Sunday 24 July 2016

လောကငယ်တစ်ခုလှစေဖို့


ဒီလောကငယ်တစ်ခုမှာပေါ့ ...
ဆဲတဲ့သူ ဆဲကြ၊
ကွဲတဲ့သူ ကွဲကြ၊
လွဲတဲ့သူ လွဲကြ၊
မွဲတဲ့သူ မွဲကြ၊
မဲ့တဲ့သူ မဲ့ကြ၊
ရွဲ့တဲ့သူ ရွဲ့ကြ၊
ကဲ့ရဲ့တဲ့သူတွေ ကဲ့ရဲ့ကြ၊
မာန်မာနတွေ ထောင်လွှားကြ၊
ပကာသနတွေ မော်ကြွားပြ၊
ပသာဒတွေက နည်းလေတော့
ထာဝရအေးငြိမ်းရေးအတွက် ရင်လေးစရာ ...

.
နွားခြေရာခွက်ထဲက ဖားသူငယ်လို
ဒီလောကငယ်ထဲ
နေရာကွက်ကလေးဟာ
တစ်ကမ္ဘာအလား
မောဟရဲ့ စေစားခံရ
ဒါ ဘဝမဟုတ်သေးဘူး၊
ဒါ ပရလောကလည်း မဟုတ်ဘူး၊
ဒါ နေရာကွက်ကလေး ...
တစ်နေ့နေ့ ထားခဲ့ရမယ့်
ကွက်ကွက်ကလေး တစ်နေရာပါ၊

.
ကဲ ...
ဘာတွေကို ဖက်တွယ်ချင်မိသေးလဲ ...
ဘာတွေကို မက်နေချင်မိသေးလဲ
မချန်ထားခင်အချိန်လေးမှာ
ဒီလောကငယ်လေးတစ်ခုကို
အဆိပ်တွေကျွေးတာနဲ့
အမှိုက်တွေပေးတာ
ရပ်သင့်က ရပ်ပါ မိတ်ဆွေ ... ။

.
ဇွဲသစ် (ရမ္မာမြေ)
၂၄၊ ၇၊ ၂၀၁၆

No comments:

Post a Comment