Friday 30 September 2016

ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စပ်မိစပ်ရာ

ဒီနေ့ ပီရူးနိုင်ငံက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်။ ဟိုအကြောင်းဒီအကြောင်း စကားစပ်မိရင်း ဒီဘွဲ့ပြီးရင် ဘာလုပ်မလဲဆိုပြီး သူက မေးတယ်။ ကိုယ်က မြန်မာနိုင်ငံပြန်မယ်။ အရင် အလုပ်ထဲပဲ ပြန်ဝင်မယ်လို့ ပြောတော့ သူက ပြောတယ်။ "ငါတော့ ငါတို့နိုင်ငံက ပညာရေးနယ်ပယ်မှာ လုပ်နေသူတွေရတဲ့ လစာကိုကြည့်ပြီး စိတ်ပျက်မိတယ်။ သြစီဒေါ်လာ ၁၀၀၀ နီးပါးပဲ လစာရကြတယ်။ အဲဒီလစာလောက်နဲ့ အိမ်စရိတ်ပေးဖို့တောင်အနိုင်နိုင်ပဲ။ မလောက်ငနိုင်ဘူး။" တဲ့။ 
သူ ညည်းညူနေတာကို ကြည့်ပြီး ကိုယ်တောင် ရယ်ချင်သွားတယ်။ ကိုယ်တွေဆီမှာဆိုရင် ဆရာ၊ ဆရာမတွေနဲ့ အစိုးရဝန်ထမ်းလစာက အင်မတန်နည်းပါတယ်။ ဒါတောင် နည်းနည်း လစာတိုးထားလို့။ အရင်ကဆို ပိုဆိုးပေါ့။ သို့ပေမယ့် လစာတိုးတယ်လို့ လေသံပစ်တာနဲ့ကို ကုန်ဈေးနှုန်းတွေက ခုန်ပျံကျော်လွှား သိုင်းကစားတော့တာပါပဲ။ ဒီတော့လည်း လစာတိုးတဲ့လမှာ အဆင်ပြေသလိုလိုရှိလှပေမယ့် နောက်လတွေမှာတော့ ဒုံရင်းအတိုင်း ပြန်ပြန်ရောက်သွားတတ်တာ ဝန်ထမ်းတွေ နောကျေနေခဲ့တာ ကြာပါပြီ။

ပီရူးက သူငယ်ချင်းက ကိုယ့်ကို မေးတယ်။ မြန်မာနိုင်ငံက လက်ရှိရာထူးမှာ လစာ ဘယ်လောက်ရသလဲ ...တဲ့။ လက်ရှိရာထူးမှာ ရတဲ့ လစာက သြစီဒေါ်လာ (၂၀၀) လောက်နဲ့ ညီတယ်၊ အရင်ရာထူးရဲ့ လစာက သြစီဒေါ်လာ (၁၄၄) နဲ့ ညီတယ်လို့ သူ့ကို ပြန်ပြောတော့ သူ တအံ့တသြ ရေရွတ်လိုက်တယ်။ "ငါတို့ ပီရူးနိုင်ငံက ဆရာ၊ ဆရာမတွေရဲ့ လစာသာ နည်းတယ်၊ ငါတို့ အတော် အခြေအနေဆိုးနေပါလားလို့ ထင်ထားတာ။ အခုတော့ ငါတို့ထက်ပိုဆိုးတဲ့ နိုင်ငံတစ်နိုင်ငံကို တွေ့တာပဲ။" တဲ့။ 
သူက ဆက်မေးပါတယ်။ "အဲဒီလစာလေးလောက်နဲ့ ဆရာ၊ ဆရာမတွေ ဘယ်လိုများ ရပ်တည်နိုင်ကြလဲ" တဲ့။ ကိုယ်ကတော့ စိတ်မကောင်းစွာနဲ့ ပြန်ဖြေရတယ်။ "ဘယ်လိုလုပ် ရပ်တည်နိုင်မလဲဟ။ တခြားအလုပ်တွေနဲ့ အပိုဝင်ငွေရှာကြရသေးတာပေါ့။ ရာထူးငယ်လေ လစာပိုနည်းလေ။ ပို မလောက်ငလေ။ သူတို့ ဘဝတွေ ပိုခက်ခဲလေပဲ။" လို့။

လစာအကြောင်းပြောတော့ ဖင်လန်နိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာကို သွားသတိရမိလိုက်တယ်။ ဖင်လန်နိုင်ငံမှာတော့ သူငယ်တန်းဆရာ၊ ဆရာမတွေရဲ့ လစာဟာ ယူရိုငွေ (၂၆၀၀) ပါတဲ့။ မြန်မာငွေနဲ့ဆိုရင် (၃၆) သိန်းခွဲနဲ့ ညီပါတယ်။ Grade 1 ကနေ Grade 6 သင်ရတဲ့ မူလတန်းပြဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၃၅၀၀) (မြန်မာငွေ ၄၉ သိန်းကျော်) ရပါတယ်။ Grade 7 ကနေ Grade 9 အထိ သင်ရတဲ့ ဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၃၉၀၀) (မြန်မာငွေ ၅၅ သိန်းနီးပါး) ရပါတယ်။ Grade 10 ကနေ တက္ကသိုလ်ဝင်တန်းအထိ သင်ရတဲ့ ဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၄၅၀၀) (မြန်မာငွေ ၆၃ သိန်းကျော်) ရပါတယ်။ အလယ်တန်းကျောင်းအုပ်က လစာ ယူရိုငွေ (၅၅၀၀) (မြန်မာငွေ ၇၇ သိန်းကျော်) ရပါတယ်။ အထက်တန်းအထက်ဆင့်ကျောင်းအုပ်က လစာ ယူရိုငွေ (၅၈၀၀) (မြန်မာငွေ ၈၁ သိန်းကျော်) ရပါတယ်။ ဒါတောင် ၂၀၁၄ ခုနှစ်ထုတ်ပြန်ချက်အရပါတဲ့ဗျ။ အခု လစာထပ်တိုးသွားချင် တိုးသွားလောက်ပါပြီ။


မကြာသေးခင်က နိုင်ငံတကာပညာရေးမူဝါဒဘာသာရပ်အတွက် Group presentation လုပ်ရတော့ ဖင်လန်နိုင်ငံရဲ့ ဆရာအတတ်သင်ပညာရေး (Teacher education) အကြောင်း လေ့လာတင်ပြကြတယ်။ ကမ္ဘာ့အအောင်မြင်ဆုံး ပညာရေးစနစ်ရှိတဲ့နိုင်ငံပီပီ ဖင်လန်နိုင်ငံရဲ့ ဆရာအတတ်သင်ပညာရေးမှာ အားကျအတုယူစရာအချက်တွေ အများကြီးတွေ့ရပါတယ်။ ဒီနိုင်ငံရဲ့ ဆရာအတတ်သင်ပညာရေးအကြောင်းကို ပြောရင် ဆရာမဖြစ်မီသင်တန်းမှာ သင်တန်းသားရွေးချယ်မှုကနေ လုပ်ငန်းခွင်ရောက် ဆရာ၊ ဆရာမတွေကို အသက်မွေးဝမ်းကျောင်းစွမ်းရည်ဖွံ့ဖြိုးမှုသင်တန်းတွေ ပေးတဲ့အထိ တောက်လျှောက်ကြည့်ဖို့လိုပါမယ်။ ဆရာဖြစ်သင်တန်းသားတွေရွေးချယ်တဲ့အဆင့်မှာ ဆရာ၊ ဆရာမလောင်းတွေကို တက္ကသိုလ်ဝင်တန်းအမှတ်နဲ့သာ ရွေးတာမဟုတ်ဘဲ ပထမဦးဆုံး ဝင်ခွင့်စာမေးပွဲ ဖြေ၊ ဝင်ခွင့်စာမေးပွဲအောင်မြင်သူကို ဒုတိယစစ်ဆေးမှုအနေနဲ့ အင်တာဗျူးနဲ့ အုပ်စုလိုက်ပူးပေါင်းလုပ်ကိုင်တတ်မှုတို့ကို စစ်ဆေးပြီးမှ လျှောက်ထားသူရဲ့ (၁၀) ရာခိုင်နှုန်းကိုသာ သင်တန်းသားအဖြစ် လက်ခံတဲ့ စနစ် ရှိပါတယ်။ 

ဆရာဖြစ်သင်တန်း တက်ရောက်နေတဲ့ သင်တန်းသားတွေကို ဝိဇ္ဇာဘွဲ့ယူသုတေသနစာတမ်း (BA Thesis)၊ နဲ့ မဟာဝိဇ္ဇာဘွဲ့ယူသုတေသနစာတမ်း (MA Thesis) တွေကို ရေးသားပြုစုရတာ၊ ဘွဲ့ရဖို့ လိုအပ်တဲ့ Credit အားလုံးရဲ့ သုံးပုံတစ်ပုံကျော်တဲ့ Credit တွေကို သင်ကြားနည်းဘာသာရပ် (စာတွေ့ရော လက်တွေ့ပါ) အတွက် သတ်မှတ်ထားတာ၊ မူကြို၊ မူ၊ လယ်၊ ထက်၊ သက်မွေး စတဲ့ ပညာရေးအဆင့်အားလုံးမှာ ထူးခြားအကူအညီလိုအပ်တဲ့ကျောင်းသားတွေ (Special Needs Students) ကို အကောင်းဆုံး ပညာသင်ပေးနိုင်စေရေးအတွက် ထူးခြားအကူအညီလိုကျောင်းသားပညာပေးနည်းဘာသာရပ် (Special needs education studies) ကို ဒီနယ်ပယ်မှာ ဆရာလုပ်ချင်သူတွေ ဆက်လက် သင်ယူလေ့လာရတာ၊ မူကြိုနဲ့ သူငယ်တန်းဆရာ၊ ဆရာမတွေကလွဲပြီး တခြားဆရာ၊ ဆရာမတွေက မဟာဘွဲ့အထိ ရထားဖို့လိုအပ်တာ စတဲ့ သွင်ပြင်လက္ခဏာရပ်တွေ ပါဝင်ပါတယ်။ 

လုပ်ငန်းခွင်ဝင်တဲ့အပိုင်းမှာ ကျောင်းပြီးတာနဲ့ ဆရာခန့်တာမျိုးမဟုတ်ဘဲ လစ်လပ်ဆရာအလုပ်အတွက် အရည်အချင်းပြည့်ဆရာ၊ ဆရာမတွေထဲကမှ အတော်ဆုံး ဆရာ၊ ဆရာမတွေကိုသာ ရွေးချယ်ခန့်ထားပါတယ်။ လုပ်ငန်းခွင်ရောက် ဆရာ၊ ဆရာမတွေကို အသက်မွေးဝမ်းကျောင်းမှုစွမ်းရည်ဖွံ့ဖြိုးရေး (Professional development) အတွက် တစ်နှစ်မှာ သုံးရက်ကနေ ခုနစ်ရက်အထိ သင်တန်းတက်ခွင့်ပေးတာ၊ ဒီလိုအသက်မွေးဝမ်းကျောင်းစွမ်းရည်ဖွံ့ဖြိုးမှုသင်တန်းတွေပေးနိုင်အောင် ဗဟိုအစိုးရက နှစ်စဉ် သီးသန့်ဘတ်ဂျက် သတ်မှတ်ထားပေးတာ၊ ဆရာ၊ ဆရာမတွေကို ကိုယ်ပိုင်ဆုံးဖြတ်စီမံလုပ်ဆောင်ခွင့် (Autonomy) အပြည့်အဝ ပေးထားတာ၊ ပညာရေးဝန်ကြီးဌာနကပဲ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်နဲ့ စီမံခန့်ခွဲမှုမလုပ်ဘဲ ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချတဲ့စနစ် (Decentralization) ကို လက်တွေ့ကျင့်သုံးတာ၊ ဆရာ၊ဆရာမတွေကို လစာကောင်းကောင်းပေးတာ၊ ဆရာ၊ ဆရာမတွေကို လေးစားတန်ဖိုးထားတာ၊ လုပ်ငန်းခွင်ရောက် ဆရာ၊ဆရာမတွေအနေနဲ့ Ph.D ဆက်လုပ်ချင်ရင် အသာတကြည် ခွင့်ပြုပေးတာ စတဲ့ ကောင်းတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ဒီအချက်တွေထဲမှာ မြန်မာနိုင်ငံနဲ့ ဆင်တူတဲ့အချက် တစ်ချို့တော့ ရှိပါတယ်။ ဥပမာ - ဆရာ၊ ဆရာမတွေကို လေးစားတဲ့အချက်ပါ။ သို့ပေမယ့် မတူတဲ့အချက်တွေကတော့ အများကြီးပါပဲ။ ဒီမတူတဲ့အချက်တွေကပဲ ဒီနိုင်ငံနှစ်ခုရဲ့ ဆရာပညာရေးနဲ့ ဆရာအရည်အချင်းအပိုင်းတွေမှာ မိုးနဲ့မြေလို ကွာခြားသွားစေတယ်လို့ ယုံကြည်မိပါတယ်။

ဒီတော့ ဒီအချက်တွေကို ကြည့်ပြီး တစ်ချို့တွေက ပြောကြပါလိမ့်မယ်။ "ဖင်လန်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမလဲ။ သူက ဖွံ့ဖြိုးပြီးနိုင်ငံ၊ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေ။ နောက်ပြီး သူက နိုင်ငံငယ်၊ မြန်မာနိုင်ငံက သူ့ထက်ပိုကြီးတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ကွဲပြားမှုတွေ ဒီမှာ ပိုများတယ်။ ပြီးတော့ သူတို့နိုင်ငံက ဆရာတွေက အရည်အချင်းဒေါင်ဒေါင်မြည်၊ တို့နိုင်ငံက ဆရာတွေက အရည်အချင်း လိုအပ်ချက်ရှိတယ်။ မတူဘူး။ ဒီတော့ လစာလည်း မတူနိုင်ဘူး" လို့ပေါ့။ ဟုတ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံချင်း မတူတာ မှန်ပါတယ်။ သို့ပေမယ့် ဖင်လန်နိုင်ငံဟာလည်း အရင်တုန်းက ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံပါ။ ၁၉၅၀ မတိုင်မီက စိုက်ပျိုးရေးအခြေပြုနိုင်ငံဖြစ်ပေမယ့် အဲဒီနောက်ပိုင်းမှာ စက်မှုအခြေပြုစီးပွားရေးပုံစံ ပြောင်းလာခဲ့ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့ ပညာရေးကို သူတို့ အလေးပေးဆောင်ရွက်ခဲ့ကြတယ်။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ်မှာ ပထမဦးဆုံး စတင်ခဲ့တဲ့ "နိုင်ငံတကာ ကျောင်းသားအရည်အချင်းစစ်စာမေးပွဲ" (PISA) မှာ ဖင်လန်နိုင်ငံက ကမ္ဘာ့ပထမနေရာမှာ ရပ်တည်လာနိုင်ခဲ့တယ်။ ဖင်လန်ပညာရေးဝန်ကြီးဌာနရဲ့သုံးသပ်ချက်အရ ဖန်လန်နိုင်ငံပညာရေးအောင်မြင်မှုရဲ့ အကြောင်းရင်းသုံးခုက (၁) ပညာရေးစနစ်ကောင်းမွန်မှု၊ (၂) အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေရှိမှု နဲ့ (၃) ကျောင်းတွေကို ကိုယ်တိုင်စီမံလုပ်ဆောင်ခွင့်ပေးမှု တို့ ဖြစ်ပါသတဲ့။ ဒီတော့ ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်အောင်မြင်မှုရဲ့ နောက်ကွယ်က အခရာကျတဲ့ အကြောင်းရင်းတစ်ခုက ဆရာပညာရေးဖြစ်တယ်ဆိုတာ ငြင်းချက်ထုတ်စရာမလိုပါဘူး။

မြန်မာနိုင်ငံဟာ ဖင်လန်နိုင်ငံထက် နှစ်ဆပိုကြီးပါတယ်။ သူ့ကို စံထားပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကောင်းအောင်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းရဲ့ ပညာရေးစနစ် ကောင်းအောင် လုပ်ဆောင်နိုင်ပါသေးတယ်။ သို့ပေမယ့် ခြုံငုံကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ရှိနေမှု၊ ဖက်ဒရယ်စနစ်မဖြစ်ထွန်းနိုင်သေးမှုနဲ့ တခြားနိုင်ငံရေးလူမှုရေးဆိုင်ရာကိစ္စတွေဆီကိုသာ ပြန်ရောက်သွားမယ် ထင်ပါတယ်။ အရင်းစစ်တော့ အမြစ်မြေမှာ ဆိုသလိုပဲမဟုတ်လား။ ကောင်းစေချင်သူတွေက ပြောင်းချင်သည့်တိုင်အောင် စိန်ခေါ်မှုတွေအများကြီး ရှိနေလေတော့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်ကနေ ဆက်လက်ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သာ ဆက်သွားနေလေမလားဆိုတာ စိုးရိမ်စရာအချက်ပါပဲ။ နယ်လဆင်မန်ဒဲလား ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ "ကမ္ဘာကြီးကို ပြောင်းလဲဖို့ အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်က ပညာရေးပါပဲ" တဲ့။ ဒီအဆိုအမိန့်အတွက် အကောင်းဆုံးဥပမာတစ်ခုက ဖင်လန်နိုင်ငံရဲ့ ပညာရေးအောင်မြင်မှု ဖြစ်ပါတယ်။ ပညာရေးက ဖင်လန်နိုင်ငံကို အဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုအဖြစ် တွန်းပို့နိုင်ခဲ့လို့ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံကိုလည်း တတိယကမ္ဘာကနေ ပထမကမ္ဘာအဖြစ် ပြောင်းလဲပေးခဲ့တာ ပညာရေးပါပဲ။

ဒီတော့လည်း ဖင်လန်နိုင်ငံမှာ ပညာရေးဝန်ထမ်းတွေကို လစာကောင်းကောင်း ပေးလာနိုင်တာ မဆန်းပါဘူး။ ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်အပြောင်းအလဲမှာ အဓိကနေရာက ပါခဲ့သူ ပါစီ ဆဲလ့ဘတ်ဂ့ (Pasi Sahlberg) ရဲ့ ဟောပြောချက်တစ်ခုမှာ ထည့်ပြောသွားတာတစ်ခုကို သတိရမိပါတယ်။ ဖင်လန်နိုင်ငံမှာ ဆရာအလုပ်ဟာ အိမ်ထောင်ဘက်ရွေးတဲ့အခါ ဖင်လန်နိုင်ငံသားတွေ စိတ်ဝင်စားမှုအရှိဆုံး အလုပ်အကိုင်ပါတဲ့။ ကျောင်းဆရာ၊ ကျောင်းဆရာမတွေဆိုရင် လက်ထပ်ချင်တဲ့သူတွေ အပုံကြီးဆိုပဲ။ မြန်မာနိုင်ငံမှာတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ သင်္ဘောသားတွေက အိမ်ထောင်ရေးအတွက် ရွေးချယ်ဖို့ စိတ်အဝင်စားဆုံး အလုပ်အကိုင်တွေ ဖြစ်မှာပါ။ မြန်မာကျောင်းဆရာ၊ ဆရာမတွေခမျာမှာတော့ "တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား၊ အားရှိပါဧ။်" လို့ အစဉ်အဆက် ကြွေးကြော်နေရဆဲ။ ပညာရေးနယ်ပယ်မှာလည်း ဆရာမအပျိုကြီးတွေ၊ ဆရာလူပျိုကြီးတွေအများကြီးဟာ တစ်ဝမ်းတစ်ခါးအတွက် စခန်းသွားနေကြရဆဲ။ ဒီတော့လည်း မြန်မာနိုင်ငံမှာ လစာနည်းနည်းနဲ့ လူပျိုကြီး၊ အပျိုကြီးလုပ်ပြီးနေမယ့်အစား ဖင်လန်နိုင်ငံမှာ ဆရာသွားလုပ်နိုင်ရင် ငွေရေးကြေးရေးအတွက်ရော အိမ်ထောင်ရေးအတွက်ပါ အလားအလာ ကောင်းနိုင်မယ်ထင်မိပါသဗျ။ 

လေးစားစွာ

ထွန်းမင်း
၃၀၊ ၉ ၊ ၂၀၁၆ (သောကြာနေ့)

No comments:

Post a Comment