![]() |
Photo credit: http://www.befriendtravels.com/destination/mount-popa/ |
ပုပ္ပားကိုရောက်ခဲ့တယ်။
တောင်ပေါ်တက်ခဲ့တယ်။
နတ်(ရုပ်)တွေအများကြီး တွေ့ခဲ့တယ်။
ပါလာသူတွေအများကြီး ရှိခိုးကြတယ်။
ပိုက်ဆံလှူပြီး ဆုတောင်းကြတယ်။
နတ်ဆရာက ပြောတယ်။ 'အမေ့သမီးက အမေ့ကို ကန်တော့နေတယ်။
ဒီလိုအမေ့ကို ကန်တော့ရလို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အရေးကိစ္စ မှန်သမျှမှာ
အောင်မြင်ပါစေ။' တဲ့..။
နတ်ကတော့ အပေါ်နားကပဲ ပျံဝဲနေတာလား။
မြင်မိခဲ့တာကတော့ နတ်ဆရာရဲ့ လောဘတက်နေတဲ့ မျက်လုံးအရောင်တွေပဲ။
နတ်တွေရှေ့မှာ ခြေဖဝါးတောင်ဖွဖွလေးနင်းလို့
….
ကျွန်တော်ကတော့ ပွဲကြည့်ပရိသတ်…
ဒီလိုနဲ့ပဲ… တောင်ပေါ်ကိုတက် … ဘုရားဖူး၊ ဓာတ်ပုံရိုက်ပြီး
ပြန်ဆင်းလာခဲ့တယ်။
အပြန်မှာ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တယ်။
တောင်ပြုံးဆိုတာ မတွေ့ခဲ့ပါလားဗျာ…လို့…။
သူက ကိုယ့်ကို ဒါလေးတောင်မသိရကောင်းလား…ဆိုတဲ့
မျက်နှာထားမျိုးနဲ့ မျက်စောင်းထိုးကြည့်တယ်။
ပြီးတော့မှ ပြောတယ်။ မတူဘူး….တဲ့ဗျ..။
ဒီတော့ ကျွန်တော်က ပြန်ပြောတယ်။ ပုပ္ပားဆိုတာနဲ့
နတ်တွေကို ပြေးမြင်သလို၊ တောင်ပြုံးဆိုတာနဲ့ နတ်တွေပဲ ပြေးမြင်မိနေတော့ ကျွန်တော်က
အတူတူပဲ ထင်နေတာ….လို့ ခပ်ရှက်ရှက် ဝန်ခံလိုက်ရတယ်။
သူက ဆက်ပြောတယ်။ ဒီနှစ်ခုက နည်းနည်း လှမ်းသေးတယ်တဲ့…။
ဒီလိုအလှမ်းဝေးပေမယ့်…အနီးကလေး ဖြစ်နေစေတဲ့အချက်ကတော့…
နှစ်နေရာလုံးမှာ နတ်ကတော်တွေ ပွပေါက်တိုးနေတာပါပဲ….
သူတို့တွေကို မနာလိုမဖြစ်မိပါဘူး။ ရောင်းလိုအားတိုးတာ
ဝယ်လိုအားကောင်းလို့ပဲ မဟုတ်ပါလား။
နတ်ကိုးကွယ်တာ၊ ယုံကြည်ကြတာကိုလည်း အပြစ်မပြောချင်ပါဘူး။
လူတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိကြပါတယ်။ Freedom of Choice ကို ယုံကြည်ပါတယ်။
သူများတွေအတွက် ဘေးအန္တရာယ်၊ အနှောင့်အယှက် မဖြစ်စေသရွေ့ပေါ့။
ဒါပေမယ့်… ကျွန်တော့်အတွက်တော့ နတ်ဆိုတာ ဒီလို
ကိုးကွယ်စရာမလိုဘူး၊ ဒီလောက် ကြောက်စရာမလိုဘူး၊ နတ်ဆိုတာ ဗုဒ္ဓဘာသာမှာ ဥပါသိကာ အဆင့်သာ
ရှိပါတယ်။
နတ် ပရိုမိုးရှင်းလုပ်တတ်တဲ့သူတွေကိုလည်း ပွင့်ပွင့်လင်းလင်း
ပြောရရင် အမြင်ကတ်မိတယ်။
ကျွန်တော့်အတွက်တော့… ဗုဒ္ဓဘာသာဝင်ပီပီ မြတ်စွာဘုရားကိုသာ
လေးမြတ်စွာ ကိုးကွယ်ဆည်းကပ်မှာပါ။ နတ်တွေကို ကန်တော့ဖို့ ကျွန်တော် စိတ်တောင်မကူးပါဘူး။
သူ့အလုပ်သူလုပ်ကြသူတွေလေ။ ကောင်းမြတ်သူတွေအဖြစ် လေးစားမှုတော့ ရှိပါတယ်။
ကျွန်တော် နာယူမှတ်သားဖူးသလောက် ဗုဒ္ဓဘာသာဝင်စစ်စစ်တွေဆိုတာ
ဒီလိုတော့ မဖြစ်သင်ဘူး….။
ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ဖြူးဆရာတော် အရှင်နရပတိ၊
ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) … စတဲ့ ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးတွေကလည်း
ဒီလိုပဲ ဟောကြားခဲ့ကြတာကို မှတ်သားဖူးပါတယ်။
ဗုဒ္ဓဘာသာဆိုတာ ကိုယ်တိုင်လုပ်မှ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်မှ
ကိုယ်တိုင်ရမှာပါ…. အတ္တာဟိ အတ္တနော နာထော…လို့ မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်။
ဒီလိုပဲ ဗုဒ္ဓဘာသာဝင်ပီပီ ယုံကြည်ပါတယ်….။
နတ်ကို ယုံတော့ ယုံကြပါဗျာ…. ဒါပေမယ့်… ဗုဒ္ဓဘာသာဝင်တွေ
ပိုပီသကြစမ်းပါ။ ယောင်တောင်ပေါင်တောင် မလုပ်ကြပါနဲ့….။
အခြောက်တွေကို အလုပ်အကျွေး သိပ်မပြုချင်ပါနဲ့…။
ကျွန်တော်ကတော့ ပုပ္ပားရောက်တယ်။
ငါးတန်းမြန်မာစာထဲမှာ ထင်ပါတယ်။ သားတစ်ယောက်ကိုသာ
မြင်သည်… တဲ့…။
ဟုတ်ကဲ့… ကျွန်တော်လည်း မြတ်စွာဘုရားတစ်ပါးတည်းကိုသာ
မြင်ခဲ့ပါတယ်။ ယုံကြည်လေးမြတ်ကန်တော့ပန်းဆင်ခဲ့ရပါတယ်။
(မှတ်ချက်။ ။ ဆရာတော်အရှင်ဆေကိန္ဒက နတ်ဆိုတာကိုးကွယ်ရာမဟုတ်ဟု
ဗုဒ္ဓနည်းကျ ထောက်ပြဆုံးမဟောကြားခဲ့ပြီး လူအများ မနှစ်သက်ခဲ့ကြပုံကို တ၇ားပွဲတစ်ပွဲတွင်
မျက်ဝါးထင်ထင် ကိုယ်တိုင်ကြုံတွေ့ဖူးပါသည်။)
By: ဇွဲသစ် (ရမ္မာမြေ)
၂၁၊ ၇၊ ၂၀၁၃ (တနင်္လာနေ့)
No comments:
Post a Comment