Wednesday 17 August 2016

Humour on the job (အလုပ်အကိုင်ဆိုင်ရာ ဟာသများ)


ဒီနေ့ ဈေးဝယ်သွားတုန်း သြဂုတ်လထုတ် Reader's Digest ကို ဝယ်လာဖြစ်ပါတယ်။ စာအုပ်ပေါ်မှာတော့ Reader's Digest ဆိုတဲ့နာမည်အပေါ်က Australia ဆိုတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် သြစီတစ်နိုင်ငံတည်းအတွက် ရည်ရွယ်ထုတ်ဝေတဲ့ စာအုပ်လို့ တွေးမိပါတယ်။ စာအုပ်ဈေးက AUD 6.50 ပါ။ မြန်မာငွေနဲ့ဆိုရင် ၅၈၀၀ ခန့် ကျသင့်ပါတယ်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ဝယ်ခဲ့စဉ်က Reader's Digest တစ်အုပ်ကို ငွေ (၃၀၀၀) ပေးရပါတယ်။ အခုတော့ တစ်အုပ်ကို ဘယ်လောက်ဈေးပေးဝယ်ရတယ်မသိ။
.
ဒီစာအုပ်မှာပါတဲ့ Humour on the job (အလုပ်အကိုင်ဆိုင်ရာ ဟာသ) ထဲက အနှစ်သက်ဆုံးလေးပုဒ်ကို ဘာသာပြန် တင်လိုက်ပါရစေ။ အင်္ဂလိပ်စာလေ့လာဆဲ မိတ်ဆွေတွေအတွက်လည်း တစ်စုံတစ်ရာအကျိုးရှိစေဖို့ မူရင်းအင်္ဂလိပ်ဟာသတိုတွေကိုပါ ယှဉ်တွဲတင်လိုက်ပါတယ်။
.
(1) Not a doctor
.
My mum had a small decorative windmill in her front yard. A storm broke one of the blades, causing the windmill to shake violently.
.
Dad announced that he would 'take care of it' and rebalanced the windmill by snapping off the opposing blade.
.
Watching him through the window, Mum remarked, "I hope I never break a leg."
.
(Submitted by Gerald Loffredo)
.
ဆရာဝန်မှ မဟုတ်တာ
................
.
အမေ့အိမ်ရှေ့ဝင်းခြံထဲမှာ အလှသဘော ပြုလုပ်ထားတဲ့ လေရဟတ်ငယ်တစ်ခု ရှိခဲ့ပါတယ်။ မုန်းတိုင်းတိုက်တော့ ဒလက်တစ်ခုကျိုးပြီး လေရဟတ် သွက်သွက်ခါ ရမ်းနေပါလေရော။
.

Tuesday 16 August 2016

အရှေ့တောင်အာရှဆယ်နိုင်ငံက ဘာသာစကားတွေ


မြန်မာနိုင်ငံမှာ ဘာသာစကားတွေ အင်မတန်များပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဘာသာစကားအများဆုံးနိုင်ငံဖြစ်လေမလားလို့ တွေးဖူးခဲ့ပါတယ်။ ကျွန်တော် ဒီလိုမျိုး ဝါးလုံးခေါင်းထဲမှာ လသာခဲ့ဖူးလေရဲ့။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာတောင် ဘာသာစကားအများဆုံးနိုင်ငံ ဖြစ်မနေပါ။

Ethnologue အရ လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာစကားပေါင်း (၁၁၈) မျိုးရှိပြီး ဒီဘာသာစကားတွေထဲကမှ တစ်မျိုးဟာ လုံးဝပျောက်ကွယ်သွားပါပြီတဲ့။ ကျန်တဲ့ ရှင်သန်နေဆဲ ဘာသာစကား (၁၁၇) မျိုးအနက် (၁၁၁) မျိုးက တိုင်းရင်းသားဘာသာစကားတွေဖြစ်ပြီး အခြား (၆) မျိုးက တိုင်းခြားဘာသာစကားတွေ ဖြစ်ပါသတဲ့။ ဒီဘာသာစကားတွေထဲမှာပဲ ခိုင်မာတဲ့ ဘာသာစကား (၁၁) မျိုး၊ ဖွံ့ဖြိုးဆဲဘာသာစကား (၄၈) မျိုး၊ အသုံးများဆဲ ဘာသာစကား (၃၇) မျိုး၊ ပျောက်ကွယ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖစ်တဲ့ ဘာသာစကား (၁၈) မျိုးနဲ့ ပျောက်ကွယ်လုဆဲဆဲ ဘာသာစကား (၃) မျိုး ရှိပါသတဲ့။

မြန်မာနိုင်ငံထက် ဘာသာစကားပိုများတဲ့ အာဆီယံနိုင်ငံတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ဘာသာစကားပေါင်း (၇၀၀) ကျော်၊ ဖိလစ်ပိုင်မှာ ဘာသာစကားပေါင်း (၁၇၀) ကျော်နဲ့ မလေးရှားမှာ ဘာသာစကား (၁၄၀) ကျော် ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံဟာ အာဆီယံ (၁၀) နိုင်ငံထဲမှာ ဘာသာစကား စတုတ္ထအများဆုံးနိုင်ငံဖြစ်ပါတယ်။ ဘာသာစကား ပဉ္စမအများဆုံးနိုင်ငံက ဗီယက်နမ်နိုင်ငံ ဖြစ်ပြီး ဘာသာစကား (၁၀၉ ) မျိုး ရှိပါတယ်။ လာအိုနိုင်ငံက ငယ်သာငယ်ပေမယ့် ဒီနိုင်ငံထဲမှာ ဘာသာစကား (၈၂) မျိုးကို နိုင်ငံသားတွေ ပြောဆိုကြပါသတဲ့။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဘာသာစကား (၇၀) ကျော်ကို ပြောဆိုသုံးနှုန်းကြပါသတဲ့။ စင်ကာပူနိုင်ငံမှာတော့ ဘာသာစကားအမျိုးအစား (၂၀) ကျော်ကို အသုံးပြုကြပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာ ဘာသာစကားအမျိုးပေါင်း (၂၀) ခန့် ပြောဆိုကြပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ဘာသာစကားအနည်းဆုံးနိုင်ငံက ဘရူနိုင်းနိုင်ငံပါပဲ။ ဒီနိုင်ငံမှာ ဘာသာစကား (၁၇) မျိုးကိုသာ
ပြောဆိုကြပါတယ်။

ZT(RMM)
16.8.2016

ကျမ်းကိုး
..........
၁။ Ethnologue.com
၂။ UNESCO Bangkok.(2007). Advocacy kit for promoting multilingual education: Including the excluded.

Fame is a bee (ကျော်စောမှုဟာ ပျားပမာ)


Fame is a bee
............
Fame is a bee
It has a song.
It has a sting.
Ah,too,it has a wing.

(Emily Dickinson)

ကျော်စောမှုဟာ ပျားပမာ
................

ကျော်စောမှုဟာ ပျားပမာလေ
သာယာအေးကြူ ဆိုတေးမြူလည်း
ပျားတူဆိပ်တုတ် သူပင်လုပ်ရဲ့
အဟုတ်တစ်ခါ တောင်ပံပါတော့
ဝေးရာပျံလို့ ပြေးတတ်သေး။

ဘာသာပြန် = ဇွဲသစ် (ရမ္မာမြေ)

Wednesday 10 August 2016

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေ

သြစတြေးလျနိုင်ငံက ပုံမှန်စီးကရက်ဘူးတစ်ဘူးရဲ့ နောက်ကျောဖက်

မြန်မာနိုင်ငံမှာ ရောင်းတဲ့ စီးကရက်ဘူးတိုင်းမှာ ပါတတ်တဲ့ သတိပေးစာက
" စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်" တဲ့။
.
သြစတြေးလျနိုင်ငံမှာ ရောင်းတဲ့ စီးကရက်ဘူးတိုင်းရဲ့ ရှေ့မျက်နှာစာမှာ စာလုံးကြီးနဲ့ ထင်ထင်ရှားရှား ပါနေတတ်တဲ့ စာက အောက်ပါအတိုင်း ဖြစ်ပါတယ်။
"Smoking doubles your risk of stroke.
(ဆေးလိပ်သောက်ခြင်းသည် လေဖြတ်ခြင်းကို နှစ်ဆတိုး ဖြစ်စေနိုင်သည်။)"
ဒီစာအပြင် ဆေးလိပ်သောက်ခြင်းကြောင်း ဆိုးကျိုးဖြစ်သွားတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ ကြောက်စဖွယ် မျက်နှာကို ပြထားပါသေးတယ်။
.
စီးကရက်ဘူးရဲ့ နောက်ဘက်မှာတော့ အပေါ်က စာကို တစ်ခါ ထိပ်စီးက ထင်ထင်ရှားရှား ဖော်ပြထားပြန်ပါတယ်။ ပြီးရင် ဘူးနောက်ကျောဘက်မှာဖော်ပြထားတဲ့ အမျိုးသမီးရဲ့ ကြောက်စရာ့မျက်နှာကို ပြထားပြန်ပါတယ်။ ဒီအောက်မှာ ဒီအမျိုးသမီးရဲ့ အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားပါသေးတယ်။ 
"Cynthia, a smoker for 25 yrs, had a stroke aged 39. The stroke damaged her ability to speak and move parts of her body. She says "The hardest part was relying on my kids to look after me _ I should be looking after them." Don't think it can't happen to you _ younger people suffer strokes too.
Thinking of quitting? Call Quitline 13 7848.
talk to your doctor or pharmacist, or visit www.quitnow.gov.au"
(စင်သီယာ ဆေးလိပ်သောက်လာတာ ၂၅ နှစ် ရှိပါပြီ။ သူ အသက် ၃၉ နှစ်အရွယ်ရောက်တော့ လေဖြတ်ပါလေရော။ လေဖြတ်တော့ သူ စကားလည်း မပြောနိုင်၊ ကိုယ့်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း မလှုပ်နိုင်ဖြစ်သွားခဲ့တယ်။ သူမက ပြောပါတယ်။ "(ကျွန်မအတွက်) အခက်ခဲဆုံးအပိုင်းက ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ သားသမီးတွေကိုပဲ မှီခိုနေရတာပါပဲ။ တကယ်တော့ ကျွန်မကသာ သူတို့လေးတွေကို ပြုစုစောင့်ရှောက်သင့်တာပါ" တဲ့။ ကိုယ်ကိုယ်တိုင်တော့ မဖြစ်နိုင်လောက်ပါဘူးလေလို့ မတွေးမိပါလေနဲ့။ လူငယ်တွေလည်း လေဖြတ်တတ်ပါတယ်။
ဆေးလိုက်ဖြတ်ဖို့ တွေးနေပြီလား။ ...... ဒီဖုန်းကို ခေါ်ပါလေ။
ဆရာဝန် (သို့မဟုတ်) ဆေးဆိုင်ဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ...... ဒီဝက်ဘ်ဆိုက်ကို သွားပြီး လေ့လာပါ။) 
စီးကရက်ဘူးရဲ့ အပေါ်ဘက်မှာ တစ်ခါ ထပ်ပြီး သတိပေးထားတာက ဒီလိုပါ။
"Warning
Inhaling even small amounts of the toxic chemicals in tobacco smoke can trigger sudden blood clots, heart attacks and strokes."
(သတိ။ ။ ဆေးရွက်ကြီးမီးခိုးငွေ့မှာ ပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းပမာဏအနည်းငယ် ရှူရှိုက်မိရင်တောင် ရုတ်တရက် သွေးခဲခြင်း၊ နှလုံးရောဂါနဲ့ လေသင်တုန်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။) 
အထက်ပါအတိုင်း ဆိုးကျိုးတွေကို သင်ခန်းစာယူစဖွယ် တိုတိုတုတ်တုတ် တင်ပြထားပြီး ဆေးလိပ်ဖြတ်ချင်လာအောင် ဆွဲဆောင်ထားပါသေးတယ်။ ဆေးလိပ်ငွေ့ဟာ အင်မတန် ဆိုးကျိုးတွေပေးကြာင်းကို ပြောပြထားပါတယ်။
.
ဒါပေမယ့် ဆေးလိပ်သောက်သူအများစုက ဆေးလိပ်ကို မဖြတ်လိုကြတာ တွေ့ရပါတယ်။ အခု ပေါင်းနေကျ သူငယ်ချင်းတစ်ယောက်က ဆေးလိပ်သောက်တတ်သူပါ။ "ဆေးလိပ်ဖြတ်တော့လေကွာ။ မင်းအတွက် မကောင်းဘူး။" လို့ သူ့ကို ပြောလေတိုင်း "ဖြတ်တော့မယ်ကွ။ ဒါ နောက်ဆုံးတစ်ဘူးပဲ။ ဒီတစ်ဘူးကုန်ရင် ငါ လုံးဝ မသောက်တော့ဘူး။" လို့ ပြန်ပြောတတ်လေရဲ့။ ဒါပေမယ့် သူ့ လက်ကျန်တစ်ဘူးက ဘယ်တော့မှ မကုန်ခဲ့။ ဟိုတစ်ခေါက်တုန်းကတော့ သူ ဆေးလိပ်ဖြတ်လိုက်ပြီလို့ ဆိုတယ်။ ဆေးလိပ်သောက်ချင်စိတ် မဖြစ်စေနိုင်အောင် ဆရာဝန်က သူ့လက်မှာ ပလာစတာတစ်ခုနဲ့ ကတ်ပြီး ဆေးထည့်ပေးထားတာတွေ့တယ်။ ဒါကို သုံးထားရင် ဆေးလိပ်ပြတ်တာ မြန်တယ်ဆိုပဲ။ သိပ်မကြာပါဘူး။ သူ ဆေးလိပ် ပြန်သောက်တယ်။ အခုလည်း ဆေးလိပ်ဖြတ်ဖို့ ပြောမိရင် "လက်ကျန်တစ်ဘူး ကုန်ရင် နောက်ထပ် မသောက်တော့ဘူးကွာ။" လို့ ခါတိုင်းလို ပြောနေကျ။ ဒါပေမယ့် တစ်နှစ်ကျော်သာ ကြာလာတယ်။ သူ့ လက်ကျန် စီးကရက်ဘူးက ကုန်မသွားခဲ့။ သူလည်း သောက်မြဲတိုင်း သောက်နေဆဲ။
.
ဆေးလိပ်သောက်တာဟာ အမှန်တကယ် ဆေးလိပ်သောက်သူ (active smoker) နဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူ (passive smoker) နှစ်ဦးလုံးအတွက် ဆိုးကျိုးက အတူတူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ်ကို ကိုယ်တိုင်လည်း မသောက်သလို ဆေးလိပ်ငွေ့ကိုလည်း တစ်ဆင့် မရှူရှိုက်မိဖို့ သတိပြုရှောင်ရှားနိုင်ဖို့ပါ။ ဆေးလိပ်ထက်ပိုဆိုးတဲ့ ဆေးခြောက်တို့၊ ဘိန်းတို့ဆိုတာတွေကတော့ အနားတောင်မှ မသိလေ ကောင်းလေပေါ့ဗျာ။ "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဆိုသလိုမျိုး "ရှောင်လေဝေးဝေး ဆေးလိပ်ဘေး" "ရှောင်လေဝေးဝေး စီးကရက်ဘေး" ဆိုပြီး ထပ်ခွဲပြောဖို့ လိုဦးမယ် ထင်ပါ့။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၁၀.၈.၂၀၁၆ (ဗုဒ္ဓဟူးနေ့)

"Open Day"


ပုံမှန်အားဖြင့် ဘာသာရပ်အများစုအတွက် စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျောင်းပိတ်နေကျ ဖြစ်ပါတယ်။ တနင်္လာကနေ သောကြာနေ့အထိ ရုံးဖွင့်ရက်အတွင်း ပုံမှန် ကျောင်းဖွင့်တတ်ပါတယ်။ အဲဒီရက်တွေမှာဆို ကျောင်းလာတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ အခြားတက္ကသိုလ်ဝန်ထမ်းတွေ တရုံးရုံး ဖြစ်တတ်သလောက် ဒီလို စနေ၊ တနင်္ဂနွေရက်တွေမှာ တစ်ချို့ဘာသာရပ် ယူတဲ့ ကျောင်းသား၊ကျောင်းသူရာဂဏာန်း မပြည့်တပြည့်၊ ဆရာ၊ဆရာမအချို့၊ စာကြည့်တိုက်ဝန်ထမ်းအချို့နဲ့ စာကြည့်တိုက်လာသုံးတဲ့ ကျောင်းသား၊ကျောင်းသူအချို့တို့သာ တက္ကသိုလ်ပုရဝုဏ်ထဲမှာ တွေ့ရတတ်လေတော့ ခြောက်ခြောက်ကပ်ကပ် ဖြစ်လွန်းနေတတ်သပေါ့။ ဒါပေမယ့် သြဂုတ်လ (၇) ရက်နေ့ဖြစ်တဲ့ ဒီနေ့လေးကတော့ အတော် ထူးခြားနေလေရဲ့။ တနင်္ဂနွေနေ့ဖြစ်ပေမယ့် တက္ကသိုလ်ပုရဝုဏ်ထဲမှာ အင်မတန် လူစည်ကားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။
.
ဒီနေ့ကို "Open Day" လို့ အမည်ပေးထားပုံလေးက ရိုးရိုးလေးပေမယ့် ထူးခြားနေသယောင်ယောင်ရယ်။ Open Day ဆိုတော့ တစ်ချို့တွေက ဒီနေ့မှ တက္ကသိုလ်စတက်ရတဲ့ "အဖွင့်နေ့" ကိုပဲ ဆိုလိုလေသလားလို့ သို့လောသို့လော ဖြစ်မိကြပါမယ်။ ဒါပေမယ့် တက္ကသိုလ်ပထမနေ့ကို ဆိုလိုတာ မဟုတ်ပါဘူး။ အမှန်တော့ ဒီပညာသင်နှစ်ဝက်အတွက် တက္ကသိုလ်ပြန်ဖွင့်တာ ဒီသီတင်းပတ်က နှစ်ပတ်မြောက် ဖြစ်ပါတယ်။ ဒီတော့ "အဖွင့်နေ့" လို့ ဘာကြောင့်ခေါ်သေးသတုန်းလို့ မေးချင်ကြပါလိမ့်မယ်။ ဟုတ်ပါတယ် ... ။ အဖွင့်နေ့တော့ အဖွင့်နေ့ပေါ့။ သို့ပေမယ့် ဒီနေ့ ဖွင့်ပြလိုက်တဲ့ ပုံစံမျိုးလေးက စိတ်ဝင်စားစရာပါပဲ။ လာထရုတ်တက္ကသိုလ်မှာ ရှိတဲ့ ပညာရပ်ဆိုင်ရာဌာနအသီးသီးက သတ်မှတ်အခန်းတွေနဲ့ သတ်မှတ်နေရာတွေမှာ စေတနာ့ဝန်ထမ်းကျောင်းသား၊ကျောင်းသူတွေ၊ ဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမတွေက လာရောက်လေ့လာတဲ့ ကြီးငယ်ရွယ်လတ် ပုဂ္ဂိုလ်တွေကို သိလိုသမျှကို စိတ်ရှည်လက်ရှည် ကူညီရှင်းပြပေးတဲ့ ပွဲဖြစ်ပါတယ်။ ဒီဌာနတွေက ပေးနေတဲ့ ဘွဲ့တွေအကြောင်း၊ ဘယ်လို ဆက်သွယ်တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စိတ်ဝင်စားဖွယ် ရှင်းလင်းတင်ပြထားတဲ့ လက်ကမ်းစာစောင်တွေလည်း ရယူနိုင်ကြပါတယ်။
.
စာကြည့်တိုက်အရှေ့နားမှာတော့ တိုက်ရိုက်ထုတ်လွှင့်နေတယ်လို့ ထင်ရတဲ့ ရုပ်သံတစ်ခုက တစ်ချို့ပုဂ္ဂိုလ်တွေနဲ့ အင်တာဗျူးလုပ်ပြီး တင်ဆက်နေတာ တွေ့ရပါတယ်။ စာကြည့်တိုက်အရှေ့ က ဝက်ဝိုင်းသဏ္ဍာန်မြက်ခင်းပြင်ပေါ်မှာ ခန့်ခန့်ထည်ထည် လုပ်ထားပြီး ရွှေ့ပြောင်းနိုင်တဲ့ ပိုက်ကွန်ပါ ဘောလုံးဂိုးပေါက်တစ်ခု လုပ်ထားပါတယ်။ တစ်ချို့ကလေးတွေက ဒီမြက်ခင်းပြင်ပေါ်မှာ တပျော်တပါး ဆော့ကစားနေကြတယ်။ စာကြည့်တိုက်နဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်တွေရှိတဲ့ အက်ဂိုရာဘက်ခြမ်းကလွဲပြီး တခြားဘက်တွေမှာတော့ ဘာသာရပ်အသီးသီးနဲ့ သက်ဆိုင်တဲ့ ဌာနတစ်ချို့၊ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိနိုင်တဲ့ နေရာတွေ၊ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တဲ့အချက်အလက်တွေ ပေးတဲ့ နေရာ စသည်ဖြင့် စုံလို့ပါပဲ။ ဒါ့အပြင် စာကြည့်တိုက်ရှေ့ မြက်ခင်းပြင်ရဲ့ လေးဘက်လေးတန်မှာ ဆင်ထားတဲ့ ဆောင်းဘောက်တွေဆီက မြူးကြွတဲ့ သီချင်းသံကလည်း ပွဲကို ပိုပြီး အသက်ဝင်စေပါတယ်။ ဒီနေ့က လူတွေများတော့ ကျောင်းပိတ်ရက်တွေမှာ ပိတ်နေကျ ဆိုင်တွေတောင် အရောင်းသွက်နေတာ တွေ့ရပါတယ်။ တက္ကသိုလ်ရဲ့ ပင်မနေရာတွေတင်မကပါဘူး။ စာကြည့်တိုက်ဘေးနားက အဆောက်အဦ၊ သူ့နောက်ဘက်က အဆောက်အဦတွေ၊ အခြား စာကြည့်တိုက်နဲ့ နီးတဲ့ ဥပဒေဌာနစတဲ့ နေရာတွေမှာလည်း ဌာနက ပေးနိုင်တဲ့ ဘွဲ့တွေအကြောင်း၊ ဘာသာရပ်တွေအကြောင်းကို ဗန်းခင်းပြနေကြလေရဲ့။
.
လာရောက်လေ့လာကြည့်ရှုသူတွေက အစုံပါဝင်ပါတယ်။ အထက်တန်း တက်ရောက်နေတဲ့ ဆယ်ကျော်သက်တွေကို အုပ်စုလိုက်တွေ့ရသလို မိဘညီအစ်ကိုမောင်နှမတစ်ချို့လည်း အတူပါလာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေလည်း တွေ့ရပါတယ်။ ဒေသခံတွေများပေမယ့် ဒေသခံမဟုတ်သူတွေလည်း အတော်လေး တွေ့ရပါတယ်။ ကျွန်တော်တို့လို ဒီတက္ကသိုလ်မှာ တက်ရောက်နေဆဲ ကျောင်းသား၊ကျောင်းသူတွေကလည်း ပါဝင်နေကြပါတယ်။ ကြည့်ရတာ ဒီပွဲကို လုပ်နိုင်ဖို့ တက္ကသိုလ်အနေနဲ့ အတော်လေး ပြင်ဆင်ထားရမယ့် ပုံပါပဲ။ အထူးသဖြင့် ဒီပွဲလုပ်မယ့် အစီအစဉ်တွေကို လူထုဆီ ကြိုတင် အသိပေးထားခဲ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီနေ့လို စည်ကားခဲ့တာ ဖြစ်ပါလိမ့်မယ်။
.
အမှန်တော့ ဒီပွဲမျိုးကို မြန်မာနိုင်ငံမှာလည်း တွေ့ရတတ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုခုက တက်္ကသိုလ်ကြီးတစ်ခုခု (သို့မဟုတ်) တက္ကသိုလ်တွေစုပေါင်းပြီး "ပညာရေးပွဲတော်" (သို့မဟုတ်) "တက္ကသိုလ်တွေကို ဗန်းခင်းပြတဲ့ ပွဲ" မျိုးပါပဲ။ ပြည်ပမှာ ပညာဆက်လက်ဆည်းပူးလိုသူတွေအတွက် ဒီလိုပွဲမျိုးက အင်မတန် ဗဟုသုတတိုးစေပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်နိုင်ကြပါတယ်။ ကိုယ်လျှောက်ရမယ့် လမ်းကြောင်းတွေကို မြင်သွားနိုင်ကြပါတယ်။ ဒါကြောင့် အင်မတန်အကျိုးရှိတဲ့
"ပညာရေးကို ဗန်းခင်းပြတဲ့ ပြပွဲ" တွေလို့ ခေါ်နိုင်ကြမှာပါ။
.
ဒီနေ့ လာထရုတ်တက္ကသိုလ်မှာ လုပ်တဲ့ "ပညာရေးကို ဗန်းခင်းပြတဲ့ ပြပွဲ" ကတော့ ဒေသခံတွေနဲ့ သြစတြေးလျနိုင်ငံမှာ ပြောင်းရွေ့နေထိုင်နေတဲ့ သြစတြေးလျနိုင်ငံသားတွေအတွက် အဓိက ရည်ရွယ်တာ တွေ့ရပါတယ်။ တက္ကသိုလ်အနေနဲ့ "ငါတို့တွေက ဒါတွေကိုတော့ ပေးနိုင်တယ်။ မင်းတို့ စိတ်အားထက်သန်ရာ ပညာရေးခရီးလမ်းကို ကြိုက်သလို ရွေးကြပါ။" လို့ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခွင့် ပြုလိုက်တဲ့ သဘောပါပဲ။ ဒီတော့ ဒီနေ့ ပြုလုပ်တဲ့ Open Day ဆိုတာ "ပညာရပ်တွေကို ပွင့်လင်းမြင်သာစွာ ဗန်းခင်းပြလိုက်တဲ့ နေ့" လို့ပဲ အဓိပ္ဗာယ်ဖွင့်ဆိုရမယ် ထင်ပါတယ်။ ဒီနေ့ပွဲကို တက်ရောက်ဖြစ်ခဲ့ကြတဲ့ ကြီးငယ်ရွယ်လတ်တွေထဲက ဘယ်နှစ်ရာခိုင်နှုန်းသော ပုဂ္ဂိုလ်တွေ ဒီနေ့ပွဲရဲ့ ညှို့ငင်ဖမ်းစားမှုကို ခံလိုက်ရမယ်တော့ မသိ။ ဒါပေမယ့် သူတို့အတွက် အမှတ်တရ နေ့ရက်တစ်ရက်တော့ ဖြစ်ခဲ့ကြမှာ အမှန်ပါပဲ။
.
လေးစားစွာ
.
ZT (RMM)
7.8.2016 (Sun)

Tuesday 9 August 2016

ကတိ


"ကတိစကားဆိုတာ ဖြတ်ကူးဖို့ မကောင်းတဲ့ တံထားလေးတစ်ခုပါ" တဲ့။ ဖတ်ခဲ့ဖူးတဲ့ ဆိုရိုးစကားလေးတစ်ခုပါ။ တစ်စုံတစ်ယောက်ကို လွယ်လွယ် ကတိစကားမဆိုဖို့ ဒီစကားလေးက သတိပေးနေသလိုပါပဲ။
တစ်ခါတစ်ရံ တစ်ဖက်လူအတွက် တစ်ခုခု လုပ်ပေးဖို့ ကတိတွေ ပေးမိပြီးခါမှ အကြောင်းကြောင်းကြောင့် ကတိအတိုင်း မဖြည့်ဆည်းနိုင် ဖြစ်တတ်ကြပါတယ်။
ဒီလိုမျိုး ကိုယ်ပေးထားတဲ့ ကတိတွေ မတည်နိုင်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိစမြဲပါပဲ။ နောင်တရတတ်စမြဲပါပဲ။ 
ကိုယ်ပဲ စိတ်မကောင်းဖြစ်မိတာ မဟုတ်ပါဘူး။ ကတိစကား လက်ခံလိုက်သူတွေ အနေနဲ့လည်း ကတိစကားအတိုင်း တစ်ဘက်လူက ဖြည့်ဆည်းပေးလာနိုးနိုး စောင့်စားရတာ အမောပါပဲ။ နောက်ဆုံး ကတိမတည်တဲ့အခါ ဒီလူ့အပေါ် ယုံကြည်မှုပျောက်ဆုံးသွားတတ်ပါတယ်။ စိတ်ထဲမှာ မမြင်နိုင်တဲ့ ဆူးလေးတစ်ချောင်း စိုက်ဝင်သွားတတ်ပါတယ်။ ဒီလူဟာ "ကတိမတည်တဲ့ သူ" ၊ "မယုံကြည်ရတဲ့ သူ" ဆိုပြီး စိတ်ထဲ တေးမှတ်သွားတတ်ကြပါတယ်။ 
ဒီတော့ ကတိစကားဟာ ထိလွယ်ရှလွယ် ဖြစ်လွန်းတဲ့ သဘောရှိပါတယ်။ လွယ်လွယ်နဲ့ ကတိစကားမဆိုဖို့ လူတိုင်း သတိပြုသင့်လှပါတယ်။
အခုနောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင်လည်း လွယ်လွယ် ကတိတွေ မပေးမိအောင် အထူး ဂရုစိုက်ဖြစ်ပါတယ်။ ကိုယ်အမှန်တကယ် လုပ်နိုင်မယ့် ကိစ္စမျိုးမှာမှ ကတိတွေ ပေးဖြစ်လာပါတယ်။ ဒီကြားထဲ တစ်ခါတစ်ရံ ကတိမတည်နိုင်ခဲ့တာလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ဒီအတွက်လည်း သက်ဆိုင်သူတွေအပေါ် အင်မတန် အားနာရပါတယ်။
"မင်းမှာ သစ္စာ လူမှာ ကတိ" 
"ကတိသစ္စာ၊ တည်သောခါဝယ်
သြဇာလေးနက်၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်ဧ။်" 
... စတဲ့ စကားတွေဟာ မြန်မာကျောင်းသား၊ကျောင်းသူတွေ မြန်မာစာ စာစီစာကုံးရေးတဲ့အခါ ကိုးကားသုံးနိုင်ဖို့ နှုတ်တိုက်အာဂုံဆောင်ထားတတ်ကြတဲ့ စကားတွေဖြစ်ပါတယ်။ ဒါတွေက လူတွေအတွက် ကတိစကားရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။ 
ဒီစကားတွေကို ညွှန်းဆိုကိုးကားစရာတွေအဖြစ် စာစီစာကုံးတွေနဲ့ အခြားစာပေတွေမှာသာ သုံးစွဲနိုင်တာတင်မက လက်တွေ့ဘဝမှာပါ လိုက်နာကျင့်သုံးဖြစ်ကြရင် အားလုံးအတွက် အင်မတန် ကောင်းပါလိမ့်မယ်။ ကိုယ်တိုင်လည်း ကတိတည်တဲ့သူဖြစ်အောင် ကြိုးစားလျက်ပါ။ ဒါပေမယ့် ကတိစကားဆိုတဲ့ တံတားကို ဖြတ်ကူးသင့်၊ မသင့်၊ ဖြတ်ကူးနိုင်၊မကူးနိုင်ဆိုတဲ့ကိစ္စကို ဒီတံထားပေါ် မရောက်ခင်ကတည်းက လေးနက်စွာ ကြိုတင်စစ်ဆေးအကဲဖြတ်ဖို့ ကျွန်တော်တို့ သတိရသင့်ပါတယ်။
လေးစားစွာ

ဇွဲသစ်(ရမ္မာမြေ)
၉.၈.၂၀၁၆ (အင်္ဂါနေ့)

Monday 8 August 2016

သန်းခေါင်စာရင်းနှင့် တွေးမိတွေးရာ


အခုအချိန်ဟာ သြစတြေးလျတစ်နိုင်ငံလုံးမှာ သန်ခေါင်စာရင်းကောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေ့ သန်းခေါင်စာရင်းအတွက် တစ်ဦးချင်းဖြည့်စွက်ရမယ့် ပုံစံစာရွက်တွေကို သန်းခေါင်စာရင်းကိစ္စအတွက် လေ့ကျင့်ပေးထားတဲ့ အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦး ကျောင်းဆောင်သို့ လာပေးပါတယ်။ ဒါကို လူတိုင်း မဖြစ်မနေ ဖြည့်ရမယ်။ အင်တာနက်ဝက်ဘဆိုဒ်ကနေတစ်ဆင့် ဖြည့်နိုင်တယ်။ အင်တာနက်ကနေ မဖြည့်ချင်ဘူးဆိုရင် သူ ပေးလာတဲ့ ပုံစံထဲမှာသာ ဖြည့်ပြီး ဗုဒ္ဓဟူးနေ့မှာ ဖြည့်ပြီးသား ပုံစံတွေကို သူကိုယ်တိုင်ပြန်လာသိမ်းမယ်လို့ ပြောပါတယ်။ ဒီသန်းခေါင်စာရင်းကို သြစတြေးလျနိုင်ငံအတွင်းမှာ ရောက်နေတဲ့ နိုင်ငံသားရော၊ နိုင်ငံသားမဟုတ်သူတွေပါ လူတိုင်းစေ့ သြဂုတ်လ () ရက်နေ့ ညမှာ တစ်ပြိုင်တည်း ဖြည့်စွက်ပြီး နောက်နေ့မှာ ဖြည့်ပြီးသားပုံစံကို မဆိုင်းမတွ ပြန်ပေးရပါမတဲ့။ မဖြည့်တဲ့သူတွေက တစ်နေ့ကို သြစီဒေါ်လာ (၁၈၀) ပေးရပါမယ်တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ တစ်နေ့ကို တစ်သိန်းခွဲကျော်ကျော် ဒဏ်ကြေးဆောင်တာနဲ့ ညီမျှပါလိမ့်မယ်။ ဒါပေမယ့် နောက်ကျလို့ ဒဏ်ငွေသာဆောင်ပြီး သတ်မှတ်ပုံစံမဖြည့်စွက်လိုက်ဘဲ ဒီကိစ္စမပြီးသွားနိုင်ပါဘူး။ နောက်ကျနေရင်လည်း သတ်မှတ်ဒဏ်ငွေကို ပေးဆောင်ပြီး သတ်မှတ်ပုံစံကို ဖြည့်ပေးရဦးမှာပါ။ ဒီတော့လည်း ဘယ်သူတွေများ ဒီသန်းခေါင်စာရင်းပုံစံကို မဖြည့်ဘဲ နေပါတော့မလဲ။ ဖြည့်ကြပေမပေါ့ဗျာ။

Monday 1 August 2016

Ramree Island on the literary stage of the world (Full English-version article)


Ramree Island on the literary stage of the world

(ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်းအကြောင်း)

byZwe Thit (Rammarmray)




Ramree Island is the biggest island in Myanmar, with a width of 1350 square kilometres which is nearly twofold of the size of the Republic of Singapore. With a wealth of natural resources like natural gas and petroleum nowadays, it is also now known for Shwe Gas Project at Kyaukphru at the northwestern part of the island, for which there have been a lot of complaints arising from local people.
This island is also famous for the Ramree Island Battle during the Second World War between the Japanese Army and the Allied Troops in 1945. It has been even more vivid in the minds of the people all over the world for ''Most number of fatalities in a crocodile attack” as recorded in the Guinness Book of Records. While the Japanese Army were retreating into the jungle, nearly 1000 Japanese soldiers were killed by saltwater crocodiles there.
This fateful event has inspired several writers all over the world for decades. As a result, they wrote novels and novelettes on the scenes. Some of them are as follows:
1) Dragon of the Mangroves (Yasuyuki Kasai)
2) Meat (Lee Laughead)
3) Sunset on Ramree (Robert Appleton)
4) The Mangroves (John L. Cambell)
They are popular books among the world readers, especially Sunset on Ramree by Robert Appleton which won EPIC Award in 2011. Out of the four books, the first one "Dragon of the Mangroves" was written by a Japanese writer. The second and third books are novelettes while the other two are novels.

Recently, I heard a good piece of news concerning the Ramree Island. A famous Hollywood film company named "Erik Sun Productions" will come to Ramree Island and make a film about the Guinness-recorded crocodile attack on the Japanese soldiers and the Ramree Island Battle according to a piece of news on Pyi Myanmar Journal dated 26th March, 2015.The title of the movie will be "Into the Quagmire". No doubt it will be a good movie! Ramree Island is a beautiful island. It is expected that its beautiful spots will also be seen along with some exciting plots in the forthcoming movie.

သုတေသနကျမ်းပြုမဟာဘွဲ့ နှင့် ဘာသာရပ်အထူးပြုမဟာဘွဲ့အကြောင်း


ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ အကြောင်းရင်းကို ပြောရရင် ပညာသင်ဆုလျှောက်ဖို့ ကြိုးစားပြင်ဆင်နေတဲ့ ညီမတစ်ယောက်ရဲ့ မေးခွန်းက စတယ်လို့ ဆိုရမှာပါ သူက သြစတြေးလျနိုင်ငံမှာ ပညာသင်ဆုနဲ့ မဟာဘွဲ့လာတက်နိုင်ဖို့ ကြိုးစားနေသူပါ ကျွန်တော်ကိုယ်တိုင်ကလည်း ပညာသင်ဆုနဲ့ မဟာဘွဲ့ လာတက်နေသူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးပညာသင်နှစ်ဝက်မှာ သင်ယူနေသူတစ်ယောက် ဖြစ်လေတော့ ကျွန်တော်တက်ရောက်နေတဲ့ တက္ကသိုလ်မှာ ကိုယ်တိုင်လေ့လာမှတ်သားဖူးတာတွေကို မဏ္ဍိုင်ပြုပြီး သုတေသနကျမ်းပြုမဟာဘွဲ့ (Master by research) နဲ့ ဘာသာရပ်အထူးပြုမဟာဘွဲ့ (Master by coursework) ဘယ်လိုကွာလဲ ဆိုတာကို တင်ပြလိုပါတယ်။ မေးခွန်းမေးလာတဲ့ ညီမကို ဖြေခဲ့တဲ့ အဖြေကို အကျယ်ချဲ့ပြီး ပြည့်စုံအောင် ဖြည့်စွက်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။ 
ဒီဆောင်းပါးထဲမှာ မဟာဘွဲ့တွေနဲ့ပတ်သက်ရင် ယတိပြတ်မှန်ကန်တဲ့ အကြောင်းအရာတွေကို အလုံးစုံ ခြုံငုံမိအောင် မတင်ပြနိုင်ကြောင်း ကြိုတင်ဝန်ခံလိုပါတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို သြစတြေးလျတစ်နိုင်ငံတည်းက တက္ကသိုလ်ချင်းအတူတူမှာတောင် Credit နဲ့ Unit ပုံစံမတူသလို တခြား ကွဲပြားတာတွေလည်း အတော်လေး ရှိပါလိမ့်မယ်။ တခြားနိုင်ငံတွေနဲ့ဆို ပိုပြီး မတူတာတွေ ရှိနေမှာပါ ဥပမာ - ဂျပန်နိုင်ငံမှာ မဟာဘွဲ့ယူရင် သုတေသနစာတမ်းကို မဖြစ်မနေရေးရတယ်လို့ ဆိုပါတယ်။ ဒီဘွဲ့ယူသုတေသနစာတမ်း မရေးရင် မဟာဘွဲ့မရဘူးလို့ ကြားဖူးပါတယ်။ သြစတြေးလျမှာတော့ အဲလိုမဟုတ်ပါဘူး။ ယူတဲ့ဘွဲ့အပေါ်မှာမူတည်ပြီး ဘွဲ့ယူကျမ်း ပြုစုရ၊ ပြုစုရဆိုတာ ကွာခြားသွားပါတယ်။ ဒီတော့ တိတိကျကျပြောရရင် ကျွန်တော်တက်ရောက်နေတဲ့ La Trobe University ရဲ့ မဟာဘွဲ့ ပုံစံနှစ်မျိုးအကြောင်းကို လေ့လာမှတ်သားမိသလောက် ရှင်းပြပါရစေ။