှိရာဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆရာ့ဟောပြောချက်ထဲမှ စာရေးသူအတွက် အမှတ်ရစရာတစ်ခုမှာ အာဏာရှင်အစိုးရ အုပ်ချုပ်ခံတိုင်းပြည်တစ်ခုတွင် ပြည်သူများ စနစ်တကျ ဖျက်ဆီးခံရတတ်ပုံပင် ဖြစ်သည်။ သုတေသနတစ်ခုကို ကိုးကားလျှက် ဆရာက () ပြည်သူများ စာမဖတ်အောင် လုပ်နိုင်လျှင် အာဏာရှင်အစိုးရ အနှစ်နှစ်ဆယ် အုပ်ချုပ်နိုင်ကြောင်း၊ () ပြည်သူများ စာမတတ်အောင် လုပ်နိုင်လျှင် နှစ်လေးဆယ် အုပ်ချုပ်၍ရကြောင်း၊ () ပြည်သူများကို အကျင့်ပျက်အောင် လုပ်ထားနိုင်လျှင် နှစ်တစ်ရာအုပ်ချုပ်၍ရကြောင်း ဆိုသည်။ ဆရာက မိမိတို့ မြန်မာပြည်သည်လည်း အာဏာရှင်အုပ်ချုပ်ခဲ့သည့် နိုင်ငံပီပီ အကျင့်ပျက်ခြစားမှုများအမြစ်တွယ်လာခဲ့ကြောင်း ကိုယ်တွေ့သာဓက တစ်ချို့ပေး၍ ဟောပြောသွားသည်။
ဆရာ့ဟောပြောချက်ကို နားထောင်ရင်း စာရေးသူ ရင်မောမိသည်။ မိမိတို့နိုင်ငံတွင် ဌာနလည်း ဌာနအလျောက်၊ ရုံးလည်း ရုံးအလျောက်၊ တက္ကသိုလ်လည်း တက္ကသိုလ်အလျောက်၊ ကျောင်းလည်း ကျောင်းအလျောက် အထက်ပါ အကျင့်ပျက်မှုများ တွယ်ကပ်နေခဲ့ကြကြောင်းကို သူတွေ့ ကိုယ်တွေ့ သာဓကများစွာက လှစ်ဟဖော်ပြနေသည်။ ယခုအချိန်မှာကော မရှိတော့ဘူးလားဟု မေးလာလျှင် ရှိနေဆဲဖြစ်ကြောင်း ဆိုရပေမည်။ ထိုအဆိုကို သက်သေအထောက်အထားအဖြစ်ပြနိုင်မည့် သူတွေ့ ကိုယ်တွေ့ သာဓကများ လွန်စွာ ရှားပါးမည်မထင်ပါ။ ထိုသို့သော သာဓကများကို ဝေးဝေးလံလံ ရှာရမည်လည်း မထင်ပါ။ တစ်ချို့ဆိုလျှင် ဗြောင်ကျကျ လာဘ်ပေးလာဘ်ယူမှု ရှိတတ်သလို တစ်ချို့ကမူ စာအိပ်ယဉ်ကျေးမှုကိုနားလည်မှုဟူသော ခေါင်းစဉ်အောက်တွင် သွင်းလိုက်တတ်ကြသည်လည်း ရှိသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကြီး (Transparency International) ၂၀၁၆ အကျင့်ပျက်ခြစားမှုစစ်တမ်းအရ ပွင့်လင်းမြင်သာမှုပိုင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် ၁၃၆ နေရာချိတ်ခဲ့ခြင်း ဖြစ်ပေမည်။ ထိုစစ်တမ်းအရ ကမ္ဘာပေါ်တွင် လေးဆယ့်တစ်ခုမြောက် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ သတ်မှတ်ခံရသည်။ ၂၀၁၅ ခုနှစ်က ၂၁ ခုမြောက် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံ ဖြစ်ခဲ့သဖြင့် ၂၀၁၆ ခုနှစ်တွင် ခြစားမှုအနည်းငယ် လျော့ကျလာသည် ဆိုသော်လည်း ကမ္ဘာ့နိုင်ငံများ၏ အောက်ဆုံးနားတွင် ရှိနေဆဲဖြစ်သည်။  ဤပြဿနာကို ဖြေရှင်းနိုင်ရန် အားလုံးဝိုင်းဝန်း၍ အင်တိုက်အားတိုက် ကြိုးစားကြရပေဦးမည်။
အထက်ပါအတိုင်း ဆိုလိုက်သည့်အတွက် မိမိတို့ ဝန်ထမ်းလောကတွင် အားလုံး ထိုသို့ချည်းဟူ၍ မဆိုလိုပေ။ လွန်စွာ သိက္ခာရှိပြီး လာဘ်ပေးလာဘ်ယူမှုကင်းသော ပုဂ္ဂိုလ်များလည်း တွေ့ကြုံရဖူးပါသည်။ ထိုပုဂ္ဂိုလ်များသည် သိက္ခာကို ရိက္ခာနှင့် မလဲကြသူများပင်တည်း။ တစ်နည်းဆိုရသော် သူတို့သည် စာရိတ္တမာန ကျောက်စိုင်ကျောက်သားပမာ ခိုင်ခံ့သူများပင် ဖြစ်၏။ ချီးကျူးလေးစားဖွယ် ပုဂ္ဂိုလ်များပင်။ ထိုသူတို့သည် စာအိပ်ယဉ်ကျေးမှုကို လက်မခံ။ အကယ်၍ မိမိက လုံးဝ သတိမမူမိဘဲ ပေးလာသော စာအိပ်ကို ယူလိုက်မိလျှင်လည်း ၎င်း၏ တန်ဖိုးမည်မျှပင် ရှိနေပါစေ ပြန်ပေးတတ်ကြသည်။ ထိုသူတို့သည် မိမိတို့ဖက်မှ လုပ်သင့်လုပ်ထိုက်သည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ပေးသည်။ ထိုအတွက် တစ်ဖက်လူထံမှ လာဘ်လာဘများကို သူတို့ မမျှော်ကိုးပေ။ များသောအားဖြင့် ငါ သူ့အတွက် ဒါ လုပ်ပေးလိုက်လို့ သူ ငါ့အတွက် တစ်ခုခု ပြန်လုပ်ပေးရမယ် (သို့) ပြန်လုပ်ပေးသင့်တယ်ဟူသော အကျိုးမျှော်စိတ် မရှိကြပေ။ ထို့ကြောင့်ပင် ထိုသို့သော ပုဂ္ဂိုလ်များသည် သူတို့နှင့် ပတ်သက်ဆက်နွယ်သူများ၏ လေးစားမှုကို ခံရတတ်သည်။ စာအိပ်ယဉ်ကျေးမှုအပါအဝင် လာဘ်ပေးလာဘ်ယူမှုကို အားပေးသည့် ပုဂ္ဂိုလ်များကိုမူ လာဘ်ပေးသူက ရှေ့တွင် လေးစားအားကိုးသယောင် ဟန်ဆောင်ပြုမူတတ်သော်လည်း ကွယ်ရာ၌မူ လေးစားခြင်း မခံရတတ်ကြောင်း လေ့လာဆန်းစစ်မိသည်။

()

ဇူလိုင်လ ၂၁ ရက်နေ့ The Voice သတင်းစာပါ ကာတွန်းတစ်ကွက်က ဤသို့ ဖြစ်သည်။ အရာရှိတစ်ဦးဖြစ်ဟန်ရှိသည့် တိုက်ပုံဝတ် အမျိုးသားက သာမန်ဝန်ထမ်းတစ်ဦးဖြစ်ဟန်ရှိသည့် စွပ်ကျယ်ဝတ် အမျိုးသားကို ပြောလိုက်သည်မှာ မူပြောင်းသော်လည်း လူများ မပြောင်းလျှင် ဘာမှ မထူးဟူ၍ပင်။ ထိုအခါ တစ်ဖက်လူက မျက်ကလဲ့ဆန်ပြာနှင့် မူပြောင်းတိုင်း လူပြောင်းရလျှင် အားလုံး ဒုက္ခရောက်သွားနိုင်ကြောင်း ပြန်ထောက်သည်။ ဤတွင် ပထမလူက လူပြောင်းခြင်းဟူသည် အကျင့်ဆိုးအကျင့်ယုတ်များကို အကျင့်ကောင်းအကျင့်မှန်အဖြစ် ပြောင်းရမည်ကိုသာ ဆိုလိုကြောင်း ပြန်ရှင်းပြလိုက်တော့သည်။

()

မြန်မာနိုင်ငံသည် ဒီမိုကရေစီခရီးလမ်းပေါ် လျှောက်လှမ်းလာသည့်အချိန်တွင် လူမပြောင်းသည့်တိုင် လူကောင်းများ ဖြစ်အောင် အကျင့်ဆိုးအကျင့်ယုတ်များနှင့် ကတ္တီပါလမ်းခွဲ လုပ်သင့်နေပါပြီ။ တစ်ချိန်တည်းတွင် အကျင့်ကောင်း အကျင့်မှန်များကို ထွေးပွေ့လက်ခံ ကြိုဆိုနိုင်အောင် ကြိုးစားကြရပါမည်။ မြန်မာနိုင်ငံ အခြေခံပညာကျောင်းများတွင် မြင်တွေ့နေကျ သတိပေးစာတန်းတစ်ချို့ရှိသည်။ဆေးလိပ် ကင်းစင်နယ်မြေခြင်ကျားကင်းစင်ကျောင်းစသည်ဖြင့်ပင်။ ယခုလည်း မြန်မာနိုင်ငံ၏ ရုံး၊ဌာနတိုင်းကိုစာအိပ်ယဉ်ကျေးမှု ကင်းစင်နယ်မြေ ထိုမှတစ်ဆင့်လာဘ်ပေးလာဘ်ယူ ကင်းစင်နယ်မြေဟူ၍ သတ်မှတ်ကာ နှစ်ဦးနှစ်ဘက်လုံးက စာပါအတိုင်း အမှန်တကယ် လိုက်နာကျင့်ကြံနိုင်ကြမည်ဆိုပါလျှင် ...  


ထွန်းမင်း (ပညာရေးတက္ကသိုလ်)

(4/8/2017 ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါး ဖြစ်ပါသည်။)

No comments:

Post a Comment