Saturday 2 January 2016

ဆရာကြီးဦးရွှေဇံအောင်နှင့် သူ့အကောင်းဆုံးလက်ရာ ဘာသာပြန်စာအုပ်


ဒီနေ့ အွန်လိုင်းပေါ်မှာ မွှေနှောက်ရင်း အရင်တုန်းကတည်းက လေ့လာချင်စိတ်ဖြစ်မိခဲ့တဲ့ စာအုပ်တစ်အုပ်ကို သွားတွေ့ပါတယ်။ အဲဒီစာအုပ်က ဆရာကြီး ဦးရွှေဇံအောင်ရဲ့ အဘိဓမ္မာကျမ်းဘာသာပြန်ပါ။ ဆရာကြီးရဲ့ ဘာသာပြန်အရ "Compendium of Philosophy" ဖြစ်ပါတယ်။ ဒီကျမ်းကို ဆရာကြီးက ပါဠိဘာသာကနေ အင်္ဂလိပ်ဘာသာသို့ ပထမဆုံးဘာသာပြန်ဆိုခဲ့ပါတယ်။ ကမ္ဘာစာဖတ်ပရိသတ်တွေက အဘိဓမ္မာကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုဖို့အသင့်တော်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရတယ်လို့ ဖတ်မှတ်ခဲ့ဘူးပါတယ်။

ဆရာကြီးဦးရွှေဇံအောင်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ (၁၈၇၁) ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီးဟာ ဗြိတိသျှကိုလိုနီခေတ်မှာ တာဝန်အမျိုးမျိုးကို ထူးချွန်စွာထမ်းဆောင်ရင်း အဲဒီခေတ်က မြန်မာလူမျိုးတွေကို ပေးလေ့မရှိခဲ့တဲ့ ယစ်မျိုးမင်းကြီးရာထူးကို ပထမဦးဆုံးထမ်းဆောင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉ ၂၃ ခုနှစ်မှာ အင်္ဂလိပ်အစိုးရချီးမြှင့်တဲ့ ရွှေစလွယ်ရမင်းဘွဲ့တံဆိပ်ကို ဆရာကြီးရရှိခဲ့ပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်ဘာသာနဲ့ ဗုဒ္ဓဘာသာဆိုင်ရာသုတေသနဆောင်းပါးတွေအပြင် မြန်မာဘာသာသာနဲ့ ကျမ်းကြီး (၄) ကျမ်း၊ အင်္ဂလိပ်ဘာသာနဲ့ ကျမ်းကြီး (၃) ကျမ်းကို ရေးသားခဲ့ပါတယ်။

(၁၉ ၃၂) ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဆရာကြီးကို စာပေပါရဂူဘွဲ့ (D.Litt) ကို ချီးမြှင့်ခဲ့ပေမယ့် ဆရာကြီးကတော့ ကိုယ်တိုင် တက်မယူနိုင်ခဲ့ပါ။ ဘွဲ့နှင်းသဘင် မကျင်းပမီ ဆယ်ရက်အလိုမှာ ကွယ်လွန်ခဲ့ပါတယ်။

ဒီလို ထူးချွန်ထက်မြက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဟာ မဟာဘွဲ့ မရခဲ့သလို ပါရဂူဘွဲ့လည်း မရခဲ့ပါဘူး။ ဝိဇ္ဇာဘွဲ့ (B.A) ဘွဲ့ရတစ်ယောက်သာဖြစ်တာ တွေ့ရပါတယ်။

ဆရာကြီးဦးရွှေဇံအောင်ရဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဘာသာပြန် ဖြစ်တဲ့ "Compendium of Philosophy" စာအုပ် pdf ကို အောက်ပါလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
http://www.kelasa.org/book/English/74_ShweZanAungAbhidhammatthasangaha.pdf

စာအုပ်တစ်အုပ်လုံးရဲ့ Full text ကို အောက်ပါလင့်မှာ သွားဖတ်နိုင်ပါတယ်။
http://www.archive.org/stream/compendiumofphil00anurrich/compendiumofphil00anurrich_djvu.txt


By: ဇွဲသစ် (ရမ္မာမြေ)


ကိုးကား - ဦးရွှေဇံအောင် ( http://historyofarakan.blogspot.com.au/2010/01/blog-post_5815.html )

No comments:

Post a Comment