Tuesday 5 July 2016

ရခိုင်တွေက ရိုင်းတယ်တဲ့လား


လွန်ခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့က မဲလဘုန်းမြို့လယ်မှာ ရှိတဲ့ RMIT တက္ကသိုလ်၊ မြို့ထဲတက္ကသိုလ်ပုရဝဏ်မှာ ရခိုင်ပဋိပက္ခအခြေအနေနဲ့ ပတ်သက်ပြီး Deaking University က ဒေါက်တာအင်ထနီဝေး (Dr. Anthony Ware) ရဲ့ တင်ပြဆွေးနွေးချက်ကို သွားနားထောင်ဖြစ်ပါတယ်။ သူ တင်ပြဆွေးနွေးချက်တွေက အတိုင်းအတာတစ်ခုထိ ဘက်လိုက်မှုကင်းတယ်လို့ ယူဆမိပါတယ်။ (အကျယ်ကို အချိန်ရမှ ရေးပါဦးမယ်။) ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး သူ မှတ်ချက်ပြုတဲ့ အချက်တွေထဲမှာ တစ်ချက်က ရခိုင်တွေဟာ ရိုင်းတယ်၊ စိတ်လိုက်မာန်ပါ လုပ်တတ်လွန်းတယ်လို့ ဆိုကြတယ်လို့ ပါပါတယ်။ သူ ကိုးကားပြောသွားတဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက "ရခိုင်နဲ့ မြွေပွေးကို တွေ့ရင် ရခိုင်ကို အရင်သတ်။ မြွေပွေးကို အရင် မသတ်နဲ့။" ဆိုပြီး ပြောခဲ့ဖူးတယ်ဆိုတဲ့ တစ်ချက်လည်း ပါပါတယ်။ ကျွန်တော် သိသလောက်တော့ ဒီစကားကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဆိုတဲ့အချက်ဟာ အငြင်းပွားဖွယ် ဖြစ်နေဆဲပါ။ ပွဲကို အတူတက်ရောက်တဲ့ ဗမာသူငယ်ချင်းတစ်ချို့ကလည်း ဒီစကားအပါအဝင် ဒေါက်တာအင်ထနီရဲ့ တင်ပြချက်အချို့ဟာ ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးနေသလိုပဲလို့ မြင်ပြီး နောက်ဆုံး အမေးအဖြေကဏ္ဍမှာလည်း သူငယ်ချင်းတစ်ယောက်က ထောက်ပြဝေဖန်ခဲ့ပါသေးတယ်။ မစ္စတာအင်ထနီက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဆိုတဲ့ ဒီစကားကို ပြောလိုက်တော့ ကျွန်တော့်ရဲ့ ဘယ်ဘက်ဘေးနားတစ်ယောက်ခြားမှာ ထိုင်နေတဲ့ သြစတြေးလျသူလို့ ထင်ရတဲ့ အဘွားကြီးတစ်ယောက် စုပ်တသပ်သပ် ဖြစ်သွားလေရဲ့။ မစ္စတာအင်ထနီက သူ့စကားရဲ့ အငြင်းပွားဖွယ်အဓိပ္ဗာယ်ပြဿနာကို မသိလို့လား၊ သိသိကြီးနဲ့ အချိန်ကို ငဲ့ကွက်ပြီး မပြောဘဲချန်ထားခဲ့တာလား၊ ဒါမှမဟုတ် တကယ်ပဲ ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးလိုတဲ့ သဘောလားတော့ မသိပါဘူး။ အမေးအဖြေကဏ္ဍမှာ ဒီစကားပုံရဲ့ ဆိုလိုရင်းအဓိပ္ဗာယ်က "ရခိုင်ငှက်ပျော (ပင်) နဲ့ မြွေပွေးကို တွေ့ရင် ရခိုင်ငှက်ပျော (ပင်) ကို အရင် ဓားနဲ့ ခုတ်၊ ပြီးမှ မြွေပွေးကို သတ်" လို့ ဆိုလိုကြောင်း၊ ရခိုင်ငှက်ပျောပင်က ထွက်တဲ့ အစေးနဲ့ မြွေပွေးအဆိပ် ပြေအောင် ကုသနိုင်တာမို့ ဒီလိုမျိုး ရခိုင်ငှက်ပျောပင်ကို အရင် ခုတ်ရမှာဖြစ်ကြောင်း ကျွန်တော် မှတ်သားမိသမျှ ပြန်လည်ရှင်းပြဆွေးနွေးဖြစ်တော့မှ ပရိသတ်အတော်များများ ပြုံးနိုင်၊ ရယ်နိုင်ကြပါတော့တယ်။ 

ကျွန်တော့်အမြင်တော့ ရခိုင်တွေဟာ ပရိယာယ်သိပ်မရှိတတ်ကြဘူး။ ဟန်ဆောင်ပန်ဆောင် မပြောတတ်ကြဘူး။ များသောအားဖြင့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ကြတယ်။ လှိုင်းသံလေသံဆူညံတဲ့ ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတမ်းတလျောက်မှာ ရှင်သန်ကြီးပြင်းလာခဲ့ကြလေတော့ ရခိုင်လူမျိုးအတော်များများဟာ လှိုင်းသံလေသံကျော်ပြီး တစ်ဘက်လူကြားနိုင်အောင် အသံကျယ်ကျယ်နဲ့ စကားပြောဆိုတတ်တာ အကျင့်လို ဖြစ်နေကြပါသေးသဗျ။ ဒီတော့လည်း ရိုင်းတယ်လို့ တချို့တွေက ထင်မြင်ယူဆတတ်ကြလေရဲ့။ ဒါပေမယ့် ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲဆိုဆို ရခိုင်အများစုဟာ ရိုးသားပွင့်လင်းကြသူတွေပါ။ မရိုင်းတတ်ကြပါဘူး။ 
၀၁၂ ရခိုင်ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ ရခိုင်တွေကို အမျိုးသားရေး ရှေ့တန်းတင်လွန်းတဲ့ လူရိုင်းတွေအဖြစ် "ရို" ဘက်တော်သားတွေက ကမ္ဘာ့အလယ်မှာ ပိုမိုလှုံဆော်ရေးသားတင်ပြလာပါတယ်။ သိခဲ့မြင်ခဲ့ကြတဲ့အတိုင်း နိုက်ဂျီးရီးယားက ခရစ်ယာန်ဘုရားကျောင်းကို သူတို့နိုင်ငံသားဘိုကိုဟာရမ်အကြမ်းဖက်သမားတွေ မီးရှို့သတ်ထားတာတွေကို ရခိုင်မှာ လုပ်တယ်လို့ ဆိုလိုဆို၊ အာရပ်မီဒီယာတစ်ခုဖြစ်တဲ့ အယ်လ့ဂျာဇီရာ (Al Jazeera) က "ကန့်လန့်ကာနောက်ကွယ်မှ လူမျိုးတုံးသတ်ဖြတ်မှု" (Hidden Genocide) ခေါင်းစဉ်နဲ့ မဟုတ်မဟတ် မီးလောင်ရာလေပင့်လုပ်လိုလုပ်နဲ့ ဘာသာရေးအဓိကရုဏ်းလိုလို၊ လူမျိုးရေးအဓိကရုဏ်းလိုလို ပုံဖော်လာခဲ့ကြပါတယ်။ ဒီလိုမျိုး ပုံဖော်ပြီး ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိတောင် အဖိနှိပ်ခံရတယ်၊ ဘယ်လိုခွဲခြားဆက်ဆံခံရတယ် စသည်ဖြင့် သူတို့တွေ ကမ္ဘာကို ငိုချင်းချကြတယ်။ မြေပြင်အခြေအနေမှာတော့ အဲလောက်ထိ အခြေအနေ မဆိုးမှန်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေဆီကို ရောက်ဖူးသူတွေ ပြောတာ၊ ရေးတာတွေကို တွေ့မြင်နေကြရပါတယ်။ ဒီတော့ နိုင်ငံတကာမျက်နှာစာမှာ ရခိုင်တွေကို လူရိုင်းတွေအဖြစ် မြင်လာပြီး ဘင်္ဂါလီတွေကိုတော့ သနားစရာ နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် မြင်လာကြတာပါပဲ။ "ရို" ဘက်တော်သားတွေရဲ့ ဝါဒဖြန့်မှုကိုသာ ထိတွေ့လာခဲ့ရတဲ့ နိုင်ငံခြားသားတွေက ဒီလိုမျိုး မျက်ရည်အတုနောက်ကွယ်က ပကတိအခြေအနေတွေကို မမြင်နိုင်ကြတော့ပါဘူး။ ရခိုင်နဲ့ ဘင်္ဂါလီ ဘက်နှစ်ဘက်လုံးကို သမိုင်းကြောင်းအရ မျှတအောင် မြင်တတ်ကြည့်တတ်လောက်အောင် လေ့လာထားတဲ့ နိုင်ငံခြားသားတွေသာ ပကတိအခြေအနေကို မြင်အောင်ကြည့်တတ်ကြတာ တွေ့ရပါတယ်။ 

လွန်ခဲ့တဲ့ နှစ်လနီးပါးလောက်က ကျွန်တော့်အခန်းဖော်အိန္ဒိယသူငယ်ချင်းက ပြောလာပါတယ်။ သူလုပ်နေတဲ့ အချိန်ပိုင်းအလုပ်မှာ ဆော်ဒီက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို ဘယ်လိုဖိနှိပ်ဆက်ဆံကြောင်း၊ ဘင်္ဂလီတွေ အများကြီး အသတ်ခံရကြောင်း၊ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြားရတာ သူ အင်မတန် စိတ်ပျက်မိကြောင်း ညည်းတွားပြောပြပါသတဲ့။ ဒီတော့ အခန်းဖော်သူငယ်ချင်းက "မင်းက နိုင်ငံခြားသားလည်း ဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်လည်း ဖြစ်တယ်ဆိုတော့ "ရို" ဘက်တော်သားတွေရဲ့ အသံတစ်ခုတည်းကိုပဲ နားစွင့်နေလို့ ဖြစ်ပါလိမ့်မယ်။ အမှန်က အခြားတစ်ဘက်ရဲ့ အသံကိုလည်း နားစွင့်သင့်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တူရကီ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အများကြီးတွေ့ရတာကျတော့ မင်း မမြင်ဘူးမလား။" လို့ ပြန်ပြောခဲ့ပါသတဲ့။ အခု ဒီဆော်ဒီကြီးရဲ့ အမြင်က နိုင်ငံခြားသားအတော်များများရဲ့ အမြင်နဲ့ တူနေမယ်ထင်ပါရဲ့။

"ရို" ဘက်တော်သားတွေက ရခိုင်တွေကို လူရိုင်းတွေအဖြစ် ပုံဖော်တင်ပြတတ်ကြသလို နိုင်ငံတွင်းကတစ်ချို့သောပုဂ္ဂိုလ်တွေကလည်း နိုင်ငံရေးကစားကွက်အဖြစ် ရခိုင်နဲ့ ဘင်္ဂါလီကို ရန်တိုက်ပေးကြတယ်လို့ ယူဆတာတွေလည်း တွေ့ရပါတယ်။ အထင်ပေါ်ဆုံးသာဓကတစ်ခုက ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခပါပဲ။ ရခိုင်တွေကလည်း အများရှေ့မှာ အနောက်ဘက်တံတိုင်းရဲ့ တံခါးမှူးဘဝနဲ့ပဲ နောက်ကွယ်မှာ လူရိုင်းအဖြစ် သမုတ်ခံကြရပါသေးတယ်။ 
ဒါတင်မကသေးပါဘူး။ တက္ကသိုလ်က ဆရာလောင်းတပည့်တစ်ဦး ပြန်ပြောပြချက်အရ အတန်းထဲမှာသင်ပြတဲ့ ဆရာတစ်ဦးက စာသင်နေရင်းနဲ့ ရခိုင်လူမျိုးတွေဟာ ရိုင်းစိုင်းကြကြောင်း၊ မကောင်းကြောင်း ရခိုင်အများကြီးရှိနေတဲ့အတန်းမှာ ဝေဖန်လာတော့ သူက ဆရာ့ကို ပြန်ပြီး ဆွေးနွေးငြင်းခုံလိုက်လို့ အဲဒီဆရာ အတော်လေး ဒေါသထွက်သွားခဲ့ပါသတဲ့။ ကိုယ်ကတော့ "သြော် ... ဒီလို ဆရာမျိုးလည်း ရှိတာပဲနော်။" လို့သာ ရေရွတ်မိခဲ့ပါတော့တယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းအတူတူ ကိုယ့်တပည့်တွေရှေ့မှာ ဒီလိုမျိုး ပြောခဲ့တယ်ဆိုတဲ့ အဲဒီဆရာ့လုပ်ရပ်ကို အံ့သြမိခဲ့တာ အမှန်ပါပဲ။

ကျွန်တော့် ဗမာသူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ သူ့ သူငယ်ချင်းတွေထဲမှာ "ရခိုင်နဲ့ မြွေပွေးကို တွေ့ရင် မြွေပြွေးကို အရင်မသတ်နဲ့။ ရခိုင်ကို အရင်သတ်" ဆိုတဲ့ ဆိုရိုးစကားကို ဒီအတိုင်း (တိုက်ရိုက်အဓိပ္ဗာယ်အတိုင်း) နားလည်ထားတဲ့သူတွေ အတော်များများ ရှိပါသတဲ့။ သူတို့အဖို့တော့ ရခိုင်တွေဟာ မယုံကြည်ရသူ၊ ရိုင်းစိုင်းသူတွေလို့ စွဲမြဲစွာ မှတ်ယူနေမိကြလေမလားမသိပါဘူး။ အမှန်က ရခိုင်လူမျိုးတွေဟာ "အပျင်းကြီးသူတွေ" ဆိုပြီး Burma Gazetteer (Akyab District (ထင်ပါတယ်)) ထဲမှာ ဖတ်ဖူးပါရဲ့။ ဒီမှတ်တမ်းကို ပြုစုသူ ဗြိတိသျှတွေကတော့ ရခိုင်တွေဟာ ရိုင်းစိုင်းသူတွေလို့ မှတ်တမ်းမတင်ထားခဲ့ပါဘူး။ ဒီတော့ ကျွန်တော်တို့ ရခိုင်တွေဟာ လူရိုင်းတွေမဟုတ်ရပါဘူးဗျာ။ လူပျင်းတွေသာ ဖြစ်ကြောင်းပါ။ လူရိုင်းတွေအဖြစ် မသမုတ်ကြပါနဲ့။ သမုတ်ချင်သပဆိုရင် လူပျင်းတွေအဖြစ်သာ သမုတ်လိုက်ပါလေ။ ကျွန်တော်တောင် အတော် အပျင်းကြီးတဲ့ လူပျင်းကြီးတယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိသဗျ။ 

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၎၊ ၇၊ ၂၀၁၆ (တနင်္လာနေ့)

No comments:

Post a Comment