Wednesday 10 August 2016

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေ

သြစတြေးလျနိုင်ငံက ပုံမှန်စီးကရက်ဘူးတစ်ဘူးရဲ့ နောက်ကျောဖက်

မြန်မာနိုင်ငံမှာ ရောင်းတဲ့ စီးကရက်ဘူးတိုင်းမှာ ပါတတ်တဲ့ သတိပေးစာက
" စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်" တဲ့။
.
သြစတြေးလျနိုင်ငံမှာ ရောင်းတဲ့ စီးကရက်ဘူးတိုင်းရဲ့ ရှေ့မျက်နှာစာမှာ စာလုံးကြီးနဲ့ ထင်ထင်ရှားရှား ပါနေတတ်တဲ့ စာက အောက်ပါအတိုင်း ဖြစ်ပါတယ်။
"Smoking doubles your risk of stroke.
(ဆေးလိပ်သောက်ခြင်းသည် လေဖြတ်ခြင်းကို နှစ်ဆတိုး ဖြစ်စေနိုင်သည်။)"
ဒီစာအပြင် ဆေးလိပ်သောက်ခြင်းကြောင်း ဆိုးကျိုးဖြစ်သွားတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ ကြောက်စဖွယ် မျက်နှာကို ပြထားပါသေးတယ်။
.
စီးကရက်ဘူးရဲ့ နောက်ဘက်မှာတော့ အပေါ်က စာကို တစ်ခါ ထိပ်စီးက ထင်ထင်ရှားရှား ဖော်ပြထားပြန်ပါတယ်။ ပြီးရင် ဘူးနောက်ကျောဘက်မှာဖော်ပြထားတဲ့ အမျိုးသမီးရဲ့ ကြောက်စရာ့မျက်နှာကို ပြထားပြန်ပါတယ်။ ဒီအောက်မှာ ဒီအမျိုးသမီးရဲ့ အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားပါသေးတယ်။ 
"Cynthia, a smoker for 25 yrs, had a stroke aged 39. The stroke damaged her ability to speak and move parts of her body. She says "The hardest part was relying on my kids to look after me _ I should be looking after them." Don't think it can't happen to you _ younger people suffer strokes too.
Thinking of quitting? Call Quitline 13 7848.
talk to your doctor or pharmacist, or visit www.quitnow.gov.au"
(စင်သီယာ ဆေးလိပ်သောက်လာတာ ၂၅ နှစ် ရှိပါပြီ။ သူ အသက် ၃၉ နှစ်အရွယ်ရောက်တော့ လေဖြတ်ပါလေရော။ လေဖြတ်တော့ သူ စကားလည်း မပြောနိုင်၊ ကိုယ့်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း မလှုပ်နိုင်ဖြစ်သွားခဲ့တယ်။ သူမက ပြောပါတယ်။ "(ကျွန်မအတွက်) အခက်ခဲဆုံးအပိုင်းက ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ သားသမီးတွေကိုပဲ မှီခိုနေရတာပါပဲ။ တကယ်တော့ ကျွန်မကသာ သူတို့လေးတွေကို ပြုစုစောင့်ရှောက်သင့်တာပါ" တဲ့။ ကိုယ်ကိုယ်တိုင်တော့ မဖြစ်နိုင်လောက်ပါဘူးလေလို့ မတွေးမိပါလေနဲ့။ လူငယ်တွေလည်း လေဖြတ်တတ်ပါတယ်။
ဆေးလိုက်ဖြတ်ဖို့ တွေးနေပြီလား။ ...... ဒီဖုန်းကို ခေါ်ပါလေ။
ဆရာဝန် (သို့မဟုတ်) ဆေးဆိုင်ဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ...... ဒီဝက်ဘ်ဆိုက်ကို သွားပြီး လေ့လာပါ။) 
စီးကရက်ဘူးရဲ့ အပေါ်ဘက်မှာ တစ်ခါ ထပ်ပြီး သတိပေးထားတာက ဒီလိုပါ။
"Warning
Inhaling even small amounts of the toxic chemicals in tobacco smoke can trigger sudden blood clots, heart attacks and strokes."
(သတိ။ ။ ဆေးရွက်ကြီးမီးခိုးငွေ့မှာ ပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းပမာဏအနည်းငယ် ရှူရှိုက်မိရင်တောင် ရုတ်တရက် သွေးခဲခြင်း၊ နှလုံးရောဂါနဲ့ လေသင်တုန်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။) 
အထက်ပါအတိုင်း ဆိုးကျိုးတွေကို သင်ခန်းစာယူစဖွယ် တိုတိုတုတ်တုတ် တင်ပြထားပြီး ဆေးလိပ်ဖြတ်ချင်လာအောင် ဆွဲဆောင်ထားပါသေးတယ်။ ဆေးလိပ်ငွေ့ဟာ အင်မတန် ဆိုးကျိုးတွေပေးကြာင်းကို ပြောပြထားပါတယ်။
.
ဒါပေမယ့် ဆေးလိပ်သောက်သူအများစုက ဆေးလိပ်ကို မဖြတ်လိုကြတာ တွေ့ရပါတယ်။ အခု ပေါင်းနေကျ သူငယ်ချင်းတစ်ယောက်က ဆေးလိပ်သောက်တတ်သူပါ။ "ဆေးလိပ်ဖြတ်တော့လေကွာ။ မင်းအတွက် မကောင်းဘူး။" လို့ သူ့ကို ပြောလေတိုင်း "ဖြတ်တော့မယ်ကွ။ ဒါ နောက်ဆုံးတစ်ဘူးပဲ။ ဒီတစ်ဘူးကုန်ရင် ငါ လုံးဝ မသောက်တော့ဘူး။" လို့ ပြန်ပြောတတ်လေရဲ့။ ဒါပေမယ့် သူ့ လက်ကျန်တစ်ဘူးက ဘယ်တော့မှ မကုန်ခဲ့။ ဟိုတစ်ခေါက်တုန်းကတော့ သူ ဆေးလိပ်ဖြတ်လိုက်ပြီလို့ ဆိုတယ်။ ဆေးလိပ်သောက်ချင်စိတ် မဖြစ်စေနိုင်အောင် ဆရာဝန်က သူ့လက်မှာ ပလာစတာတစ်ခုနဲ့ ကတ်ပြီး ဆေးထည့်ပေးထားတာတွေ့တယ်။ ဒါကို သုံးထားရင် ဆေးလိပ်ပြတ်တာ မြန်တယ်ဆိုပဲ။ သိပ်မကြာပါဘူး။ သူ ဆေးလိပ် ပြန်သောက်တယ်။ အခုလည်း ဆေးလိပ်ဖြတ်ဖို့ ပြောမိရင် "လက်ကျန်တစ်ဘူး ကုန်ရင် နောက်ထပ် မသောက်တော့ဘူးကွာ။" လို့ ခါတိုင်းလို ပြောနေကျ။ ဒါပေမယ့် တစ်နှစ်ကျော်သာ ကြာလာတယ်။ သူ့ လက်ကျန် စီးကရက်ဘူးက ကုန်မသွားခဲ့။ သူလည်း သောက်မြဲတိုင်း သောက်နေဆဲ။
.
ဆေးလိပ်သောက်တာဟာ အမှန်တကယ် ဆေးလိပ်သောက်သူ (active smoker) နဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူ (passive smoker) နှစ်ဦးလုံးအတွက် ဆိုးကျိုးက အတူတူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ်ကို ကိုယ်တိုင်လည်း မသောက်သလို ဆေးလိပ်ငွေ့ကိုလည်း တစ်ဆင့် မရှူရှိုက်မိဖို့ သတိပြုရှောင်ရှားနိုင်ဖို့ပါ။ ဆေးလိပ်ထက်ပိုဆိုးတဲ့ ဆေးခြောက်တို့၊ ဘိန်းတို့ဆိုတာတွေကတော့ အနားတောင်မှ မသိလေ ကောင်းလေပေါ့ဗျာ။ "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဆိုသလိုမျိုး "ရှောင်လေဝေးဝေး ဆေးလိပ်ဘေး" "ရှောင်လေဝေးဝေး စီးကရက်ဘေး" ဆိုပြီး ထပ်ခွဲပြောဖို့ လိုဦးမယ် ထင်ပါ့။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၁၀.၈.၂၀၁၆ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment