Saturday 17 December 2016

သြစတြေးလျနိုင်ငံက ကိုယ်တွေ့ ဘွဲ့နှင်းသဘင်တစ်ခု


၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့က သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့ရှိ လာထရုဘ်တက္ကသိုလ်တွင် ကိုယ်တိုင် တက်ရောက်ဖြစ်ခဲ့သော ဘွဲ့နှင်းသဘင်အကြောင်းကို ပြန်လည်ဖောက်သည်ချလိုသည်။ သြစတြေးလျနိုင်ငံက ဘွဲ့နှင်းသဘင်အလေ့အထတစ်ခုကို မျှဝေသိရှိစေရန် ရည်ရွယ်ပါသည်။
.
ဘွဲ့နှင်းသဘင်မစမီ
.........................
ဘွဲ့နှင်းသဘင်မစမီ နှစ်နာရီခွဲအလိုမှစ၍ ဘွဲ့ရမောင်မယ်များ ဝတ်စုံထုတ်ခြင်း၊ အမှတ်စာရင်း ထုတ်ယူခြင်းနှင့် တက္ကသိုလ်ဧ။် အထင်ကရနေရာများတွင် မိသားစု၊ မိတ်ဆွေများနှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ကြသည်။ ပွဲမစမီ ဘွဲ့ရမောင်မယ်များနှင့် ဧည့်သည်တော်များ နာရီဝက်ခန့်ကြို၍ ခန်းမထဲ ဝင်ရန် သတ်မှတ်ထားသည်။ 
ထူးခြားသည်မှာ အစမ်းလေ့ကျင့်မှုဟူ၍ သီးသန့် မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အစမ်းလေ့ကျင့်ရန် တစ်ရက်သီးသန့် အချိန်မပေးရသလို၊ ဘွဲ့ယူမည့်နေ့တွင်လည်း အစမ်းလေ့ကျင့်မှုဟူ၍ မလုပ်ပေ။ ပွဲမစမီ (၁၅) မိနစ်ခန့်အလိုတွင်မှ ပွဲစီစဉ်သူတစ်ဦးက ရှေ့ဆုံးထိုင်ခုံတန်း လေး၊ ငါးတန်းလောက်တွင် ထိုင်နေသည့် ဘွဲ့ရမောင်မယ်များကို ဘွဲ့ယူရန် စင်ပေါ်သို့ လှမ်းတက်ပြီးလျှင်ပြီးချင်း ဘွဲ့ခေါင်းဆောင်းရှေ့စွန်းကို လက်ဖြင့် အသာလေး တစ်ချက် ပုတ်၊ ဦးခေါင်းကို အသာလေး ငဲ့စောင်းလျက် အရိုအသေပြုပြီးမှ ဘွဲ့လက်မှတ်ယူရန် ရှေ့သို့ လှမ်းထွက်ရန် မှာကြားသည်။ ဤသည်ပင် Rehearsal ဖြစ်ဧ။်။
.
ဘွဲ့ရမောင်မယ်များကို နေရာချထားမှုမှာလည်း ထူးခြားသည်ဟု ဆိုရမည်ပင်။ စင်မြင့်နှင့် အနီးဆုံး ရှေ့ခုံတန်းများတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ဗံဘွဲ့ရမောင်မယ်များ (ဤပွဲတွင်မူ ပညာရေးဘွဲ့ရမောင်မယ်များ) ကို ထားရှိသည်။ သူတို့နောက်တွင် ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့ရမောင်မယ်များကို နေရာချထားသည်။ ထို့နောက်တွင် မဟာဘွဲ့ရ မောင်မယ်များကို ထားသည်။ ပါရဂူဘွဲ့ရမောင်မယ်များအတွက် စင်မြင့်အောက်ရှိ ခုံများတွင် နေရာချပေးမထားပေ။ (၄င်းတို့ကို တက္ကသိုလ်အဓိပတိအဖွဲ့နှင့်အတူ စင်မြင့်ပေါ်ရှိ နောက်ဆုံးခုံတန်းများတွင် နေရာယူထားစေကြောင်း ဘွဲ့လက်မှတ်များ ချီးမြှင့်သည့်အချိန်တွင်မှ သတိပြုမိတော့သည်။)
..
ဘွဲနှင်းသဘင် စပြီ
.......................
သတ်မှတ်ထားသည့် အချိန်တွင် ဘွဲ့နှင်းသဘင် စတင်သည်။ ပထမဦးစွာ ပွဲစီစဉ်သူတစ်ဦးက တက္ကသိုလ်ဧ။် အဓိပတိ (chancellor) ဒုတိယအဓိပတိ (Vice-chancellor) နှင့် ပါမောက္ခများ ကြွလာစဉ် ဘွဲ့ရမောင်မယ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့ မတ်တပ်ရပ်ပေးကြရန် အသိပေးကြေညာသည်။ ထိုသို့ ကြေညာပြီး မရှေးမနှောင်းမှာပင် စစ်ချီတေးသံလိုလို ဂီတသံတစ်ခု ထွက်ပေါ်လာသည်။ အသံချဲ့စက်မှ ဖွင့်သော ဂီတသံ ဖြစ်ပေမည်။ အကြောင်းမှာ သံစုံတီးဝိုင်းကို စင်မြင့်ဧ။် ဝဲယာပတ်လည်၌ မတွေ့မြင်ရခြင်းကြောင့်ပင်။ သို့သော် ဂီတသံမှာ ကြားရသူအပေါင်းကို ကြက်သးထလောက်အောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိဧ။်။ 
.
တက်ကြွဖွယ် ဂီတသံများကြားမှပင် ဘွဲ့ရမောင်မယ်များနှင့် ပရိသတ်အားလုံး မတ်တပ်ရပ်လျက် တက္ကသိုလ်အဓိပတိအမှူးပြုသည့် ပုဂ္ဂိုလ်များ လာရာလမ်းဆီ လည်တဆန့်ဆန့် မျှော်ကြည့်ကြသည်။ လာကြပါပြီ။ သူတို့ တစ်လှမ်းချင်း လှမ်းလာကြပါပြီ။ သူတို့ မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုအပြည့်။ ရှေ့ဆုံးတွင် တက္ကသိုလ်အဓိပတိ၊ သူ့နောက်တွင် ဒုတိယအဓိပိ၊ သူတို့နောက်တွင် ပါမောက္ခများ နှစ်ယောက်တတွဲယှဉ်လျက် တန်းစီ ဝင်လာကြပြီ။ သူတို့ကို ဓာတ်ပုံရိုက်သူက ရိုက်ကြသည်။ အချို့က ဗွီဒီယိုမှတ်တမ်းတင်ကြသည်။ 
.
ခဏအကြာ တက္ကသိုလ်အဓိပတ အမှူးပြုသောအဖွဲ့  စင်မြင့်ပေါ် ရောက်ရှိပြီး ပရိသတ်ဖက် မျက်နှာမလျက် မတ်တပ်ရပ်ကြသည်။ ဘွဲ့ရမောင်မယ်များနှင့် ပရသတ်များလည်း မတ်တပ်ရပ်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင်မှ စစ်ချီတေးသံလိုလို ဂီတသံမှ သြစတြေးလျနိုင်ငံတော်သီချင်းတီးလုံးသံသို့ ပြောင်းသွားတော့သည်။ စင်မြင့်ပေါ်မှ တက္ကသိုလ်အဓိပတိ ဒုတိယအဓိပိနှင့် ပါမောက္ခများ၊ စင်အောက်မှ ဘွဲ့ရမောင်မယ်အများစုနှင့် ပရိသတ်အချို့တို့က သြစတြေးလျနိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။ သြစတြေးလျနိုင်ငံတော်သီချင်းကို လိုက်မဆိုနိုင်ကြသူများမှာ နိုင်ငံတကာမှ ဘွဲ့ရမောင်မယ်အများစုနှင့် ၎င်းတို့ဧ။် မိသားစုဝင်များပင် ဖြစ်ပါဧ။်။ နိုင်ငံတော်သီချင်း သီဆိုပြီးနောက် တက္ကသိုလ်အဓိပဓိနှင့် အဖွဲ့ စင်မြင့်ပေါ်ရှိ သတ်မှတ်နေရာများတွင် နေရာယူကြသည်။ ထို့နောက်တွင် ဘွဲ့ရမောင်မယ်များနှင့် ပရိသတ်များလည်း ထိုင်ကြသည်။
..
မိန့်ခွန်းများ ချွေ
......................
ပရိသတ်များထိုင်ပြီးနောက်တွင် တက္ကသိုလ်အဓိပတိက အဖွင့်မိန့်ခွန်းပြောသည်။ သြစတြေးလျနိုင်ငံရှိ ပွဲလမ်းသဘင်များတွင် ပြောသော မိန့်ခွန်းများတွင် ပါနေကျသွင်ပြင်လက္ခဏာများအတိုင်း "သြစတြေးလျနိုင်ငံဧ။် မူလဘူတမြေပိုင်ရှင် ဒေသခံတိုင်းရင်းသားများကို လေးစားကျေးဇုတင်ကြောင်း၊ အသိအမှတ်ပြုကြောင်း" ပြောဆိုပြီး မိန့်ခွန်းကို စဖွင့်သည်။ ပြီးမှ ဘွဲ့ရမောင်မယ်များအတွက် မှတ်သားလိုက်နာဖွယ်ရာတို့ကို အားတက်ဖွယ် ပြောဆိုသွားသည်။ သူ့မိန့်ခွန်းက ထူးခြားချက်တစ်ချို့မှာ  စိတ်ထဲစွဲနေမိဧ။် ပထမတစ်ခုက ကျောင်းသားများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည် တက္ကသိုလ်က ရသွားသော ပညာသည် ပြည့်စုံကုံလုံသည်ဟု မဆိုနိုင်သော်လည်း အဓိကသိသင့်တတ်သင့်သည်ကို ဘွဲ့ရမောင်မယ်တို့ ရသွားခြင်းဖြစ်ကြောင်း၊ တစ်ချို့အနောက်နိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့နှင်းသဘင်ကို Graduation ဟု မသုံးဘဲ Commencement ဟူ၍သာ သုံးနှုန်းကြောင်း၊ ဤပွဲသည် ဘွဲ့ရမောင်မယ်များ လက်တွေ့ဘဝခရီးကို စတင်လျှောက်လှမ်းရန် ပထမခြေလှမ်းအနေဖြင့် မှတ်ယူရမည်ဟု ဆိုလိုကြောင်း ထည့်သွင်းပြောဆိုသွားသည်။ မိသားစုဝင်များကိုလည်း သူတို့ဧ။် သားသမီးများ ယခုကဲ့သို့ အောင်မြင်မှုရအောင် ကူညီပေးနိုင်ခဲ့ခြင်းအတွက် အလွန်ချီးကျူးစရာကောင်းကြောင်း ဆိုသွားသေးသည်။ ဘွဲ့ရမောင်မယ်များသာမက မိဘညီအစ်ကိုမောင်နှမများပါ နှစ်ခြိုက်စေမည့် တိုတိုနှင့်ထိမိသည့် မိန့်ခွန်းကောင်းတစ်ခုအဖြစ် အသိအမှတ်ပြုမိသည်။
.
တက္ကသိုလ်အဓိပတိ မိန့်ခွန်းပြောပြီးနောက်တွင် ပင်မမိန့်ခွန်းပြောသူ (Keynote Speaker) အဖြစ် ချားလ့စ့ လာထရုတ်ကျောင်း (Charles La Trobe College) ဧ။် ကျောင်းအုပ်က မိန့်ခွန်းပြောသည်။ သူ ကျောင်းအုပ်ဖြစ်လာပုံ၊ ကျောင်းအုပ်ကြီးတစ်ဦးဧ။် လုပ်ငန်းဆောင်တာကို စီမံလုပ်ဆောင်ပုံအချို့နှင့် ပညာရေးခေါင်းဆောင်မှုနှင့် ပညာရေးအပေါ် သူ့အမြင်တို့ကို အားကျစဖွယ် ပြောဆိုသွားသည်။ သူ့မိန့်ခွန်းတွင် မိမိအတွက် အမှတ်တရဖြစ်နေမည့် စကားတစ်ခု ပါဝင်သည်။ "ကျွန်မက ရှုပ်ထွေးတဲ့ ပြဿနာရပ်တွေကို ဖြေရှင်းဖို့ အင်မတန် စိတ်အားထက်သန်မှုရှိတယ်ရှင် ဘာကြောင့်လဲတော့ မသိဘူး။ အဲလိုစိန်ခေါ်မှုမျိုးကို ရင်ဆိုင်ချင်တဲ့ ဗီဇရှိတယ်။ ဘွဲ့ရမောင်မယ်တွေအနေနဲ့လည်း စိန်ခေါ်မှုတွေကို ရှောင်ပြေးချင်တဲ့ စိတ်မျိုး မထားပါနဲ့။ ရဲရဲရင်ဆိုင်ကြပါ။ အဲဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်းကနေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ရင့်ကျက်မှု၊ အောင်မြင်မှုတွေ ထပ်တိုးရလာမှာပါ။ ဒါကြောင့် စိန်ခေါ်မှုတွေကို မတွန့်ဆုတ်ဘဲ ရဲရဲရင်ဆိုင်ကြပါလို့ တိုက်တွန်းပါရစေ။" ဟူသော စကားမှာ သူ့မိန့်ခွန်းဧ။် အနှစ်ချုပ်သတင်းစကားဟူ၍ ဆိုနိုင်ပေမည်။
..
ဘွဲ့များ နှင်းအပ်
.....................
ချားလ့စ့ လာထရုဘ်ကျောင်းဧ။် ကျောင်းအုပ်ကြီး မိန့်ခွန်းပြောပြီးနောက်တွင် တက္ကသိုလ် ဒုတိယအဓိပတိက ဘွဲ့ရမောင်မယ်များကို ဘွဲ့များနှင်းအပ်ရန် တစ်ဦးချင်းအမည်ကို ကြေညာလေတော့သည်။ ပွဲမစမီ ပွဲစီစဉ်သူ မှာကြားထားသည့်အတိုင်းဘွဲ့ရမောင်မယ်များ စင်ပေါ်လှမ်းတက်အပြီးတွင် ဘွဲ့လက်မှတ် နှင်းအပ်မည့်သူကို လက်တစ်ဘက်ဖြင့် ဘွဲ့ဦးဆောင်းရှေ့အနားကို အသာ ပုတ်၊ ခေါင်း အသာ ငဲ့လျက် ဘွဲ့ချီးမြှင့်မည့်ပုဂ္ဂိုလ်ကို အရိုအသေပြုပြီးနောက်မှ ရှေ့သို့ လှမ်းထွက်ကာ ဘွဲ့လက်မှတ်ယူကြသည်။ အားလုံး အဆင်ပြေချောမွေ့လှဧ။်။ 
.
ဤသို့ဖြင့် ရှေ့ဆုံးမှ တစ်တန်းပြီးတစ်တန်း စင်ပေါ်တက်၍ ဘွဲ့ယူပြီးကြသည်။ ဘွဲ့ယူပြီးသူများက မိမိတို့ နေရာတွင် အသီးသီး ပြန်ထိုင်ကြသည်။ ခုံနေရာချထားသည့်အတိုင်း ပထမဆုံး ပညာရေးဆိုင်ရာ ဘွဲများ၊ ထို့နောက် ပညာရေးဆိုင်ရာ ဒီပလိုမာများ၊ ပညာရေးဆိုင်ရာ မဟာဘွဲများကို ဆက်တိုက်ပေးသည်။ ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ရမောင်မယ်များသာ ကျန်ရှိတော့သည်။ 
.
ယနေ့ပွဲတွင် ပညာရေးဆိုင်ရာပါရဂူဘွဲ့ရပုဂ္ဂိုလ်များမှာ (၁၁) ဦးသာ ရှိသည်။ သူတို့တစ်ဦးချင်းစီဧ။် ဘွဲ့များနှင့် ပါရဂူဘွဲ့ယူကျမ်းများအကြောင်းကို ဒုတိယအဓိပတိဆရာကြီးက အတိုချုပ် မိတ်ဆက်ပေးပြီး ပါရဂူဘွဲ့ရပုဂ္ဂိုလ်က စင်ပေါ်ရှိ နောက်တန်းထိုင်ခုံမှ ထကာ ဘွဲ့လက်မှတ်ယူရသည်။ .ဘွဲ့ရမောင်မယ်များအား ဘွဲ့များ အသီးသီး နှင်းအပ်ပြီးနောက် ဒုတိယအဓိပတိက ဘွဲ့ရမောင်မယ်များကို ပရိသတ်ဘက် မျက်နာမူ၍ မတ်တပ်ရပ်စေလျက် ကျေးဇူးတင်သည့်အနေဖြင့် လက်တစ်ဖက်ဖြင့် ဘွဲ့ဦးဆောင်းရှေ့နားကို အသာပုတ်၊ ခေါင်းကို အသာငဲ့လျက် ရိုအသေပြုစေသည်။ ဘွဲ့ရမောင်မယ်များ ထိုသို့ အလေးပြုသည်နှင့် လက်ခုပ်သံများ၊ သြဘာသံများ ညံစီသွားတော့သည်။ 
..
တက္ကသိုလ်အဓိပတိအဖွဲ့ ပြန်လည်ထွက်ခွာ
.......................................................
အခမ်းအနားအပြီးတွင် တက္ကသိုလ်အဓိပတိနှင့်အဖွဲ့  ခန်းမထဲမှ ပြန်လည်ထွက်ခွာကြသည်။ အခမ်းအနားအစတွင် ကြားခဲ့ရသော တီးလုံးသံ ပြန်ပေါ်လာသည်။ အဓိပတိနှင့်အဖွဲ့ ခြေတစ်လှမ်းချင်းလှမ်း၍ ခန်းမထဲမှ ထွက်ကြသည်။ သူတို့နောက်တွင် ရှေ့ခုံတန်းများမှ ဘွဲ့ရမောင်မယ်များ တစ်တန်းပြီးတစ်တန်း ဆက်ထွက်ကြသည်။ ဘွဲ့နှင်းသဘင် အောင်မြင်စွာ ပြီးဆုံးပါလေပြီ။
..
နောက်ဆက်တွဲ
......................
ဘွဲနှင်းသဘင်အပြီးတွင် တက်ရောက်ကြသော ပုဂ္ဂိုလ်များအားလုံးကို ခန်းမအနီးရှိ စားသောက်ဆိုင်တွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံသည်။ စားသောက်ရင်း ဘွဲ့ရမောင်မယ်များနှင့် သက်ဆိုင်ရာပါမောက္ခများ စကားစမြည်ပြောဆိုခွင့်၊ အမှတ်တရ ဓာတ်ပုံရိုက်ခွင့် ရကြသည်။ စားသောက်အပြီး ဘွဲ့နှင်းသဘင်ခန်းမအပြင်ဘက်ရှိ သတ်မှတ်နေရာများ စင်ပေါ်တွင် ဘွဲ့ယူနေသောပုံများကို ချက်ချင်း ရွေးယူနိုင်ကြသည်။ ဘွဲ့လက်မှတ်များကို ချက်ချင်း ဘောင်သွင်းနိုင်ကြသည်။ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ စတူဒီယိုတွင် ဓာတ်ပုံရိုက်ကူးနိုင်ကြသည်။ ဘွဲ့ရမောင်မယ်များက တက္ကသိုလ်ဧ။် အထင်ကရနေရာများသို့သွား၍ ဓာတ်ပုံရိုက်နိုင်ကြသည်။ 
.
ဘွဲ့နှင်းသဘင်အပြီး တစ်နာရီခန့်အကြာတွင် ဘွဲ့ဝတ်စုံကို ပြန်အပ်ကြရသည်။ ဘွဲ့ဝတ်စုံအပြည့်အစုံကို ကြိုတင်ဝယ်ယူထားသူများမှာ ပြန်အပ်စရာမလိုပေ။ ဘွဲ့ဝတ်စုံ ကြိုတင်ဝယ်ယူမထားသူများက သတ်မှတ်ဈေးနှုန်းထပ်ပေး၍ တစ်ခါတည်း ဝယ်ယူနိုင်ကြသေးသည်။.မြန်မာနိုင်ငံမှ ဘွဲ့နှင်းသဘင်ကို တက်ခဲ့စဉ်က မိမိ ရင်ခုန်လှုပ်ရှားခဲ့သကဲ့သို့ ယခု သြစတြေးလျနိုင်ငံမှ ဘွဲ့နှင်းသဘင်ကို တက်ခဲ့စဉ်တွင်လည်း ရင်ခုန်လှုပ်ရှားခဲ့ရသည်ပင်။ ရင်ခုန်လှုပ်ရှားဖွယ် ဘဝမှတ်တိုင်များပါလေ။ ဤသို့ ဘွဲ့ယူစင်မြင့်ပေါ် ပြန်တက်ရမည့် အခွင့်အလမ်းကို နောက်တစ်ကြိမ် ရချင်မိပါဧ။်။ ထိုအချိန်မတိုင်မီအထိ နှစ်ကာလတစ်ချို့ကို တိုက်စားရပေဦးမည်။ ကြိုးစားအားထုတ်ရပေဦးမည်။ ပေးဆပ်ရပေဦးမည်သာ။
..
လေးစားစွာ
.
ထွန်းမင်း
16/12/2016
..
(ဖြည့်စွက်ချက်။  ။ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုနှင့်တစ်ခုအကြား ဘွဲ့နှင်းသဘင်ကျင်းပပုံကွာခြားချက် အနည်းနှင့်အများ ရှိမည်မှာ သေချာပါသည်။ ဤဆောင်းပါးတွင် လာထရုဘ်တက္ကသိုလ်ဧ။် ဘွဲ့နှင်းသဘင်အလေ့အထကိုသာ ဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment