Saturday 4 June 2016

ဆယ်လဖီနှင့် စကားစမြည်


ကျွန်တော် လာထရုပ်တက္ကသိုလ်ကျောင်းဆောင်တွင် ပြောင်းရွှေ့နေလာသည်မှာ လေးလရှိလာပေပြီ။ မှတ်မှတ်ရရ ၂၀၁၆ ဖေဖော်ဝါရီ (၂၀) ရက်နေ့က ကျောင်းဆောင်သို့ ပြောင်းလာခဲ့ခြင်း ဖြစ်ပါဧ။်။

ဤကာလတလျောက် ရန်ကုန်ပညာရေးတက္ကသိုလ် အဆောင်နေကျောင်းသားဘဝကိုလည်း အမှတ်ရနေမိသည်။ ၂၀၀၅ ခုနှစ်က ဖြစ်ပါဧ။်။ ကျွန်တော်တို့အိမ်မှာ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းအနီးတွင် တည်ရှိသဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ သွားရန် မိနစ်ခန့် ခြေကျင်လျှောက်ရသည်။ အလွန်ဆုံး ၁၀ မိနစ်ခန့်သာ ကြာတတ်သည်။ ကျောင်းဆောင်မနေလျှင်လည်း ဖြစ်သည့်အခြေအနေပင်။ သို့သော် တက္ကသိုလ်ကျောင်းသားကြီး ကျွန်တော်မှာ တက္ကသိုလ်ကျောင်းဆောင်နေဘဝကို အပြည့်အဝ ခံစားချင်သမို့ နှစ်တစ်ဝက်စာ အဆောင်နေအတွေ့အကြုံကို ယူချင်သည်။ မိသားစုကို ပြောသည်။ သူတို့ကလည်း ခွင့်ပြုသည်။ သို့ဖြင့် အဆောင်နေကျောင်းသားဘဝကို လေးလတာ ခံစားဖြစ်ခဲ့သည်။

ယခု အဆောင်နေကျောင်းသားဘဝမှာ နေရာဌာနပြောင်းသွားသော်လည်း ခံစားချက်မှာ မတိမ်းမယိမ်းပင် ဖြစ်ဧ။်။ သို့သော် မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူအဆောင်များနှင့် မတူသည့်အချက်များစွာ ရှိသည်။ ပရိဘောဂအသုံးအဆောင် စသည် ကွာခြားချက်များကို မပြောလိုတော့။ ထူးခြားချက်များကိုသာ ဆိုချင်သည်။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အဆောင်နေစဉ် ယောက်ျားလေးဆောင်၊ မိန်းကလေးဆောင်ဟူ၍ သီးသန့်ရှိသည်။ ရှိနေဆဲပင် ဖြစ်သည်။ သို့သော် သြစတြေးလျနိုင်ငံတွင်မူ ကျောင်းဆောင်များတွင် ကျောင်းသား၊ ကျောင်းသူ ရောနေကြသည်။ တစ်ချို့အခန်းများမှာ တစ်ယောက်ခန်းဖြစ်ပြီး၊ တစ်ချို့အခန်းများမှာ ယောက်တွဲခန်း ဖြစ်သည်။ ကျာင်းဆောင်တွင် အဆောင်မှူးဆရာ၊ Hall tutor ဆရာဟူ၍ မထားပါ။ အဆောင်နေ ကျောင်းသားခေါင်းဆောင်တစ်ဦးဦးကိုသာ အများသဘောတူရွေးချယ်၍ အဆောင်မှူးသဘောမျိုး တာဝန်ပေးထားသည်။ ထိုသူကို ကျောင်းမှ လစာသီးသန့်ပေးမထားသော်လည်း အကျိုးခံစားခွင့်အချို့ ပေးထားသည်။ထိုအကျိုးခံစားခွင့်များတွင် နှစ်ယောက်စာအခန်းကျယ်ကြီးနှင့် ရေချိုးခန်း၊ မီးဖိုခန်းသီးသန့် ပေးထားခြင်းအပြင် သာမန်ကျောင်းသားတစ်ယောက် တစ်လစာ ဒေါ်လာ (၅၅၀) ပေးရလျှင် (၅၀၀) သာ ပေးရခြင်းလည်း ပါဝင်သည်။ ထိုကျောင်းသားခေါင်းဆောင်မှပင် ဦးဆောင်၍ ပါတီပွဲ၊ ကျောင်းဆောင်အစည်းအဝေး၊ ကျောင်းဆောင်ရှိ အခြားကိစ္စအဝဝကို တာဝန်ယူစီစဉ်ပေးရသည်။

လိုရင်းမရောက်ဘဲ လေရှည်နေသည်ဟု ပြောကြပေတော့မည်။ အမှန်က ခေါင်းစဉ်ပေးထားသည့်အထဲမှ ဆယ်လဖီမှာ ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်သည့်အခါ ခေါ်သည့် Selfie ဟူသော စကားလုံးကို မဆိုလိုပေ။ ဆယ်လဖီမှာ ကျွန်တော်တို့ လာထရုဘ်တက္ကသိုလ်တွင် တက်ရောက်နေသည့် သြစတြေးလျသူ B.Ed ကျောင်းသူမလေးပင် ဖြစ်ပါသည်။ စကားစမြည်ပြောရန် ဖန်လာသည်မှာလည်း အထက်ပါ ကျောင်းဆောင်နေခြင်းဧ။် အကျိုးဆက်တစ်ခုဖြစ်သဖြင့် နိဒါန်းချီနေခြင်းသာ ဖြစ်ပါဧ။်။ ကိုယ်က M.Ed တက်နေသူ၊ သူက B.Ed တက်နေသူ ဆိုတော့လည်း ကိုယ့်အတွေ့အကြုံ သူ့အတွေ့အကြုံကို ရံဖန်ရံခါ ထမင်းချက်ခန်းထဲတွင် ချက်ပြုတ်ရင်း၊ စားသောက်ရင်း အမြင်ချင်း ဆွေးနွေးဖလှယ်ဖြစ်ကြသည်။

ယနေ့ သူနှင့် ဆွေးနွေးဖြစ်ကြသည်မှာ သြစတြေးလျနိုင်ငံရှိ B.Ed ကျောင်းသူဘဝပင် ဖြစ်သည်။ အများအားဖြင့် ကျွန်တော်က မေး၊ သူက ဖြေသည်က ပိုများသည်။ သူ့အမည်က ရှယ်လဘီဖြစ်သဖြင့် လေ့ကျင့်သင်ကြားရသည့် ကျောင်းများမှ တပည့်အချို့က နောက်ပြောင်ကာ ဆယ်လဖီ (Selfie) ဟု ခေါ်ကြကြောင်း သူ ပီတိဝေဖြာကာ ပြန်ပြောင်းပြောတတ်စမြဲ။ ထိုရှယ်လဘီ (ခေါ်) ဆယ်လဖီဟူသော သြစတြေးလျသူ B.Ed ကျောင်းသူနှင့် ကျွန်တော့်ဧ။် စကားစမြည်အချို့မှာ အောက်ပါအတိုင်းဖြစ်ပါဧ။်။

ကျွန်တော်။  ရှယ်လဘီက အခု B.Ed နောက်ဆုံးနှစ်နော်။

ရှယ်လဘီ။  ဟုတ်ပါတယ်။ နောက်ဆုံးနှစ်ရဲ့ ပထမနှစ်ဝက်ပေါ့။ ကျွန်မတို့ B.Ed ဘွဲ့အတွက် လေးနှစ်တက်ရတာဆိုတော့ 7th Semester ပေါ့ရှင်။

ကျွန်တော်။  ။ သြော် … ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပညာရေးတက္ကသိုလ်ဆိုပြီး သီးသန့်ရှိတယ်ဗျ။ ကျွန်တော်တို့ B.Ed တက်ခဲ့စဉ်ကတော့ ၄ နှစ်တက်ပြီး ဘွဲ့ရပါတယ်။ အခု လောလောလတ်လတ် ပညာရေးပြုပြင်ပြောင်းလဲမှုအရတော့ ၅ နှစ်တက်မှ ဘွဲ့ရတော့မယ်ဗျ။

ရှယ်လဘီ။  ။ ဟုတ်လား။

ကျွန်တော်။  ။ အင်း။ စကားမစပ် ဟိုနေ့က ဖေ့ဆ့ဘုတ်မှာ တင်ထားတာ တွေ့လိုက်တယ်။ စာတွေသင်နေရတယ်ဆို … အဲဒါ အဆင်ပြေရဲ့လား။

ရှယ်လဘီ။  ။ ဟုတ်။ အဆင်ပြေပါတယ်။ စာသင်တာက မဲလဘုန်းမြို့က ကျောင်းတစ်ကျောင်းမှာ လက်တွေ့တန်းပြဆင်းရတာလေ။ Placement ဆင်းရတာပေါ့။

ကျွန်တော်။  ။ အဲလိုလား။ ကျွန်တော့်အတွက်တော့ Placement ဆိုတဲ့ စကားလုံးက စကြားဖူးတုန်းက အထူးအဆန်းပဲဗျ။ ကျွန်တော်တို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာတော့ ဒီလိုမျိုး ကျောင်းတွေမှာ လက်တွေ့တန်းပြဆင်းတာကို Bloc teaching ဆိုပြီး သုံးတယ်ဗျ။ ဒါနဲ့ Placement က ဘယ်လောက်ကြာတတ်တာလဲ။ ဘယ်အချိန်တွေကို ဒီလိုမျိုး သွားသင်ရတာလဲဗျ။

ရှယ်လဘီ။  ။ ကျွန်မတို့တွေ Semester တစ်ခုမှာ တစ်ကြိမ်စီ Placement ဆင်းရပါတယ်။ ပုံမှန်အားဖြင့် တစ်ခါဆိုရင် တစ်လလောက် ကြာတတ်ပါတယ်။ ကျောင်းတွေကတော့ တစ်ခါနဲ့တစ်ခါ မတူဘူးပေါ့ရှင်။ တက္ကသိုလ်နဲ့ မဲလဘုန်းမြို့က ကျောင်းတွေနဲ့ ချိတ်ဆက်ထားပြီး လုပ်ဆောင်တဲ့သဘောပေါ့ရှင်။

ကျွန်တော်။  ။ ဟုတ်ကဲ့။ ပုံစံချင်းကတော့ ကျွန်တော်တို့ဆီမှာနဲ့ အတော်လေးဆင်တူတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ ကျွန်တော်တို့ တက်ခဲ့စဉ်စနစ်အရဆိုရင် တတိယနှစ်အပြီးမှာ တစ်ကြိမ်၊ စတုတ္ထအတွင်းမှာ တစ်ကြိမ် bloc teaching ဆင်းရတယ်။ ပထမနှစ်၊ ဒုတိယနှစ်တွေမှာ အတန်းတွင်း သင်ခန်းစာတစ်ခုခုကို အဖွဲ့လိုက် (သို့မဟုတ်) တစ်ယောက်ချင်း သင်စေတဲ့ အလုပ်မျိုးတွေ ပေးတာမျိုးတော့ ရှိပါတယ်။ ဒါနဲ့ စကားမစပ် ဒီစာသင်နှစ်ဝက်ကလည်း ကုန်တော့မှာဆိုတော့ ရှယ်လဘီတို့မှာ စာမေးပွဲတွေ ဘယ်တော့ဖြေရမှာလဲ။

ရှယ်လဘီ။  ။ ကျွန်မတို့မှာ စာမေးပွဲမရှိဘူးရှင့်။

ကျွန်တော်။  ။ ဟင်။ အရင်စာသင်နှစ်ဝက်တွေတုန်းကရော မရှိဘူးလားဗျ။

ရှယ်လဘီ။  ။ ဟင့်အင်း။ ကျွန်မ အခု နောက်ဆုံးနှစ်အထိ စာမေးပွဲ တစ်ခါမှ မဖြေခဲ့ရဖူးဘူး။ ဒါပေမယ့် ကျွန်မရဲ့ အရင်ရည်းစားမှာတော့ တစ်ချို့နှစ်ဝက်တွေမှာ စာမေးပွဲရှိတယ်လို့ ပြောဖူးတယ်။

ကျွန်တော်။  ။ သူကလည်း B.Ed တက်တာပဲလား။ ဘာလို့ ရှယ်လဘီကျတော့ စာမေးပွဲမရှိဘဲ သူ့ကျတော့ စာမေးပွဲရှိတာလဲဗျ။ နားမရှင်းဘူး။

ရှယ်လဘီ။  ။ ဒါက ဒီလိုရှိတယ်ရှင့်။ သူက သိပ္ဗံဘာသာတွဲကို မေဂျာယူထားတယ်လေ။ ကျွန်မက အင်္ဂလိပ်စာသင်ပြနည်းကို မေဂျာယူထားတာ။ တစ်နည်းအားဖြင့် ကျွန်မက ဝိဇ္ဇာဘာသာတွဲပေါ့။ သူတို့ သိပ္ဗံဘာသာရပ်မှာတော့ အတွက်အချက်၊ ဖော်မျူလာ စတာတွေနဲ့ စာမေးပွဲနဲ့ စစ်ကို စစ်ရမယ့်သဘောရှိလို့ ဖြေရတာလေ။ ကျွန်မတို့ ဘာသာရပ်ကတော့ အတွေးအခေါ်၊ အသိအမြင်၊ တီထွင်ကြံဆမှုကိုသာ ဦးစားပေးတဲ့သဘောမျိုးဖြစ်လို့ စာမေးပွဲမဖြေရဘဲ အက်ဆေး၊ Presentation စတာတွေနဲ့ အကဲဖြတ်တဲ့ သဘောမျိုးပါ။ စာမေးပွဲဆိုတာ မလိုအပ်လို့ ဖြစ်မှာပေါ့ရှင်။

ကျွန်တော်။  ။ ကောင်းလိုက်တာဗျာ။ ဒါဆို ကျွန်တော်တို့ M.Ed ဘွဲ့သင်တန်းနဲ့ ပုံစံတူတာပေါ့ဗျ။ ကျွန်တော်ဆိုရင်လည်း အခု တတိယနှစ်ဝက်ပြီးတဲ့အထိ ဘာစာမေးပွဲမှ မဖြေခဲ့ရဖူးဘူး။ Assignment တွေကတော့ မျိုးစုံပဲဗျ။ ဆရာတွေ ကျောင်းသားတွေဆီက လိုချင်တာက ကိုယ်ပိုင်အတွေးအခေါ်၊ တီထွင်ဖန်တီးမှု၊ ကျိုးကြောင်းဆင်ခြင်စဉ်းစားနိုင်မှု၊ ကိုယ့်နဂိုရှိအသိအမြင်တွေကို ပြောင်းလဲတော်လှန်ပြီး အကောင်းဆုံးအခြေအနေကို ဖန်တီးလိုတဲ့စိတ်တွေ တဖွားဖွားပေါ်လာစေနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဝေဖန်စဉ်းစားတင်ပြတတ်မှုတွေကို ပေးနိုင်ဖို့ပဲလို့ ကျွန်တော် လေ့လာမှတ်သားမိပါတယ်။ ဒါတွေကို ကျောင်းသားတွေဆီမှာ ကိုယ်ပိုင်ကိုယ်ဆိုင် ရရှိစေဖို့ စာတွေများနိုင်သမျှ များများဖတ်ပြီး လက်တွေ့ဘဝမှာ ပြန်သုံးနိုင်အောင်အထိ သူတို့ပေးတဲ့ အဆိုင်းမင့်တွေက တွန်းအားပေးတာဗျ။ ကျောင်းသားတွေအနေနဲ့ အတော့်ကို ကြိုးစားရတယ်။ တကယ်လို့ စာမေးပွဲနဲ့သာ ကျောင်းသားတွေရဲ့ အအောင်အရှူံးကို အဆုံးအဖြတ်ပေးတဲ့ သမရိုးကျပုံစံအတိုင်းသာ စစ်ဆေးမှုပြုရင် ကျွန်တော်တော့ ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖြစ်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ရှယ်လဘီ။  ။ ဟုတ်တယ်ရှင့်။ ကျွန်မလည်း ရှင်ပြောတာကို လက်ခံပါတယ်။ ကျွန်မဆိုရင်လည်း စာမေးပွဲတွေကို အတော်မုန်းတာ။

ကျွန်တော်။  ။ ဒီမှာတော့ ကျွန်တော်နဲ့ အတော်တူသွားပြီဗျာ။ တကယ်တော့ Standardized test တွေဟာ တစ်ချို့နေရာတွေမှာတော့ လိုအပ်တယ်လို့ ယုံကြည်တယ်ဗျ။ ဥပမာ - အတွက်အချက်ပိုင်းတွေ လိုအပ်တဲ့ ဘာသာရပ်တွေလိုမျိုးဆိုရင် လိုအပ်တာပေါ့။ ဒီလိုမှမဟုတ်ဘဲ Essay-type question တွေလိုမျိုး အဖြေကို အရှည်ကြီးပေးရတဲ့ စာမျိုးမှာ အကုန်လုံးကို နှုတ်တိုက်အာဂုံဆောင်ထားပြီး သတ်မှတ်ချိန်အတွင်း ပြန်အန်ချသလို ရေးသားရတာဟာ ကျက်မှတ်မှုကိုပဲ ဦးတည်သွားတယ်။ စာမေးပွဲပြီးတာနဲ့ စာဖြေသူက ဒီအကြောင်းအရာတွေကို မေ့သွားရော။ ဘာအတွေးအခေါ်မှ ခေါင်းထဲမကျန်ခဲ့ဘူး။ ပြောရရင် စာမေးပွဲဆိုတာ အတော်လေး ပြဿနာရှိတယ်လို့ ထင်တယ်ဗျ။ ဒီမှာ ကျွန်တော်တို့ စာမေးပွဲမဖြေရဘဲ ရှယ်လဘီတို့လို Undergrad တွေနဲ့ ကျွန်တော်တို့လို Postgrad တွေအတွက် အဆိုင်းမင့်မျိုးစုံးစုပေါင်းထားတဲ့ Portfolio နည်းနဲ့ စစ်ဆေးအကဲဖြတ်မှုက အတော်လေး ထိရောက်တယ်လို့ ကျွန်တော် လက်ခံမိပါတယ်။ ဒီ Portfolio နည်းမျိုးကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသုံးပြုရင် ဘယ်လောက်တောင် ကောင်းမလဲလို့ တွေးမိတယ်ဗျာ။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ စနစ်အရ ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတာချည်းပဲ။ သင်ရတဲ့ ပြဌာန်းစာအုပ်ကိုပဲ ဘာသာရေးကျမ်းစာအုပ်ကို ဖတ်ရတဲ့အတိုင်း တသွေမတိမ်း လေ့လာဖြေဆိုရတယ်။ အနည်းအကျဉ်း ခြွင်းချက်ရှိတယ်ဆိုပေမယ့် ဒါ ပုံမှန်မြင်ကွင်းတစ်ခုလို ဖြစ်နေတယ်ဗျ။ ကျွန်တော်တော့ ကျွန်တော်တို့နိုင်ငံရဲ့ စနစ်ကို အမှန်တကယ် ပြောင်းလဲစေချင်လှပြီ။ ဒီလို ပြောင်းလဲမှပဲ ဖြစ်တော့မယ်ဗျ။ ကျွန်တော်လည်း နိုင်သလောက်တော့ လုပ်ရမှာပါလေ။

ရှယ်လဘီ။  ။ ဟုတ်တာပေါ့ရှင်။ တဖြည်းဖြည်းနဲ့တော့ ဖြစ်လာမပေါ့။

ကျွန်တော်။  ။ ကဲဗျာ … စကားကောင်းနေလိုက်တာ။ ဟင်းတွေ၊ ထမင်းတွေတောင် ကျက်သွားပြီ။ ဗိုက်ဆာဆာနဲ့ လွေးလိုက်အုံ့မဗျ။

ရှယ်လဘီ။  ။ ဟုတ်ကဲ့ … ကျွန်မလည်း ဒီလိုမျိုး အသိအမြင်တွေ ဖလှယ်ခွင့်ရလို့ ဝမ်းသာမိပါတယ်။ နောက်မှ ဆက်ပြောကြပါမယ်။

ကျွန်တော်။  ။ ဟုတ်ကဲ့ခင်ဗျ။ နောက် ဆက်ဆက် ဆွေးနွေးကြမယ်နော် ဆယ်လဖီ … အဲ … ရှယ်လဘီ။ ဟဲဟဲ …

ရှယ်လဘီ။  ။ ဟီး ဟီး။ ကျွန်မကလေးတွေက ကျွန်မကို အဲလိုမျိုး ပြောင်ချော်ချော် ခေါ်ကြတာရှင့်။ တော်တော်နောက်တဲ့ကလေးတွေ။ ဟဟ

ကျွန်တော်။  ။ ဟုတ်ကဲ့။ ဖေ့ဆ့ဘုတ်မှာ ပို့စ်တင်ထားတာ တွေ့ပါသော်ကောဗျာ။ ဟဲဟဲ။ ခင်ဗျားလည်း တကယ့် ဆရာမဖြစ်သွားပြီ ရှယ်လဘီရေ။ ကလေးတွေကို စာသင်ရတာ ခင်ဗျား ပျော်နေပြီမလား။

ရှယ်လဘီ။  ။ ဟုတ်ပ။ ဟုတ်ပ။ အိုကေနော်။ နောက်မှ တွေ့ကြပါမယ်။ ကောင်းကောင်းစားပါ။

ကျွန်တော်။  ။ ဟုတ်ကဲ့။ နောက်မှ တွေ့ကြပါမယ်ဗျ။

ဤသို့ဤနှယ် ရှယ်လဘီ (ခေါ်) ဆယ်လဖီနှင့် ကျွန်တော် ထမင်းစားခန်းအတွင်း ချက်ရင်းပြုတ်ရင်း စကားစမြည် ပြောဆိုခဲ့ကြပါဧ။်။ ထမင်း၊ ဟင်း ခူးခပ်စားရင်း ကျွန်တော့်အတွေးအိမ်ထဲတွင်တော့ မြန်မာပြည်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်စာသင်ခန်းများ၊ ချစ်ခင်လေးစားရသော ဆရာ၊ ဆရာမများ၊ သထုံလမ်း၊ ပညာရေးတက္ကသိုလ် ကျောင်းသားအပေါင်း ကာလတစ်ခုထိ ကွန်းခိုပျော်ပိုက်ခဲ့ရာ အမှတ်တရပေါင်းစုသည့် ဘုံဗိမာန်ဖြစ်ခဲ့သော ဆေးတက္ကသိုလ် (၁) အနောက်ဘက် သထုံလမ်းပေါ်ရှိ ပုပျပ်ပျပ်အဆောင်လေး၊ ချစ်သော သူငယ်ချင်းများနှင့် ချစ်စွာသော တပည့်များကို သတိရလွမ်းဆွတ်စိတ်ဖြင့်သာ …


လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၅၊ ၆၊ ၂၀၁၆ (တနင်္ဂနွေနေ့)

No comments:

Post a Comment