(အညွှန်း - ဆာ ကင် ရော်ဘင်ဆင်က လူသားတွေရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးစေဖို့ အင်မတန်အရေးကြီးတဲ့ အခြေခံသဘောတရားသုံးခုကို ချပြထားတယ်။ လက်ရှိပညာရေးယဉ်ကျေးမှုက ဒီအခြေခံမူတွေနဲ့ ဘယ်လိုမျိုး ဆန့်ကျင်ကွဲလွဲနေတာလဲဆိုတာကိုပါ တင်ပြထားတယ်။ ဟာသစွက်တဲ့ စိတ်အားတက်ကြွစရာ ဒီဟောပြောချက်ထဲမှာ ကျွန်တော်တို့ အခု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပညာရေး "မရဏတောင်ကြား" ကနေ ဘယ်လိုရုန်းထွက်နိုင်မယ်ဆိုတာ ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ဖြစ်နိုင်မှုဆိုတဲ့ အခြေအနေတစ်ခုနဲ့ ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာပါ ဆွေးနွေးပြထားပါတယ်။)
အင်မတန် ကျေးဇူးတင်ပါတယ်ခင်ဗျ။
လွန်ခဲ့တဲ့ (၁၂)နှစ်က ကျွန်တော့်အမျိုးသမီး
တယ်ရီရယ်၊ ကလေးနှစ်ယောက်ရယ်နဲ့အတူ
အမေရိကကို ကျွန်တော် ပြောင်းလာခဲ့တယ်။
တကယ်တမ်းပြောရရင် ကျွန်တော်တို့တွေ
(ရယ်သံများ)
ကျွန်တော်တို့တွေးလိုက်တာကအမေရိကကို
ပြောင်းလာကြတယ်ပေါ့။ဘယ်လိုပဲဖြစ်ဖြစ်လေ
(ရယ်သံများ)
လော့စ်အိန်ဂျလိကနေ ခဏ လေယာဉ်စီးလိုက်ရင်
အမေရိကကို ရောက်တာပါပဲ။
(ရယ်သံများ)
ကျွန်တော် ဒီလိုလွန်ခဲ့တဲ့ ၁၂ နှစ်က
ရောက်လာခဲ့တယ်။
ဒီရောက်တော့
ကျွန်တော့်ကို အမျိုးစုံ ပြောကြတယ်ဗျ။
"အမေရိကန်တွေဟာ သရော်တာ
နားမလည်ကြဘူး" ဆိုတာမျိုးပေါ့ဗျာ။
(ရယ်သံများ)
ဒီအတွေးမျိုး ခင်ဗျားတို့
တွေးဖူးကြလား။
ဒီအတွေးက မဟုတ်ဘူးနော်။
ကျွန်တော် ဒီနိုင်ငံအနှံ့
သွားဖူးပြီ။
အမေရိကန်တွေ သရော်တာ နားမလည်ဘူး
ဆိုတဲ့ အထောက်အထားမတွေ့ဖူးသေးဘူး
ဒီအတွေးမျိုးဟာ
ယဉ်ကျေးမှုဒဏ္ဍာရီ တစ်ခုပါပဲ။
"အင်္ဂလိပ်လူမျိုးတွေသိက္ခာရှိတယ်"
ဆိုတဲ့ စကားလိုမျိုးပဲလေ။
(ရယ်သံများ)
ဘာကြောင့် လူတွေ ဒီလိုတွေးကြတယ်
ဆိုတာ ကျွန်တော်တော့ နားမလည်ဘူး။
ကျွန်တော်တို့တွေက ကြုံဆုံလာသမျှ
နိုင်င်ငံတိုင်းကိုကျူးကျော်ဖူးတယ်လေ
(ရယ်သံများ)
အမေရိကန်တွေ သရော်တာ နားမလည်ဘူး
ဆိုတာလည်း မမှန်ဘူးဗျ။
ဒါပေမယ့် ဒါဟာ ခင်ဗျားတို့
နောက်ကွယ်မှာ ခင်ဗျားတို့အကြောင်း
လူတွေပြောနေကြတဲ့ စကားဆိုတာ
သိစေချင်ရုံလေးပါ။
ခင်ဗျားတို့သိကြလား။ဥရောပမှာဆိုရင်
ဧည့်ခန်းထဲကထွက်လိုက်ရင်ပဲ
လူတွေဆိုကြတယ်။ကိုယ့်ရှေ့ ဘယ်သူမှ
ကိုယ့်ကိုမသရော်တာကျေးဇူးတင်မိတယ်တဲ့။
(ရယ်သံများ)
ဒါပေမယ့်"ဘယ်ကလေးမှေနာက်မကျန်စေရေး"
မူဝါဒကို ကျွန်တော်တွေ့တော့
အမေရိကန်တွေ သရော်တာကို
နားလည်ကြတာ သိလိုက်ရတယ်ဗျ။
(ရယ်သံများ)
ဘာလို့လဲဆိုရင်ဒီခေါင်းစီးကိုတွေးကြည့်ဖူးသူတိုင်း
သရော်တာကို နားလည်ကြလို့ပါပဲ။
(ရယ်သံများ)
မဟုတ်ဘူးလားဗျာ။
(လက်ခုပ်သံများ)
ဘာလို့လဲဆိုရင် သန်းပေါင်းများစွာသော
ကလေးတွေကို နောက်ကျကျန်စေခဲ့လို့ပါပဲ
ခုတော့ ကျွန်တော် သိလိုက်ပါပြီ။
"သန်းချီတဲ့ ကလေးတွေ နောက်ကျန်စေရေး"
မူဝါဒလို့ ဆိုလိုက်ရင် နာမည်
သိပ်ဆွဲဆောင်မှု မရှိဘဲလေ။
သိလိုက်ပါပြီ။
ဘယ်လိုအစီအစဉ်ရှိလဲ။
သန်းချီတဲ့ကလေးတွနောက်ချန်ထားခဲ့ဖို့
ကျွန်တော်တို့ ကြံရွယ်ထားတယ်။
ဒါမျိုး ဖြစ်လာအောင် လုပ်မှာပါဗျ။
အတော့်ကို အဆင်ပြေနေတာပါပဲ။
(ရယ်သံများ)
တစ်ချို့ဒေသတွေမှာဆိုရင်
ကလေး (၆၀) ရာခိုင်နှုန်း
အထက်တန်းပညာ မသင်ဖြစ်ကြတော့ဘူး။
အမေရိကန်
ဌာနေတိုင်းရင်းသားတွေဆီမှာဆိုရင်
ကလေး(၈၀)ရာခိုင်နှုန်း
ကျောင်းထွက်ကြသတဲ့။
ဒီကိန်းဂဏာန်းကို
ထက်ဝက်ခွဲလိုက်မယ်ဆိုရင်
ခန့်မှန်းချက်တစ်ခုအရ ဆယ်နှစ်ကာလ
အတွင်း အမေရိကရဲ့ စီးပွားရေးမှာ
သန်းတစ်ထောင်နီးပါး အသားတင်ငွေ
ရရှိမယ်လို့ ဆိုတယ်။
စီးပွားရေးရှုထောင့်ကနေကြည့်ရင်
ဒါ အလားအလာကောင်းတာပဲမလား။
ဒီတော့ ဒီအတိုင်း ဆက်လုပ်သင့်တာပေါ့ဗျာ။
တကယ်တော့
ကျောင်းထွက်နှုန်းများတဲ့ ပြဿနာကြောင့်
ဆုံးရှုံးမှုတွေကိုပြန်လည်တည့်မတ်ဖို့
ငွေမတန်တဆ ကုန်ကျပါတယ်။
ဒါပေမယ့်ကျောင်းထွက်နှုန်းမြင့်တဲ့ပြဿနာဟာ
ရေခဲစိုင်ကြီးတစ်ခုရဲ့ ထိပ်စွန်းလေးလောက်ပါ။
ဒါပေမယ့် ဒီထဲထည့်မတွက်ဖြစ်ကြတာက
ကျောင်းတက်နေပေမယ့်
ကျောင်းနဲ့စိမ်းနေတဲ့ ကလေးတွေ၊
ကျောင်းနေမပျော်တဲ့ ကလေးတွေ၊
ကျောင်းတက်လို့ လက်တွေ့အကျိုး
မခံစားရတဲ့ ကလေးတွေပါပဲ။
ဒါ ဘာကြောင့်လဲဆိုရင် ငွေတွေ
လုံလောက်အောင် မသုံးနေလို့မဟုတ်ဘူး။
အမေရိကန်နိုင်ငံဟာကမ္ဘာ့နိုင်ငံအများစုထက်
ပညာရေးအသုံးစရိတ် ပိုများပါတယ်။
အတန်းတွင်းကျောင်းသားပမာဏဟာ
တခြားနိုင်ငံများစွာထက် ပိုနည်းပါတယ်။
ပညာရေးတိုးတက်အောင်
နှစ်စဉ်ကြိုးပမ်းလုပ်ဆောင်နေကြတာတွေ
ရှိပါသေးတယ်။
ပြဿနာက လမ်းလွဲနေကြတာပါပဲ။
လူသားတွေရဲ့ဘဝ ကြီးပွားတိုးတက်ဖို့
နိယာမသုံးခုအပေါ် အခြေခံရပါတယ်။
ဒီနိယာမတွေဟာ
ဆရာအများစု
မနိုင်ဝန် ထမ်းရ၊
ကလေးအများစုအောင့်အည်းသည်းခံရတဲ့
ပညာရေးယဉ်ကျေးမှုနဲ့တခြားစီပါပဲ
ပထမနိယာမကလူသားတွေဆိုတာသဘာဝအရ
တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အချက်ပါ။
ကျွန်တော်မေးကြည့်မယ်နော်။ ခင်ဗျားတို့ထဲက
ဘယ်နှစ်ယောက်လောက်များ သားသမီးတွေရှိလဲ။
အိုကေ။ ဒါမှမဟုတ်ရင်လည်း
မြေးတွေပေါ့ဗျာ။
ကလေးနှစ်ယောက်နဲ့အထက်ရှိတဲ့သူ...
ဟုတ်ပါပြီ။
တခြားသူတွေကတော့ ဒီလိုကလေးတွေ
မြင်ဖူးပြီးသားပေါ့ဗျာ။
(ရယ်သံများ)
လူကလေးတွေ
ဟိုဟိုဒီဒီသွားနေကြတာတွေပေါ့
(ရယ်သံများ)
ကျွန်တော် ခင်ဗျားတို့နဲ့ လောင်းမယ်ဗျာ။
ကျွန်တော်နိုင်မယ်ဆိုတာတော့
ယုံကြည်တယ်။
ခင်ဗျားတို့မှာ ကလေးနှစ်ယောက်နဲ့
အထက်ရှိရင်
သူတို့တွေတစ်ယောက်နဲ့တစ်ယောက်
လုံးဝမတူဘူး။
မဟုတ်ဘူးလားဗျာ။
(လက်ခုပ်သံများ)
ကိုယ့်ကလေးတွေကို ဘယ်သူဘယ်ဝါ
မရှုပ်ထွေးလောက်ပါဘူးဗျ .. နော။
"သားကဘယ်တစ်ယောက်လဲ။
ပြန်ပြောစမ်းပါ။”
(ရယ်သံများ)
“မေမေနဲ့ဖေဖေအရောင်နဲ့
ကုဒ်လုပ်ထားဖို့လိုတယ်”
“ဒါမှ အဖေတို့ မရောတော့မှာ"
ဆိုတာမျိုးပေါ့ဗျာ။
"ဘယ်ကလေးမှ နောက်မကျန်စေရေး"
မူဝါဒအောက်က ပညာရေးဟာ
မတူကွဲပြားမှုကို အခြေခံထားတာ မဟုတ်ဘူး။
တပုံစံတည်းဖြစ်စေရေးကိုပဲ အခြေခံထားတာဗျ။
အခုခေတ်ကျောင်းတွေ
လုပ်ဆောင်ကြဖို့ အားပေးတာတွေက
အောင်မြင်ပေါက်မြောက်မှုနယ်ပယ်လေးတစ်ခုမှာ
ကလေးတွေ ဘာတွေလုပ်နိုင်လဲ သိနိုင်ဖို့ကိုပဲ။
"ဘယ်ကလေးမှ နောက်မကျန်စေရေး"
မူဝါဒရဲ့ သက်ရောက်မှုတစ်ခုကတော့
STEM လို့ခေါ်တဲ့ဘာသာရပ်တွေကိုပဲ
ကွက်ပြီးအာရုံစိုက်လာနေကြတဲ့အချက်ပါပဲ။
ဒီဘာသာရပ်တွေဟာ အင်မတန်
အရေးပါပါတယ်။
သိပ္ဗံနဲ့သင်္ချာဘာသာရပ်တွေရဲ့အရေးပါမှုကို
ငြင်းဆိုဖို့ ဒီမှာ မရည်ရွယ်ပါဘူး။
ဒီဘာသာရပ်တွေလိုအပ်တာပါပဲ။ဒါပေမယ့်
ဒီဘာသာရပ်လောက်နဲ့မလုံလောက်ဘူးလေ
စစ်မှန်တဲ့ပညာရေးမှာ ဝိဇ္ဖာဘာသာရပ်တွေ၊
လူမှုရေးဘာသာရပ်တွေနဲ့ကာယပညာကိုပါ
ညီတူညီမျှ အလေးထားရမယ်ဗျ။
ကလေးတွေရဲ့ကံတရားက ဆိုးပါ့ဗျာ။
ဝမ်းနည်းစရာပဲ။ကျေးဇူးပါ။
(လက်ခုပ်သံများ)
အမေရိကန်နိုင်ငံရဲ့လတ်တလောခန့်မှန်းချက်
တစ်ခုအရ ဒီစနစ်အတိုင်းသွားနေရတဲ့
ကလေး (၁၀) ရာခိုင်နှုန်းလောက်ဟာ
ကျန်းမာရေးပြဿနာမျိုးစုံ ရှိနေတာ
တွေ့ရတယ်လို့ ဆိုပါတယ်။
အာရုံစိုက်မှုအားနည်းချို့ယွင်းတဲ့
ရောဂါ
ADHD ပေါ့ဗျာ။
ဒီလိုမျိုး မရှိဘူးလို့
ကျွန်တော် မဆိုလိုပါဘူး။
ဒီလိုမျိုး ကပ်ဆိုးဆိုက်နေတာကိုပဲ
မယုံကြည်တာပါ။
ကလေးတွေကို နာရီနဲ့ချီပြီး
စာရေးစာဖတ်သက်သက်
ထိုင်လုပ်ခိုင်းကြည့်ပါလား။
သူတို့လေးတွေ ရွစိရွစိ စဖြစ်လာတာ
အံ့ဩစရာမရှိပါဘူးဗျာ။ ဟုတ်လား။
(ရယ်သံများ)
(လက်ခုပ်သံများ)
အများအားဖြင့် ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ
ရောဂါတွေ ခံစားနေကြရတာ မဟုတ်ဘူး။
ကလေးဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေကို
ခံစားနေရတာပါ။
(ရယ်သံများ)
ကျွန်တော်ကိုယ်တိုင် ကလေးဘဝ
ဖြတ်သန်းခဲ့ဖူးတော့ ဒါကို သိနေတယ်လေ။
ဒီအတိုင်း ကျွန်တော်လည်း
ဖြတ်သန်းခဲ့တာကိုး။
ကလေးတွေဟာ သူတို့ကိုယ်စွမ်းဥာဏ်စွမ်းမျိုးစုံကို
မြှင့်တင်ပေးတဲ့ ကျယ်ပြန့်တဲ့သင်ရိုးနဲ့မှ
အကောင်းဆုံး တိုးတက်နိုင်ပါတယ်။
သူတို့ရဲ့ စွမ်းရည်တစ်ခုနှစ်ခုလောက်ကို
မြှင့်တင်ပေးရုံနဲ့မလုံလောက်ပါဘူး။
စကားမစပ် ဝိဇ္ဇာဘာသာရပ်ဟာ
သင်္ချာရမှတ်တိုးစေလို့
အရေးပါတာမဟုတ်ဘူး။
ဝိဇ္ဇာဘာသာရပ်ဘာကြောင့်အရေးပါလဲဆိုရင်
ဒီဘာသာရပ်တွေဟာ တခြားနည်းလမ်းနဲ့
မနှိုးဆွပေးနိုင်တဲ့ ကလေးတွေရဲ့
ဖြစ်တည်မှုနယ်ပယ်တွေကို နှိုးဆွပေးလို့ပါပဲ။
ဒုတိယနိယာမက … ကျေးဇူးပါ။
(လက်ခုပ်သံများ)
လူသားတွေရဲ့ဘဝကြီးပွားတိုးတက်စေတဲ့
ဒုတိယနိယာမက
သိလိုစိတ်ပါပဲ။
ကလေးတစ်ယောက်ဆီမှာ သိလိုစိတ်မီးပွားလေးကို
ထွန်းညှိပေးနိုင်လိုက်ပြီဆိုရင်
နောက်ထပ်အကူအညီမလိုဘဲ ကိုယ်တိုင်
သင်ယူတတ်မြောက်သွားတတ်ကြပါတယ်။
ကလေးတွေဆိုတာ သဘာဝအလျောက်
သင်ယူသူတွေ ဖြစ်ပါတယ်။
ကလေးတွေဆီက ဒီလိုစွမ်းရည်မျိုး
ထွက်ပေါ်လာအောင် လုပ်နိုင်ရင်၊
ဒါမှမဟုတ် တအုံနွေးနွေးသိလိုစိတ်ဖြစ်လာအောင်
လုပ်နိုင်ရင် ဒါ တကယ့်အောင်မြင်မှုပါပဲ။
သိလိုစိတ်ဆိုတာ အောင်မြင်ပေါက်မြောက်မှု
မွေးထုတ်ပေးရာဌာနဖြစ်တယ်။
ကျွန်တော် ဒါကို ပြောရတဲ့အကြောင်းရင်းက
ဒီမှာ လတ်တလောဖြစ်နေတဲ့
ယဉ်ကျေးမှုအကျိုးသက်ရောက်မှုတစ်ခုက
ဆရာတွေကို
အသက်မွေးဝမ်းကျောင်းအလုပ်ပုံစံအတိုင်း
လုပ်ခွင့်မပေးတာကြောင့်လို့ ဆိုနိုင်မယ်ထင်တယ်။
ကမ္ဘာပေါ်မှာ ဘယ်စနစ်ကမှ ဆရာတွေထက်
ပိုမကောင်းသလို၊ ဒီနိုင်ငံရဲ့ ဘယ်ကျောင်းကမှ
ဆရာတွေထက် ပိုမတော်ပါဘူး။
ဆရာတွေဆိုတာ ကျောင်းတွေအောင်မြင်ရေးရဲ့
အသက်သွေးကြောလို ဖြစ်နေပါတယ်။
ဒါပေမယ့် ဆရာအတတ်ပညာဆိုတာ
တီထွင်ဖန်တီးရတဲ့အလုပ်မျိုးပါ။
သေသေချာချာ စဉ်းစားကြည့်ရင်
ဆရာအတတ်ပညာဆိုတာ ပို့ဆောင်ရေးစနစ်မဟုတ်ဘူး။
ကိုယ်သိထားတာတွေကို
လက်ဆင့်ကမ်းပေးရုံနဲ့ဆရာမဖြစ်ဘူး
ဆရာ့ဆရာတွေကလည်း
အသိတွေလက်ဆင့်ကမ်းတာပါပဲ။
ဒါပေမယ့် ဒီဆရာ့ဆရာတွေဟာ
ကောင်းရာညွှန်ပြပေးပါသေးတယ်။
နိုးကြားတက်ကွှအောင် လုပ်ပေးတယ်။
သင်ယူမှုဖြစ်အောင်နှိုးဆွပေးပါတယ်။
ကျောင်းသားတွေ စိတ်ပါဝင်စားအောင် ကြိုးပမ်းပါတယ်။
ဒီတော့ အချုပ်ဆိုရရင် ပညာရေးဆိုတာ
သင်ယူမှုနဲ့ သက်ဆိုင်ပါတယ်။
သင်ယူမှု မဖြစ်နေရင်
ပညာပေးဝေမှုဆိုတာ မဖြစ်နေဘူး။
တစ်ခါ လူတွေက သင်ယူမှုအကြောင်း
မဆွေးနွေးဘဲ ပညာရေးအကြောင်းဆွေးနွေးရင်း
အချိန်တွေ အများကြီး
ဖြုန်းပစ်တတ်ကြပါတယ်။
ပညာရေးရဲ့ ရည်ရွယ်ချက်ကြီးက
လူတွေကိုလေ့လာသင်ယူစေချင်တာပါပဲ
ကျွန်တော့်မိတ်ဆွေဟောင်းတစ်ယောက်ပေါ့
တကယ်တော့ဟောင်းလှပါပြီ။သေတောင်သွားပေါ့
(ရယ်သံများ)
သူ ဘယ်လောက်ဟောင်းသွားပြီလဲဆိုတာ
ကြည့်ပေါ့
(ရယ်သံများ)
ဒါပေမယ့် အင်မတန်တော်တဲ့ ပုဂ္ဂိုလ်ပါ။
အင်မတန်တော်တဲ့ အတွေးအခေါ်ပညာရှင်ပေါ့။
သူ ပြောလေ့ရှိတဲ့ စကားက
ကြိယာစကားလုံးတွေရဲ့ လုပ်ဆောင်မှုနဲ့
ပေါက်မြောက်မှုကြား ခြားနားမှုအကြောင်းပါ။
ခင်ဗျားတို့
တစ်ခုခုကို လုပ်နေနိုင်ပေမယ့်
အဲဒါကို တကယ် ရမလာတာမျိုးပေါ့။
ဓာတ်စာစားတာမျိုးပေါ့ဗျာ။
(ရယ်သံများ)
အဲဒါတာ ဥပမာကောင်းတစ်ခုဗျ။
သူ့ကို ကြည့်စမ်း။ဓာတ်စာစားနေတာတဲ့။
တကယ်ကော ဝိတ်ကျသွားလား။ ဘယ်ကလာ …။
(ရယ်သံများ)
စာသင်ပြခြင်းဆိုတာလည်း
ဒီလိုဝေါဟာရမျိုးပါပဲ။
“ဟော့ဟိုမှာ ဒက်ဘရာပေါ့။သူ အခန်းနံပါတ်(၃၄) မှာ
စာသင်နေတာလေ။”လို့ ခင်ဗျားပြောလို့ရတယ်။
ဒါပေမယ့် ဘယ်သူ ဘာမှ
ပညာရမသွားရင်
သင်တော့သင်နေပါရဲ့၊ ဒါပေမယ့်သင်ပြခြင်းရဲ့
ရည်ရွယ်ချက် မပေါက်မြောက်ဘူးပေါ့။
ဆရာ့အလုပ်က သင်ယူဖြစ်အောင်
ကူညီပေးဖို့ပါ။
ဒါပါပဲ။
ကျွန်တော့်အထင်တော့ ပြဿနာရဲ့
တစ်စိတ်တစ်ဒေသက
ချုပ်ကိုင်လွှမ်းမိုးတဲ့
ပညာရေးယဉ်ကျေးမှုဟာ
သင်ပြမှု၊ သင်ယူမှုအပေါ် အလေးမထားဘဲ
စစ်ဆေးမှုအပေါ်မှာသာ အလေးပေးနေခြင်းပါ။
အခုဆိုရင် စစ်ဆေးမှုက
အရေးကြီးတယ်လေ။
စံသတ်မှတ်စစ်ဆေးမှုတွေ သူ့နေရာနဲ့သူ
အရေးကြီးပါတယ်။
ဒါပေမယ့် ဒီလိုစစ်ဆေးမှုတွေဟာ ချုပ်ကိုင်လွှမ်းမိုးတဲ့
ပညာရေးယဉ်ကျေးမှုဖြစ်မနေသင့်ဘူး။
ကလေးတွေရဲ့ အားနည်းချက်တွေကို
ရှာဖွေကုစားပေးမယ့် စစ်ဆေးမှုမျိုးဖြစ်သင့်တယ်။
ဒီလိုဆိုရင် အထောက်အကူ ဖြစ်ပါတယ်။
(လက်ခုပ်သံများ)
ကျွန်တော် ဆေးစစ်မှု ခံယူချင်တယ်ဆိုရင်
စံသတ်မှတ်စစ်ဆေးမှုမျိုးတွေ လိုချင်တာပေါ့။
ဟုတ်တယ်လေ
စံသတ်မှတ်ချက်အရ တခြားသူတွေနဲ့
နှိုင်းယှဉ်ပြီး
ကျွန်တော့်မှာ ကိုလက်စထရော
ဘယ်လောက်ရှိလဲ သိချင်တာပဲလေဗျာ။
ကားထဲမှာ ဆရာဝန်တီထွင်တဲ့ တိုင်းတာစရာတစ်မျိုးမျိုး
သုံးပြီး ပြောတာမျိုး ကျွန်တော်မလိုချင်ဘူးလေ။
(ရယ်သံများ)
“ခင်ဗျားရဲ့ ကော်လက်စထရောက
လိမ္မော်ရောင်အဆင့် ဖြစ်နေတယ်”
“တကယ်လားဗျ”
(ရယ်သံများ)
“ဒါ ကောင်းတဲ့လက္ခဏာလား”
“မသိဘူးလေဗျာ”
(ရယ်သံများ)
ဒါပေမယ့် စစ်ဆေးမှုအားလုံးဟာ သင်ယူမှုကို
အထောက်အကူဖြစ်စေသင့်တယ်။
သင်ယူမှုကို အဟန့်အတားမဖြစ်စေသင့်ဘူး။
ဒါပေမယ့် မကြာခဏ အဟန့်အတားဖြစ်တတ်ပါတယ်။
ဒီတော့ သိလိုစိတ်နေရာမှာ
လေးစားလိုက်နာမှုယဉ်ကျေးမှု ရောက်နေလေရော။
ကျွန်တော်တို့ရဲ့ ကလေးတွေ၊ဆရာတွေကို
စိတ်ကူးစိတ်သန်းနဲ့ သိလိုစိတ်ရဲ့ စွမ်းအားတွေ
နှိုးဆွပေးဖို့ထက်
ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း
လိုက်နာလုပ်ဆောင်ဖြစ်အောင်အားပေးနေပါတယ်။
တတိယနိယာမက ဒီလိုပါ။
လူသားတွေရဲ့ ဘဝဟာ ပင်ကိုအားဖြင့်
တီထွင်ဖန်တီးမှုတွေနဲ့ပြည့်နေပါတယ်။
ဒါကြောင့် ကျွန်တော်တို့အားလုံးမှာ
ကိုယ်ရေးအတ္ထုပတ္တိတွေမတူကြတာပေါ့။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝတွေကို
ကိုယ်တိုင် ဖန်တီးပုံဖော်ကြတယ်။
ဘဝခရီးလမ်းကို လျှောက်လှမ်းရင်း
ဘဝကို အသစ်တစ်ဖန် ဖန်တီးတည်ဆောက်ကြတယ်။
ဒါဟာ လူတစ်ယောက်ရဲ့ ဘဝမှာ
ဘုံသဘောလက်ခံထားကြတဲ့အမြင်ဖြစ်တယ်
ဒါကြောင့်လည်း လူ့ယဉ်ကျေးမှုဟာ
အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။
မတူကွဲပြားမှုတွေ ရှိနေတယ်။
တက်ကွှပြောင်းလဲနေတတ်တဲ့ သဘောရှိပါတယ်။
ကျွန်တော်ဆိုလိုတာ ဒီလိုပါ။
တခြားသတ္တဝါတွေမှာလည်း စိတ်ကူးစိတ်သန်းတွေနဲ့
တီထွင်ဖန်တီးမှုတွေ ရှိချင်ရှိမှာပေါ့။
ဒါပေမယ့် လူတွေလောက် အထောက်အထား
များများစားစား မတွေ့ရဘူးလေဗျာ။
ဆိုလိုတာက ခင်ဗျားမှာ
ခွေးတစ်ကောင်ရှိမယ်။
ခင်ဗျားရဲ့ခွေးဟာ
စိတ်ဓာတ်ကျချင်ကျနေမှာ။
ဒါပေမယ့်ဒီခွေးဟာRadioheadသီချင်းတွေတော့
နားထောင်မနေဘူးပေါ့ဗျာ။ ဟုတ်လား။
(ရယ်သံများ)
Jack Daniels တစ်ပုလင်းနဲ့ ပြတင်းပေါက်အပြင်ဘက်
ငေးပြီး ထိုင်တော့ မနေဘူးပေါ့ဗျာ။
(ရယ်သံများ)
“လမ်းလျှောက်သွားကြရအောင်ကွာ။”
“ဟင့်အင်း။ ငါ အဆင်ပြေပါတယ်ကွ။”
(ရယ်သံများ)
“မင်းပဲ သွားလိုက်ပါ။ ငါ စောင့်နေရစ်မယ်။
ဒါပေမယ့် ဓာတ်ပုံတွေတော့ ရိုက်ခဲ့နော်။”
(ရယ်သံများ)
ကျွန်တော်တို့အားလုံးဟာ
ရွေးချယ်စရာတွေ၊ဖြစ်နိုင်ခြေတွေနဲ့
ဆက်တိုက်ရွေ့လျားလှုပ်ရှားနေတဲ့ ဒီဖြစ်စဉ်ကတစ်ဆင့်
ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးကြပါတယ်။
ဒီတော့ ပညာရေးရဲ့ တာဝန်တစ်ရပ်ဟာ
တီထွင်ဖန်တီးမှုစွမ်းရည်စွမ်းပကားတွေကို
နိုးကြားစေဖို့၊ဖွံ့ဖြိုးစေဖို့ပါပဲ။
အခုကျတော့ စံသတ်မှတ်တဲ့ယဉ်ကျေးမှုတစ်ခု
ကျွန်တော်တို့ဆီမှာ ဖြစ်ထွန်းနေလေရဲ့။
အခု အဲလိုမျိုး မဖြစ်သင့်တော့ဘူးလေ။
တကယ်ကို မဖြစ်သင့်တော့တာ။
ဖင်လန်နိုင်ငံဟာ သင်္ချာ၊ သိပ္ဗံနဲ့ အဖတ်စွမ်းရည်တွေမှာ
ထိပ်ဆုံးက ပုံမှန် ရပ်တည်နေတယ်။
ဒါတွေကိုပဲ စစ်ဆေးနေတော့
ဒီနယ်ပယ်တွေမှာ သူတို့ တော်တာပဲ
ကျွန်တော်တို့ သိကြတာလေ။
ဒါဟာ စံသတ်မှတ်စစ်ဆေးမှုရဲ့
ပြဿနာတစ်ရပ်ပါပဲ။
စာမေးပွဲတွေဟာ တခြားအရေးကြီးတဲ့
အရာတွေကို မရှာဖွေကြတော့ဘူး။
ဖင်လန်နိုင်ငံမှာ ဖြစ်နေတဲ့
အခြေအနေက ဒီလိုဗျ။
သူတို့တွေဟာ ဒီဘာသာရပ်တွေအကြောင်းပဲ
အမြဲစဉ်းစားလုပ်ဆောင်နေတာမဟုတ်ဘူး
သူတို့ဆီမှာ ပညာရေးနဲ့ပတ်သက်ပြီး
အင်မတန်ကျယ်ပြန့်တဲ့ ချဉ်းကပ်နည်းရှိတယ်။
ဒီချဉ်းကပ်နည်းမှာ လူမှုရေးဘာသာရပ်တွေ၊
ကာယပညာနဲ့ ဝိဇ္ဇာဘာသာရပ်တွေ ပါဝင်တယ်။
ဒုတိယအချက်က ဖင်လန်နိုင်ငံမှာ
စံသတ်မှတ်စစ်ဆေးမှု မရှိတာပါပဲ။
ကျွန်တော်ဆိုလိုတာက နည်းနည်းတော့
ရှိတာပေါ့ဗျာ။
ဒါပေမယ့် လူတွေကို မနက်အထိ
မအိပ်တမ်း အလုပ်လုပ်ရစေမယ့် အရာမျိုးမဟုတ်သလို၊
စာကြည့်စားပွဲက မခွာတမ်း
အလုပ်လုပ်နေရမယ့် အရာမျိုးလည်းမဟုတ်ပါဘူး။
တတိယအချက်ကတော့ …
အဲ … မကြာသေးခင်က ကျွန်တော်
အစည်းအဝေးတစ်ခု တက်ရပါတယ်။
ဖင်လန်နိုင်ငံသားစစ်စစ်တစ်ချို့လည်း
ဒီအစည်းအဝေးတက်ကြတယ်။
ဒီမှာ အမေရိကန်စနစ်ထဲက တစ်ယောက်က
ဖင်လန်နိုင်ငံသားတွေကို မေးနေတယ်ဗျ
“ဖင်လန်နိုင်ငံမှာ ကျောင်းထွက်နှုန်းနဲ့ပတ်သက်လို့
ဘယ်လို လုပ်ဆောင်ကြတာလဲ” တဲ့။
သူတို့အားလုံးနည်းနည်းတွေဝေသွားတယ်။
ပြီးတော့ ပြောကြတယ်။
“အင်း …
ကျွန်တော်တို့ဆီမှာ
ကျောင်းထွက်တာမျိုး မရှိဘူးဗျ။
ဘာလို့ ကျောင်းထွက်မှာပါလိမ့်။
ဒုက္ခရောက်နေသူတွေရှိရင်
သူတို့ဆီ အမြန်ဆုံးသွားပြီး
ကူညီထောက်ပံ့ပေးတယ်လေ”တဲ့။
အခု လူတွေ အမြဲ ပြောကြတယ်။
“ဟာ …
ခင်ဗျားကလည်းဗျာ။ ဖင်လန်နဲ့
အမေရိကန်ကိုနှိုင်းယှဉ်လို့မရဘူးလေ”တဲ့။
ဟုတ်တယ်။ နှိုင်းယှဉ်လို့မရဘူး။ ဖင်လန်မှာ
လူဦးရေငါးသန်းဝန်းကျင်ပဲ ရှိတယ်ထင်ပါတယ်။
ဒါပေမယ့် ဒီအရေအတွက်ကို အမေရိကန်က
ပြည်နယ်တစ်ခုနဲ့ နှိုင်းယှဉ်လို့ ရတယ်လေ။
အမေရိကန်မှာ ဖင်လန်ထက် လူဦးရေပိုနည်းတဲ့
ပြည်နယ်အတော်များများ ရှိပါတယ်။
ကျွန်တော်ပြောချင်တာက ကျွန်တော်
အမေရိကန်ရဲ့ ပြည်နယ်အချို့ကို ရောက်ဖူးတယ်။
အဲဒီမှာဆို
ကျွန်တော်က တစ်ယောက်တည်းပဲ။
(ရယ်သံများ)
တကယ်ပြောတာပါ။
ကျွန်တော် အဲဒီက ပြန်ထွက်တော့ ကျွန်တော့်ကို
ထောင်ထဲပို့ဖို့ စစ်မေးခံရသေးတယ်ဗျ။
(ရယ်သံများ)
ဒါပေမယ့် ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည်အမြင့်ဆုံး
စနစ်အားလုံးရဲ့ လက္ခဏာရပ်တွေဟာ
လက်ရှိ အမေရိကန်ရဲ့ စနစ်တွေမှာ
ရှိမနေတာ ဝမ်းနည်းစရာပါပဲ။
ကျွန်တော်က ခြုံပြောလိုက်တဲ့သဘောပါ။
ကောင်းတာတစ်ခုက ဒီလိုပါ။
သူတို့ဆီမှာ တစ်ဦးချင်းစီအတွက်
သင်ကြားသင်ယူမှုကိုညှိယူကြပါတယ်
လေ့လာသင်ယူနေကြတာ ကလေးတွေပဲလို့
သူတို့တွေ အသိအမှတ်ပြုကြတယ်။
နောက်ပြီး ပညာရေးစနစ်ဟာ ကလေးတွေအဖို့
စိတ်ပါဝင်စားမှု ရှိစေပြီး
သူတို့ရဲ့ သိလိုစိတ်၊ တစ်ဦးချင်းဖြစ်တည်မှုနဲ့
တီထွင်ဖန်တီးမှုတွေကို ဖြစ်စေရမယ်ဆိုတာ
သူတို့တွေ အသိအမှတ်ပြုကြပါတယ်။
ဒါဟာ ကလေးတွေ လေ့လာသင်ယူဖြစ်လာအောင်
လုပ်ဆောင်တဲ့ နည်းလမ်းပါပဲ။
ဒုတိယစနစ်တစ်ခုက သူတို့တွေဟာ
ဆရာအလုပ်ကိုအင်မတန်
လေးစားတန်ဖိုးထားကြတာပါပဲ။
တကယ်တော်တဲ့သူတွေကိုရွေးချယ်ပြီး
အမြဲကူညီထောက်ပံ့ပေးတာတွေနဲ့
အသက်မွေးမှုစွမ်းရည်ဖွံ့ဖြိုးရေးတွေ တောက်လျှောက် မပေးဘူးဆိုရင်
ပညာရေး တိုးတက်အောင် မလုပ်နိုင်ဘူးလို့
သူတို့ အသိအမှတ်ပြုကြပါတယ်။
အသက်မွေးမှုစွမ်းရည်ဖွံ့ဖြိုးရေးဆိုတာ
ပေးဆပ်လိုက်ရတာမျိုး မဟုတ်ဘူး။
ရင်းနှီးမြှပ်နှံမှုပါ။
အောင်မြင်နေတဲ့ တခြားနိုင်ငံတိုင်း
ဒီအချက်ကို သိကြပါတယ်။
ဩစေၾတးလ်၊ ကေနဒါ၊
တောင်ကိုးရီးယား၊ ဟောင်ကောင်၊
ရှန်ဟိုင်းတို့လိုမျိုးပေါ့။
ဒီနိုင်ငံတွေဟာ ဒီအချက်
အခရာကျတယ်ဆိုတာ နားလည်ကြတယ်။
တတိယစနစ်က
သူတို့ဆီမှာ ကျောင်းအဆင့်ထိ
တာဝန်ဝတ္ထရားတွေ ခွဲဝေပေးပြီး
ပညာရေးယန္တရား လည်ပတ်စေတယ်။
ဒီမှာ ကွဲလွဲချက်ကြီးတစ်ခု
ရှိနေတယ်ဗျ။
ပညာရေးမှာ အမိန့်ပေးထိန်းချုပ်မှု
ပုံစံနဲ့ သွားမလား။
တစ်ချို့စနစ်တွေမှာ ဒီလိုမျိုး ဖြစ်နေတယ်လေ။
ဗဟိုအစိုးရ(ဒါမှမဟုတ်)ပြည်နယ်အစိုးရတွေက
ဆုံးဖြတ်ချက်ချတယ်။
သူတို့သာ အသိဆုံး၊ အတတ်ဆုံး၊
သူတို့ကသာ ဘာလုပ်ပါလို့ အမိန့်ပေးပေါ့ဗျာ။
ပြဿနာက ပညာရေးဆိုတာ
လွှတ်တော်ကော်မတီရုံးတွေမှာ
မဖြစ်ဘူးဆိုတဲ့ အချက်ပါ။
ပညာရေးဟာ စာသင်ခန်းတွေ၊
ကျောင်းတွေမှာ ဖြစ်ပေါ်ပါတယ်။
ပညာရေးကို ဖြစ်ပေါ်စေသူတွေဟာ
ဆရာတွေနဲ့ ကျောင်းသားတွေပါပဲ။
ဒီပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဖယ်ရှားလိုက်ရင်
ပညာရေး အလုပ်မလုပ်တော့ဘူး။
ဆရာတွေ၊ ကျောင်းသားတွေရဲ့ လက်ထဲ
ပညာရေးကို ပြန်ထည့်ပေးရပါမယ်။
(လက်ခုပ်သံများ)
ဒီနိုင်ငံမှာ အင်မတန်ကောင်းတာတွေလည်း
ရှိနေ၊ ဖြစ်နေတယ်။
ဒီလိုအကောင်းတွေ ဖြစ်နေတာတော့
ကျွန်တော်ပြောရပါမယ်။
ဒါပေမယ့် ချုပ်ကိုင်လွှမ်းမိုးတဲ့
ပညာရေးယဉ်ကျေးမှုလည်း ရှိနေတယ်။
ဒီလို ပညာရေးယဉ်ကျေးမှုကြောင့်
ဒီလိုရလဒ်မျိုးထွက်တာတော့ မဟုတ်ဘူးနော်။
ဘာနဲ့တူလဲဆိုရင် လူတွေတစ်ချိန်လုံး
လေဆန်ကိုရွက်လွှင့်နေရသလိုပေါ့ဗျာ။
ကျွန်တော်တွေးမိတဲ့ အကြောင်းရင်းက
ဒီလိုပါ။
လက်ရှိမူဝါဒအတော်များများဟာ
ယန္တရားဆန်တဲ့ ပညာရေးအတွေးအမြင်တွေပေါ်
အခြေခံထားတာကြောင့် ဖြစ်တယ်။
ပညာရေးဟာ စက်ရုံမှာ ပစ္စည်းထုတ်တဲ့
ဖြစ်စဉ်နဲ့ တူနေတယ်လေ။
စက်ရုံမှာက ပိုကောင်းတဲ့အချက်အလက်တွေရှိရုံနဲ့
ပိုကောင်းအောင်လုပ်နိုင်တယ်လေ။
ပြီးတော့ တစ်ချို့မူဝါဒရေးဆွဲသူတွေရဲ့
စိတ်ထဲ ထောင့်တစ်နေရာရာမှာ
ပညာရေးကို ကောင်းကောင်းလေး ညှိယူပြုပြင်လိုက်ရင်
ဒါမှမဟုတ် လမ်းကြောင်းတည့်ပေးရုံလေးနဲ့
အနာဂတ်ကာလအထိ လုံးဝ စိတ်ချရသွားမယ်
ဆိုတဲ့ အတွေးမျိုး ရှိနေပါတယ်။
ပညာရေးဆိုတာ အဲဒီအတိုင်း ဖြစ်မှာမဟုတ်သလို
အဲလိုလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။
အဓိကပြောချင်တဲ့အချက်က
ပညာရေးဆိုတာ စက်ယန္တရားမဟုတ်ဘူးဆိုတာပဲ။
ပညာရေးဆိုတာ
လူသားတွေနဲ့ ဖွဲ့တည်ထားတဲ့စနစ်ပါ။
လူသားတွေနဲ့သက်ဆိုင်တဲ့ စနစ်ဗျ။
အဲဒီမှာ ပညာ တကယ်လိုလားသူတွေရယ်၊
ပညာမသင်ယူလိုသူတွေရယ် ရှိတယ်။
ကျောင်းထွက်သွားတဲ့ ကျောင်းသားတိုင်းမှာ
သူ့အကြောင်းနဲ့သူ ရှိပါတယ်။
သူ့ကိုယ်ရေးအချက်အလက်တွေက
တွေ့ရတာပါပဲ။
ဒီကျောင်းသားဟာ ကျောင်းတက်ရတာ
ငြီးငွေ့နေတာ ဖြစ်ရင်ဖြစ်မယ်။
ကျောင်းမှာသင်တာ သူတို့ဘဝနဲ့
အဆက်အစပ်မရှိသလို တွေ့ရင်တွေ့နေမယ်။
သူ့ကျောင်းပြင်ပဘဝနဲ့ ကျောင်းသင်ပညာရေး
ဖီလာကန့်လန့်ဖြစ်နေတယ်လို့ တွေးရင်တွေးမယ်။
ခေတ်ရေစီးကြောင်းတွေ ပြောင်းရင်ပြောင်းမယ်။
ဖြစ်ရပ်တွေကတော့ အမြဲ ဒါတွေချည်းပဲဗျ။
မကြာသေးခင်က ကျွန်တော် လော့စ်အိန်ဂျလိမှာ
အစည်းအဝေးတစ်ခု တက်ရတယ်။
သမားရိုးကျမဟုတ်တဲ့ ပညာပေးအစီအစဉ်တွေလို့
ခေါ်တဲ့ အစည်းအဝေးပါ။
ကျောင်းထွက်သွားတဲ့ ကလေးတွေကို ပညာပြန်သင်ပေးနိုင်ဖို့
ဒီပညာပေးအစီအစဉ်တွေ လုပ်တာပါ။
ဒီပညာပေးအစီအစဉ်တွေမှာ
တူတဲ့အချက်တချို့ ရှိပါတယ်။
ကလေးတစ်ဦးချင်းအလိုက် ကိုက်ညီအောင်
အင်မတန် အလေးထားလုပ်ကြတယ်။
ဆရာတွေကို
အင်တိုက်အားတိုက် ထောက်ခံတယ်။
လူ့အဖွဲ့အစည်းနဲ့ ကျယ်ပြန့်ကွဲပြားတဲ့သင်ရိုးအကြား
နီးကပ်ဆက်စပ်စေဖို့ ထောက်ခံတယ်။
ကျောင်းတွင်းကျောင်းပြင်ကလေးတွေပါဝင်တဲ့
ပညာပေးအစီအစဉ်တွေကိုလည်း ထောက်ခံပါတယ်။
ဒီအစီအစဉ်တွေ အလုပ်ဖြစ်တာပဲဗျ။
ကျွန်တော်စိတ်ဝင်စားမိတာက ဒီလိုအစီအစဉ်တွေကို
“သမရိုးကျမဟုတ်တဲ့ ပညာရေး” လို့ ခေါ်တာကိုပါ။
(ရယ်သံများ)
ကဲဗျာ …
ဒါတင်မကဘူး။ ကမ္ဘာတဝှမ်း
အထောက်အထားအားလုံးလည်း အလုပ်ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံးသာ အဲဒီအတိုင်းလုပ်ခဲ့မယ်ဆိုရင်
တခြားပညာရေးပုံစံမျိုး မလိုတော့ဘူးလေဗျာ။
(လက်ခုပ်သံများ)
(လက်ခုပ်သံများ ရပ်သွားပြီ)
ဒီတော့ ကျွန်တော်တို့တွေ အလင်္ကာနောက်တစ်မျိုးကို
လက်ခံသုံးစွဲသင့်ပြီ ထင်ပါ့ဗျာ။
ပညာရေးဆိုတာ လူသားနဲ့သက်ဆိုင်တဲ့
စနစ်တစ်ခုဆိုတာ အသိအမှတ်ပြုကြရမယ်။
လူသားတွေထမြောက်အောင်မြင်တဲ့
အခြေအနေတွေ ရှိသလို
ထမြောက်အောင်မြင်မှုမဖြစ်တဲ့
အခြေအနေတွေလည်း ရှိပါတယ်။
ခြုံကြည့်ရရင် ကျွန်တော်တို့တွေဟာ
သက်ရှိသတ္တဝါတွေပါပဲ။
ကျောင်းပညာရေးယဉ်ကျေးမှုဆိုတာ
လုံးဝ လိုအပ်ပါတယ်။
ယဉ်ကျေးမှုဆိုတာ သက်ရှိတွေနဲ့သက်ဆိုင်တဲ့
အသုံးအနှုန်းတစ်ခုပဲလေဗျာ။
ကျွန်တော်နေတဲ့နေရာနဲ့ မနီးမဝေးမှာ
မရဏတောင်ကြားဆိုတဲ့နေရာ ရှိတယ်။
ဒီမရဏတောင်ကြားဆိုတာ အမေရိကမှာ
အပူဆုံး၊ အခြောက်သွေ့ဆုံးနေရာပါပဲ။
အဲဒီမှာ ဘာအပင်မှ မပေါက်ဘူး။
မိုးမရွာတော့ ဘာအပင်မှ
မပေါက်ဘူးပေါ့ဗျာ။
ဒါကြောင့် မရဏတောင်ကြားလို့
ခေါ်ကြတာပါပဲ။
၂၀၀၄ ခုနှစ်၊ ဆောင်းရာသီအချိန်
မရဏတောင်ကြားမှာ မိုးရွာပါလေရော။
အင်မတန်တိုတောင်းတဲ့ကာလအတွင်း
မိုးရေချိန် (၇) လက်မ ရွာကျတယ်။
၂၀၀၅ ခုနှစ်၊ နွေဦးပေါက်ရာသီမှာ
သဘာဝဖြစ်စဉ်တစ်ခု ပေါ်လာတယ်။
မရဏတောင်ကြားကြမ်းပြင်တစ်ခုလုံးကို
ပန်းမျိုးစုံနဲ့ ကမ္ဗလာခင်းထားသလိုဖြစ်လာပါလေရော။
ဒါ ဘာကိုပြနေသလဲဆိုရင်
မရဏတောင်ကြားဆိုတာ
အသေ မဟုတ်ဘူးဆိုတာကိုပါပဲ။
ကိန်းဝပ်ငြိမ်သက်နေတာပါ။
မျက်နှာပြင်အောက်မှာ ဖြစ်နိုင်မှုဆိုတဲ့
ဒီမျိုးစေ့တွေ ရှိနေတတ်ပါတယ်။
အညှောက်ထွက်ဖို့ အခြေအနေကောင်းကို
စောင့်မျှော်နေကြတာပါ။
သက်ရှိစနစ်တွေအဖို့တော့
အခြေအနေတွေ သင့်တင့်ညီညွတ်တာနဲ့ကို
အသက်ရှင်မှုဆိုတာ
မလွဲမသွေဖြစ်လာတတ်တယ်ဗျ။
ဒါမျိုးက အမြဲ ဖြစ်နေကျပါ။
ဒေသတစ်ခု၊ ကျောင်းတစ်ကျောင်း၊
ကျောင်းအစုတစ်ခုပဲဖြစ်ဖြစ်
အခြေအနေတွေကို ပြောင်းလဲပြီး လုပ်နိုင်တယ်ဆိုတဲ့
အမြင်တစ်မျိုး လူတွေကို ပေးမယ်။
တစ်မျိုးတစ်မည် မျှော်လင့်ချက်တွေ၊
ကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေပေးမယ်။
ဆရာနဲ့ကျောင်းသားအကြား ဆက်သွယ်မှုတွေကို
မြတ်နိုးတန်ဖိုးထားမယ်။
တီထွင်ဖန်တီးဖို့ လုပ်ပိုင်ခွင့်တွေ
လူတွေကို ပေးမယ်။
တာဝန်အသီးသီးဆောင်ရွက်ရာမှာ
ဆန်းသစ်ပြောင်းလဲဖို့ လုပ်ပိုင်ခွင့်တွေ ပေးမယ်။
ဒီလိုသာဆိုရင် တစ်ခါက အခွင့်မသာခဲ့တဲ့
ကျောင်းတွေ အသက်ဝင်လာကြတာပါပဲ။
ခေါင်းဆောင်ကောင်းတွေက
အဲဒီအချက်ကို သိကြပါတယ်။
ပညာရေးမှာ ခေါင်းဆောင်မှုရဲ့
တကယ့်အခန်းကဏ္ဍက
အဲ…ဒီအချက်ဟာ နိုင်ငံအဆင့်မှာပါ
မှန်ကန်တယ်လို့ ကျွန်တော် ထင်ပါတယ်။
ပြည်နယ်အဆင့်၊ ကျောင်းအဆင့်မှာလည်း
ထိုနည်းလည်းကောင်းပါပဲ။
ဒီလိုစစ်မှန်တဲ့ပညာရေးခေါင်းဆောင်မှုဟာ
အမိန့်ပေးထိန်းချုပ်မှုပုံစံမဟုတ်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး။
ဒီလိုစစ်မှန်တဲ့ပညာရေးခေါင်းဆောင်မှုဟာ
အမိန့်ပေးထိန်းချုပ်မှုပုံစံမဟုတ်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး။
ဖြစ်နိုင်မှုအခြေအနေတစ်ခု
ဖန်တီးပေးဖို့လေ။
အဲလိုမျိုးသာလုပ်မယ်ဆိုရင် လူတွေ
အကောင်းဆုံးကြိုးစားလုပ်ကိုင်ကြလိမ့်မယ်။
ပြီးတော့ လုံးဝမျှော်လင့်မထားခဲ့တဲ့
စွမ်းဆောင်အောင်မြင်မှုတွေ ရလာလိမ့်မယ်။
အရင်က မမျှော်လင့်ခဲ့ဖူးတဲ့
အောင်မြင်မှုတွေပေါ့ဗျာ။
ဘင်ဂျမင်ဖရန်ကလင် ပြောခဲ့တဲ့
အင်မတန်ကောင်းတဲ့ စကားတစ်ခွန်းရှိတယ်။
“ကမ္ဘာပေါ်မှာ လူသုံးမျိုးသုံးစားရှိတယ်။
ရွှေ့လို့ မရွေ့နိုင်တဲ့ သူတွေရှိတယ်။
အရွေ့ကို နားမလည်သူတွေ၊
ရွေ့နိုင်အောင် ဘာမှမလုပ်လိုသူတွေပေါ့။
ရွှေ့လို့ ရွေ့တဲ့သူတွေလည်း ရှိတယ်။
ပြောင်းလဲဖို့လိုနေတယ်လို့
သူတို့ နားလည်တယ်။
အပြောင်းအလဲကို နားစွင့်ဖို့
သူတို့တွေ အဆင်သင့်ရှိတယ်။
ပြီးတော့ ကိုယ်တိုင်
တကယ် ရွေ့ ကြသူတွေ ရှိပါတယ်။
တကယ်ဖြစ်လာအောင်
တကယ်အလုပ်လုပ်ကြသူတွေပေါ့” တဲ့။
နောက်လူတွေကိုပါ ပြောင်းလဲဖို့
အားပေးမယ်ဆိုရင် ဒါ အရွေ့တစ်ခု ဖြစ်လာမယ်။
ဒီအရွေ့သာ
ပြင်းထန်အားကောင်းမယ်ဆိုရင်
ဒါဟာ တော်လှန်ပြောင်းလဲရေး
ဖြစ်ပြီပေါ့ဗျာ။
ကျွန်တော်တို့ လိုနေတာ အဲဒါပဲ။
အင်မတန် ကျေးဇူးတင်ပါတယ်ဗျ။
(လက်ခုပ်သံများ)
အင်မတန် ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
Trs: ဇွဲသစ် (ရမ္မာမြေ)
8.9.2016
.
Source: How to escape education's death valley (Sir Ken Robinson) (A TED Talk)
8.9.2016
.
Source: How to escape education's death valley (Sir Ken Robinson) (A TED Talk)
No comments:
Post a Comment