ကျွန်တော်ရခိုင်သားပါ။ ရခိုင်မုန့်တီကို အရမ်းကြိုက်ပါတယ်။
အပူအစပ်ကို အရမ်းကြိုက်တတ်တယ်။
ငယ်ငယ်တုန်းက အကြီးတွေက ငရုပ်သီးစားရင် အင်္ဂလိပ်စာအသံထွက်ကောင်းတယ်၊
လျှာပါးတော့ အင်္ဂလိပ်လို ပိုပီတယ်ဆိုပြီး မြှောက်ပေးခဲ့တာကြောင့်လည်း အင်္ဂလိပ်စာတတ်ချင်တဲ့
ကျွန်တော် ငရုပ်သီးတွေကို တော်တော်လေးစားနိုင်လာခဲ့ပါတယ်။
ရခိုင်မုန့်တီဆိုင်ကလည်း မြန်မာပြည်ရဲ့ နေရာတော်တော်များများမှာ
အများအပြား တွေ့နေရပြီဆိုတော့လည်း ကျွန်တော် ပျော်ပါတယ်။
ရခိုင်မုန့်တီကို ရခိုင်လူမျိုးတွေတင်မက ကျန်တိုင်းရင်းသားတွေကပါ
ရောင်းချလာကြတာတွေ့တော့လည်း ကျွန်တော့်စိတ်ထဲ ဘယ်လိုမှ မအောက်မေ့ပါဘူး။ သူတို့တွေကြိုက်ကြတာ၊
ဝယ်စားသူတွေများတာအပေါ်မှာ ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ပီတိဖြစ်မိပါတယ်။
တစ်ခါတုန်းက ဗမာမိတ်ဆွေတစ်ယောက်က ရခိုင်လူမျိုးကျွန်တော့်ကို
ရခိုင်မုန့်တီရဲ့ ကောင်းကျိုးကို ဒီလို ဆိုတယ်။
“ဖျားချင်သလို ဖြစ်နေရင် ရခိုင်မုန့်တီ အာပူလျှာပူတစ်ခွက်၊
နှစ်ခွက်လောက် ပူပူလေးသောက်လိုက်။ အဲလိုဆိုရင် တစ်ခါတည်း ချွေးပေါက်ပြီးတော့ နေကောင်းသွားရော။
စမ်းကြည့်…“ တဲ့…။
တစ်ခုတော့ပြောချင်တယ်ဗျာ... ရခိုင်မုန့်တီကို
ရခိုင်လူမျိုးတွေလုပ်မှ ပိုပြီး အဆင်ပြေတယ်၊ ပိုကောင်းတယ်၊ ပိုပီပြင်တယ် လို့ထင်ပါတယ်။
အစွဲကြီးတယ်လို့ပြောရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ အဲလိုပဲ ထင်မိတယ်။
အိမ်မှာ မုန့်တီလုပ်စားကြရင်လည်း တစ်ယောက်တည်း
တစ်ပိဿာနီးနီးလောက် စားရမှ ကြေနပ်တယ်။ အဲဒီလို မုန့်တီချက်တဲ့နေ့တွေဆိုရင် ထမင်းစားစရာမလိုတော့ဘူး။
ကျန်တဲ့အစားအသောက်တွေကို အစားမကြီးသလောက် ရခိုင်မုန့်တီနဲ့ပတ်သက်ရင် ကျွန်တော့်စိတ်တွေကို
ထိမ်းမရနိုင်အောင်ပါပဲ။ 
ဒီလောက်ထိ ရခိုင်မုန့်တီကို ကြိုက်သူပါ။
သွားရင်းလာရင်း မုန့်တီဆိုင်တွေ့ရင်၊ မုန့်တီဟင်းရည်နံ့လေး
မွှေးပျံ့လာရင် ကျွန်တော် စားချင်စိတ် ဖြစ်မိတယ်။
အဲလိုနဲ့ မင်းလမ်းမုန့်တီဆိုင်လည်း ရောက်ဖြစ်တယ်၊
ကျန်တဲ့ လမ်းဘေးမုန့်တီဆိုင်တွေမှာလည်း အားပေးဖြစ်တယ်။
အဲဒီမှာ ရန်ကုန်မြို့ပေါ်က လူစည်ကားတဲ့ ရပ်ကွက်တစ်ခုထဲက
မြေညီထပ်တိုက်ခန်းမှာ ဆိုင်ငှားဖွင့်တဲ့ ရခိုင်မုန့်တီဆိုင်တစ်ဆိုင်ကို ကျွန်တော် တွေ့ခဲ့တယ်။
ထုံးစံအတိုင်း မုန့်တီဆိုင်မြင်ရင် မနေနိုင်သူ ကျွန်တော် ဆိုင်ခန်းထဲကို ဝင်သွားခဲ့တယ်။
ဆိုင်ခန်းအပြင်အဆင်လေးက သိပ်တော့အဆင်မပြေဘူး။
ခုံတွေကလည်း အဆင်မပြေဘူး။ နည်းနည်းညစ်ပတ်နေတယ်။ ပထမစားပြီးသူထသွားခဲ့တော့လည်း မသုတ်မပြုနဲ့ဆိုတော့
စားပွဲပေါ်မှာ ရေတွေလိုလို၊ ဟင်းရည်လိုလို ပေကျံနေတာတွေ့တယ်။ 
First Impression ကတော့ ဒေါင်းသွားပြီ။ 
‘သြော်… ဒါပေမယ့် ကျန်ဝန်ဆောင်မှုကတော့ ကောင်းလောက်ပါရဲ့လေ’
လို့ ကျွန်တော်တွေးနေခဲ့တယ်။ 
ဆိုင်ရှင်ကို ခေါ်လိုက်တယ်။ အဒေါ်ကြီးတစ်ယောက်
ရောက်လာတယ်။ မုန့်တီအရည်နဲ့တစ်ပွဲမှာလိုက်တယ်။
အဒေါ်ကြီးထွက်သွားတယ်။ 
၅ မိနစ်လောက်ကြာသွားတယ်။ မှာတာမရောက်လာဘူး။
ထပ်သတိပေးလိုက်ပြီးတော့မှ နောက်ထပ် ၃ မိနစ်လောက်မှာ မုန့်တီရောက်လာတယ်။
စားကြည့်တော့လည်း သိပ်မကောင်းဘူး။ ပြဿနာမရှိ။
အာသာပြေ သောက်ရရင် ကြေနပ်ပြီ.. ဆိုတော့ သောက်တယ်။ တစ်ခွက်ကုန်သွားတယ်။
နောက်ထပ်တစ်ခွက်မှာတယ်။ ပထမအကြိမ်းတုန်းကလိုပဲ
၅ မိနစ်ကျော်လောက်ကြာပြီးတော့မှ ရောက်လာပြန်တယ်။
ကျွန်တော် ဒုတိယတစ်ခွက်ကို ဆက်သောက်မယ်လို့
လုပ်နေတုန်း ဘေးဝိုင်းက လှမ်းအော်တယ်။ ‘ရှင်းမယ်’ တဲ့။
ပထမတစ်ခေါက် အသံကျယ်ကျယ်အော်တယ်။ ဆိုင်ရှင်နဲ့အလုပ်သမားတို့
စကားပြောနေကြတာနဲ့မကြားလိုက်ဘူး။
နောက်တစ်ခါ ဘေးဝိုင်းက အော်ပြောပြန်တယ်။ အော်သူကို
ကြည့်လိုက်တော့ စိတ်တိုတိုနဲ့ မျက်မှောင်ကျူံ့နေတာကို တွေ့လိုက်ရတယ်။ 
ဆိုင်ရှင်က မကြားသေး။
နောက်တစ်ခါ… ဘေးဝိုင်းကလူက လှမ်းအော်ပြန်တယ်။
အခုတစ်ခါ အသံပိုကျယ်သွားလို့ ထင်ပါ့။ ဆိုင်ရှင်ကလှည့်ကြည့်တယ်။
ပြီးတော့ ဘေးဝိုင်းက ရှင်းမယ်ဆိုတဲ့သူဆီ အသော့ပြေးလာပြီး
ပိုက်ဆံယူတယ်။
ဖောက်သည်ရဲ့စိတ်ထဲ ဘယ်လိုဆုံးဖြတ်ချက် ချသွားခဲ့မလဲ
မြင်ယောင်ကြည့်လိုက်မိတယ်။
သူ့စိတ်ထဲမှာ “ဒီဆိုင်ကြီးကို နောက်တစ်ခါ ဘယ်တော့မှ
မလာတော့ဘူး။” ဆိုတဲ့ သီချင်းကို ပြင်းရှရှ သီဆိုနေမှာ အမှန်ပါပဲ။
ကျွန်တော့်အတွေးကို ခြေလှမ်းကျဲကြီးနဲ့ ခြေသံပြင်းပြင်း
နင်းထွက်သွားတဲ့ သူ့ ပုံစံက ထောက်ခံနေတယ်။
ကျွန်တော်လည်း အောင့်သက်သက်နဲ့ ခံနေရဆဲ…။ ဟော…
ကျွန်တော် ရှင်းမယ်ဆိုပြီးလှမ်းခေါ်တော့လည်း သုံးခါလောက်တောင် လှမ်းခေါ်ရတယ်ဗျ။ 
ဖောက်သည်တစ်ယောက်အနေနဲ့ ဆိုင်ရှင်ဆီက ဝယ်ယူတယ်။
စားသုံးတယ်။ ဒီတော့ ဆိုင်ရှင်က ဖောက်သည်ကို ကျေးဇူးရှင်အဖြစ် သဘောပိုက်ပြီး စိတ်ချမ်းသာအောင်၊
နောက်တစ်ခါပြန်လာစားသုံးအောင် ဆွဲဆောင်နိုင်ရမှာပေါ့…။ အခုတော့… ကျွန်တော် စိတ်မသက်သာစရာ
ကြုံခဲ့တယ်။
ဆိုင်ရှင်ရော၊ စားပွဲထိုးတဲ့သူတွေပါ… ရခိုင်စကားပြောတတ်တဲ့
ရခိုင်စစ်စစ်တွေပါ။ ဒါကြောင့် စိတ်လည်းသိပ်မကောင်းဘူး။ 
သူတို့တွေသာ ဖောက်သည်တွေကို သူများတွေလို ဟင်းရည်အပိုတောင်းတော့လည်း
လိုလိုချင်ချင် ပေးလိုက်တာမျိုး၊ ဖော်ဖော်ရွေရွေနဲ့ နောက်အခေါက်ခေါက်အခါခါ လာအားပေးအောင်
ဆွဲဆောင်ဖို့ ဆိုတဲ့ စီပွားရေးအမြင်မျိုး အားနည်းနေတာ သွားတွေ့ရတယ်။
ကိုယ်နဲ့ တစ်ခါဆက်ဆံ ဆယ်ခါလန်အောင် သူ့တို့တွေ
ဆက်ဆံတတ်ပါပေ့…။
ဒီဖောက်သည်တွေဟာ… သူတို့အတွက် ကျေးဇူးရှင်တွေဆိုတာ
သူတို့ နားမလည်ကြတာကို တွေ့ရတယ်။ ဒီလို သဘောထားမျိုး မထားနိုင်ကြတာကို မြင်ရတယ်။ ဒီလို
သဘောထားရှိတဲ့အတွက် ဘာကောင်းကျိုးတွေ ရလာမယ်ဆိုတာကို သူတို့ မမြင်မိကြရှာဘူး။ ဒါ… သနားစရာကောင်းတဲ့အချက်။
နောက်ထပ် နှစ်ရက်လောက်နေတော့လည်း ကျွန်တော်
စူးစမ်းလိုတဲ့သဘောနဲ့ အဲဒီဆိုင်ကို မုန့်တီသွားစားခဲ့ပြန်တယ်။ အရင်နဲ့ ဘာတွေခြားနားပြောင်းလဲသွားပြီလဲဆိုတာကို
စူးစမ်းလေ့လာမိတယ်။ 
ဟုတ်ကဲ့… လေ့လာခဲ့သလောက် ပြန်ပြောပြရရင် အဲဒီနေ့
လူလည်း နည်းနည်းများတော့ ကျွန်တော်မုန့်တီမှာတာ ၁၀ မိနစ်လောက် ပိုကြာသွားပါတယ်။ မုန့်တီစားပြီးလို့
ရေနွေးသောက်မယ်လို့ ရေနွေးမှာတော့လည်း ဟိုလိုလို ဒီလိုလိုနဲ့ ငါးမိနစ်လောက်ကြာသွားတယ်။
မရောက်လာဘူး။ အဲဒီနောက် ကျွန်တော်လည်း ထလာခဲ့ပါတယ်။
အဲဒီနေ့ကစပြီး မုန့်တီကြိုက်တဲ့ ကျွန်တော်
အဲဒီမုန့်တီဆိုင်နား မကပ်ဖြစ်တော့ဘူး။ ဆိုင်ရှေ့ကတော့ ဖြတ်ဖြတ် လျှောက်မိတယ်။ လူတွေ
နည်းနည်းလာတာတွေ့နေရတယ်။ 
ဒါက ဆိုင်တစ်ဆိုင်ကို ဥပမာပေးလိုက်တာပါ။ ဒီလို
ဆိုင်တွေက ရေရှည်အောင်မြင်ဖို့တော့မလွယ်။ 
မင်းလမ်းရခိုင်မုန့်တီဆိုင်ကတော့ အခု နာမည်ကြီးပေါ့။
ဒီတစ်ဆိုင်တည်းသာ ဆိုင်အပြင်အဆင်၊ နေရာထိုင်ခင်း၊ ဆက်ဆံရေး၊ ဧည့်ခံရေး၊ စတာတွေမှာ
(အဆင့်အတန်းမီမီ) ဖောက်သည် စိတ်ကြိုက်လုပ်ဆောင်နိုင်တယ်။ နိုင်ငံခြားသားတွေတောင်လာစားကြတာ
ရှိတယ်။ အခု ဒီဆိုင်ဟာ… ရခိုင်မုန့်တီရဲ့ ကောင်းသတင်းကို ကမ္ဘာ့တစ်ဘက်စွန်းက လူတွေသိအောင်လုပ်ပေးနိုင်တဲ့နေရာ…
ဖြစ်ခဲ့ပြီ။ ရခိုင်တွေထဲက အောင်မြင်တဲ့ လုပ်ငန်းရှင်မိသားစုဖြစ်ခဲ့ပြီ။ ဒီလို ရပ်တည်ချက်မျိုးရလာအောင်
လွယ်လွယ်တော့ ရခဲ့မယ်မထင်။ 
စေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ် ဆိုတဲ့စကားဟာ
ဗုဒ္ဓဘာသာဝင်တွေအကြား ပြောနေကျစကားပါပဲ။
မင်းလမ်းမုန့်တီဆိုင်ပိုင်ရှင်မိသားစုဟာလည်း
ဒီလိုပဲ စေတနာကောင်းနဲ့ ဖောက်သည်စိတ်ကြိုက် အကောင်းဆုံးဖြစ်အောင် ပေးဆပ်ကြိုးစားလုပ်ဆောင်ခဲ့ကြလို့
ဒီနေ့ ဒီအချိန် ဒီနေရာမှာ ဒီလိုမျိုး သူတို့တွေကို မြင်တွေ့နေရတာပါပဲ။
ရခိုင်သူ၊ ရခိုင်သားတွေ တိုးတက်စေချင်ပါတယ်။
ချမ်းသာစေချင်ပါတယ်။ တိုးတက်ချမ်းသာကြီးပွားနိုင်ကြပါတယ်။ ဒါပေမယ့်…စိတ်ဓာတ်လေးတစ်ခုတော့
ပြင်စေချင်မိပါတယ်။
By: ဇွဲသစ် (ရမ္မာမြေ)
၅၊ ၇၊ ၂၀၁၃ (သောကြာနေ့)
 

No comments:
Post a Comment