Sunday 21 January 2018

နေမြဲ စားမြဲသမားတွေ မပျောက်နိုင်သေးတဲ့ နိုင်ငံ


ထွန်းမင်း (ပညာရေးတက္ကသိုလ်)

(၁)

“တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မလေးစားတဲ့ လူ့အဖွဲ့အစည်း၊ တစ်ယောက်နောက်ကျောကို တစ်ယောက် ချိန်ရွယ်ချောင်းမြောင်းနေတဲ့ လူ့အဖွဲ့အစည်း၊ အဲဒီလူ့အဖွဲ့အစည်းဟာ တည်ဆောက်လို့ မရဘူးလို့ ကျွန်တော်တော့ ယုံကြည်တယ်”            (မင်းကိုနိုင်)

အထက်ပါစကားသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် စာပေဟောပြောပွဲစင်မြင့်ပေါ်မှာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ဟောပြောသွားသည့် စကားဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မလေးစားသော လူ့အဖွဲ့အစည်း၊ တစ်ယောက်နောက်ကျောကို တစ်ယောက် ချိန်ရွယ်ချောင်းမြောင်းနေသော လူ့အဖွဲ့အစည်းဟူ၍ သူက အတိအလင်း ဆိုလိုက်သည်။ သူ အဆိုးမြင်ဝါဒီများလေလော။ အဲသလို စာရှုသူတို့ တွေးချင်တွေးနေကြမယ်ထင်ပါ့။

သို့သော် ကျောင်းသားခေါင်းဆောင်တဖြစ်လဲ စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမား မင်းကိုနိုင်တစ်ယောက် ထိုစကားကို အကြောင်းမဲ့သက်သက် မပြောခဲ့။ အကျိုးသင့်အကြောင်းသင့် ရှင်းပြခဲ့သည်။ ဘာကြောင့် သူ ဒီလို ထင်မြင်ချက်ပေးသလဲလို့ မေးလာရင်တော့ သူ့အဖြေက ဒီလိုပါ။ လူအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ကိုယ့်ထက်သာ မနာလိုကြလို့ပါတဲ့။ မုဒိတာမပွားနိုင်ကြလို့တဲ့။ ချောက်တွန်းဖို့ပဲ တာစူနေသူတွေ များနေလို့တဲ့။ သူ့ခွင်မှာ ကိုယ်ခံခဲ့ရလို့ ကိုယ့်ခွင်ရောက်ရင် သူ တန်ပြန်ခံစားရစေ့မယ်လို့ ကြွေးကြော်လိုသူ များတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေလို့ပါတဲ့ဗျာ။ သူ့အကြောင်းပြချက်တွေကို စာရှုသူတို့ သဘောတူ၊ မတူတော့ စာရေးသူ မသိပါ။ စာရေးသူအနေနဲ့တော့ သူ့အကြောင်းပြချက်များကို သဘောတူလက်ခံမိသည်မှာ အမှန်။ သြော် … ကိုယ်တွေလည်း အဆိုးမြင်ဝါဒီအဖြစ် သမုတ်ခံရလေမလားမသိ။ မတတ်နိုင်။
*****
(၂)

လွန်ခဲ့သော ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအကုန်ပိုင်းက စာရေးသူ တာဝန်ကျနေသည့် စစ်ကိုင်းမြို့မှ မိသားစုရှိရာ ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ ရက်အနည်းငယ် ရသဖြင့် မိမိ၏ မှတ်ပုံတင်ကိုလည်း ပြန်လုပ်ဖို့ ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်ထားသည်။ စာရေးသူ၏ မှတ်ပုံတင်မှာ အလယ်တန်းကျောင်းသားဘဝ လွန်ခဲ့သော ၁၇ နှစ်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုဖန်များသဖြင့် ပျက်စီးနေပြီ။ ဓာတ်ပုံလည်း မပီဝိုးတဝါး ဖြစ်နေပြီ။ စာကလည်း ဖတ်မရလောက်အောင် ဝါးနေပြီ။ မှတ်ပုံတင်နံပါတ်ကိုပင် ဖတ်မရတော့ပါ။ သို့ဖြစ်ရာ မှတ်ပုံတင်ကို ဤအတိုင်း ဆက်သုံးနေ၍ မဖြစ်တော့။ အသစ်လဲလှယ်မှ ဖြစ်ပေတော့မည်။

ထို့ကြောင့် မိမိနေထိုင်ရာမြို့နယ်ရှိ လဝကရုံးသို့ သွားသည်။ ရုံးသို့ ရောက်သည်နှင့် မိမိနေထိုင်ရာ ရပ်ကွက်၏ လဝကကိစ္စကို ကိုင်သော အမျိုးသမီး၏ စားပွဲသို့ သွား၍ မှတ်ပုံတင် အသစ် ပြန်လုပ်လိုကြောင်း ပြောသည်။ သူက ပြန်လုပ်မယ်ဆိုရင် လျှောက်လွှာဝယ်ပြီးဖြည့်ရမည်ဟု ဆိုသည်။ သူက မျက်စောင်းထိုးစားပွဲမှ အမျိုးသမီးထံ လက်ညှိုးထိုးပြလျက် “သူ့ဆီ ပိုက်ဆံ ၅၀၀ နဲ့ သွားဝယ်လိုက်ပါ။ အစ်မရေ သူ့ကို လျှောက်လွှာတစ်စောင် ရောင်းပေးပါဦး” ဟု ကြားလောက်သည့်လေသံဖြင့် ဆိုသည်။ ခက်သည်က စာရေးသူထံတွင် ငွေအကြွေ ၅၀၀ ကျပ်က ပါမလာ။ တစ်ထောင်တန်သာပါသည်။ ထို့ကြောင့် အမျိုးသမီးက လျှောက်လွှာစာရွက်ကို မိမိထံ လှမ်းပေးအပြီး တစ်ထောင်တန်တစ်ရွက်ကို သူ့ထံ ပေးလိုက်သည်။ သူက မိမိ ကမ်းပေးသော တစ်ထောင်တန်ကို အံဆွဲထဲ ထည့်လိုက်သည်။ ၅၀၀ တန် ပြန်အမ်းမလာ။

ဤတွင် မိမိက မေးကြည့်လိုက်သည်။ “လျှောက်လွှာတစ်စောင် ၅၀၀ လို့ပြောတယ်။ ကျွန်တော့်ကို ၅၀၀ အမ်းရဦးမယ်မလား အစ်မ” ဆိုတော့ သူမက ဒေါသထွက်သည့် မျက်နှာထားမျိုးဖြင့် “အမယ်လေး … ၅၀၀ လောက်ကို အလှူလို့ပဲ သဘောထားလိုက်ပါမယ်။ ရော့ ရော့ ကားစီးဖို့” ဟု ခနဲ့တဲ့တဲ့ ဆိုလျက် ပြန်အမ်းပေးသည်။ စာရေးသူ အတန်ငယ် ဒေါသဖြစ်သွားမိသည်။ စိတ်ထဲတွင်တော့ “အလှူလို့ပဲ သဘောထားလိုက်မယ်ဆိုရအောင် အစ်မဆီက ကျွန်တော် ဘာမှ မတရား တောင်းနေတာမဟုတ်ဘူးလေ” ဟု ဆိုနေသော်လည်း စကားလုံးများက အပြင်သို့ လျှံကျမလာအောင် သတိနှင့် ထိန်းနိုင်လိုက်သည်။ ကျေးဇူးတင်ကြောင်းသာ ပေါ့ပေါ့ပါးပါး ပြောဆိုရင်း သူအမ်းပေးသော ၅၀၀ ကျပ်တန်ကို ယူကာ ပထမအမျိုးသမီးထံ ပြန်လျှောက်သွားလိုက်သည်။ သူက ရပ်ကွက်လူကြီး ထောက်ခံချက်ရယူပြီး ဓာတ်ပုံ၊ သန်းခေါင်စာရင်းတို့နှင့်တကွ နောက်တစ်ပတ် တနင်္လာနေ့တွင် ပြန်လာတင်ရမည်ဖြစ်ကြောင်း ပြောသည်။ ခက်သည်က တနင်္လာနေ့နံနက်တွင် စစ်ကိုင်းသို့ အရောက် ပြန်ရမည်ဖြစ်သဖြင့် မိမိကိုယ်တိုင် လျှောက်လွှာနှင့် လိုအပ်သောစာရွက်စာတမ်းများကို ပြန်လာပေးနိုင်မည်မဟုတ်။ အိမ်သားတစ်ဦးဦးကသာ ပြန်လာပေးနိုင်မည်။ ထိုအကြောင်းကို သူမထံ အကျိုးအကြောင်း ပြောပြသည်။ သူမက အဆင်ပြေသည်ဟု ဆိုသည်။

ပြဿနာက မှတ်ပုံတင်အသစ်ကို မည်သည့်အချိန် ရမည်ဟု အတိအကျ မပြောနိုင်ခြင်းပင်။ ထို့ထက်ပိုဆိုးသည်က မှတ်ပုံတင် အသစ် မရမီကာလအတွင်း မှတ်ပုံတင်အဟောင်းကိုလည်း သူတို့ကသာ သိမ်းထားရမည်ဟု ဆိုခြင်းပင်။ မှတ်ပုံတင်မရှိဘဲ အချိန်မည်မျှ နေရမည် မသိပါ။ သို့သော် ကံကောင်းသည်က စစ်ကိုင်းမြို့သို့ ခရီးအသွားအပြန်လုပ်ရန် မှတ်ပုံတင်ပါဖို့မလိုပေ။ မှတ်ပုံတင်နံပါတ်ကိုသာ ပြောရသဖြင့် အဆင်ပြေသည်။ မိမိ၏ ဇာတိ ရခိုင်ဘက်သို့ သွားလျှင်မူ ရခိုင်ရိုးမပေါ် မှတ်ပုံတင်စစ်ဆေးရေးစခန်းက မပျက်မကွက် စစ်ဆေးတတ်သဖြင့် မှတ်ပုံတင်မပါလျှင် လွန်စွာ ဒုက္ခရောက်မည့်အဖြစ်မျိုးပင်။ ရခိုင်ခရီးစဉ် အသွားဖြစ်စေ၊ အပြန်ဖြစ်စေ မှတ်ပုံတင် မပါလျှင် ရိုးမကို မကျော်နိုင်ပါ။ ယခု မြေပြန့်ဖက်တွင်မူ ဤအချက်က ပိုကောင်းသည်။ မှတ်ပုံတင်စစ်ဆေးမှု မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် စာရေးသူလည်း စစ်ကိုင်းမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။

စာရေးသူ စိတ်ကူးထားသည်က စစ်ကိုင်းသို့ရောက်လျှင် ငြိမ်ငြိမ်ကုပ်ကုပ်နေပြီး မှတ်ပုံတင် ရောက်အောင် စောင့်မည်ဟူ၍ပင်။ အလွန်ဆုံး သုံးပတ်လောက်ဆိုလျှင် မှတ်ပုံတင်ရတတ်သည်ဟု အချို့က ဆိုကြသည်။ သို့သော် ထိုကြားကာလတွင် အခက်အခဲ အချို့ကို စာရေးသူ ကြုံရသည်။ ပထမအခက်အခဲက ငွေအကုန်အကျများသည့် အချိန်နှင့် ကြုံနေသဖြင့် ဘဏ်မှ ငွေထုတ်လိုသော်လည်း ငွေထုတ်စက်တွင် အသုံးပြုသည့် မိမိ၏ စကားဝှက်ကို လုံးလုံး မေ့နေခြင်းပင်။ ATM စက်တွင် စကားဝှက်ကို အကြိမ်ကြိမ် မှားရိုက်မိသည့်အတွက် ယာယီအပိတ်ခံလိုက်ရပြီ။ ဘဏ်သွား၍ စကားဝှက်ပြန်လျှောက်မှ ဖြစ်တော့မည်ဟု တွေးလျက် ဘဏ်သို့ရောက်သွားသည်။ ဘဏ်စာရေးမလေးအချို့ကို အကျိုးအကြောင်း ပြော၍ စကားဝှက်အသစ် လျှောက်လိုကြောင်း ပြောသည်။ သူတို့က မိမိ၏ မှတ်ပုံတင်ကို တောင်းသည်။ မှတ်ပုံတင်အသစ်လျှောက်ထားသဖြင့် မရသေးကြောင်း၊ ထိုအစား ဝန်ထမ်းကဒ်ပါလာကြောင်း သူတို့ထံ အကျိုးအကြောင်း ရှင်းပြသည်။ သူတို့က ကိုယ့်ကို သံသယမျက်လုံးများဖြင့် ကြည့်သည်။ မန်နေဂျာကို သူတို့ ပြောကြည့်ပေးမည်ဟု ဆိုသည်။ မန်နေဂျာက လက်မခံပြန်။

အမှန်က မိမိ၏ ဝန်ထမ်းကဒ်တွင် ဌာနအကြီးအကဲပုဂ္ဂိုလ်၏ လက်မှတ်နှင့် ဌာနတံဆိပ်ဝိုင်းလည်း ပါပြီးဖြစ်သည်။ သို့သော် ဘဏ်ဝန်ထမ်းများက လုံးဝ လက်မခံနိုင်ဟု ပြောသည်။ ဘဏ်စာရေးမလေးတစ်ဦး၏ စကားက အင်မတန် ခံရခက်လှသည်။ “တစ်ချို့တွေက ဘဏ်စာအုပ်တွေကို ဒီတိုင်းကြီး ကောက်ရပြီး ငွေလာထုတ်တာမျိုး ရှိတယ်” ဟု သူက ဆိုသည်။ နောက်ဆုံး မိမိ ဘဏ်စာအုပ်ပြုလုပ်ခဲ့သည် ရန်ကုန်ဘဏ်ခွဲသို့ မန်နေဂျာချင်း ဆက်သွယ်ပြီးမှ မိမိ၏ ဘဏ်ကဒ် စကားဝှက်ကို ပြန်လျှောက်ခွင့်ပြုသည်။ နောက်နှစ်ပတ်အတွင်း စကားဝှက်ရသည့်နေ့တွင် မိမိထံ ဖုန်းဆက်အသိပေးမည်ဟု စာရေးမလေးတစ်ဦးက ဆိုသည်။ သို့သော် သူ့ကတိက လေထဲတွင်သာ လွင့်သွားသည်။ နောက်သုံးပတ်ကျော် လေးပတ်အထိ မိမိထံ ဘဏ်မှ ဖုန်းဆက်မလာ။ ယခင်အဖြစ်မျိုး မကြုံချင်တော့သဖြင့် မိမိကလည်း ဘဏ်သို့ သွား၍ မစုံစမ်းမမေးမြန်းဖြစ်။ သူတို့ ဖုန်းဆက်လာလျှင် သွားမည်၊ မဆက်လာလျှင်လည်း မသွားတော့ဟုသာ ဆုံးဖြတ်ထားလိုက်သည်။ စိတ်ထဲတွင်တော့ မသက်သာလှ။ မှတ်ပုံတင်မရှိသည့် ဒုက္ခဟူ၍ တွေးနေမိသည်။

တိုက်ဆိုင်နေ၍ ပြောရပါဦးမည်။ မကြာသေးခင်က မှတ်ပုံတင်ပျောက်သွားသဖြင့် အသစ်လုပ်လိုက်သည့် လုပ်ဖော်ကိုင်ဖက် ဆရာတစ်ဦးနှင့် စကားစမြည် ပြောဖြစ်သည်။ ပြောရင်းဆိုရင်း မှတ်ပုံတင်လုပ်ထားသည်မှာ တစ်လခွဲခန့်ရှိပြီဖြစ်သော်လည်း မရနိုင်သေးကြောင်း မိမိ ညည်းညူဖြစ်သည်။ သူက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ “ငါတော့ကွာ အချိန်လည်း သိပ်မရတော့ အမြန် ရချင်လို့ပါလို့ သူတို့ကို ပြောလိုက်တာ။ နေ့ခင်းကျရင် ရမယ်၊ ပိုက်ဆံသုံးသောင်းခွဲတော့ ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ငါလည်း ပေးမယ်ဗျာလို့ ပြောတယ်။ နေ့လည်ခင်း သူတို့ဆီ ပြန်သွားတော့ တကယ် ရတယ်ဗျာ။ ကဲ - ” ဟူ၍ သူက တအံ့တသြ ဆိုသည်။ ကောင်းရော။
*****
(၃)

မိမိ မှတ်ပုံတင်ပြန်လုပ်ရသည့်ကိစ္စက အတော် အဆင့်များသည်။ စောစောက ဖော်ပြခဲ့သလို မိမိ၏ အိမ်ထောင်စုစာရင်းရှိသည့် ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှ လူကြီး၏ ထောက်ခံချက်ကို ယူ၊ လျှောက်လွှာကို ပြန်တင်ပေးပြီးနောက် ရုံးက ပေးသည့် စာရွက်စာတမ်းများကို မိမိ၏ ဇာတိ ရခိုင်ပြည်နယ်ရှိ မြို့နယ်လဝကရုံးသို့ သွားပို့၍ သူတို့ ပြန်ပို့သည့် လျှို့ဝှက်စာရွက်စာတမ်းများကို ပြန်ယူလာကာ ရန်ကုန်မြို့ မြို့နယ်လဝကရုံးသို့ ပြန်ပို့ပေးရမည်။ ထို့နောက်တွင်မှ မှတ်ပုံတင်အသစ်ထုတ်ပေးရန် လိုအပ်ချက်များ ပြည့်စုံမည်ဟု ဆိုသည်။ သို့ဖြစ်ရာ မိမိ၏ မှတ်ပုံတင်ဆိုင်ရာ စာရွက်စာတမ်းများသည် ရခိုင်ရိုးမကို တစ်လနီးပါးခန့် ကျော်ဖြတ်ကာ အသွားအပြန် အကူးအပြောင်း လုပ်ကြရသည်။ ထိုကာလအတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်သို့ မိမိ အပြောင်းပါသဖြင့် ပြောင်းခဲ့ရသည်။ ရန်ကုန်သို့ ပြန်ရောက်ပြီး တစ်ပတ်လောက်တွင်မှ ရခိုင်ရိုးမကို ကျော်ဖြတ်လာသော မှတ်ပုံတင်ဆိုင်ရာ လျှို့ဝှက်စာအိတ် ပြန်ရောက်လာသည်။ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကြားမှ လူကြုံရဖို့ဟူသော ကိစ္စကလည်း ထပ်တိုးလာသဖြင့် ထိုမျှ ကြန့်ကြာနေရခြင်းပင်။

စာအိတ်ရပြီး နောက်တစ်နေ့တွင် စာရေးသူ မြို့နယ်လဝကရုံးသို့ သွား၍ စာအိတ်ကို သက်ဆိုင်ရာ တာဝန်ခံအမျိုးသမီးထံ ပေးအပ်လိုက်သည်။ ဘယ်နေ့လောက် မှတ်ပုံတင် ရနိုင်မည်ကို မိမိ မေးကြည့်သည်။ အဖြေက ဝိုးတိုးဝါးတား။ နောက်တစ်ပတ်လောက် ဖြစ်မည်ဟူသော စကားနှင့်ပင် ဖြေသိမ့်ရသည်။ နောက်တစ်ပတ်လောက်တွင် တာဝန်ခံအမျိုးသမီးထံမှ ဖုန်းဝင်လာသည်။ မှတ်ပုံတင် ရပြီ ဟူ၍ပင်။ ပျော်လိုက်သည် ဖြစ်ခြင်း။ တန်ဖိုးကြီးမားလှသည့် မှတ်ပုံတင် ရပါလေပြီ။ မပျော်ဘဲ နေပါမည်လော။ မှတ်ပုံတင် ရှိမှသာ ကျွန်တော်လည်း ဘဏ်ကို စိတ်အေးလက်အေး သွားရဲတော့သည်။ သံသယမျက်လုံးများဖြင့် အကြည့်ခံရမှုလည်း မရှိနိုင်တော့။ ဘယ်လောက် ကောင်းလိုက်သလဲ။ သူခိုးလိုလို ခါးပိုက်နှိုက်လိုလို အထင်မခံရတော့။ မှတ်ပုံတင်ရမှ စိတ်အေးရပါသဗျ။ သက်ပြင်းချနိုင်ပါသဗျ။
မြို့နယ်လဝကရုံးသို့ သွားပြီး မှတ်ပုံတင်သွားယူစဉ် ကူညီလုပ်ဆောင်ပေးသည့်အမျိုးသမီးကို မိမိတာဝန်ကျရာ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့်ပတ်သက်၍ ကူညီနိုင်သည့် ကိစ္စတစ်ခုခုရှိလျှင် မိမိထံ ဆက်သွယ်နိုင်ကြောင်း သဘောရိုးဖြင့် ပြောလျက် ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်ဖြစ်ခဲ့သည်။
*****  
(၄)
မှတ်ပုံတင်အသစ်ပြန်လုပ်သည့် အတွေ့အကြုံကို အခြေခံ၍ စာရေးသူ ဆက်စပ်တွေးမိသည်မှာ လဝကရုံးအပါအဝင် အစိုးရဌာနရုံးများတွင် လုပ်ငန်းလုပ်ဆောင်မှု ပိုမိုမြန်ဆန်လွယ်ကူစေရေးအတွက် E-governance ကို ကောင်းကောင်း အသုံးချရေးကိစ္စပင် ဖြစ်သည်။ E-governance ဟူသော စကားလုံးသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကြားနေရသည်မှာ နှစ်အတော် ကြာခဲ့လေပြီ။ သို့သော် လက်တွေ့ အကောင်အထည်ဖော်နိုင်စွမ်း မရှိသေးဟု ဆိုရပါမည်။ ကမ္ဘာတလွှား အစိုးရဌာနအသီးသီးတွင် အင်တာနက်၊ အီးမေးလ်စသော နည်းပညာများကို တွင်ကျယ်စွာအသုံးပြု ဆက်သွယ်လုပ်ကိုင်လျက်ရှိကြသော်လည်း စာရေးသူတို့နိုင်ငံတွင်မူ ထိုသို့အသုံးမပြုနိုင်ကြသေးပေ။ ထို့ကြောင့်ပင် အချို့သော အချက်အလက်၊ စာရွက်စာတမ်းများကို ရှေးနည်းအတိုင်း ခရီးဝေးလံ ကားတစ်တန် လှေတစ်တန်ဖြင့် ပို့ဆောင်ပေးနေကြရသည်။

ထိုသို့လုပ်မည့်အစား အီးမေးလ်၊ ဖက်စ်တို့နှင့် ဟိုရုံးမှ သည်ရုံး၊ ဟိုဌာနမှ သည်ဌာနသို့ တွင်ကျယ်စွာ အသုံးပြု ဆက်သွယ်လုပ်ကိုင်နိုင်ပြီဆိုလျှင် အလုပ်များ ပိုမိုမြန်ဆန်လွယ်ကူလာပေမည်။ စာရေးသူတို့၏ ပညာရေးဌာနတွင်လည်း အခြေခံတွင်ရော အဆင့်မြင့်မှာပါ ကိုယ်ရေး ၃၆ ချက်ကို နှစ်စဉ် လေးငါးစုံစီ စာရွက်ပုံစံဖြင့် တင်ပေးနေကြရသည်။ နိုင်ငံခြားပညာသင်ဆုတစ်ခုအတွက် လျှောက်ရမည်ဆိုလျှင်လည်း သက်ဆိုင်ရာဝန်ထမ်း၏ ကိုယ်ရေး ၃၇ ချက်ကို ခြောက်စုံခုနစ်စုံထိ အဆင့်ဆင့် တင်နေကြရသည်။ ထိုသို့သော ဝန်ထမ်းကိုယ်ရေးမှတ်တမ်းများကိုသာ နည်းပညာသုံး၍ မှတ်တမ်းတင်ခြင်း၊ ဆက်သွယ်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်လျှင် လွန်စွာ အလုပ်ရှုပ်သက်သာပေမည်။ နိုင်ငံတစ်နိုင်ငံတွင် E-governance ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် သုံးသင့်သော ငွေကြေးအတိုင်းအတာကို သုံးဖို့ လိုအပ်မည်မှာမှန်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ငွေကို အကျိုးရှိစွာ အသုံးချခြင်းပင် ဖြစ်သည်။ အမှန်တကယ် ပြောင်းလဲသင့်သည့်အပိုင်းကို ပြောင်းလဲဖို့ လိုပါသည်။ ပြောင်းလဲနိုင်အောင် ကြိုးစားကြရပါမည်။
*****
(၅)
၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ အဆိုးမြင်စိတ်ဟု ထင်ရသော ပကတိအမြင်က ပဲ့တင်ထပ် ပေါ်လာပြန်သည်။ “တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မလေးစားတဲ့ လူ့အဖွဲ့အစည်း၊ တစ်ယောက်နောက်ကျောကို တစ်ယောက် ချိန်ရွယ်ချောင်းမြောင်းနေတဲ့ လူ့အဖွဲ့အစည်း၊ အဲဒီလူ့အဖွဲ့အစည်းဟာ တည်ဆောက်လို့ မရဘူးလို့ ကျွန်တော်တော့ ယုံကြည်တယ်”
ကဲ - စာရှုသူမိတ်ဆွေတို့ရော ဘယ်လို မြင်ပါသလဲ။ အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကို ပြင်ဖို့နဲ့ ပြင်ပေးဖို့ ကြိုးစားကြမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပိုကောင်းအောင်၊ ပိုတိုးတက်လာအောင်တော့ ကျွန်တော်တို့ စွမ်းနိုင်သလောက် လုပ်ကြရုံကလွဲပြီး ဘာရှိတော့မလဲနော့။

ထွန်းမင်း (ပညာရေးတက္ကသိုလ်)

No comments:

Post a Comment