![]() |
Photo credit: http://generationgap2015.blogspot.com.au/2014/05/generation-gap.html |
တိုးတက်မှုနှင့် သူ့အမြင် ထဲက ဇာတ်လိုက်ဖြစ်သူ
ကျွန်တော့်အဒေါ်ပေါ့။
အဲဒီထဲမှာလည်း အရမ်းရိုးတယ်လို့ဆိုခဲ့တယ်။
ခု... သူဘယ်လောက်ရိုးသလဲဆိုတာ ပြောချင်တယ်။
လွန်ခဲ့တဲ့နှစ်က သူမြို့ကို တစ်ခါ အလည်ရောက်လာပြန်တယ်။
ထုံးစံအတိုင်း ကျွန်တော်တို့အိမ်မှာ နှစ်ရက်၊
သုံးရက်လောက်တည်းတယ်။
တစ်နေ့ ကျွန်တော်တို့တွေလည်း အလုပ်ကို ကိုယ်စီသွားကြတော့
အိမ်မှာ အဒေါ်တစ်ယောက်တည်း ကျန်ခဲ့တယ်။
ဖြစ်ချင်တော့ အလုပ်သွားတဲ့ ကျွန်တော့်အစ်မက
ဖုန်းကို အိမ်မှာ ထားမိခဲ့ရော...။
နေ့ခင်းလောက်ရောက်တော့ ဖုန်းက ထမြည်ပါလေရော။
တစ်ဖက်က တစ်ယောက်ယောက်က ဖုန်းခေါ်နေတယ်ပေါ့လေ။
အဲဒါနဲ့ ...အဒေါ်ခမျာ အသံလာရာလိုက်ရှာရင်း ဖုန်းကို
တွေ့တော့ ကိုင်လိုက်မိပါလေရော။
ဖုန်းကို ကောက်ကိုင်လိုက်ခါမှ ဒုက္ခနဲ့လှလှ
တွေ့တယ်။
ဖုန်းက တုန်ခါနေတော့ သူ့ခမျာ လက် ကတုန်ကယင်နဲ့
ကပျာကယာ ဖုန်းကို ပြန်ချထားလိုက်ရှာသတဲ့။
ဒါပေမယ့် ဖုန်းက မြည်နေဆဲ.... တုန်နေဆဲ။
ဒီတော့ ... အဒေါ်ခမျာ ခေါင်းစားပြီ။
ဘာလုပ်ရင်ကောင်းမလဲပေါ့။
အဲလိုနဲ့နောက်ဆုံးမှာ ဖုန်းအသံတစ်ခါမြည်လာရင်
နောက်တစ်ဖက်ကိုလှည့်လိုက်တယ်။
နောက်ထပ်ဖုန်းသံ မြည်လာရင် နောက်တစ်ဖက်ကို
လှည့်လိုက်သတဲ့။
လက်က ကတုန်ကယင်နဲ့ ကပျာကယာကိုင်၊ ကပျာကယာလှည့်ပေါ့ဗျာ။
ဒီဖုန်းဆိုတဲ့ အရာကို တော်တော်လေး ကြောက်နေခဲ့မှာပါ။
ညနေ ကျွန်တော်တို့တတွေ လူစုံတော့ ဒီအကြောင်းကို
အဒေါ်က ပြန်ပြောပြတယ်။
သြော်... သူကပြောသေးသဗျ။
သူ ... အဲလို ဟိုဘက်ဒီဘက်လှည့်လိုက်ပြီးလို့
ခဏကြာတော့ ဖုန်းသံတိတ်သွားပါသတဲ့။
ကျွန်တော်တို့တွေလည်း အဒေါ်ကို ဖုန်းသံမြည်လာရင်
ဒီလိုလေးကိုင်ပြီး၊ ဒီလိုလေးဖွင့်လိုက်၊ ပြီးတော့ ဟလိုလို့ ထူးလိုက်ရုံပဲ ဆိုပြီး ဆရာကြီးလုပ်
သင်ပြပေးကြသပေါ့လေ။
ဒါပေမယ့် အဒေါ်က ပြောတယ်။
”တော်ပါပြီဟာ... နင်တို့ အရှုပ်ထုပ်ကို ငါ ကိုင်လည်းမကိုင်ချင်တော့ပါဘူး။”
တဲ့။
အဒေါ်ပြောတာကို နားထောင်နေရင်း ကျွန်တော် ဆရာနေဝင်းမြင့်ရဲ့
ဟောပြောချက်ထဲက တောသားဦးလေးကြီးတစ်ယောက်ကို သွားသတိရတယ်။
ခါတိုင်း အခကြေးငွေနဲ့ ဗီဒီယို ပြပေးနေကျ သမီးဖြစ်သူက
ကိစ္စရှိတော့ အဖေဖြစ်သူကို တီဗွီပြပေးဖို့ အကူအညီတောင်းပါသတဲ့။
အဖေကလည်း သိပ်မကျွမ်းကျင်။ ပြရမယ့် ဇာတ်ကားကလည်း
နိုင်ငံခြားကား။
ပြလည်းပြရော ဘာညာအခန်းတွေပါတာပေါ့ဗျာ။
အဲဒီတော့ အရှက်ကြီးသူ၊ တောသားလူရိုးဦးလေးကြီးက
ကျော်ဖို့ နှိပ်ရမယ့် ခလုပ်ကိုလည်း အသေအချာမသိတာနဲ့ အနီးမှာရှိတဲ့ ပုဆိုးနဲ့ တီဗွီကို
အလျင်အမြန် ကာလိုက်ရပါသတဲ့။
အဲဒီတော့ ပွဲကြည့် ပရိသတ်ကာလသားတစ်သိုက်က သံပြိုင်လှမ်းအော်ကြသပေါ့။
”ဟာ... အဘိုးကြီး...ဘာလုပ်တာတုန်း.. အဲဒီ...ပုဆိုးစုတ်ကို
မြန်မြန်ဖယ်ပေးဗျာ...” တဲ့.။
အဲဒီတော့ ... ဦးလေးကြီးက ပျာပျာသလဲ တောင်းပန်တယ်။
”ဟဲ့ကောင်တွေရာ... မတော်လို့ပါကွာ... မကောင်းပါဘူး...”
တဲ့။
ဒီတော့ သကောင့်သားတွေက သံပြိုင်ပြန်အော်ကြတယ်။
”ဟာ... အဲဒီအခန်းကြည့်ချင်လို့ ပိုက်ဆံပေးကြည့်တာဗျ။
တကတည်းပဲ..” တဲ့ဗျာ။
သြော်... ရိုးအ,ကြပုံများ။ စံချိန်တင်လောက်ပါရဲ့။
ရိုးလွန်းရင်လည်း အ, သတဲ့။
Generation Gap ကြောင့်လည်း ဒီလိုမျိုးဖြစ်ကြတာပေါ့။
ဒီပစ္စည်းအသစ်တွေသာ မရှိရင် သူတို့တွေ ဒီလို
အ,တယ်လို့ သမုတ်ခံရစရာ ဘာအကြောင်းမှ မရှိဘူး။
ဒါပေမယ့်... ဒီလို ပြောင်းလဲမှုမှမရှိရင်လည်း
တိုးတက်ဖွံ့ဖြိုးမှုဆိုတာ ဘယ်လိုလုပ်ဖြစ်ပါ့မလဲ။
အဓိက မျိုးဆက်ကွာဟမှုဆိုတာ မကြုံတွေ့ရလေအောင်
ကိုယ်က လိုအပ်တဲ့ ခေတ်မီအသိပညာတွေကို မပြတ် လေ့လာဆည်းပူးဖြည့်ဆည်းနေဖို့တော့ လိုတာပေါ့လေ။
ရိုးသားပါစေ။ မအ,အောင် ကြိုးစားကြဖို့တော့
လိုပါလိမ့်မယ်။
By: ဇွဲသစ် (ရမ္မာမြေ)
၂၇၊ ၆၊ ၂၀၁၃ (ကြာသပတေးနေ့)
No comments:
Post a Comment