Tuesday 6 December 2016

မလေးသူရဲ့ ပညာရေးအိပ်မက်




ဖဘပေါ်မှ မိတ်ဆွေတစ်ချို့ရဲ့ အကျိုးဖြစ်စေမယ့် ကိုယ်တွေ့ကြုံတွေ့သိမြင်ရမှုတစ်ချို့ကို စကရင်ရှော့ရိုက်ပြီး ဖော်ပြလိုက်ပါတယ်။

မလေးရှားကနေ ဒီမှာ လာပြီး မဟာဘွဲ့တက်နေတဲ့ အဆောင်တူနေ ကျောင်းသူတစ်ယောက်နဲ့ ဒီနေ့ စကားပြောဖြစ်ကြတယ်။ သူက Speech pathology ဘာသာရပ်နဲ့ မဟာဘွဲ့တက်ရောက်နေပါတယ်။ ဒီဘာသာရပ်ကို Speech therapy လို့လည်း ခေါ်ပါသေးတယ်။ အပြောအဆိုနဲ့ ဘာသာစကားပိုင်းမှာ အခက်အခဲရှိသူတွေ ပိုမိုအဆင်ပြေလွယ်ကူစွာ ပြောဆိုဆက်သွယ်နိုင်အောင် ကူညီလေ့ကျင့်ပေးနိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်ကို Speech pathologist (သို့) Speech therapist လို့ ခေါ်နိုင်ပေမပေါ့။
ကျွန်တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာတော့ ဒီဘာသာရပ်ကို သင်ယူဖို့ အခွင့်အလမ်း မရနိုင်သေးဘူးထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဒီဘာသာရပ်အကြောင်း တစ်ခါမှ ပြောသံမကြားဖူးခဲ့လို့ပါ။ ဒီနေ့တော့ ဒီဘာသာရပ်အကြောင်းကို သူ့ဆီက နည်းနည်း စူးစမ်းမေးမြန်းဖြစ်တာကို ဒီမှာ ပြန်ပြီးဖောက်သည်ချချင်ပါတယ်။
ဒီပညာရပ်ကို ကြားဖူးသူတွေ ရှားရှင်ရှားပါလိမ့်မယ်။ သို့ပေမယ့် သူ့ရဲ့ အသုံးဝင်ပုံကတော့ အများသားပါပဲ။ စကားထစ်တဲ့ ကလေးတွေကို စကားမထစ်အောင် လမ်းညွှန်သင်ပြလေ့ကျင့်ပေးတာကို ဒီပညာရှင်တွေ တတ်ကျွမ်းကြပါသတဲ့။ ငယ်ရွယ်စဉ်အတွင်း ပုံမှန် စကားစပြောနိုင်မယ့်အရွယ်မှာ စကားမပြောနိုင်ဖြစ်နေသေးတဲ့ ကလေးငယ်တွေကို ပြောတတ်ဆိုတတ်အောင်လည်း သူတို့တွေ လေ့ကျင့်သင်ကြားပေးနိုင်ပါသဗျ။ ဒီလိုမျိုး ကလေးဘဝကတည်းက ပြောဆိုဆက်သွယ်မှုမှာ အထူးအခက်အခဲရှိနေတဲ့ ကလေးဟာ Autism ရောဂါဖြစ်နေသူလို့ ဆိုကြပါတယ်။ ဒီ Austism ကလေးငယ်တွေအတွက် ဒီပညာရပ်က အသုံးဝင်လှပါတယ်။ ဒါ့အပြင် မိခင်ဘာသာစကားကို ပြောဆိုနေတဲ့ ကလေးငယ်တစ်ယောက် တခြားဘာသာစကားဝန်းကျင်တစ်ခုကို ရောက်သွားပြီးတဲ့အခါ အဲဒီမှာ တွင်ကျယ်နေတဲ့ ဘာသာစကားနဲ့ ပြောဆိုဆက်သွယ်ဖို့ အခက်အခက်ဖြစ်နေတဲ့အခြေအနေတွေမှာလည်း ဒီကလေးရဲ့ ပြောဆိုဆက်သွယ်ရေးအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ဖို့ ဒီပညာရှင်တွေ လိုအပ်ပါသေးတယ်။ ဒီပညာရပ်ဟာ ကလေးတွေအပြင် လူကြီးတွေအတွက်ပါ အသုံးဝင်ပါသေးတယ်။ လေဖြတ်ပြီးနောက် စကားတစ်ခွန်းပြောဖို့ကို အင်မတန် ကြိုးပမ်းရတဲ့ တစ်ချို့ လူကြီးပိုင်းတွေ တွေ့ဖူးကြမှာပါ။ သူတို့တွေကိုလည်း ဒီပညာရှင်တွေက စကားပြောဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးနိုင်ကြပါသတဲ့။ အတော်လေး လက်တွေ့ကျကျ အသုံးဝင်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒီပညာရပ်ကျွမ်းကျင်တဲ့သူတွေဟာ စာသင်ကျောင်းတွေမှာ အလုပ်လုပ်နိုင်သလို ဆေးရုံတွေမှာလည်း အလုပ်လုပ်နိုင်ပါသတဲ့။
သူက မဟာဘွဲ့ရဲ့ ပထမနှစ်ကို တက်ရောက်နေလေတော့ နောက်တစ်နှစ်အကုန်ထိ ပညာရေးခရီး ဆက်ရဦးမှာပါ။ ဒီနှစ်ဝက်အတွင်း စာသင်ရတဲ့ အခြေအနေတွေ သူ့ကို မေးကြည့်တော့ စာသင်ချိန်တွေ၊ အဆိုင်းမင့်တွေ များတဲ့အပြင် ဆေးရုံတွေမှာ ကွင်းဆင်းလေ့လာမှုတွေလည်း လုပ်ဆောင်ရပါသတဲ့။ ဒီလိုကွင်းဆင်းလေ့လာမှုကိုတော့ Placement လို့ ခေါ်ပါသတဲ့။ စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်လေ့လာရတဲ့ သဘောမျိုးပါ။
ဒီဘွဲ့ပြီးတော့ မလေးရှားကို တန်းပြန်မှာလားမေးတော့ "မပြန်သေးဘူး။ ဒီမှာ အတွေ့အကြုံတွေ အများကြီးယူဦးမယ်။ အတွေ့အကြုံတွေ ကြေနပ်လောက်အောင် ရှိပြီးတော့မှ မလေးရှားကို ပြန်မယ်။" ဆိုပဲ။ သူ့ကြည့်ရတာ ဒီပညာရပ်အပေါ် အင်မတန်နှစ်သက်တဲ့ သဘောမျိုးပါ။ မလေးရှားမှာ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး အလုပ်အကိုင်တွေ တွင်တွင်ကျယ်ကျယ် ရှိပြီလားမေးတော့ မရှိသေးဘူးဆိုပဲ။ သူ ဒီကပြန်ရင်တော့ Speech pathologist အနေနဲ့ ရပ်တည်သွားမယ်လို့ သူရည်မှန်းချက်ကို ပြောပါတယ်။ 
ဒီပညာရပ်အကြောင်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ ရှိရင်လည်း ရှိနေလောက်ပါပြီ။ သို့ပေမယ့် လူတွေအတော်များများကတော့ Speech pathology ဆိုတာ ဘာတုန်း၊ Speech therapy ဆိုတဲ့စကားတွဲမှာ therapy ဆိုတဲ့ စကားပါတော့ ဆရာဝန်များလားလို့ တွေးရင်တွေးမိကြမှာပါ။ (ကျွန်တော်ကိုယ်တိုင်လည်း မသိခင်တုန်းက ဒီလို တွေးခဲ့မိတာပါပဲ။) ဒီစာစုလေးက ဒီပညာရပ်အထူးပြုနဲ့ မဟာဘွဲ့တက်ရောက်နေသူတစ်ဦးရဲ့ ဒီပညာရပ်အကြောင်း၊ အသုံးဝင်ပုံနဲ့ သူရွေးချယ်တဲ့ ဆက်လျှောက်စရာ အနာဂတ်ခရီးလမ်းတို့အကြောင်းကို မေးမြန်းဆွေးနွေးကြည့်သမျှအနက်မှ အကျဉ်းသဘော ထုတ်နှုတ်ပြီး ပြန်လည်ဖောက်သည်ချခြင်းသာ ဖြစ်ပါတယ်။ ဒီပညာရပ်ကို ဝါသနာထုံပြီး လေ့လာလိုက်စားချင်သူတွေ ပေါ်လာလိုပေါ်လာငြားပေါ့လေ။
လေးစားစွာ
ထွန်းမင်း
11.11.2016

No comments:

Post a Comment