Sunday 13 August 2017

စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေး (၂)


ထွန်းမင်း (ပညာရေးတက္ကသိုလ်)

သြဂုတ်လ () ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာ၌ စာရေးသူ၏စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေးဆောင်းပါး ပါခဲ့သည်။ လူအများအဖို့ စာအိတ်များကို မူလရည်ရွယ်ချက်အတိုင်း သုံးသည်သာမက လာဘ်ပေးလာဘ်ယူမှုအတွက် ငွေကြေးထည့်ရန်ပါ သုံးလာကြပုံ၊ ထိုသို့ စာအိတ်များကိုသုံးလျက် လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များနှင့် အပေးအယူမျှနေသည့် စာအိတ်ယဉ်ကျေးမှုတစ်ခု မိမိတို့နိုင်ငံတွင် အမြစ်တွယ်လာခဲ့ပုံ၊ ထိုသို့သော ဓလေ့စရိုက်သည် အကျင့်ပျက်ခြစားမှုပင်ဖြစ်၍ ကင်းစင်ပပျောက်အောင် သက်ဆိုင်သူများက ကြိုးစားသင့်ပုံ၊ စာရိတ္တမာနနှင့် ပြည့်စုံသင့်ပုံတို့ကို အက်ဆေးပုံစံ တင်ပြထားသော ဆောင်းပါးတစ်ပုဒ်ပင် ဖြစ်သည်။
ထိုဆောင်းပါးကို ဖတ်မိသော မိတ်ဆွေ တက္ကသိုလ်ဆရာမတစ်ဦးက သူ့ထင်မြင်ချက်ကို ဤသို့ ပြောလာသည်။ဆရာရယ် ... ကျွန်မအနေနဲ့တော့ ဆရာ့ဆောင်းပါးရဲ့ ရည်ရွယ်ချက်ကို အင်မတန် ထောက်ခံအားပေးပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ ကြိုက်ချင်မှ ကြိုက်ကြမယ်။ ဒီလိုဖြစ်ရပ်မျိုးက ကျွန်မတို့ ပတ်ဝန်းကျင်တွေမှာ တွေ့မြင်နေကြရတာဆိုတော့ ခက်တော့လည်း ခက်ပါတယ်ဟူ၍ပင်။ သူ့စကားအပေါ် ကျွန်တော် တုန့်ပြန်ပြောဆို ဖြစ်သည်မှာမကြိုက်ရင်လည်း ဘယ်တတ်နိုင်မလဲ ဆရာမရယ်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ပဲ ပြောရတော့မှာပေါ့ဟူ၍ ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးကမူ အင်း - စာအိတ်ထဲ ထည့်ပေးနိုင်လောက်တဲ့ ပမာဏဆိုရင်တော့ နည်းလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ တကယ်လို့သာ ပေးလာတဲ့ ငွေတွေ အများကြီးဆိုရင်ကော တို့တွေရဲ့ သိက္ခာကို ရိက္ခာနဲ့ မလဲဘူးဆိုပြီး တောင့်ခံနိုင်ပါ့မလားဟူ၍ တွေးတွေးဆဆ ဆိုလာသည်။ သူ့စကားထဲတွင် တွေးတောစရာ များစွာ ပါသည်။ သူက မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။ စာရှုသူတို့အနေဖြင့်ကော မိမိကိုယ်ကိုယ် ထိုသို့ ဆင်ခြင်သုံးသပ်ကြည့်မိကြပါသလား။ တစ်စုံတစ်ဦးက ထိုသို့ မေးလာသည်ရှိသော် မည်သို့ ပြန်ဖြေဖြစ်ကြပါမည်နည်း။ ထိုသို့ ရိက္ခာ (ငွေပမာဏ) များများနှင့် သိက္ခာကို အပေးအယူလုပ်ရမည့် အခြေအနေမျိုးကို ကိုယ်တိုင် ကြုံတွေ့လာရသည်ဆိုပါလျှင် တောင့်ခံနိုင်ကြပါမည်လော။ အတော်ပင် ဆုံးဖြတ်ရခက်မည့် အနေအထားတစ်ခုဟု စာရေးသူ ထင်ပါသည်။
***
အထက်ပါအချက်နှင့်ပတ်သက်၍ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ပါ ဆရာနန္ဒာသိန်းဇံ၏ ဆွေးနွေးချက်ကို ဆက်စပ်တင်ပြလိုပါသည်။ ဆရာက ပြင်းထန်သော ဆန္ဒနှင့် မြင့်မြတ်သော ရည်မှန်းချက်တို့ မရှိသည့်အခါ လူသည် မကောင်းသော အပြုအမူများကို ရှောင်၍ ကောင်းသော အပြုအမူများကို ပြုရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် ဖောက်ပြန်ချင်စိတ် ဖြစ်ပေါ်လာလျှင် မဖောက်ပြန်အောင် တောင့်မခံနိုင်ကြကြောင်း ဆွေးနွေးတင်ပြထားသည်။ အချို့သော ပုဂ္ဂိုလ်များသည် အမှန်တကယ် လိုချင်မက်မောလောက်သော ငွေကြေးလာဘ်လာဘများ၏ ညှို့ငင်ဖမ်းစားမှုကို ကိုယ်တိုင် ကြုံလာသောအခါ ဘာမှအမှားအမှန် မပြောတော့ဘဲ (တောင့်မခံနိုင်တော့ဘဲ) ဆိတ်ဆိတ်ငြိမ်ငြိမ် လက်ခံမိလိုက်တတ်ကြကြောင်း၊ မိမိ၏စိတ်၌ မြင့်မြတ်သော ရည်မှန်းချက်၊ ပြင်းထန်သော ဆန္ဒနှင့် ခိုင်ခံ့သည့် စိတ်ဓာတ်တို့ မရှိသောအခါ အဂတိတရားလေးပါးကို လိုက်စားမိနိုင်ကြောင်းကိုလည်း ဆရာက မီးမောင်းထိုးပြခဲ့သည်။
ဆရာကြီးဦးသုခ၏သုခမှတ်စုစာအုပ်အရ အဂတိတရားလေးပါးဟူသည် () ဆန္ဒာဂတိ (ချစ်သဖြင့် တစ်ဖက်သတ် စီရင်ခြင်း) () ဒေါသာဂတိ (အမျက်ဒေါသကြောင့် တစ်ဖက်သတ် စီရင်ခြင်း) () ဘယာဂတိ (ကြောက်ရွံ့သဖြင့် တစ်ဖက်သတ် စီရင်ခြင်း) နှင့် () မောဟာဂတိ (တွေဝေ၍ တစ်ဖက်သတ် စီရင်ခြင်း) တို့ ဖြစ်ကြောင်း မှတ်သားရပါသည်။ တစ်စုံတစ်ဦးက မိမိနှင့် ဆွေမျိုးတော်၍ ဖြစ်စေ၊ ရင်းနှီး၍ ဖြစ်စေ၊ မိမိဌာနမှ ဖြစ်နေ၍ ဖြစ်စေ သူ့ကို တပါးသူတို့ထက် မျက်နှာသာပေးခြင်း၊ သူ့အတွက် ဘက်လိုက်ဆုံးဖြတ်ခြင်းမျိုးသည် ဆန္ဒာဂတိ ဖြစ်သဖြင့် အဂတိတစ်မျိုးပင် ဖြစ်သည်။ တစ်စုံတစ်ဦးက မိမိနှင့် မတည့်၍သော်လည်းကောင်း၊ မိမိအလိုနှင့် ဖီလာကန့်လန့်ပြုမူနေ၍သော်လည်းကောင်း သူ ထိုက်တန်သော အရာကို မပေးဖြစ်အောင် တမင်ကြံရွယ်၍ ဆုံးဖြတ်လိုက်ခြင်း၊ သူ မလိုချင်သောအရာကို ပေးခြင်း၊ မသွားချင်သော နေရာဌာနသို့ ပို့လွှတ်ခြင်းစသည်တို့သည် ဒေါသာဂတိပင် ဖြစ်၏။ မဖြစ်သင့်ပေ။
တစ်ခါ အထက်လူကြီးကို ကြောက်၍သော်လည်းကောင်း၊ မိမိရာထူး (သို့မဟုတ်) အာဏာ တည်မြဲစေရေးအတွက် အထက်လူကြီး၏ အငြိုအငြင်ခံရမည်ကို စိုးရွံ့၍သော်လည်းကောင်း၊ တစ်နည်းအားဖြင့် မျက်နှာလိုမျက်နှာရ လုပ်လို၍သော်လည်းကောင်း လုပ်သင့်လုပ်ထိုက်သည့်ကိစ္စကို မလုပ်ဆောင်ဘဲ တစ်ဖက်သတ်ဆုံးဖြတ်ခြင်းသည် ဘယာဂတိဟူ၍ စာရေးသူ နားလည်မိသည်။ ဤသို့သော အဂတိတရားမျိုးသည် မိမိတို့ ဝန်ထမ်းလောကတွင် ပို၍ အတွေ့ရများသည်လားမသိ။ ဖြစ်သင့်သော အခြေအနေမျိုးကား မဟုတ်ပေ။ ကြောက်သဖြင့် အထက်လူကြီးကို ဖား၍ လက်အောက်ငယ်သားများကို ဖိနှိပ်ခြင်းသည် ဗျူရိုကရက်တစ်စနစ်၏ ကျင့်ရိုးကျင့်စဉ်တစ်ခုသာဖြစ်ရာ ယခုလို ဒီမိုကရေစီစနစ်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပါသည်။ နောက်ဆုံးအဂတိတရားဖြစ်သော မောဟာဂတိသည်လည်း မိမိအနေဖြင့် ကိစ္စတစ်စုံတစ်ရာအပေါ် မည်သို့ဆုံးဖြတ်ရမည်မသိဘဲ ဝေခွဲမရဖြစ်ကာ တစ်ဖက်သတ်ဆုံးဖြတ်လိုက်ခြင်းမျိုး ဖြစ်၍ မဖြစ်သင့်သော အခြေအနေတစ်ခု ဖြစ်ပါသည်။
ယခုခေတ်တွင် လူတစ်ချို့ ပြောကြသည်က ငွေသုံးသိန်းလောက်ထိ လာဘ်စားမှုမမြောက်ဟူ၍ပင်။ ယခင်ကဆိုလျှင်အောက်ဆိုဒ်ရသည်ဟူသော စကားမျိုး အပြောများခဲ့သည်။ မည်သူ၏ အလုပ်က အောက်ဆိုဒ် များများရကြောင်း၊ မည်သူ၏ အလုပ်က အောက်ဆိုဒ် နည်းကြောင်း စသည်ဖြင့် ပြိုင်ဆိုင်ကြွားဝါလျက် ပြောဆိုကြသည်မျိုး တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးသည်။ ယခုတိုင် အဝေးသင် (စာပေးစာယူ) သင်တန်းသူ၊ သင်တန်းသားများအတွက် စာစဉ်ရေးပေးလျှင် တစ်ဦးအတွက် သုံးသောင်း၊ ကျောင်းအပ်ပေးလျှင် တစ်ဦးလျှင် ငါးထောင်ကျပ် စသည်ဖြင့် ဈေးကွက်ပေါက်ဈေးမျိုးစုံ ရှိနေဆဲဖြစ်ကြောင်း ကြားသိနေရသည်။ အဝေးသင်စာစဉ်မေးခွန်းအတွက် အဖြေဟူ၍ ရောင်းသူကရောင်း၊ ဝယ်သူကဝယ် အပေးအယူ မျှနေဆဲဖြစ်ကြောင်း မြင်နေရသည်။ တစ်ချို့ဆရာများက အဝေးသင်ကို အမှီပြု၍ ကျူရှင်သင်ရန် ခွင်ဖန်ကြသည်လည်း ရှိကြောင်း ကြားသိနေရသည်။ ပိုဆိုးသည်မှာ ဝန်ထမ်းတစ်ဦးဦး အပြောင်းအရွှေ့ပါဖို့အရေး သက်ဆိုင်ရာပုဂ္ဂိုလ်ကို ချဉ်းကပ်ကာ နောက်တော်ပါးမှ ထက်ချပ်မခွာ လိုက်ပါလျက် အကုန်အကျခံပေးရသည့် ဇာတ်လမ်းများကိုလည်း နားသောတဆင်နေရဆဲဖြစ်သည်။ ထို့ထက်ပိုဆိုးသည်က သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦး ထံမှ လက်မှတ်တစ်ချက် ထိုးပေးစေရေးအတွက် စာအိတ်ထဲ ဈေးဝယ်ကဒ် ထည့်ပေးကာ မျက်နှာလုပ်ရကြောင်းလည်း ကြားသိနေရသည်။ ယိုသူမရှက် မြင်သူရှက် ဆိုသလိုပြုသူမရှက် ကြားသူရှက်အဖြစ်မျိုးပင်။ ထိုသို့သော အဖြစ်သနစ်မျိုးကို စီကာပတ်ကုံး ပြောလျှင် တစ်ထောင့်တစ်ညပုံပြင် ဖြစ်ပေတော့မည်။
ဆိုခဲ့ပါအတိုင်း စာအိတ်ယဉ်ကျေးမှုသည် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျန်းမာရွှင်လန်းစွာ ရှင်သန်နေဆဲ ဖြစ်သည်ကို ဝမ်းနည်းဖွယ် တွေ့နေရဆဲပင် ဖြစ်သည်။ ယနေ့ခေတ်အခါ၌စာအိတ်ယဉ်ကျေးမှုဟူသော စကားစုက လာဘ်ပေးလာဘ်ယူမှုမျိုးစုံကို အတိုင်းအတာတစ်ခုထိ ခြုံငုံမိပေမည်။ စာအိတ်ထဲတွင် ငွေပမာဏအနည်းငယ်ကို ထည့်လျှင်လည်း ဖြစ်နိုင်သလို ငွေပမာဏများစွာတန်သည့် ဘဏ်ကဒ်တစ်ခု (သို့မဟုတ်) ချက်လက်မှတ်တစ်စောင် ထည့်လျှင်လည်း ထည့်နိုင်ပေသည်။ ပြောရလျှင် ကားသော့မှအစ အိမ်စာချုပ်၊ မြေကွက်စာချုပ်အဆုံး ပေးချင်လျှင်လည်း စာအိတ်ထဲတွင် ထည့်နိုင်သည့် အရွယ်အစားသာဖြစ်သဖြင့် စာအိတ်ယဉ်ကျေးမှုဟူသော စကားမှ ပြေးမလွတ်နိုင်သေးပေ။ အတော်ပင် တွင်ကျယ်လှသော စာအိတ်ယဉ်ကျေးမှုပါတကား။
အထက်တွင် ဆရာနန္ဒာသိန်းဇံ၏ စကားကို ကိုးကားလျက် မိမိ၏စိတ်၌ မြင့်မြတ်သော ရည်မှန်းချက်၊ ပြင်းထန်သော ဆန္ဒနှင့် ခိုင်ခံ့သည့် စိတ်ဓာတ်တို့ မရှိသောအခါ အဂတိတရားလေးပါးကို လိုက်စားမိနိုင်ကြောင်း၊ ကြီးမားသော လာဘ်လာဘများနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသောအခါ တောင့်မခံနိုင်တော့ဘဲ ဆိတ်ငြိမ်စွာ လက်ခံတတ်သူများ ရှိတတ်ကြောင်း တင်ပြခဲ့သည်။ လက်ရှိအခြေအနေတွင်လျာမှာ မြက်ပေါက်ရင် ပေါက်ပါစေ၊ လာဘ်ပေးလာဘ်ယူမှုစတဲ့ မတော်မတရားမှုက ရတဲ့ ငွေဆိုရင် မယူဘူးဟူသော သဘောထားမျိုးဖြင့် တောင့်ခံနိုင်သူများ ရှိနေကြသော်လည်း ထိုသို့ တောင့်မခံနိုင်သူက ဒုနှင့်ဒေး ရှိနေသည်ဟု ဆိုလျှင် စာရှုသူတို့ သဘောတူနိုင်မည်ထင်ပါသည်။
ထိုသို့ လာဘ်လာဘများ၏ ဆွဲဆောင်မှုကြောင့် ဆက်လက်တောင့်မခံနိုင်သူများသည် အူမတောင့်မှ သီလစောင့်မည်ဟူ၍ ယုံကြည်လက်ခံထားသူများဟူ၍ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပေမည်။ သို့သော် ထိုသူတို့၏ နောက်ကွယ်တွင် အခြားသော အကြောင်းတရားတို့လည်း မျိုးစုံရှိနိုင်ပါသည်။ ထိုသူတို့သည် သူတို့ကိုယ်တိုင် အူမတောင့်ရေးသာမက သူတို့မိသားစု၏ အူမတောင့်ရေးကိုပါ ပြန်ကြည့်နေရသူများလည်း ဖြစ်လျှင်ဖြစ်ပေမည်။ မိမိ၏ မိသားစု စားဝတ်နေရေး ကျပ်တည်းလွန်းလျှင် ဆက်၍ သီလစောင့်နိုင်ပါဦးမည်လော။ မိမိတွင် ရသော လစာငွေကြေးသည် မိသားစု ဝမ်းရေးအတွက် အဆင်မပြေနိုင်ဟု ဆိုလျှင် ထိုသူအဖို့ သီလစောင့်နိုင်ပါဦးမည်လော။ အလွန် ဆုံးဖြတ်ရခက်မည့် စိတ်တွင်းလွန်ဆွဲပွဲတစ်ခု ဖြစ်ပေမည်။ သီလမစောင့်နိုင်ဖို့ ရာခိုင်နှုန်းပိုများသည့် အနေအထားမျိုး ဖြစ်သည်။ ထို့ကြောင့် ထိုဆိုးကျိုးမျိုး မဖြစ်စေရန် နိုင်ငံ့ဝန်ထမ်းများကို လစာငွေလုံလောက်အောင် ပေးဖို့လည်း လွန်စွာအရေးကြီးကြောင်း စာရေးသူအပါအဝင် ဆောင်းပါးရှင်များ၊ စာရေးဆရာများ ထောက်ပြအကြံပြုခဲ့ဖူးကြပေပြီ။
လာဘ်လာဘ၏ ဆွဲဆောင်မှုကြောင့် တောင့်မခံနိုင်သော ပုဂ္ဂိုလ်များ၏ အခြားအကြောင်းပြချက်တစ်ခု ရှိနိုင်ပေသေးသည်။ မိမိ ပတ်ဝန်းကျင်၌ လာဘ်ပေးလာဘ်ယူယဉ်ကျေးမှုတစ်ခု ထွန်းကားနေခြင်းလည်း ဖြစ်လျှင်ဖြစ်ပေမည်။ အများက မိုးခါးရေသောက်နေချိန် ကိုယ်က မသောက်လျှင် ကိုယ်သာ မှားသည်၊ ကိုယ်သာ ညံ့သည်ဟု အထင်ရောက်အောင် လှုံ့ဆော်ပေးသည့် ပတ်ဝန်းကျင်တစ်ခုတွင် ကျင်လည်နေရခြင်းမျိုးပေလော။ ထိုသို့သောအများမိုးခါးရေသောက် ပတ်ဝန်းကျင်မျိုးတွင်လည်း လူအတော်များများက မိုးခါးရေကို သောက်ကျင့်ရသွားတတ်သည်ပင်။ အတုမြင် အတတ်သင်သဘော ဖြစ်တတ်ပါ၏။ သို့သော် ဆိုခဲ့ပါ ပတ်ဝန်းကျင်မျိုး မဖြစ်ထွန်း မပေါ်ပေါက်အောင်၊ ဖြစ်ထွန်းပေါ်ပေါက်နေလျှင်လည်း လျော့နည်းကင်းစင်သွားအောင် လုပ်ဆောင်နိုင်ရေးအတွက် အဖြေရှာရန် လိုပေသည်။ ထိုသို့သောအခြေအနေကောင်းမျိုး ဖြစ်လာစေရေးအတွက် နိုင်ငံသားတစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းတွင် တာဝန်ရှိသလို အစိုးရ၊ ဌာနများနှင့် အဖွဲ့အစည်းအမျိုးမျိုးတွင်ပါ တာဝန်ရှိပါသည်။ ဘုံဆိုင်အရေးကိစ္စ တစ်ခုပင် ဖြစ်သည်။
***
ထိုပင်ငုတ်တို ပျဉ်းမအိုသည် 
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား
(မင်းသုဝဏ်)
မိမိတို့နိုင်ငံသည် နိုင်ငံရေးလောကဓံမျိုးစုံ ခံစားခဲ့ရဖူးပေပြီ။ နိုင်ငံအနေဖြင့် ဖော်ပြပါ ဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တိုကဗျာ နောက်ဆုံးအပိုဒ်ထဲမှ ပျဉ်းမငုတ်တိုကဲ့သို့ စစ်နှင့်တူသော ရက်စက်ကြမ်းကြုတ်မှုတို့ကိုလည်း ကြုံခဲ့ဖူးပြီ။ ခြအုံလို အရှုပ်အထွေးသံသရာထဲမှာလည်း ကျင်လည်ခဲ့ဖူးပြီ။ ဓားထစ်ရာလို ဒဏ်ရာဒဏ်ချက်များလည်း ဗရပွ ရခဲ့ဖူးပြီ။ နေ၏ အပူရှိန် အပူငွေတို့နှင့်တူသော ဒုက္ခမျိုးစုံတို့ကိုလည်း ခါးစည်းခံခဲ့ရဖူးပြီ။ မိုးသက်လေပြင်းလို ဆိုးရွားသော လောကဓံ၏ ဒဏ်များကိုလည်း ခံစားခဲ့ရဖူးပေပြီ။ ယခုအခါသမယတွင် ဒုက္ခအပေါင်းမှ လွတ်မြောက်၍ လောကဓံကို ရဲရင့်အောင်မြင်စွာ ကျော်လွှားနိုင်သည့် သရုပ်သကန်ဖြစ်သော နွေဦးတွင် ပျဉ်းမငုတ်တိုပေါ်ဝယ် ရွက်နုရွက်သစ်တို့ဖြင့် လှပဝေစည်လာမည့်၊ ငယ်ရုပ်ဆင်မည့် အခြေအနေကို အားလုံးက မျှော်လင့်တောင့်တနေကြသည်။
ထိုအပြောင်းအလဲဖြစ်ရန်လည်း ထွန်းကားပြန့်ပွားလျက်ရှိနေသော အမူအကျင့်ဆိုးတို့ကို တစ်စတစ်စ ပြင်ဖို့လိုပေသည်။ ပျက်အစဉ် ပြင်ခဏ ဆိုသကဲ့သို့ မိမိတို့ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲစရာရှိလျှင်လည်း ပြောင်းလဲသင့်ပါပြီ။ ပြုလည်း ပြုပြင်စေချင်ပါသည်။ ပြုပြင်ပြောင်းလဲခြင်းဟူသည် ပြုပြင်မှုအပိုင်းနှင့် ပြောင်းလဲမှုအပိုင်းဟူ၍ နှစ်ပိုင်းပါပေမည်။ မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အများနှင့်ဆိုင်သောကိစ္စရပ်များတွင် သော်လည်းကောင်း ပြုပြင်သင့်သည့်အပိုင်း၊ ပြုပြင်နိုင်သည့်အပိုင်းတို့ကို ပြုပြင်၊ ပြောင်းလဲသင့်သောအပိုင်းကို ပြောင်းလဲပါမှ ဖြစ်ပါမည်။ မိမိတို့ တစ်ဦးချင်းစီ ပြောင်းလဲပါမှ မိမိတို့ လူ့အဖွဲ့အစည်းလည်း တိုးတက်ပြောင်းလဲလာပေမည်။ လူ့အဖွဲ့အစည်း ပြောင်းလဲလာလျှင် နိုင်ငံလည်း ပြောင်းလဲပေမည်။ ထိုသို့ နိုင်ငံသားများက အပျက်သဘောကို အပြုသဘောသို့ ပြုပြင်ပြောင်းလဲလာနိုင်ကြပြီး မိမိကိုယ်ကျိုးထက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အမှန်တကယ် ရှေ့ရှုလုပ်ဆောင်လာနိုင်ကြပြီဆိုပါမူ ဆရာကြီးမင်းသုဝဏ်က လောကဓံအထုအထောင်းအမျိုးမျိုးကြားမှ တစ်ဖန် ရွက်သစ်ဝေလျက် ပြန်လည်၍ ငယ်ရုပ်ဆင်လာနိုင်သော ပျဉ်းမငုတ်တိုကို ချီးကျူးလိုက်သည့်အတိုင်းအသင် ယောက်ျားကောင်းတကားဟူ၍ ချီးကျူးသြဘာသံ ဘဝဂ်ညံအောင် ပေးထိုက်သူများ ဖြစ်လာကြမည်မှာ ဧကန်မုချ ဖြစ်ပါကြောင်း။
                                   

                                                                        ထွန်းမင်း (ပညာရေးတက္ကသိုလ်)

No comments:

Post a Comment