Saturday 21 May 2016

ဘာသာစကားနှစ်ခုပူးတွဲပညာသင်ကြားရေးနှင့် မြန်မာ့ရှေ့အလားအလာ

သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့ရှိ Western Metropolitan Region အတွင်းရှိ Windham Primary School ( ဝင်ဒန်မူလတန်းကျောင်း)တွင် အင်္ဂလိပ်-ကရင် နှစ်ဘာသာတွဲပညာသင်ကြားရေးအစီအစဉ်ကို စတင်လာသည်မှာ ၂၀၀၉  ခုနှစ်ကတည်းက ဖြစ်သည်။ ဝင်ဒန်ရပ်ကွက်တွင် သြစတြေးလျသို့ ဒုက္ခသည်အဖြစ်ရောက်ရှိလာသော ကရင်လူဦးရေ အလွန်များသည်။ ထို့ကြောင့် အင်္ဂလိပ်-ကရင် နှစ်ဘာသာပူးတွဲပညာသင်ကြားရေးအစီအစဉ် စတင်လာခြင်း ဖြစ်သည်။ ထိုအစီအစဉ်ကို မဲလဘုန်းတက္ကသိုလ်မှ စမ်းသပ်အစီအစဉ်အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။

ကရင်ကျောင်းသား၊ကျောင်းသူများအပြင် သြစတြေးလျနှင့် အခြားဘာသာစကားနောက်ခံ ကျောင်းသား၊ကျောင်းသူများလည်း ပါဝင်သည်။ ကျောင်းသား၊ကျောင်းသူများ ၂၀၀၉  ခုနှစ်တွင် မူကြိုကျောင်းသား၊ ကျောင်းသူများဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ကျောင်းသား၊ကျောင်းသူများဧ။် တိုးတက်မှုကို လေ့လာသုတေသန ပြုထားသည်။ မှတ်တမ်းတင်ထားသည်။ ထိုအစီအစဉ်ကို ကျောင်းသား၊ကျောင်းသူများမှာ အထူးနှစ်သက်ကြသည်။ ကရင်မိဘများမှာလည်း သူတို့ သားသမီးများ ကရင်စကားလည်း ပြောတတ်သလို အင်္ဂလိပ်စကားလည်း တိုးတက်ကြောင်း ပြောကြသည်။တတိယတန်း (၂၀၁၃ ခုနှစ်) သင်တန်းသင်ကြားရာတွင် သင်ကြားရာတွင် ကရင်လူမျိုးဆရာ၊ ဆရာမများက ကရင်ဘာသာစကားဖြင့် ၂ ရက်သင်ကြားပြီး သြစတြေးလျဆရာ၊ ဆရာမများက အင်္ဂလိပ်ဘာသာစကားဖြင့် ၃ ရက်သင်ကြားသည်။ မူကြိုတန်း (၂၀၀၉  ခုနှစ်) သင်ကြားရာ၌ ကရင်ဘာသာစကားအချိန်က ပိုများသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် သင်သည့်အချိန်က ပိုနည်းသည်။ ရည်ရွယ်ချက်မှာ ကရင်ဘာသာစကားကို စောစီးစွာ ကျွမ်းကျင်နိုင်အောင် ဖြစ်သည်။ နောက်အတန်းကြီးလာသောအခါ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသည့်အချိန်ကို တိုးတိုးလာသည်။ သို့သော် ကျောင်းသား၊ ကျောင်းသူများမှာ ထိုအချိန်တွင် ကရင်ဘာသာစကားကို အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။


မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံရှိသည်။ ကရင်လူမျိုးသည်လည်း မြန်မာတိုင်းရင်းသားတစ်မျိုးဖြစ်သည်။ သူတို့တွင် သီးခြားဘာသာစကားရှိသည်။ သီးခြားဘာသာစကားဟု မိမိတို့ကိုယ်ကိုယ်သတ်မှတ်သော်လည်း ဒေသိယဘာသာစကား (dialect) အဖြစ် မှတ်ယူကြသော ဘာသာစကားများလည်းရှိကြသည်။ ဥပမာ - ရခိုင်ဘာသာစကား၊ ထားဝယ်ဘာသာစကား တို့ကို မြန်မာ (ဗမာ) ဘာသာစကားဧ။် ဒေသိယဘာသာစကားများအဖြစ် သတ်မှတ်ကြသည်လည်း ရှိသည်။ သို့သော် ရခိုင်များကမူ သီးခြားဘာသာစကားဖြစ်သည်ဟု သတ်မှတ်ကြသည်။ ဘာသာစကားနိုင်ငံရေးသဘောတရားတစ်ခုပင် ဖြစ်ပါဧ။်။

ယခုကဲ့သို့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလာသည့် မြန်မာ့အပြောင်းအလဲကာလတွင် ပညာရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ ပညာရေးဥပဒေကိုလည်း ရေးဆွဲပြဌာန်းနိုင်ကြပြီဖြစ်သည်။ ထိုဥပဒေတွင် တိုင်းရင်းသားဘာသာစကားကို သင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုခွင့်ရှိသည် ဟူသော အချက်ပါသည်။ သို့သော် တိုင်းရင်းသားဘာသာစကား နှင့် နိုင်ငံတော်ဘာသာစကားဖြစ်သော မြန်မာဘာသာစကားတို့ နှစ်ခုလုံးအသုံးပြုသင်ကြားသော အထက်ပါသင်ကြားရေးအစီအစဉ်နှင့်အလားတူ သင်ကြားရေးအစီအစဉ်များကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးလိုအပ်နေပေပြီ။ ယခင်က မြန်မာဘာသာစကားဖြင့်သာ တောက်လျှောက်သုံးလာစေခဲ့ပြီး တိုင်းရင်းသားဘာသာစကားများကို အလေးမပေးသဖြင့် တစ်ချို့ဘာသာစကားများမှာ ပျောက်ကွယ်ခဲ့ရပြီ။ လီဆူး၊ ရဝမ် စသော ဘာသာစကားများမှာလည်း ပျောက်ကွယ်တော့မည့်အရေးကို အကြီးအကျယ် ရင်ဆိုင်နေရလေပြီ။ ထို့ကြောင့် မြန်မာဘာသာစကားကိုလည်း တတ်မြောက်စေနိုင်ပြီး၊ မိခင်ဘာသာစကားကိုလည်း ထိန်းသိန်းနိုင်စေသော ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် နှစ်ဘာသာပူးတွဲပညာသင်ကြားရေးအစီအစဉ်များကို အမှန်တကယ်လိုအပ်သည့် နေရာဒေသများတွင် အကောင်အထည်ဖော်ရန် အထူးလိုအပ်နေပေပြီ။

သတင်းကောင်းတစ်ခုမှာ အထက်ပါ ဝင်ဒန်မူလတန်းကျောင်း၌ ကရင်-အင်္ဂလိပ်ဘာသာစကားပူးတွဲပညာသင်ကြားရေးအစီအစဉ်ကို ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခဲ့သော မဲလဘုန်းတက္ကသိုလ်မှ ပါမောက္ခကြီးကိုယ်တိုင်ဦးစီး၍ မန္တလေးတက္ကသိုလ်တွင် (၂၀၁၆) ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ "ယဉ်ကျေးမှုမျိုးစုံ၊ ဘာသာမျိုးစုံအအခြေအနေများ၌  ဘာသာစကားမူဝါဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကြီး" (International Conference on Language Policy in Muliticultural and Multilingual Settings) ကို ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအစည်းအဝေးသို့ နိုင်ငံတကာပညာရှင်များအပြင် မြန်မာနိုင်ငံမှ ပညာရှင်များ၊ မူဝါဒရေးဆွဲသူများပါ တက်ရောက်၍ စာတမ်းဖတ်ကြားခဲ့ကြသည်။ စာတမ်းဖတ်ပွဲကြီးဧ။် စာတမ်းပေါင်းချုပ်စာအုပ် (Conference proceedings) မှာ ထွက်မလာသေးပေ။ ထိုစာတမ်းများသည် မြန်မာနိုင်ငံဧ။် ဘာသာစကားမူဝါဒနှင့်ပတ်သက်၍ အလွန်အရေးပါလာပေလိမ့်မည်။ အကောင်အထည်ဖော်လျှင် မြန်မာ့ရေမြေသဘာဝနှင့် အလွန်ကိုက်ညီသော ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်လာနိုင်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ပါ တစ်ဘက်မှ အထောက်အကူပြုနိုင်မည်မှာ မလွဲပေ။

ထိုသို့သော နှစ်ဘာသာပူးတွဲဘာသာစကားသင်ကြားရေးအစီအစဉ်များကို အကောင်အထည်ဖော်လာနိုင်သောအခါ မဲလဘုန်းမြို့တွင် ကရင်လူဦးရေများသောရပ်ကွက်၌ ကရင်-အင်္ဂလိပ်ဘာသာစကားပူးတွဲပညာသင်ကြားသည့် မူလတန်းကျောင်း ဖွင့်ပေးသကဲ့သို့ ရန်ကုန်မြို့တွင်လည်း ကရင်လူဦးရေများသော ရပ်ကွက်၌ မြန်မာ-ကရင်ဘာသာစကားပူးတွဲပညာသင်ကြားသည့် မူလတန်းကျောင်း ဖွင့်ပေးရန်လိုလာပေလိမ့်မည်။ ရခိုင်လူဦးရေအများစုဖြစ်သော ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခု၌ မြန်မာ-ရခိုင်ဘာသာစကားပူးတွဲပညာသင်ကြားရေးအစီအစဉ်ဖြင့် သင်ကြားသည့် မူလတန်းကျောင်းပုံစံ ပြောင်းလဲပေးရန် လိုအပ်သလို ချင်းလူဦးရေများသည့် ရပ်ကွက်ရှိ မူလတန်းကျောင်းကိုလည်း အသွင်ပြောင်းလဲရန် လိုအပ်ပေမည်။ သို့မှသာ ထိုထိုသော လူမျိုးများဧ။် မိခင်ဘာသာစကားကိုလည်း ကလေးများ ပြောဆို၊ ရေးသား၊ နားလည် ကျွမ်းကျင်သည့်အပြင် မြန်မာဘာသာစကားကိုလည်း ကျွမ်းကျင်လာကြပေမည်။ ထို့ပြင် ထိုသို့သော မြန်မာ-ကရင်ဘာသာစကားပူးတွဲသင်ကြားသည့် မူလတန်းကျောင်းတွင် တက်ရောက်သော အခြားလူမျိုးအနည်းငယ်လည်း ရှိပေမည်။ သူတို့လည်း အကျိုးမယုတ်ပေ။ မိမိတို့နှင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် သွေးချင်းမောင်နှမတိုင်းရင်းသားတို့ဧ။် မိခင်ဘာသာစကားတစ်ခုကို တတ်မြောက်သွားသည် မဟုတ်ပါလော။ ထိုသို့ တတ်မြောက်လာခြင်းနှင့်အတူ အားလုံးပြောနေကြသည့် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးလည်း ဖြစ်လာပေမည်။ 

ဤသို့သော ဘာသာစကားပူးတွဲပညာသင်ကြားရေးအစီအစဉ်များ (bilingual education programs) သည်သာ မြန်မာ့ရေမြေသဘာဝနှင့် အကိုက်ညီဆုံးသော အစီအစဉ်များ ဖြစ်ပါသည်။ အထူးသဖြင့် မူလတန်းအတွက် ဘာသာစကားပူးတွဲပညာသင်ကြားရေးအစီအစဉ်များ အမြန်ဆုံးအကောင်အထည်ဖော်ရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ရေးသားတိုက်တွန်းလိုက်ပါရစေ။

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၂၂၊ ၅၊ ၂၀၁၆ (တနင်္ဂနွေနေ့)

Appendici.................

1. သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့ရှိ ကရင် - အင်္ဂလိပ် နှစ်ဘာသာပူးတွဲပညာသင်ကြားရေးအစီအစဉ် မှတ်တမ်းများအကြောင်းကို အသေးစိပ်လေ့လာရန် လင့် >>>https://fuse.education.vic.gov.au/pages/View.aspx?id=72ad82aa-c3c8-4ca3-aa58-9c046ba02633&Source=%252fpages%252fView.aspx%253fid%253d31861e87-74a7-47cf-bb0a-f86a6fcebda8%2526Source%253d%2525252fpages%2525252fView.aspx%2525253fpin%2525253dNM2HMC

2. ၂၀၁၆ - ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့သော စာတမ်းဖတ်ပွဲကြီးနှင့်ပတ်သက်၍ အသေးစိပ်လေ့လာနိုင်ရန် လင့် >>> http://www.myanmarnlp-conference.com

3. ဒုက္ခသည်မိသားစုများဧ။် ကလေးများအတွက် အထောက်အပံ့အစီအစဉ်များကို လေ့လာရန် လင့် >>> http://www.education.vic.gov.au/school/teachers/teachingresources/diversity/eal/pages/ealsupportrefugee.aspx

4. သြစတြေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်အတွင်းရှိ ဂျာမန်၊ ပြင်သစ်၊ ဂျပန် စသော ဘာသာစကားတစ်ခုစီနှင့် အင်္ဂလိပ်ဘာသာစကားတို့ ပူးတွဲပညာသင်ကြားရေးအစီအစီရှိသည့် ကျောင်းများနှင့် သင်ကြားသည့် အစီအစဉ်များကို လေ့လာရန် လင့် >>> http://www.education.vic.gov.au/school/principals/curriculum/Pages/languagebilingual.aspx

5. သြစတြေးလျနိုင်ငံ၊ ဘာသာစကားမူဝါဒအရ သြစတြေးလျကျောင်းသားများသည် အင်္ဂလိပ်စကားအပြင် အခြားသော ဘာသာစကားတစ်ခုကို မဖြစ်မနေသင်ယူရသည်။ Source: http://www.acara.edu.au/curriculum_1/learning_areas/languages.html

6. Appendix (1) တွင် ပေးထားသော လင့်ထဲမှ Karen Bilingual Education Program (2013) မှတ်တမ်းကို ဥပမာအဖြစ် ကြည့်ရှုနိုင်ရန် အောက်တွင် တင်ပေးလိုက်ပါသည်။ (မူရင်းလင့်တွင် ၂၀၀၉ ၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ အတွက် မှတ်တမ်းဗွီဒီယိုများကိုပါ အောက်ပါ ၂၀၁၃ မှတ်တမ်းနှင့်အတူ လေ့လာနိုင်ပါသည်။)



No comments:

Post a Comment