Sunday 1 May 2016

စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းကြည့်ခြင်း


 လူသားတွေကောင်းကျိုးအတွက်ရည်ရွယ်ပြီး လူသားဆိုင်ရာကိစ္စရပ်တွေကို ကမ္ဘာလုံးဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးတွေ ဖွဲ့စည်းပြီး လေ့လာစောင့်ကြည့် သုတေသနပြု တင်ပြကြတာတွေ ရှိနေခဲ့တာ ကြာပါပြီ။ ကမ္ဘာလုံးဆိုင်ရာအဖွဲ့တွေကို ကြည့်ရရင် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)၊ နိုင်ငံတကာမီဒီယာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Media Watch International) စတဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ရှိကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြည့်ရင် တနင်္သာရီတိုင်းသဘာဝသယံဇာတလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Tanintharyi Natural Resource Watch)၊ ချင်းပြည်သဘာဝသယံဇာတလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Chinland Natural Resources Watch)၊ ရခိုင်လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Arakan Human Rights Watch) ဆိုတဲ့ အဖွဲ့အစည်းတွေ ရှိနေပါပြီ။ ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်တွေကို လေ့လာစောင့်ကြည့်ပြီး အများပြည်သူသိအောင် ချက်ကျလက်ကျ တင်ပြနိုင်ခြင်းဟာ အင်မတန် အရေးပါလှပါတယ်။ ဒီလို အရေးပါတဲ့ လူ့အရေးအရာတွေကို စောင့်ကြည့်တဲ့အဖွဲ့တွေ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ရှိနေပေမယ့် အရေးကြီးဆုံးလူ့အရေးအရာတစ်ခုကို လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကြီးတစ်ခုကတော့ ခုထိ မပေါ်ပေါက်သေးတာအမှန်ပါပဲ။ အဲဒီအရေးကြီးဆုံး လူ့အရေးအရာတစ်ခုဆိုတာက “စိတ်” ပါပဲ။ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Mind Watch) ကို ကမ္ဘာလုံးဆိုင်ရာအဖွဲ့ကြီးအဖြစ် ဖွဲ့စည်းသင့်တယ်လို့ မြင်မိပါတယ်။

ဘာကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Mind Watch) ကို ဖွဲ့စည်းသင့်သလဲ၊ ဘာကြောင့် ဒီအဖွဲ့ ရှိဖို့လိုအပ်သလဲလို့ မေးကြပါလိမ့်မယ်။ ဒီမေးခွန်းအတွက် ရိုးရိုးလေးအဖြေပေးရရင် စိတ်ဟာ လူသားတိုင်းဆီမှာ အမြဲတမ်းရှိနေလို့ပဲလို့ ဖြေဖြစ်မှာပါ။ ခပ်ကျယ်ကျယ်လေးဖြေရရင် စိတ်ကြောင့်ပဲ လူသားတွေ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို သိမြင်လာနိုင်ပါတယ်။ ဒီစိတ်ကပဲ လူသားတွေ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပဲဖြစ်ဖြစ် အဆိုးလုပ်ဖြစ်သွားစေအောင် တွန်းအားပေးပါတယ်။ ဒီစိတ်ကပဲ လူသားတွေ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပဲဖြစ်ဖြစ် ကောင်းကျိုးဖြစ်စေနိုင်အောင် စွမ်းဆောင်ဖို့ တွန်းအားပေးပြန်ပါတယ်။ ဒီစိတ်ကို သတိနဲ့မစောင့်ကြည့်ဘူး၊ ထိန်းချုပ်မထားဘူးဆိုရင် လူတစ်ယောက်ဟာ တိရစ္ဆာန်တစ်ကောင်လို ကြောက်စရာကောင်းလာမှာ အမှန်ပါပဲ။ စိတ်အကြောင်းကို ပြောရင် ဆုံးနိုင်ဖွယ်မရှိပါဘူး။ အလင်းဟာ တစ်စက္ကန့်မှာ ကီလိုမီတာသုံးသိန်းကျော်နှုန်းနဲ့ သွားနိုင်ပါတယ်။ သို့သော် စိတ်ဟာ အလင်းထက်လည်း အဆထောင်ပေါင်းများစွာ ပိုမြန်ပါတယ်။ သိပံ္ဗပညာရှင်တွေ တိုင်းတာချက်အရ စိတ်ရဲ့ အမြန်နှုန်းဟာ  တစ်စက္ကန့်ကို (၇) ပုံပုံလိုက်ရင် (၁) ပုံခန့်လောက်သာ ကြာမြင့်ပါသတဲ့။ တစ်နည်းအားဖြင့် မျက်တောင်တစ်မှိတ်မျှသောအချိန်ရဲ့ တစ်ဝက်ခန့်သာ ကြာမြင့်ပါသတဲ့။ လွန်ခဲ့တဲ့ နှစ် (၂၅၀၀) ကျော်က ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် အလားတူ ဟောကြားထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီလောက်ထိမြန်တဲ့စိတ်ဟာ ကောင်းတာ၊ ဆိုးတာတွေကို လင်းခနဲ လက်ခနဲ တွေးတောကြံစည်မိတတ်ကြတာ တရားထိုင်ပြီး အာရုံတစ်ခုတည်းမှာ စုစည်းဖို့ကြိုးစားကြည့်ဖူးသူတိုင်း သိနိုင်ပါတယ်။ စိတ်ကို ချုပ်တည်းဖို့ အင်မတန် ခက်ခဲတယ်ဆိုတာကို တရားထိုင်ကြည့်ရင် သိနိုင်တာအမှန်ပါပဲ။ ဗုဒ္ဓဘာသာမှာ ဘုရားက စိတ်ကိုပဲ မဏ္ဍိုင်ပြု ဟောကြားတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးရဲ့ မူလမုခ်ဦးမှာ “စိတ်” ဆိုတဲ့ စကားတစ်လုံးကိုပဲ ရေးထွင်းထားခဲ့တာ ဗုဒ္ဓဘာသာရဲ့ မဏ္ဍိုင်ကို ပုံဖော်ရေးထွင်းထားခဲ့တာလို့ပဲ နားလည်မိပါတယ်။ အတွေးအခေါ်ပညာရှင် ဆိုကရေးတီးက “ဝေဖန်ဆန်းစစ်မှုမရှိတဲ့ဘဝဟာ အသက်ရှင်မနေထိုက်တဲ့ဘဝပါပဲ” တဲ့။ သူ့စကားကို ဆန်းစစ်ကြည့်လိုက်ရင်လည်း “ဝေဖန်ဆန်းစစ်မှု” ဆိုတဲ့ စိတ်အလေ့အကျင့်တစ်ခုရဲ့ အရေးပါမှုကို သွားတွေ့ရပါလိမ့်မယ်။ အခြားဘာသာတရားတွေမှာ အလေးထားတဲ့ ယုံကြည်သက်ဝင်မှုဆိုတာဟာလည်း စိတ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဘာသာမဲ့တွေဆီမှာလည်း လူတွေအပေါ် လူပီသစွာ ဆက်ဆံတတ်တဲ့ စိတ်ထားသာအဓိကဆိုတဲ့ စိတ်ကို အလေးပေးမှုကို တွေ့မြင်ခံစားမိပါတယ်။ ဒီတော့ စိတ်ဆိုတာ ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ ဘုံဆိုင်အရေးအရာတစ်ခုဆိုရင် မှားမှာမဟုတ်ပါဘူး။ ဒီအချက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီး (Mind Watch) ကို ဖွဲ့စည်းသင့်တယ်လို့ ဆိုနေခြင်းပါပဲ။

ဟုတ်ပါပြီ။ ကမ္ဘာလုံးဆိုင်ရာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီး (Mind Watch) ကို ဖွဲ့စည်းကြမယ်ဆိုပါစို့။ ဒီတော့ အဲဒီအဖွဲ့ထဲမှာ ဘယ်သူတွေ ပါဝင်ရမှာလဲ၊ ဘယ်သူတွေ ဦးဆောင်သင့်တာလဲ၊ ဘယ်သူတွေက စိတ်ကိုလေ့လာစောင့်ကြည့်အစီရင်ခံကြမှာလဲ၊ ဘယ်သူတွေရဲ့ စိတ်ကို ဦးစားပေးစောင့်ကြည့်ပေးရမှာလဲ၊ လေ့လာစောင့်ကြည့်နေရုံပဲလုပ်မှာလား၊ လေ့လာစောင့်ကြည့်ခံရသူတွေရဲ့ စိတ်ကို ပြင်ဆင်ပေးဖို့ကော လိုအပ်သလား၊ ပြင်ဆင်ပေးဖို့လိုအပ်တယ်ဆိုရင် ဘယ်လိုပြင်ဆင်ပေးကြမှာလဲ၊ စိတ်ကိုလေ့လာစောင့်ကြည့်သူတွေကိုယ်တိုင်ကလည်း မိမိကိုယ်တိုင်ရဲ့ စိတ်ကို ကိုယ်တိုင်လေ့လာစောင့်ကြည့်ပြီး အကောင်းဘက်သို့ အမြဲပြင်ဆင်ပေးဖို့ လိုအပ်၊မလိုအပ် စသည်ဖြင့် မေးခွန်းတွေက စီကာရီကာ ပေါ်လာပါပြီ။ ဒါတွေဟာ အဖွဲ့ကြီးရဲ့ မူဝါဒ စည်းကမ်းဘောင်လို့ဆိုရင်လည်း မှန်ကန်ပါလိမ့်မယ်။

ဒီတော့ ကမ္ဘာလုံးဆိုင်ရာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးထဲမှာ အဖွဲ့ဝင်တွေအဖြစ် ဘယ်သူတွေ ပါဝင်နိုင်သလဲဆိုရင် စိတ်ဆိုတာ ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ ဘုံဆိုင်အရေးအရာဆိုကတည်းက ကမ္ဘာသူကမ္ဘာသားအားလုံး ပါဝင်နိုင်ပါလိမ့်မယ်။ ကမ္ဘာသူကမ္ဘာသားအားလုံးဆိုတော့ ကမ္ဘာ့နိုင်ငံအားလုံးကို ကိုယ်စားပြုသပေါ့။ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) လိုပဲ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Mind Watch) အနေနဲ့ ကုလသမဂ္ဂလက်အောက်မှာ ဖွဲ့စည်းရင်ကောင်းမလား၊ သီးခြားအဖွဲ့ကြီးအနေနဲ့ ဖွဲ့စည်းရင် ကောင်းမလားဆိုတဲ့အချက်ကိုလည်း စဉ်းစားစရာပါပဲ။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အောက်မှာ အဖွဲ့ခွဲအနေနဲ့ ဖွဲ့စည်းရင်တော့ အဖွဲ့ကြီးရဲ့ အရှိန်အဝါနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကမ္ဘာအနှံ့ ပိုပြီး တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော်နိုင်ပေမပေါ့။ ဘယ်သူတွေက ဦးဆောင်မှာလဲဆိုရင် လူသားတွေရဲ့ စိတ်ကို နှံ့စပ်ကျမ်းကျင်တဲ့ စိတ်ပညာရှင်တွေ၊ လူသားတွေရဲ့ စိတ်ကို ပဲ့ပြင်ထိန်းကွပ်ဆုံးမပေးတတ်တဲ့ ဘာသာရေးဆရာကြီးတွေ၊ လူသားတွေရဲ့ စိတ်ကို လွှမ်းမိုးတဲ့နေရာမှာ အင်မတန်အရေးပါတဲ့ ပညာရေးပညာရှင်ကြီးတွေက ဦးဆောင်သင့်တယ်လို့ အဆိုပြုချင်ပါတယ်။ သူတို့တွေက စိတ်ကိုလေ့လာစောင့်ကြည့်ပြီး အများပြည်သူသိအောင် အစီရင်ခံတင်ပြသင့်ပါတယ်။ ဘယ်သူတွေရဲ့ စိတ်ကို ဦးစားပေးလေ့လာစောင့်ကြည့်ရမှာလဲဆိုရင် ငယ်စဉ်ကစပြီး အရွယ်ရောက်တဲ့အထိ လူငယ်လူရွယ်တွေရဲ့ စိတ်ကို အဓိကဦးစားပေးလေ့လာစောင့်ကြည့်ရမယ်လို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ တက်ကြွတဲ့ လက်တွေ့လေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင်တွေထဲမှာ ဆရာနဲ့ မိဘတွေက အဓိက ပါဝင်ပါလိမ့်မယ်။ လူငယ်လူရွယ်တွေရဲ့ ဘဝအချိန်တွေအများစုမှာ သူတို့တွေက အဓိက ထိတွေ့ဆက်ဆံကြရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Mind Watch) ကို ဖွဲ့စည်းဖို့ကော ဖြစ်နိုင်မှာလားလို့ စာရှုသူတွေ သံသယစိတ်နဲ့ မေးခွန်းထုတ်မိကြပါလိမ့်မယ်။ စာရေးသူကိုယ်တိုင်လည်း ဒီကိစ္စကို အင်မတန့်အင်မတန် ခက်ခဲမယ့် အလုပ်ကြီးတစ်ခုလို့ ရှုမြင်မိပါတယ်။ ဒီလို မတန်တဆ စိန်ခေါ်မှုကြီးရဲ့ အကြောင်းရင်းခံကို ပြောကြည့်ပါမယ်။ ပထမတစ်ချက်က လူတွေရဲ့ စိတ်ကိုလေ့လာစောင့်ကြည့်ပြီး ပြင်ဆင်တည့်မတ်ပေးတယ်ဆိုရင် လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးဆုံးရှူံးစေတယ် စတဲ့အချက်တွေကို အကြောင်းပြုပြီး လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) နဲ့ ထိပ်တိုက်ဖြစ်လာဖို့ ရာနှုန်းပြည့် သေချာနေပါတယ်။ ဒုတိယအချက်အနေနဲ့ ဦးဆောင်ပါဝင်မယ့်သူတွေဟာ ဘာသာမျိုးစုံက ဆရာ့ဆရာကြီးတွေ၊ ထိပ်တန်းပညာရေးပညာရှင်ကြီးတွေ၊ ထိပ်တန်းစိတ်ပညာရှင်ကြီးတွေဆိုတဲ့အခါမှာ အယူအဆမတူတာတွေ၊ ကွဲပြားတဲ့ ခံယူချက်တွေကို ပထမဆုံး အကြီးအကျယ် ညှိနှိုင်းရပါလိမ့်မယ်။ ဒီလို ညှိနှိုင်းတိုင်ပင်သည့်တိုင်အောင် အကြီးအကျယ်သဘောထားကွဲမှုတွေ ရေရှည်မှာ ရှိလာနိုင်ပါတယ်။ တစ်ဘက်က ကောင်းတယ်လို့မြင်ပေမယ့်၊ အခြားတစ်ဘက်က ဆိုးတယ်လို့ မြင်နေတဲ့ပုံစံမျိုးတွေ အများကြီး ရှိနိုင်တာပါပဲ။ တတိယတစ်ချက်အနေနဲ့ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း ကွဲပြားနေတဲ့ လောကကို တညီတည်းဖြစ်အောင် ညှိလိုက်ဖို့က မဖြစ်နိုင်ပြန်ပါဘူး။ ဘယ်လိုပဲ လူ့စိတ်ကို အကောင်းဘက်ကို တည်မတ်ပေးတည့်မတ်ပေး အဆိုးဘက်ကို တိမ်ညွတ်သူတွေ မလွဲမသွေ ရှိနေမှာပါပဲ။ အစက ကောင်းပြီး၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် နောင် အဆိုးဘက်သို့ ဦးတည်သွားသူတွေ၊ အစက ဆိုးပေမယ့် နောက်ပိုင်း ကောင်းလာသူတွေဆိုတာ ရှိနေမှာ အသေအချာပါပဲ။ စတုတ္ထအချက်အနေနဲ့ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဦးဆောင်ဦးရွက်ပြုသူတွေကိုယ်တိုင်ရော လက်တွေ့အကောင်အထည်ဖော်နေတဲ့ အဖွဲ့ဝင်တွေကိုယ်တိုင်ပါ လူတွေဖြစ်တဲ့အတိုင်း ကိုယ့်စိတ်ကို ကိုယ်တိုင် အမြဲ စောင့်ကြည့်ပြီး အကောင်းဘက်သို့ ပြုပြင်ပြောင်းယူဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ပါပဲ။ မကောင်းမှန်းသိလျက်နဲ့ အခြေအနေအရပ်ရပ်ကြောင့် မစွန့်လွှတ်နိုင်ဘဲ ဆက်လက်လုပ်ဖြစ်နေတာတွေ ရှိပါလိမ့်မယ်။ ဒီလိုအချက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Mind Watch) ဆိုတာ သီအိုရီအရ ကောင်းတယ်ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ လက်တွေ့အကောင်အထည်ဖော်လို့ မဖြစ်နိုင်တာမို့ စိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Mind Watch) ကို စိတ်ကူးနဲ့သာ ဖွဲ့စည်းကြည့်လိုက်ပါရစေဗျာ။ အများစိတ်ကို စောင့်ကြည့်ဖို့ မလွယ်ကူလှပေမယ့် ကိုယ့်စိတ်ကိုယ်တော့ စောင့်ကြည့်ပြီး လူကောင်းလူတော်တွေဖြစ်အောင် ကြိုးစားကြပါစို့ရဲ့ ။

(အတွေးအက်ဆေးတစ်ပုဒ်သာ…)

ကျမ်းကိုး
---------
What is the speed of thought? Retrieved 1st May, 2016 from http://earthsky.org/human-world/what-is-the-speed-of-thought
Who the Buddha was. Retrieved 1st May, 2016 from http://www.buddhas.net/who.html

By:
ဇွဲသစ် (ရမ္မာမြေ)

၂၄၊ ၁၀၊ ၂၀၁၅ (စနေနေ့)

No comments:

Post a Comment