Monday 8 August 2016

သန်းခေါင်စာရင်းနှင့် တွေးမိတွေးရာ


အခုအချိန်ဟာ သြစတြေးလျတစ်နိုင်ငံလုံးမှာ သန်ခေါင်စာရင်းကောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေ့ သန်းခေါင်စာရင်းအတွက် တစ်ဦးချင်းဖြည့်စွက်ရမယ့် ပုံစံစာရွက်တွေကို သန်းခေါင်စာရင်းကိစ္စအတွက် လေ့ကျင့်ပေးထားတဲ့ အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦး ကျောင်းဆောင်သို့ လာပေးပါတယ်။ ဒါကို လူတိုင်း မဖြစ်မနေ ဖြည့်ရမယ်။ အင်တာနက်ဝက်ဘဆိုဒ်ကနေတစ်ဆင့် ဖြည့်နိုင်တယ်။ အင်တာနက်ကနေ မဖြည့်ချင်ဘူးဆိုရင် သူ ပေးလာတဲ့ ပုံစံထဲမှာသာ ဖြည့်ပြီး ဗုဒ္ဓဟူးနေ့မှာ ဖြည့်ပြီးသား ပုံစံတွေကို သူကိုယ်တိုင်ပြန်လာသိမ်းမယ်လို့ ပြောပါတယ်။ ဒီသန်းခေါင်စာရင်းကို သြစတြေးလျနိုင်ငံအတွင်းမှာ ရောက်နေတဲ့ နိုင်ငံသားရော၊ နိုင်ငံသားမဟုတ်သူတွေပါ လူတိုင်းစေ့ သြဂုတ်လ () ရက်နေ့ ညမှာ တစ်ပြိုင်တည်း ဖြည့်စွက်ပြီး နောက်နေ့မှာ ဖြည့်ပြီးသားပုံစံကို မဆိုင်းမတွ ပြန်ပေးရပါမတဲ့။ မဖြည့်တဲ့သူတွေက တစ်နေ့ကို သြစီဒေါ်လာ (၁၈၀) ပေးရပါမယ်တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ တစ်နေ့ကို တစ်သိန်းခွဲကျော်ကျော် ဒဏ်ကြေးဆောင်တာနဲ့ ညီမျှပါလိမ့်မယ်။ ဒါပေမယ့် နောက်ကျလို့ ဒဏ်ငွေသာဆောင်ပြီး သတ်မှတ်ပုံစံမဖြည့်စွက်လိုက်ဘဲ ဒီကိစ္စမပြီးသွားနိုင်ပါဘူး။ နောက်ကျနေရင်လည်း သတ်မှတ်ဒဏ်ငွေကို ပေးဆောင်ပြီး သတ်မှတ်ပုံစံကို ဖြည့်ပေးရဦးမှာပါ။ ဒီတော့လည်း ဘယ်သူတွေများ ဒီသန်းခေါင်စာရင်းပုံစံကို မဖြည့်ဘဲ နေပါတော့မလဲ။ ဖြည့်ကြပေမပေါ့ဗျာ။
.
ဒီသန်းခေါင်စာရင်း ကောက်နိုင်ဖို့အတွက် သြစီအစိုးရက နှစ်လလောက် ကြိုတင်ပြီး လူထုကို အသိပေး စည်းရုံးလာခဲ့တာ တွေ့ရပါတယ်။ မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ ဇွန်လပထမပတ်လောက်က ကျောင်းသားအီးမေးထဲကို တက္ကသိုလ်က မျှဝေပေးနေကျ သတင်းပလင်းတွေထဲမှာ ဒီသန်းခေါင်စာရင်းကောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး အသိပေးတဲ့ အီးမေးတစ်စောင် ရောက်လာတာ ပထမဦးဆုံး တွေ့ခဲ့ရပါတယ်။ "သြစတြေးလျတစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်း ကောက်မှာမို့ ရှောင်တခင် တာဝန်ထမ်းဆောင်မယ့် လူတွေ ဒီရာထူးတွေထဲက သင့်တော်ရာကို ရွေးလို့ ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်။ ဘယ်ရာထူးအတွက်ဆိုရင် တစ်နေ့အတွက် ဘယ်နှစ်ဒေါ်လာပေးမယ်။ တာဝန်မထမ်းဆောင်ခင် ဘယ်နေ့ကနေ ဘယ်နေ့အထိ သန်းခေါင်စာရင်းကောက်ခံရေးနဲ့ ပတ်သက်ပြီး ကိုယ်လျှောက်ထားတဲ့ ရာထူးအတွက် အခမဲ့သင်တန်းပေးမယ်။ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အစားအသောက်အတွက်တော့ ကိုယ့်ဟာကိုယ် စီစဉ်ရပါမယ်။" စသည်ဖြင့်အသေးစိပ်အချက်အလက်တွေ ဖော်ပြထားပါတယ်။ သန်းခေါင်စာရင်းကောက်ခံရေးအတွက် တရားဝင်ဝက်ဘဆိုဒ်ကိုလည်း ညွှန်းထားပါသေးတယ်။ ဒေသခံကျောင်းသား၊ ကျောင်းသူတွေရော၊ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေပါ အချိန်ရရင် ဒီအချိန်ပိုင်းအလုပ်တွေမှာ ဝင်လုပ်နိုင်ပါတယ်။ ဒီလို အလုပ်လုပ်တဲ့အတွက် ထိုက်တန်တဲ့ လုပ်ခလစာတွေကို ရရှိကြမှာ ဖြစ်ပါတယ်။ ဒီနေ့ ကျောင်းဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ သန်ခေါင်စာရင်းပုံစံတွေ လာပေးသွားတဲ့ အမျိုးသမီးကလည်း အားချိန်မှာ အချိန်ပိုင်းအလုပ်အဖြစ် ဒီအလုပ်ကို ဝင်လုပ်နေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်ဟန်ရှိပါတယ်။
.
အခု သြစတြေးလျနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်တာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံရလေတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ (၂၀၁၄) ခုနှစ်က သန်းခေါင်စာရင်းကောက်ခဲ့တာကို ပြန်လည်သတိရမိပါတယ်။ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်တဲ့ ပုံစံကတော့ သြစီနဲ့ လားလားမှ မတူပါလေ။ ပထမ မတူတဲ့ တစ်ချက်က ရှောင်တခင်ဝန်ထမ်း ခန့်ထားရေး ကိစ္စပါပဲ။ အထက်မှာဆိုခဲ့သလို သြစတြေးလျမှာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ရှောင်တခင်ဝန်ထမ်းတွေအတွက် လုပ်ရတဲ့ အချိန်၊ သုံးရတဲ့ ပညာအတိမ်အနက်ကိုလိုက်ပြီး ရာထူးအမျိုးမျိုး သတ်မှတ်ထားသလို လုပ်ခလစာလည်း ခြားနားလေရဲ့။ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာတော့ ယခင်အစိုးရအဆက်ဆက်ကနေ ယခုထိ အများပြည်သူနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ အဖြည့်ခံအဖြစ် လုပ်ဆောင်ပေးနေကြရတဲ့ ကျောင်းဆရာ၊ ဆရာမတွေကပဲ အချိန်တွေ၊ အားအင်တွေ ပေးဆပ်ခဲ့ကြရတာပါပဲ။ ဒီလို ကူညီပေးခဲ့လို့ ဒီကျောင်းဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ခံရ၊ မခံရကတော့ မသိ။ သူတို့တွေ အင်မတန် ပင်ပန်းကြတာကိုတော့ ၂၀၁၄ ခုနှစ်က မြင်တွေ့ခဲ့ရပါတယ်။ သန်းခေါင်စာရင်းကောက်နိုင်ဖို့ ဆရာ၊ ဆရာမတွေ သင်တန်းတွေတက်ခဲ့ကြရတာလည်း တွေ့ရပါတယ်။ ပြီးရင် သူတို့တွေဟာ အခြားတာဝန်ရှိသူတွေနဲ့အတူ တစ်အိမ်တက်တစ်အိမ်ဆင်း သန်းခေါင်စာရင်းကောက်ခဲ့ကြရပါတယ်။ မြို့ပေါ်က ဆရာ၊ ဆရာမတွေက တော်သေးပါရဲ့။ သွားလာဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်တောရွာတွေမှာ ကျနေတဲ့ ဆရာ၊ ဆရာမတွေဆိုရင် ခက်ခဲစွာ သွားလာခဲ့ကြရတာပါပဲ။ ဒီလို အပင်ပမ်းခံခဲ့မှုအတွက် သူတို့တွေကို ထိုက်သင့်တဲ့ လုပ်ခလစာတွေကို ပေးခဲ့တယ်တော့ မထင်ရေးချမထင်။ အလှူအတန်းကို အလေးအမြတ်ပြုတဲ့ အလှူအတန်းအရက်ရောဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမတွေကို စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားလှူဒါန်းစေခဲ့ခြင်းသာဖြစ်တယ်လို့ဆိုရင် ငြင်းကြလေမလား။ ဒီလိုမျိုး ကာယကံရှင်က စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စေတနာ့ဝန်ထမ်းလုပ်ရတဲ့အတွက် ဒီအနစ်နာခံရသူ ဆရာ၊ ဆရာမတွေဟာ တစ်ခါတစ်ရံတော့ ဘာမဆိုင်ညာမဆိုင် အပြစ်တင်ခံရတတ်လေရဲ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သတင်းတစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့ကြမှာပါ။ ဒီတုန်းကလည်း စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေက မဲရုံတွေမှာ စေတနာနဲ့ အကျိုးဆောင်ခဲ့ကြရသပေါ့ဗျာ။ ဒီတော့ မြို့နယ်တစ်ခုက အမတ်လောင်းတစ်ဦးက မဲရှူံးလို့ ဒီလိုဖြစ်တာ မဲရုံမှူးမသမာမှုကြောင့်ဆိုပြီး မဲရုံမှာ တာဝန်ယူခဲ့တဲ့ ဆရာမနှစ်ဦးကို တရားစွဲတယ်ဆိုပဲ။ ဒီလိုမျိုး ပါလေရာငပိချက်လုပ်ကြရတဲ့ ဆရာ၊ဆရာမတွေဟာ ဒီလိုပွင့်လင်းလာတဲ့ခေတ်မှာ ပွင့်ပွင့်လင်းလင်း အနှိမ်ခံရပြန်ပါတယ်။ ဆရာ၊ ဆရာမတွေ ကျူရှင်သင်ရင် ဖမ်းမယ်ဆိုတာကတစ်မျိုး၊ ပညာရေးနိမ့်ကျတာ ဆရာ၊ ဆရာမတွေ စေတနာမပါလို့လို့ တစ်ဖုံနဲ့ အို စုံလေသမှ အုံကြွနေတာပါပဲ။  သို့ပေမယ့် ဆရာ၊ ဆရာမတွေရဲ့ လစာ တိုးပေးဖို့ကိစ္စကို အလေးမထားသေးသလို လစာတိုးဖို့ လေသံပစ်လို်က်တာနဲ့ ကုန်ဈေးနှုန်းတွေပါ လိုက်ခုန်တက်စေတတ်တဲ့ အကျင့်တွေကိုလည်း မဖျောက်နိုင်သေးတာ အခုထိပါပဲ။ ဒီတော့ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေဟာ ဘုံဆိုင်စေတနာ့ဝန်ထမ်းတွေဖြစ်တတ်ကြပေမယ့် အခြားနိုင်ငံတွေမှာလို ဒီအလုပ်တစ်ခုတည်းနဲ့ သီးသန့်ရပ်တည်နိုင်ဖို့ကတော့ မလွယ်လှပါဘူး။  ပြောလက်စ အချက်ကို ပြန်ကောက်ရရင် သြစီမှာ သန်းခေါင်စာရင်း ကောက်ဖို့ ရှောင်တခင်ဝန်ထမ်းတွေကို အားလပ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ အခြား အားလပ်တဲ့ ပုဂ္ဂိုလ်တွေထဲက ခေါ်ပြီး ထိုက်တန်တဲ့ လုပ်ခလစာတွေကို ပေးတတ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး ဖြစ်မနေခဲ့ပါဘူး။ တစ်ဖက်က ကြည့်ရင် ဒီကိစ္စအတွက် မြန်မာနိုင်ငံမှာ စေတနာ့ဝန်ထမ်းတွေအတွက် လုပ်အားခ များများကုန်ကျစရာမလိုတော့ အတော်လေး ချွေတာနိုင်ခဲ့မလားပဲ။ သို့ပေမယ့် အခြားတစ်ဖက်ကကြည့်ရင် လူတိုင်း ထိုက်သင့်တဲ့ လုပ်ခကို ခံစားခွင့်ရှိသင့်ခဲ့တာပေါ့ဗျာ။ မဟုတ်ရင် လုပ်အားခေါင်းပုံဖြတ်ခြင်းတစ်မျိုးပဲ ဖြစ်မှာပေါ့။
.
သြစီနဲ့ မြန်မာတို့ရဲ့ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဉ်မှာ မတူတဲ့ ဒုတိယအချက်ကို ပြောရရင် နည်းပညာ အသုံးပြုမှုလို့ ပြောနိုင်ပါလိမ့်မယ်။ ဒါက သိပ်တော့ မထူးဆန်းပါလေ။ သြစီက ဖွံ့ဖြိုးပြီးနိုင်ငံ၊ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ သန်းခေါင်စာရင်းပုံစံဖြည့်စွက်ဖို့ဆိုတာ သိပ်မလွယ်လှတာကို နားလည်ပါတယ်။ ဒီတော့လည်း မြန်မာနိုင်ငံမှာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက တစ်အိမ်တက်တစ်အိမ်ဆင်းပြီး အချိန်ယူလို့ သန်းခေါင်စာရင်းပုံစံစာရွက်တွေပေါ်မှာ ဖြည့်စွက်စေခဲ့ရပါတယ်။ ဒီလုပ်ငန်းစဉ်မှာ နှစ်နိုင်ငံကြား မတူညီတဲ့ တတိယတစ်ချက်က ဘယ်နေ့မှာ ဖြည့်စွက်ပြီးသား သန်းကောင်စာရင်းပုံစံ ပြန်မအပ်နိုင်ရင်  တစ်နေ့ကို ဘယ်လောက်နှုန်းနဲ့ ဒဏ်ငွေဆောင်ရမယ်လို့ သြစီမှာ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး ဒဏ်ငွေကိစ္စ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားတာ ရှိတယ်လို့ မကြားမိခဲ့ပါဘူး။ ဘယ်နေ့အပြီး သန်းခေါင်စာရင်း ကောက်ရမယ်လို့တော့ သတ်မှတ်ထားခဲ့တာ တွေ့ရပါတယ်။ ဒီတော့ ရခိုင်ပြည်နယ်က ခိုးဝင်ဘင်္ဂါလီရွာတွေမှာ သန်းခေါင်စာရင်းကောက်တာတွေလည်း ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ ပြောရရင် အစိုးရက ဒီကိစ္စကို ပြတ်ပြတ်သားသား မကိုင်တွယ်ရဲခဲ့တာ တွေ့ရပါတယ်။ သြစီမှာလို ကြပ်ကြပ်မတ်မတ် လုပ်ခဲ့ရင် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းကောက်တဲ့ကိစ္စလည်း နိုင်ငံတွင်းမှာ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ခြုံငုံမိတဲ့ တိကျတဲ့အချက်အလက်တွေကို ပေးနိုင်ပြီး အားလုံး အဆင်ပြေချောမွေ့ခဲ့မယ် ထင်ပါတယ်။
.
သြစတြေးလျနိုင်ငံရဲ့ သန်းခေါင်စာရင်း ကောက်တဲ့ လုပ်ငန်းကြီးကတော့ သြဂုတ်လ (၁၀) ရက်နေ့မှာ အောင်မြင်စွာ ပြီးဆုံးပါတော့မယ်။ ဒီလုပ်ငန်းကြီးဟာ ဒီနိုင်ငံအတွက်တော့ အင်မတန်အရေးပါတဲ့ လုပ်ငန်းကြီးပါပဲ။ ဒီမှာ ကျောင်းဆရာ၊ ဆရာမတွေကို အတင်းအကြပ် စေတနာ့ဝန်ထမ်း မလုပ်စေပါဘူး။ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ ဒီလို လုပ်ဖို့လည်း မလိုပါဘူး။ သူတို့မှာ လုံလောက်တဲ့ လစာကို ရရှိနေတာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် မိဘတွေဆီက လက်ဝါးဖြန့်မတောင်းဘဲ ကိုယ်တိုင်ရပ်တည်ပြီး တက္ကသိုလ်ပညာကို ကြိုးစားဆည်းပူးနေဆဲ ကျောင်းသား၊ ကျောင်းသူများစွာအတွက် ဒီလို သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စမျိုးဟာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ နိုင်ငံအတွက် အလုပ်လုပ်ပေးရင်း သူတို့အတွက်လည်း အတိုင်းအတာတစ်ခုထိ အကူအညီ ဖြစ်သွားစေတာမို့ အကျိုးရှိလှပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ နောင် လာလတ္တံ့သော သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းကြီးတွေနဲ့ အခြားသော နိုင်ငံတော်ကိစ္စအမည်ခံ ကိစ္စတွေမှာလည်း ဆရာ၊ ဆရာမတွေကို "စေတနာ့ဝန်ထမ်း" ခေါင်းစဉ်အောက်မှာ စကားလုံးအလှတွေနဲ့ အဆာသွတ်မှုတွေ ကင်းရှင်းပြီး အားလပ်ချိန်ရနေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တခြား အားလပ်တဲ့ လုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံသားတွေကို ထိုက်သင့်တဲ့ လုပ်ခလစာနဲ့သာ လုပ်စေလိုက်မယ်ဆိုရင် နိုင်ငံတော်အတွက်လည်း လုပ်လိုတဲ့ လုပ်ငန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ တက္ကသိုလ်ပညာရေးအတွက် ရုန်းကန်ကြိုးစားနေကြတဲ့ ပညာလိုလားတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ တခြား လိုအပ်တဲ့ နိုင်ငံသားတွေအတွက်လည်း အတိုင်းအတာတစ်ခုထိ အကျိုးဖြစ်စေပါလိမ့်မယ်။ ထို့အတူ ဆရာ၊ ဆရာမတွေလည်း အယင့်အယင် အစိုးရအဆက်ဆက် ပြုမူလာခဲ့ကြရတဲ့အတိုင်း စေတနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ကုန်လူပမ်းခံပြီး စေတနာ့ဝန်ထမ်း လုပ်လာခဲ့ကြရတဲ့ ဝဋ်ဒုက္ခက အတန်အသင့် ကျွတ်လွတ်ပြီး အဓိကလုပ်ငန်းဖြစ်တဲ့ သင်ကြားရေးလုပ်ငန်းကိုသာ ဇောက်ချလုပ်ကိုင်နိုင်ကြပါလိမ့်မယ်။ ဒီတော့လည်း နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ ပိုမိုတိုးတက်နိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။ အားလုံးအတွက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ပေါ့ဗျာ။ မဟုတ်ဘူးလား ...
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)

..၂၀၁၆ (တနင်္လာနေ့)

No comments:

Post a Comment