Thursday 19 May 2016

လူမမယ် နိုင်ငံတကာကျောင်းသား၊ကျောင်းသူများ


သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်အသီးသီးသို့ လာရောက်ပညာသင်ယူကြသော နိုင်ငံတကာမှ ကျောင်းသား၊ကျောင်းသူများစွာ ရှိကြသည်။ အခြားတက္ကသိုလ်များမှ အခြေအနေကို မသိ၍ မပြောနိုင်ပေ။ စာရေးသူ တက်ရောက်ပညာသင်ယူနေသော လာထရုပ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားအများစုမှာ အိန္ဒိယ၊ တရုပ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်သည်ကို သတိပြုမိသည်။ အမေရိကန်၊ ကနေဒါတို့မှ ကျောင်းသား၊ကျောင်းသူများလည်း ရှိကြသည်။ မြန်မာနိုင်ငံမှဆိုလျှင် ယခုနှစ်တွင် ဆယ်ယောက်ကျော် ရှိလာခဲ့ပေပြီ။ ထိုထိုသော နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများစွာမှာမူ ရင်ခွင်ပိုက်ကလေးဘဝသို့ ပြန်ရောက်သွားကြသည်ဟု ဆိုလျှင် စာရှုသူတို့ အံ့သြကြလေမည်လားမသိ။


အမှန်တကယ်ပင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများစွာမှာ လူမမယ်ကလေးဘဝသို့ ရောက်မှန်းမသိ ရောက်သွားကြသည်။ နိုင်ငံတကာကျောင်းသား၊ကျောင်းသူများအပြင် သြစတြေးလျနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူအချို့လည်း လူမမယ်ကလေးဘဝသို့ ရောက်သွားကြသည်ကို ကိုယ်တွေ့ကြုံဖူးခဲ့ပေပြီ။ သို့သော် အများစုမှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။ သူတို့သည် စာကြိုးစားလွန်း၍ ကလေးစိတ်ဝင်ပြီး ရူးကြောင်ကြောင် ဖြစ်သွားခြင်းမျိုးကားမဟုတ်ပေ။ သြစတြေးလျနိုင်ငံသားများနှင့် ဥာဏ်ရည်အားဖြင့် မယှဉ်ပြိုင်နိုင်သဖြင့် လူမမယ်အဆင့်သာရှိသည်ဟူ၍ နှိမ့်ချပြောဆိုလိုရင်း မဟုတ်ပေ။ အမှန်မှာ များသောအားဖြင့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများသည် သြစတြေးလျနိုင်ငံသားများထက်ပင်  ပိုမိုကြိုးစားကြသည်။ ထို့ကြောင့် သူတို့ထက် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများမှာ ပိုတော်ကြကြောင်း တစ်ချို့သော ဆရာ၊ ဆရာမများက ထုတ်ဖော်ပြောတတ်ကြသည်ပင်။ ယခု စာရေးသူဆိုလိုသော အဓိပ္ဗာယ်မှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများဧ။် သွင်အပြင်တစ်ချို့ လူမမယ်နှင့် တူသွားခြင်းမျိုးကို ဆိုလိုရင်း ဖြစ်သည်။ 

ထိုသို့ နိုင်ငံတကာကျောင်းသား၊ကျောင်းသူများ လူမမယ်ဖြစ်သွားခြင်းသည် လာထရုပ်တက္ကသိုလ် နိုင်ငံတကာကျောင်းသားများဝန်ဆောင်မှုဌာနဧ။် ကောင်တာသို့ စရောက်ချိန်မှ အစပြုသည်ဟု ဆိုနိုင်သည်။ ထိုဌာနရှိ ဝန်ထမ်းများမှာ ဗီယက်နမ်၊ တရုပ်၊ အိန္ဒိယစသော နိုင်ငံအချို့မှ အများစုဖြစ်ပြီး သြစတြေးလျဝမ်ထမ်းများလည်း ရှိသည်။ လာထရုပ်တက္ကသိုလ်သို့ လာရောက်ပညာသင်ယူကြသော နိုင်ငံတကာကျောင်းသား၊ကျောင်းသူ အားလုံးမှာ ထိုနိုင်ငံတကာကျောင်းသားများဝန်ဆောင်မှုဌာနကောင်တာသို့ လာရောက်၍ စာရင်းသွင်းကြရသည်။ ကျောင်းသား၊ကျောင်းသူအများစုမှာ သြစတြေးလျနိုင်ငံသို့ ရောက်ရှိသော နေ့တွင်ပင် ထိုကောင်တာဆီ ကမန်းကတန်းပြေး၍ ရောက်ရှိကြောင်းသတင်းပို့၊ စာရင်းသွင်းကြသည်။ အချို့ကမူ ရောက်ရှိပြီး တစ်ရက်နှစ်ရက်နေမှသာ သွားရောက် စာရင်းသွင်းကြသည်။ နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူများအဖို့ ထိုဌာနကောင်တာသို့ ကိုယ်တိုင် မသွားရောက်ဘဲ လာထရုပ်တက္ကသိုလ်တွင် တရားဝင်ကျောင်းသား၊ကျောင်သူ ဖြစ်မလာသည်မှာ သေချာသည်။ ထိုကောင်တာတွင် စာရင်းသွင်းအပြီးတွင် ကျောင်းသား၊ကျောင်းသူများကို လက်ဆောင်တစ်ခု ပေးလေ့ရှိသည်။ ထိုလက်ဆောင်သည်ပင် ထိုနိုင်ငံတကာကျောင်းသား၊ကျောင်းသူများကို လူမမယ်အဖြစ်သို့ ပြောင်းလဲသွားစေသော ပင်မပစ္စည်းဖြစ်သည်ဟု ဆိုရမည်ပင်။ မည်သို့ဆိုစေ ထိုလက်ဆောင်မှာ သေသပ်လှပသည့်အပြင် အမှန်တကယ် လိုအပ်သောအရာဖြစ်၍ ကျောင်းသား၊ကျောင်းသူများ နှစ်သက်ကြသည်။ အချို့မှာ ထိုလက်ဆောင် ရသောနေ့တွင်ပင် စတင်၍ အသုံးပြုကြသည်။ အချို့က မလိုအပ်သေး၍ သိမ်းထားပြီး လိုအပ်သောအချိန်တွင်မှ ထုတ်ယူအသုံးပြုကြသည်။ ထိုလက်ဆောင်သုံးသည်နှင့် လူမမယ်ကလေးဘဝသို့ ရောက်မှန်းမသိ ရောက်သွားကြသည်သာ။ အနှေးနှင့်အမြန် ကွာခြားသော်လည်း လူမမယ်ဘဝသို့ ပြန်ရောက်ကြသည်မှာ အတူတူပင်ဖြစ်ဧ။်။

စာရေးသူမှာ မြန်မာနိုင်ငံမှ မထွက်ခွာမီ သြစတြေးလျသံရုံးရှိ ပညာသင်ဆုချီးမြှင့်သည့်အဖွဲ့ထံမှ အလားတူပစ္စည်းတစ်ခုကို လက်ဆောင်ရထားခဲ့သည်ကို တပါတည်း ယူဆောင်လာသဖြင့် လူမမယ်ဘဝသို့ ချက်ချင်း ပြန်ရောက်မသွားခဲ့ပါချေ။ သြစတြေးလျသို့ စရောက်သောနေ့ (၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၁၂) ရက်နေ့) က နိုင်ငံတကာကျောင်းသားများဝန်ဆောင်မှုဌာနကောင်တာတွင် ရောက်ရှိကြောင်း သတင်းပို့၊ စာရင်းသွင်းအပြီးတွင် လက်ဆောင်ပစ္စည်းကို ရရှိခဲ့သည်။ သို့သော် အသုံးမလိုသေး၍ သိမ်းဆည်းထားခဲ့သည်။ ပါလာသော အလားတူပစ္စည်းကိုသာ တစ်နှစ်ပတ်လုံး သုံးလာခဲ့သည်။ သို့သော် လွန်ခဲ့သော ဧပြီလနောက်ဆုံးအပတ်က သုံးနေသော ထိုပစ္စည်းမှာ သုံး၍ အဆင်မပြေတော့ပေ။ အတာသင်္ကြန်နှင့်အတူ သူလည်း မြန်မာ့နှစ်ဟောင်းကို ကျောခိုင်းစွန့်ခွာရင်း စာရေးသူကိုပါ လက်ပြနှုက်ဆက်သွားချင်နေလေပြီ။ စာရေးသူမှာမူ ထိုပစ္စည်းအပေါ် သံယောဇဉ်အမျှင်တန်းမိနေလေပြီ။ သို့သော် သင်္ခါရတရားကို ဘုရားသော်မှ မလွန်ဆန်နိုင်ပေ။ ပစ္စည်းသင်္ခါရ လူသင်္ခါရဟု ဆိုကြသည် မဟုတ်ပါလော။ ပြုပြင်ဖာထေး၍လည်း အဆင်ပြေမည်မဟုတ်ကြောင်းကို သိနေသည်။ နောက်ဆုံးတွင် မကောင်းသော အဟောင်းများကို နှစ်ဟောင်းတွင် ချန်ထားခဲ့ပြီး မြန်မာနှစ်သစ်နှင့်အတူ အသစ်ကို ချစ်ခင်တွယ်တာရတော့မည်ဟု ဆင်ခြင်မိသည်။ သိုဖြင့် ဧပြီလနောက်ဆုံးသီတင်းပတ်တွင်ပင် ထိုပစ္စည်းမှာ အဆိုတော်မျိုးကြီးဧ။် “ကတ္တီပါလမ်းခွဲ” သီချင်းကို ရင်နင့်ဖွယ် အော်ဆိုလျက် အမှိုက်ပုံးထဲသို့ ခုန်ဆင်းသွားရပေပြီ။ နှစ်လရှည်ကြာ အတူသွား၊ အတူကစားဖြင့် ကြီးပြင်းလာခဲ့သော ငယ်ပေါင်းကြီးဖော်များနှင့် ခွဲခွာရတော့မည့်အချိန်တွင် ဖြစ်နေသော ကြေကွဲဝမ်းနည်းမှုလောက် မပြင်းထန်သော်လည်း တစ်နှစ်ကျော်ကြာ လက်တွဲလာခဲ့သော ထိုအဆောင်တော်ပစ္စည်းလေးအပေါ် အလားတူ စိတ်ခံစားမှုမျိုး စာရေးသူ ခံစားမိသည်။ မတတ်နိုင်တော့ပေ။ ကိုယ်တိုင်လည်း မျိုးကြီးသီချင်းကို ဆိုနေမိသည်။

ပစ္စည်းဟောင်းကိုပစ်၍ ပစ္စည်းသစ်ကို ချစ်ရပေပြီ။ ထိုပစ္စည်းနှစ်ခုကို အသုံးပြုရသည့် ရည်ရွယ်ချက်ချင်းအတူတူ ပြုလုပ်ထားသော ဒီဇိုင်းမတူသည်ကို သတိပြုမိသည်။ နှစ်ခုလုံးမှာ ရှည်မျောမျောပုံသဏ္ဌာန်ရှိပြီး ပတ်လည်မှာ လုံးဝန်းသည်။ ကျောပိုးအိတ်ဧ။် အပြင်ဘက် အောက်နားရှိ ဘေးအိပ်ငယ်လေးတွင် နေသားတကျထည့်နိုင်သည့် အခြေအနေချင်းလည်း တူသည်။ သော့ချိတ်ကဲ့သို့သော အရာဝတ္ထုတစ်ခုခုနှင့် ချိတ်ဆက်နိုင်ရန် ပြုလုပ်ထားသော စတီးကွင်းလေးတစ်ခု အဖုံးနှင့်တွဲလျက် ပါနေသည်ကလည်း တူသည်။ ကိုယ်ထည်တစ်ခုလုံးကို သံမဏိဖြင့် ပြုလုပ်ထားသည်ချင်းလည်း အတူတူပင် ဖြစ်သည်။

သို့သော် အရောင်နှင့် အဖုံးပုံစံ ကွာခြားသည်။ ယခင်ပစ္စည်းမှာ အပြာရောင်သန်းသည်။ ယခုပစ္စည်းမှာ နီစွေ့စွေ့အရောင်ဖြစ်သည်။ ယခင်ပစ္စည်းဧ။် အဖုံးကို ပလတ်စတစ်အမာဖြင့် ပြုလုပ်ထားသည်။ အဖုံးကိုဖွင့်ရန် ဟိုဘက်သည်ဘက် လှည့်ရသော်လည်း အဖုံးဖွင့်ပြီးလျှင် မိမိရည်ရွယ်ရာကို တိုက်ရိုက် လုပ်ဆောင်နိုင်တော့သည်။ ထိုရည်ရွယ်ချက်သို့ ရောက်ရန် အဖုံးကို လှည့်ဖွင့်ရန်မှတစ်ပါး အခြားမရှိပေ။ ယခင်ပစ္စည်းဧ။် အဖုံးကဲ့သို့ ယခုအသုံးပြုရသော ပစ္စည်းဧ။် အဖုံးကိုလည်း ပလတ်စတစ်အမာတစ်မျိုးဖြင့် လုပ်ထားသည်။ ယခုပစ္စည်းဧ။်အဖုံးကို လှည့်ဖွင့်ရသော်လည်း ယခင်ပစ္စည်းအဖုံးထက် ပိုကြပ်သဖြင့် ပို၍ အားစိုက်ရသယောင် ရှိသည်။ ထို့ပြင် အသုံးပြုသူဧ။် ရည်ရွယ်ချက် ပေါက်မြောက်ရန် ယခုပစ္စည်းဧ။် ပင်မအဖုံးကို လှည့်ဖွင့်စရာမလိုဘဲ တစ်ဆင့်ခံအဖုံးကို ဘယ်၊ ညာလှည့်၍ အဖွင့်အပိတ် ပြုလုပ်နိုင်သည်။ ထိုတစ်ဆင့်ခံအဖုံးကို ပထမအဖုံးမှ ဖြုတ်ယူတပ်ဆင်နိုင်အောင် ပြုလုပ်ထားသည်။ မူလအဖုံးမှာ အနက်ရောင်ဖြစ်ပြီး တစ်ဆင့်ခံအဖုံးမှာ အဖြူရောင်ဖြစ်သည်။ တစ်ဆင့်ခံအဖုံးကို ညာဘက်သို့ (၉၀) ဒီဂရီလှည့်လိုက်လျှင် ပိတ်နေပြီး ရည်ရွယ်ချက်ပေါက်မြောက်အောင် အသုံးမပြုနိုင်ပေ။ ထိုကြောင့် အသုံးပြုသူဧ။် ရည်ရွယ်ချက်ပေါက်မြောက်ရန် ဘယ်ဘက်သို့ (၉၀) ဒီဂရီ လှည့်ဖွင့်ရသည်။ အားစိုက်စရာလည်း အထူးမလိုအပ်သဖြင့် အသုံးပြုရလွယ်ကူ၍ အသုံးပြုသူများမှာ မူလအဖုံးကို မဖွင့်ကြတော့ဘဲ တစ်ဆင့်ခံအဖုံးမှတစ်ဆင့် ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် အသုံးပြုကြသည်က များသည်။ လိုအပ်သောအခါမှသာ မူလအဖုံးကို ဖွင့်ကြသည်။

ထူးခြားသည်မှာ တစ်ဆင့်ခံအဖုံးဧ။် ပုံစံဖြစ်သည်။ ၎င်းဧ။်ထိပ်ဖူးကို ခပ်ချွန်ချွန်လေးပြုလုပ်ထားပြီး ထိပ်တွင် အပေါက်လေးတစ်ပေါက်ပါသည်။ အတွင်း၌ ထည့်ထားသောအရာ အလေအလွင် မရှိစေရအောင် ရွှေဥာဏ်တော်စူးရောက်ပြီး ဖန်တီးထားကြလေသည်လားတော့ မသိ။ အသုံးပြုသူများက ထိုထိပ်ဖူးလေးကို ပါးစပ်ဖြင့်ငုံ၍ ရည်ရွယ်ချက် ပေါက်မြောက်အောင် စုပ်ယူကြရသည်။ ထိုသို့ လုပ်ဆောင်ရာ၌ တပြွတ်ပြွတ် အသံမြည်တတ်သည်က ဆိုးသည်။ လူမမယ်ကလေးငယ်များ မိခင်ရင်ခွင်တွင် ရောက်နေသည်နှင့် တူနေပေသည်။ ကလေးများအတွက် ရည်စူးထုတ်လုပ်ထားသော ပစ္စည်းပုံစံအတိုင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ပုံစံတူ ထုတ်လုပ်ထားခြင်းလား မဆိုနိုင်ပေ။ ထိုပစ္စည်းကို ထိုအတိုင်းပင် ပြုလုပ်ထားသည်။ မတတ်နိုင်ပေ။ သို့သော် တစ်ဆင့်ခံအဖုံးအပေါ်မှ ပြန်အုပ်သောအဖုံး ရှိနေသဖြင့် အုပ်ထားနိုင်၍ တော်သေးသည်။ ထိုသို့ အပေါ်ဖုံးကို အုပ်မထားလျှင် တစ်ဆင့်ခံအဖုံးမှာ ထိုးထိုးထောင်ထောင် ထွက်နေတတ်သည်။

ထိုပစ္စည်းမှာ စာရေးသူအတွက်သာမက အခြားကျောင်းသား၊ကျောင်းသူများအတွက်ပါ အဆောင်တော်ဖြစ်သဖြင့် စာကြည့်တိုက်တွင် စာလုပ်နေရင်းလည်း သုံးတတ်ကြသည်။ ကွန်ပျူတာစကရင်ကို ကြည့်နေရင်းလည်း ထိုပစ္စည်းကို သုံးတတ်သည်။ စာရေးသူမှာ အစက ထိုပစ္စည်းကို အသုံးပြုရန် ခပ်ရွံ့ရွံ့ ဖြစ်သည်။ သို့သော် ဘေးပတ်ဝန်းကျင်မှ အခြားကျောင်းသူ၊ ကျောင်းသားများလည်း အသုံးပြုနေကြရာ နောက်ပိုင်းတွင် နေသားကျသွားသလို ရှိဧ။်။

နိုင်ငံတကာကျောင်းသားများဝန်ဆောင်မှုဌာနကောင်တာမှ ပေးလိုက်သော ထိုပစ္စည်းကို အသုံးပြုနေကြသည့် နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများမှာလည်း လူမမယ်ကလေးများသဖွယ် အသုံးပြုကြရသည်။ ထိုသို့အသုံးပြုသည့်အတွက်လည်း ရှက်ကြောက်နေပုံမပေါ်ပေ။ အမှန်တကယ်လည်း ရှက်စရာ မဟုတ်ပေ။ ထိုပစ္စည်းသည် လူတိုင်းအတွက် မရှိမဖြစ်အရာဖြစ်နေ၍ပင်။ ထိုသို့သော လူမမယ်နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများထဲမှ ကျောင်းသားတစ်ဦးဖြစ်သည့် စာရေးသူအဖို့လည်း ထိုပစ္စည်းမှာ မရှိမဖြစ် အဆောင်တော် ဖြစ်နေလေပြီ။ ၎င်းမှာ ကြာရှည်ခံမည့်ပုံပေါ်သည်။ သို့သော် ယခုနှစ်အကုန် မြန်မာနိုင်ငံသို့ ပြန်သည်အထိ ထိုပစ္စည်း မပျက်မစီးဘဲ ရှိနေခဲ့လျှင်မူ ပြန်သယ်မသွားဘဲ အဆိုတော်ဖိုးကာဧ။် “လမ်းခွဲ” သီချင်းကို အားပါးတရ သီဆိုရင်း သြစတြေးလျတွင် ထားခဲ့လိုက်မည်ဟု တွေးထားသည်။

ဟော့ … စာရေးနေရင်း ရေဆာသလို ဖြစ်လာသည်။ စာရေးသူဧ။် ဘယ်လက်က ထိုပစ္စည်းရှိရာဆီသို့ အလိုလို ရောက်သွားလေပြီ။

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၁၉ ၊ ၅၊ ၂၀၁၆ (ကြာသပတေးနေ့)

No comments:

Post a Comment