Monday 18 January 2016

အမှတ်တရ လာထရုတ် (၁)



ကျွန်တော် အခု တက်ရောက်ပညာသင်ယူနေတဲ့ လာထရုတ်တက္ကသိုလ် (La Trobe University) ဟာ တောင်ကမ္ဘာခြမ်းမှာ အကြီးဆုံး ကျောင်းဝင်း (Campus) ကို ပိုင်ဆိုင်ထားတယ်လို့ ဂုဏ်ယူတတ်ကြပါတယ်။ ဒီတက္ကသိုလ်ဟာ သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့စွန်မှာ တည်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ နံပါတ် (၁၂၇) ခုမြောက်
အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံရပါတယ်။ တစ်နည်းဆိုရရင် ကမ္ဘာ့တလွှားတက္ကသိုလ်အားလုံးထဲကမှ အကောင်းဆုံးတက္ကသိုလ် (၁) ရာခိုင်နှုန်းထဲမှာ လာထရုတ် ပါဝင်ပါတယ်။

လာထရုတ်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူနေတဲ့ တစ်နှစ်ကျော်ကာလအတွင်း လာထရုတ်ရဲ့  အလှအပတွေကိုလည်း နှစ်သက်ခံစားမိခဲ့ပါတယ်။ ကျွန်တော် အနှစ်သက်ဆုံး နေရာတွေကို ပြောရရင် ကဗျာဆန်တဲ့ ဗိသုကာဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ မော်လီကျူသိပ္ဗံဌာန အဆောက်အဦ (Molecular Science Building)၊ ပထမထပ်မှာ စကားပြောနိုင်၊ ဒုတိယထပ်မှာ ခပ်တိုးတိုးပြောနိုင်၊ တတိယထပ်မှာ အသံတိတ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားတဲ့ အားကိုးခင်တွယ်စရာ သုံးထပ်စာကြည့်တိုက်ကြီး၊ နှစ်ဝက်အစတွေမှာ တက္ကသိုလ်အသင်းအဖွဲ့မျိုးစုံနဲ့အတူ စင်တင်ဂီတ၊ အခမဲ့ ဘာဘီကျူနဲ့ စည်ကားနေတတ်တဲ့ ဆင်ပဆန်မြက်ခင်းပြင် (Simpson Lawn)၊ သိပ်မကြီးလှပေမယ့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ စိတ်ကြိုက်ကစားနိုင်၊ ရေကူးနိုင်တဲ့ အားကစားရုံ (Sports Centre)၊ အစားအစာတွေ ဝယ်ယူစားသောက်နိုင်တဲ့ အာဂိုရာစားသောက်ဆိုင်တန်းတွေနဲ့ ခုံတန်းရှည်တွေ၊ တက္ကသိုလ်ရဲ့ အလယ်ဗဟိုလို့ ဆိုနိုင်တဲ့ သြစတြေးလျဇာတိ သစ်ပင်ကြီးလေးပင် အရပ်လေးမျက်နှာမှာ ဝန်းရံတည်ရှိနေတဲ့ စာကြည့်တိုက်နဲ့ အာဂိုရာစားသောက်ဆိုင်တန်းတွေအလယ်က စက်ဝိုင်းသဏ္ဍာန် မြက်ခင်းပြင်လေးတို့ ဖြစ်ပါတယ်။

အထက်က နေရာတွေအပြင် ကျွန်တော့်စိတ်ကို ညှို့ယူဖမ်းစားနိုင်တဲ့ အရာတစ်ချို့လည်း ရှိနေပါသေးတယ်။ ဒီအရာတွေထဲမှာ ခေါင်းက အောက်ဖက်၊ ခြေက မိုးပေါ်ထောင်နေပြီး တည်ဆောက်ထားတဲ့ မစ္စတာလာထရုတ် ရုပ်ထုကြီးရယ်၊ ပြေးလွှားသွားနေကြတဲ့ ကြံ့မည်းကြီးတွေပုံ ပန်းပုလက်ရာရယ်က ကျွန်တော့် အကြိုက်ဆုံးတွေပါပဲ။ ဒီထဲက ပြေးလွှားသွားနေတဲ့ ကြံ့မည်းကြီးတွေအကြောင်းကို ပထမဆုံး တင်ပြချင်ပါတယ်။

ဒီပြေးလွှားနေတဲ့ ကြံ့မည်းကြီးပန်းပုရုပ်ကြီးတွေကို RUN FOR YOUR LIFE (သင်အသက်ရှင်ဖို့ ပြေးပါ) လို့ အမည်ပေးထားပါတယ်။ ဘောချတ်စာကြည့်တိုက် (Borchard Library) လို့ ခေါ်တဲ့ လာထရုတ်စာကြည့်တိုက်ကြီးရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ဂျွန်စကော့အဆောက်အဦ၊ ဂလင်းကောလိပ်နဲ့ အားကစားရုံတို့အကြားက မြက်ခင်းပြင်ပေါ်မှာ သူတို့ကို တွေ့နိုင်ပါတယ်။ ဒီပန်းပုလက်ရာတွေကို Wonderment Walk Victoria အဖွဲ့အစည်းက လက်ဆောင်ပေးခဲ့ပါတယ်။ ကြီးကျယ်လှတဲ့ လူ့အဖွဲ့အစည်းကြီးတွေကို ဝိဇ္ဇာ၊ သိပ္ဗ ပညာရပ်တွေပြည့်ဝမှုနဲ့သာ အဓိပ္ဗာယ် ဖွင့်ဆိုနိုင်ပါသတဲ့။ ဒီလိုမျိုး ပညာရပ်တွေ ပြည့်စုံတဲ့ အများအားကိုးအားထားပြုစရာ လူ့အဖွဲ့အစည်းဆိုတဲ့ ဂုဏ်ကို လာထရုတ်က ပိုင်ဆိုင်တဲ့အတွက် သူတို့အဖွဲ့က လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပန်းပုရုပ်ကြီးတွေကို ကြေးညိုနဲ့ ပြုလုပ်ထားပါတယ်။ ပန်းပုဆရာတွေက ကမ္ဘာကျော် သြစတြေးလျပန်းပုဆရာတွေဖြစ်တဲ့ ဂျီလီ (Gillie) နဲ့ မတ်ခ် (Marc) တို့ ဖြစ်ပါတယ်။ အဓိက ပန်းပုရုပ်ကြီးတွေက ပြေးလွှားနေတဲ့ ကြံ့မည်းကြီး သုံးကောင်ပါပဲ။ အလယ်က ကြံ့မည်းကြီးကို ခွေးတစ်ပိုင်း လူတစ်ပိုင်းအမျိုးသားတစ်ဦးနဲ့ ယုံတစ်ပိုင်း လူတစ်ပိုင်းအမျိုးသမီးတစ်ဦးတို့က စီးထားကြတဲ့ပုံမျိုး ထုလုပ်ထားပါတယ်။ ကျန်တဲ့ ကြံ့နှစ်ကောင်မှာတော့ စီးသူမဲ့နေပြီး မြင်ရသူအပေါင်းကို တက်စီးပြီး လိုရာခရီးနှင်နိုင်အောင် ဆောင်ပို့ပေးမယ့် အဓိပ္ဗာယ်မျိုး ဆောင်နေပါတယ်။

ပန်းပုဆရာတွေရဲ့ မူလရည်ရွယ်ချက်တွေ ရှိပါသေးတယ်။ မျိုးသုန်းပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့ ကြံ့တွေကို  လွတ်လပ်စွာ ပြေးလွှားနိုင်ဖို့၊ သူတို့အသက်ရှင်သန်ရေးအတွက် ပြေးလွှားနိုင်အောင် အာဖရိကတိုက်က ဆဗားနားမြက်ခင်းပြင်ပေါ် ပို့ဆောင်ပေးဖို့ အများပြည်သူကို ဒီပန်းပုရုပ်တွေက ဖိတ်ခေါ်နေပါတယ်။ ဒါ့အပြင် အခုချိန်မှာ မျိုးသုဉ်းပျောက်ကွယ်ခါနီး ကြံ့မျိုးနွယ်ရဲ့ ဆိုးဝါးတဲ့ ကံကြမ္မာကို အများပြည်သူတွေ သတိပြုမိလာအောင် သွယ်ဝိုက်ပြီး မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒီပန်းပုရုပ်ကြီးတွေကို ကြည့်လိုက်ရင် ခွေးတစ်ပိုင်း လူတစ်ပိုင်းအမျိုးသားနဲ့ ယုံတစ်ပိုင်း လူတစ်ပိုင်း အမျိုးသမီးတို့ အကြီးဆုံး ကြံ့ကို စီးထားတာ တွေ့ရမှာပါ။ ကျွန်တော်တို့ မြန်မာတွေအဖို့ ခွေးပုံစံမျိုးပန်းပုရုပ်ကို ထုလုပ်ပြီး အမြင့်တစ်နေရာမှာ ထားတာကို သိပ်မကြိုက်ချင်တဲ့ စိတ်မျိုး၊ အထူးအဆန်းလိုအမြင်မျိုး ဖြစ်မိကောင်းဖြစ်မိကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မြန်မာတွေက ခွေးဆိုရင် ယုတ်ညံ့တဲ့အမျိုး၊ နိမ့်ကျတဲ့အမျိုးလို့ တွဲမြင်တတ်ကြတာ များလို့ပါပဲ။ ဒါပေမယ့် အနောက်နိုင်ငံတွေမှာတော့ ခွေးတွေကို မြန်မာတွေမြင်သလို နိမ့်ကျသူ၊ ယုတ်နိမ့်သူလို့ မမြင်တာ သေချာသလောက်ပါပဲ။ ဒါကြောင့်လည်း ဒီလိုမျိုး ပန်းပုရုပ်မှာ ထည့်သွင်းပုံဖော်ထုလုပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ယုန်ပုံစံမျိုး ထုလုပ်တာတော့ သိပ်ပြဿနာရှိတယ် မမြင်မိပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက အကြီးဆုံးကြံ့ကို အိနြေ္ဒရရ (စာလုံးပေါင်းအမှန်ရိုက်ရန် အခက်အခဲရှိ) စီးရင်း အခြားစီးသူမဲ့ ကြံ့နှစ်ကောင် ခြံရံပြီး ခရီးနှင်လာနိုင်ပုံကို ကြည့်ရင် သူတို့ကို နှယ်နှယ်ရရ အနေနဲ့ သရုပ်ဖော်ထားတာ မဖြစ်နိုင်။ ထူးခြားစွမ်းရည်တစ်မျိုးမျိုးကို ပိုင်ဆိုင်ကြသူတွေများအဖြစ် သရုပ်ဖော်ထားတယ်လို့ ကျွန်တော် တွေးမိပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် သူတို့အကြောင်းကို ရေးထားတဲ့ စာတွေ မဖတ်ကြည့်မိခင်အချိန်ထိ ဒီပန်းပုလက်ရာကို ကြည့်ပြီး မျိုးသုဉ်းပျောက်ကွယ်ခါနီး ကြံ့တွေကို သနားစိတ်မျိုး မဖြစ်ပေါ်မိခဲ့တာ အမှန်ပါ။ ကျွန်တော် ခံစားမိတာက သူတို့ရဲ့ အားမာန်အပြည့်နဲ့ ရှေ့သို့ တစိုက်မတ်မတ် သွားနေခြင်းပါ။ အားမလျှော့တမ်း ရှေ့သို့ တစိုက်မတ်မတ် ပြေးနေခြင်းပါပဲ။ သူတို့တွေကိုကြည့်ပြီး "ကိုယ်သာလျှင် ကိုယ့်ဘဝအတွက် ပဲ့ကိုင်ရှင်" "လှေခွက်ချည်းကျန် အလံမလှဲ" "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုတဲ့ မြန်မာစကားပုံတွေ အတွေးထဲ အစီအရီ ဝင်လာမိပါတယ်။ ကဗျာဆရာမ ငွေတာရီရဲ့  "ထိပ်ဆုံးသို့ " ကဗျာထဲက "တစ်တောင်ပေါ် တစ်တောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပြန်သေးသမို့၊ ဖန်ဖန်လေ အားအင်တိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်" ဆိုတဲ့ ကဗျာစာသားလေးက ကျွန်တော့် နှုတ်ဖျားသို့ အပြေး ရောက်လာခဲ့ပြန်ပါတယ်။ သြော် ... အားမလျှော့ဘဲ မဆုတ်မနစ် ကြိုးစားခြင်းသည် ဘဝပါလားလို့ အဓိပ္ဗာယ် ဖွင့်ဆိုမိပါတယ်။

နောက်က လိုက်သတ်နေတဲ့ မုဆိုးတွေရန်က လွတ်အောင် ကိုယ့်အသက်ဘေးလွတ်ရာလွတ်ကြောင်းအတွက် အမြန်ဆုံး၊ အကောင်းဆုံး ပြေးလွှားနေကြတဲ့ ကြံ့ကြီးတွေလိုပဲ ကျွန်တော်တို့ လူသားတွေအနေနဲ့လည်း ကိုယ်အတတ်နိုင်ဆုံး၊ အကောင်းဆုံး၊ အစွမ်းကုန် ကြိုးစားကြပါမှ လောကမှာ သူများထက် ရှေ့သို့ ရောက်နိုင်မယ်။ အမြင့်သို့ ရောက်နိုင်မယ်။ ပညာရေး၊ စီးပွားရေးစတဲ့ အရေးအထွေထွေဆိုင်ရာ ပန်းတိုင်အသွယ်သွယ်ဆီ အားမာန်အပြည့်နဲ့ လျှောက်လှမ်းကြတဲ့အခါ ဒီကြံ့တွေလို အားမာန်အပြည့်နဲ့ အကောင်းဆုံးကြိုးစားဖြစ်ကြရင် အောင်မြင်မှုအလီလီကို ရနိုင်ကြမှာ မလွဲဧကန်ပါပဲ။

ကျွန်တော့်အဖို့တော့ စီးသူမဲ့ကြံ့ကြီးနှစ်ကောင်က ကျွန်တော့်ကို ဖိတ်ခေါ်နေပါတယ်။ "ကိုယ့်လူရေ ... ကျုပ်တို့ ကျောပေါ် တက်ခွစီးပြီး လိုရာခရီးကို သွားကြစို့ " တဲ့ဗျ။ သူတို့တွေက စာရှုသူတို့ကိုလည်း နွေးနွေးထွေးထွေး ဖိတ်ခေါ်နေပါတယ်။ ကဲ ... စာရှုသူတွေရယ် ဒါ ခင်ဗျားတို့အတွက် အခွင့်အလမ်းကောင်းပါပဲ။ သူတို့ ကျောပေါ် တက်။ ပြီးရင် ကိုယ် မျှော်မှန်းရာ ဘဝပန်းတိုင်တွေဆီ ခိုင်ကျည်တဲ့ စိတ်ထားနဲ့ မဆုတ်မနစ် ကြိုးစားခရီးဆက်ကြစို့ရဲ့ ...။

(နောက်ပိုင်း အချိန်ရမှ ဆက်ရေးပါဦးမည်။)

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
19.1.2016 (Tue)

No comments:

Post a Comment