Pilfered papers နဲ့ ဆက်စပ်ပြဿနာ ဘယ်လိုဖြေရှင်းကြမှာလဲ
Pilfered papers တဲ့။ ပထမဆုံး ဒီစကားစုကို မြင်လိုက်တော့ လှလိုက်တာလို့ စိတ်ထဲက ခံစားမိလိုက်တယ်။ ထင်လိုက်တာက စာလုံးလေးတွေလှသလို အဓိပ္ဗာယ်လည်း လှမယ်ပေါ့လေ။ စာဆက်ဖတ်ရင်း သူ့အဓိပ္ဗာယ်ကို စဉ်းစားတယ်။ သိပ်တော့ မဟန်တဲ့အဓိပ္ဗာယ်လို့ သိလာတယ်။ နောက်ဆုံး အဘိဓာန်ကြည့်လိုက်တော့မှ "သူများဆီက တရားမဝင် ဝယ်ယူ၊ ခိုးယူပြီး ဆရာ (သို့) ပညာရပ်ဆိုင်ရာအာဏာပိုင်အဖွဲ့ဆီကို ကိုယ့်စာလိုမျိုး တင်တဲ့စာတမ်းတွေ" ပါတဲ့။ စာခိုးမှု (Plagiarism) ပုံစံတစ်မျိုးပါပဲ။ ကျွန်တော့်အထင်နဲ့အမြင် တက်တက်စင် လွဲပါလေရော။
အင်တာနက်ပေါ်က တစ်ချို့ဝက်ဘ့ဆိုက်တွေက အဲလိုမျိုး စာတမ်းတွေရောင်းစားနေသတဲ့ဗျာ။ ကျောင်းသား၊ ကျောင်းသူတစ်ချို့ကလည်း ဝယ်ယူအားပေးကြတယ်ဆိုပဲ။ မဟာဘွဲ့၊ ပါရဂူဘွဲ့တွေအတွက် စာတမ်းတင်သွင်းတာတောင် ဒီလိုမျိုး ဝယ်ယူတင်သွင်းကြတာမျိုး ရှိပါသတဲ့။ ဒါပေမယ့် ခေတ်မီဆရာတွေကတော့ သူတို့တွေ စာတမ်းဝယ်တင်တာမျိုး မလုပ်အောင်၊ လုပ်လို့ရှိရင်လည်း ဖမ်းမိအောင် Plagiarism detection software (PDS) တွေ သုံးကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်အများအပြားမှာ အသုံးများဆုံး၊ နာမည်အကြီးဆုံး PDS ကတော့ Turnitin.com ပါ။
ဒါလေးသုံးလိုက်လို့ Plagiarism ပြဿနာပြေလည်သွားပြီလားလို့ မေးကြပါလိမ့်မယ်။ အတော်များများ ပြေလည်စေပါတယ်။ ကျောင်းသားတွေ ခိုးယူရေးတင်တဲ့ စာတွေကို ဖမ်းမိပြီး သူတို့တွေကို ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒါလေးသုံးရုံနဲ့ မလုံလောက်ပါဘူး။ ကျောင်းသားတွေက သူတို့ လိုချင်တဲ့ပုံစံအတိုင်း မှာယူနိုင်တဲ့ Online Writing Assistance Service (OWAS) အမည်ခံ ဝက်ဘ့ဆိုက်တွေက ရှိနေပါသေးတယ်။ ဒီ OWAS တွေက စိတ်ကြိုက်မှာယူရတဲ့ စာတမ်းတွေဟာ ပုံမှန်ရောင်းတဲ့ စာတမ်းဈေးနှုန်းထက် ၂ ဆ၊ ၃ ဆလောက် ဈေးပိုကြီးပါသတဲ့။ ပြီးတော့ ဒီလိုမျိုးစိတ်ကြိုက်မှာတင်စာတမ်းတွေကို PDS မှာ ရှာလို့ မတွေ့နိုင်လောက်ဘူးတဲ့။ ဒီတော့ ဒီပြဿနာကို PDS က မဖြေရှင်းနိုင်သေးပါဘူး။
သုတေသနတွေအရတော့ Detection and Punishment လုပ်တာထက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Plagiarism ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးလုပ်ရင် Plagiarism မြောက်လဲ၊ ကိုယ်တိုင်ဘယ်လိုရှောင်ကွင်းရေးသားရမှာလဲဆိုတာကိုစာတွေ့၊ လက်တွေ့ ကျောင်းသားတွေကို သင်ပြပေးလိုက်တာက ကောင်းမွန်တဲ့ ပညာရပ်ဆိုင်ရာသိက္ခာ (Academic integrity) အပေါ် ရေရှည်အနေနဲ့ ပိုမိုကောင်းမွန်စွာ ထိန်းထားနိုင်စေပါသတဲ့။ ပညာရှင်တွေအတော်များများက အကြံပြုကြတဲ့ Plagiarism ပျောက်စေမယ့် နည်းလမ်းကတော့ (၁) ကျောင်းသားတွေကို Plagiarism နဲ့ ပတ်သက်တာတွေ၊ Plagiarism နဲ့ ပတ်သက်တဲ့ တက္ကသိုလ်ရဲ့ မူဝါဒတွေစတာတွေကို စာတွေ့လက်တွေ့ ပညာပေးပြီး ကိုယ်တိုင်ကျင့်သုံးစေဖို့၊ (၂) PDS တွေနဲ့ Assignment တွေကို စစ်ဆေးပြီး အပြစ်တွေ့ရင် တိကျပြတ်သားစွာ အပြစ်ပေးဖို့၊ ကိုင်တွယ်ဖို့၊ (၃) ဆရာ၊ ဆရာမတွေကလည်း ကျောင်းသားတွေ တင်လာတဲ့ Assignment တွေကို သေချာစွာ စစ်ဆေးအကဲဖြတ်ဖို့ ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီ Plagiarism ပြဿနာ ရှိနေတာ သေချာပါတယ်။ တက္ကသိုလ်တွေမှာ အင်တာနက်သုံးပြီး မသင်နိုင်ကြသေးပေမယ့် ကျောင်းသားတွေကတော့ အွန်လိုင်းသုံးပြီး ဒီလိုမျိုး Online plagiarism ကိုလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒါဟာ ပြဿနာကြီးတစ်ရပ်ကို ဖြစ်နေပါပြီ။ ပညာရေးအဖွဲ့အစည်းတွေအတွက် အန္တရာယ်ကြီးလို့ သတ်မှတ်ပြီး ဖြေရှင်းနေကြပါပြီ။
ဒီတော့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးလတ္တံ့သော မြန်မာနိုင်ငံမှာလည်း "Pilfered papers နဲ့ ဆက်စပ်ပြဿနာ ဘယ်လိုဖြေရှင်းကြမှာလဲ" ဆိုတဲ့ မေးခွန်းကို ဖြေရှင်းဖို့ အချိန်တန်နေပြီလားလို့ တွေးမိပါတယ်။
By: ဇွဲသစ် (ရမ္မာမြေ)
24/06/2015(Wed)
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment