Tuesday 26 July 2016

Australia Awards Scholarship အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ အင်တာဗျူးဖြေဖို့ ဘာတွေပြင်ဆင်သင့်ပါသလဲ

သြစတြေးလျအစိုးရရဲ့ ပညာသင်ဆုတစ်ခုဖြစ်တဲ့ Australia Awards Scholarship ကို ဖြေဆိုရာမှာ အဆင့်တွေ အတော်လေး ဖြတ်ကျော်ရပါတယ်။ နောက်ဆုံးအဆင့်ကတော့ အင်တာဗျူးဖြေတဲ့အဆင့်ပါ။ ဒီအဆင့်ကို ရောက်လာပြီးဖြေဆိုတော့မယ့် ညီမတစ်ယောက်က "ဒီအင်တာဗျူးဖြေဖို့ ဘယ်လိုမျိုး ပြင်ဆင်ရမလဲ" လို့ မေးလာလို့ ကျွန်တော့်အတွေ့အကြုံကို အခြေခံပြီး ဖြေဖြစ်ခဲ့တာကို အခုပြန်တင်လိုက်ပါတယ်။ အခြား လိုအပ်မယ့်သူတွေအတွက် တစ်စုံတစ်ခု အကျိုးဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
..............................................
.
ကျွန်တော့်တုန်းက ဖြေခဲ့ရတဲ့ အတွေ့အကြုံကို အခြေခံပြီး ပြန်ပြောပါရစေ။ အခု ညီမဖြေမယ့် အင်တာဗျူးပုံစံလည်း ဒီပုံစံအတိုင်းပဲ ဖြစ်လောက်ပါတယ်။ 
.
ကျွန်တော့်တို့တုန်းက အင်တာဗျူးမဖြေခင် အခန်းအပြင်နားလေးက သတ်မှတ်နေရာလေးမှာ ထားထားပေးတဲ့ ကွန်ပျူတာနဲ့ အက်ဆေးတိုတစ်ပုဒ် ရေးစေပါတယ်။ အက်ဆေးခေါင်းစဉ်က "မိမိလေးစားသောခေါင်းဆောင်တစ်ဦး" နဲ့ အခြားခေါင်းစဉ်တစ်ခုပါ။ အဲဒီနှစ်ခုထဲက တစ်ခုကို ရွေးဖြေရပါတယ်။ အဲဒီမှာ ကိုယ်လေးစားတဲ့ပုဂ္ဂိုလ်ကို ဘာကြောင့်လေးစားရကြောင်း အကျိုးသင့်အကြောင်းသင့် ပြန်ဖြေရပါတယ်။ သတ်မှတ်အချိန်အတွင်း စာလုံးရေအကန့်အသတ်နဲ့ ဒီအက်ဆေးကို ကွန်ပျူတာနဲ့ အပြီးရေးရပါတယ်။ 
.
ဒီတစ်ခုဖြေပြီးရင် ခဏလေး ထိုင်စောင့်ရပါတယ်။ ပြီးမှ အင်တာဗျူးအခန်းထဲမှာ အင်တာဗျူးဖြေရပါတယ်။ အင်တာဗျူးမေးတဲ့သူ သုံးယောက်ရှိတတ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပညာသင်ဆုရွေးချယ်ချီးမြှင့်ရေးတာဝန်ခံ သြစတြေးလျလူမျိုးတစ်ဦး၊ သြစတြေးလျသံရုံးက အခြားပုဂ္ဂိုလ်တစ်ဦး၊ မြန်မာနိုင်ငံအတွက် ပညာသင်ဆုရွေးချယ်ချီးမြှင့်ရေးတာဝန်ခံ မြန်မာလူမျိုးတစ်ဦးတို့ ပါဝင်ပါတယ်။ 
.
သူတို့တွေ မေးတာတွေ မှတ်မိသလောက် ခြုံပြောရရင် ၁။ သြစတြေးလျနိုင်ငံရောက်သွားရင် ဘယ်လိုအခက်အခဲတွေ ရှိလောက်မလဲ၊ ၂။ ဘာကြောင့် ဒီပညာသင်ဆုကို လျှောက်တာလဲ။ ၃။ ဘာကြောင့် ဒီဘာသာရပ်ကို ရွေးချယ်လျှောက်ဖြစ်တာလဲ။ ၄။ ပညာတော်သင်က ပြန်လာရင် မြန်မာနိုင်ငံအတွက် ဘယ်လိုမျိုးအကျိုးပြုနိုင်မယ် ထင်တာလဲ။ ၅။ ခေါင်းဆောင်မှုဆိုတာ ဘယ်လိုနားလည်လဲ ... စသည်ဖြင့် မေးပါတယ်။အမှန်တော့ ပညာသင်ဆုလျှောက်လွှာမှာ ကိုယ်ရေးလိုက်တဲ့ အက်ဆေး ၄ ပုဒ်မှာ ပါတဲ့အကြောင်းအရာတွေကို အခြေခံပြီး သူတို့တွေ ကိုယ့်ကို မေးခွန်းမေးတာပါပဲ။ 
.
နောက်တစ်ခုက leadership နဲ့ ပတ်သက်တဲ့ စာတွေကိုလည်း အတိုင်းအတာတစ်ခုထိ စိတ်ဝင်တစား လေ့လာဖတ်ရှုထားဖို့လိုပါတယ်။ (တအားကြီးကျွမ်းကျင်ထားဖို့တော့ မလိုအပ်ပါဘူး။) စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တဲ့ leadership နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်မူရင်းစာအုပ် (သို့မဟုတ်) မြန်မာပြန်စာအုပ်တစ်ချို့က အဲဒီအတွက် ကူညီပေးပါလိမ့်မယ်။
.
ပညာသင်ဆုရွေးချယ်ေ၇းအဖွဲ့က ကျောင်းသားတစ်ယောက်ကို ရွေးချယ်ဖို့ဆုံးဖြတ်တဲ့အခါမှာ ဒီကျောင်းသားတစ်ယောက် ပညာကို တကယ်ကြိုးစားလိုစိတ်ရှိရဲ့လား၊ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်နိုင်ငံကို တကယ်အကျိုးပြုလိုစိတ်ကော ရှိရဲ့လား၊ သူ့ပညာရေးအသိုင်းအဝိုင်းကို အပြောင်းအလဲဖြစ်စေ၊ အကျိုးပြုစေဖို့ ခေါင်းဆောင်မှုအရည်အချင်းကော ရှိလား ဆိုတာတွေကို အဓိကကြည့်တယ်လို့ ယူဆရပါတယ်။ 
.
ဒီတော့ ပညာသင်ဆုလျှောက်လွှာမှာ ကိုယ်ရေးလိုက်တဲ့ အက်ဆေးလေးပုဒ်ကို ပြန်ဖတ်ပြီး ဘယ်လိုမေးလာရင် ဘယ်လိုပြန်ဖြေရင်ကောင်းမယ်ဆိုတာ တွေးပြီးပြင်ဆင်ထားတာ ကောင်းသလို တစ်ဘက်ကလည်း leadership နဲ့ ပတ်သက်တဲ့ စာအုပ်တစ်ချို့ကို အတန်အသင့် ဝယ်ယူလေ့လာထားတာ ကောင်းပါလိမ့်မယ်။ 
.
နောက်ဆုံးတစ်ခု အကြံပြုလိုတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့နဲ့ ရဲရဲဖြေဆိုဖို့ပါ။ 
.
ကျွန်တော် အကြံပေးလိုတာကတော့ ဒါပါပဲ ညီမ။ အဆင်ပြေအောင်မြင်ပါစေ။
.
TM

No comments:

Post a Comment