Wednesday 15 June 2016

Bilingual Education နှင့် ပတ်သက်၍


အစ်ကို Zay Mong ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ အစ်ကို ပြောတာလည်း သဘာဝကျပါတယ်။ ပထမတစ်ချက်က ကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားစေနိုင်မလားဆိုတဲ့မေးခွန်းဟာ ကလေးတွေအပေါ် စာနာတဲ့ မိဘတိုင်းရဲ့ စိုးရိမ်ပူပန်မှုတစ်ခုပါ။ bilingual/tri-lingual/mulitilingual education လုပ်တဲ့အခါ သင်ကြားမှုပုံစံက အင်မတန်အရေးကြီးပါတယ်။ ကလေးတွေကို ဒါသင် ဒါကျက်၊ ဆရာသင်တာကိုပဲ လိုက်နားထောင်၊ ကလေးတွေပါဝင်လုပ်ကိုင်သင်ယူမှုကို ဦးစားမပေးတဲ့ သမ၇ိုးကျသင်ကြားနည်းမျိုးနဲ့ အံမဝင်ပါဘူး။ Language Acquisition ကို ဖြစ်စေမယ့် သင်ကြားမှုပုံစံနဲ့မှ အံဝင်ပါမယ်။ ဥပမာ - game ဆော့ရင်း ကလေးတွေ ဘာသာစကားကို အသုံးဖြစ်လာအောင် (တစ်နည်းအားဖြင့် မသိစိတ်က အလိုလို သင်ယူမှုဖြစ်သွားအောင်) သင်ကြားနည်းတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်။ ဒီလိုမျိုးဆိုရင် ကလေးတွေအနေနဲ့ သင်ယူမှုကို ဝန်ထုပ်ဝန်ပိုးအဖြစ် မမြင်တော့ပဲ ကျောင်းနေပျော်၊ သင်ယူပျော်လာကြမှာပါ။ ဒီအချိန်မှာ bilingual/trilingual/multilingual education ဆိုတာ တကယ်ပျော်စရာလို့ ကလေးတွေ ခံစားလာကြမှာပါ။

ဒုတိယအချက်ဖြစ်တဲ့ ဘာသာစကားတွေကိုပဲသင်လို့ အခြားဘာသာရပ်တွေ လေ့လာနိုင်မှုအားနည်းသွားမလားဆိုတာလည်း မေးသင့်တဲ့ မေးခွန်းပါ။ ဒါပေမယ့် အမေရိကန်၊ သြစတြေးလျစတဲ့ နိုင်ငံကြီးတွေမှာ တွင်တွင်ကျယ်ကျယ် အလေးပေးကျင့်သုံးတဲ့ Integrated curriculum သဘောအရ ဘာသာစကားတစ်ခု (သို့) နှစ်ခု (သို့) သုံးခုကို သင်ယူရာမှာ အသုံးပြုရတဲ့ (တစ်နည်းအားဖြင့် ဖွံ့ဖြိုးလာတဲ့) ကျွမ်းကျင်မှုတွေ၊ စွမ်းရည်တွေဟာ အခြားဘာသာရပ်တွေကို သင်ယူရာမှာ အထောက်အကူ အများကြီး ဖြစ်စေနိုင်ပါတယ်။ ဥပမာ - ကျွန်တော့်မူရင်းပို့စ်မှာ bilingual/multilingual education ဟာ divergent thinking ကို တိုးတက်စေတယ်ဆိုတဲ့ သုတေသနရလဒ်ကို ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒီ Divergent thinking က ကလေးတွေရဲ့ creativity နဲ့ innovation အတွက် အများကြီးအထောက်အကူပြုပါတယ်။ ဒီတော့ ဝိဇ္ဇာနယ်ပယ်မှာပဲဖြစ်ဖြစ်၊ သိပ္ဗံနယ်ပယ်မှာပဲဖြစ်ဖြစ် အကျိုးပြုစေလို့ ပိုလို့တောင် ပညာထူးချွန်းစေပါလိမ့်မယ်။ အရေးကြီးတဲ့ နောက်တစ်ချက်က bilingual/multilingual education ရဲ့ သဘောသဘာဝနဲ့ သက်ဆိုင်နေပါတယ်။ bilingual/multilingual education ကို ဘာသာစကားသင်တန်းပုံစံနဲ့ ရောထွေးနားလည်တတ်ကြပါတယ်။ bilingual education ဆိုတာ ဘာသာစကားနှစ်ခုကိုပဲ (တစ်နည်းအားဖြင့် ဘာသာစကားဖွံ့ဖြိုးရေးအတွက် forms and functions လောက်ကိုပဲ) တောက်လျှောက်သင်တာမဟုတ်ဘဲ ဒီဘာသာစကားတွေကိုလည်း ကျွမ်းကျင်နားလည်စေဖို့ တစ်ဖက်က သင်ကြားပေးရင်း တစ်ဘက်မှာလည်း ဒီဘာသာစကားတွေကို အသုံးပြုပြီး ဘာသာရပ်တွေကို သင်ကြားတာမျိုးပါ။ ဥပမာ - မြန်မာစာ၊ မြန်မာ့သမိုင်း၊ သိပ္ဗံဘာသာရပ်တွေကို မြန်မာလိုသင်ကြားပြီး ကရင်စာ၊ ကရင်သမိုင်း၊ လူမှုရေးဘာသာ စတာတွေကို ကရင်ဘာသာနဲ့ သင်ကြားစေတာမျိုးကိုသာ bilingual/mulitilingual education လို့ ခေါ်ပါတယ်။ ဘာသာစကားသက်သက်ကိုသာ သင်ကြားရင် ဒါ bilingual education မဟုတ်ပါ။ ဘာသာစကားသင်တန်းသာ ဖြစ်ပါလိမ့်မယ်။

တတိယအချက်ဖြစ်တဲ့ ဗမာဘာသာစကားနဲ့ သူ့ရဲ့ ဒေသိယစကားလို့ ပြောဆိုတတ်ကြတဲ့ ရခိုင်ဘာသာစကားတို့အကြားမှာ ကလေးတွေ အစပိုင်းမှာ အခက်တွေ့ကောင်းတွေ့နိုင်ပါတယ်။ ဥပမာ - ကလေးတွေစိတ်ထဲမှာ "ဟာ ... ရခိုင်စာနဲ့ ဗမာစာ အတူတူနီးပါးပဲ။ ဘာလို့ ရခိုင်စာကို သင်ယူစရာ လိုမှာလဲ" စတဲ့အတွေးမျိုးတွေ ရှိကြမှာပါ။ ကလေးရဲ့ မိဘတွေကလည်း ဒီလိုမျိုး တွေးနိုင်ပါတယ်။ ဒါပေမယ့် ဗမာဘာသာစကားနဲ့ ရခိုင်ဘာသာစကားအကြား အဓိကကွဲလွဲချက်က ဗမာဘာသာစကားမှာ အပြောဘာသာစကားနဲ့ အရေးဘာသာစကား မတူပေမယ့် ရခိုင်ဘာသာစကားမှာ အပြောဘာသာစကားနဲ့ အရေးဘာသာစကား အတူတူ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ တစ်နည်းအားဖြင့် ရခိုင်ဘာသာစကားဟာ အပြောအခြေခံတဲ့ အရေးဘာသာစကားတစ်ခုဖြစ်လို့ပါ။ ဒီတော့ ရခိုင်စာကို သင်ယူထားတဲ့ ရခိုင် (သို့) အခြားလူမျိုးတစ်မျိုးမျိုးဟာ ရခိုင်စကားကိုလည်း ပြောတတ်ပြီးသား ဖြစ်ပါမယ်။ စကားနဲ့အတူ ဒီလူမျိုးရဲ့ ယဉ်ကျေးမှုတွေကိုပါ တန်ဖိုးထားတတ်လာပြီး စည်းလုံးညီညွတ်မှုလည်း ရရှိလာကြပါမယ်။ ဒီလိုမျိုး တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်စေမှုဆိုတဲ့ နိုင်ငံရေးသဘောတရားတစ်ခုလည်း ဒီ bilingual education ကို အကောင်အထည်ဖော်ရာမှာ အခရာကျပါတယ်။ ဒီသဘောတရားတွေကို ကလေးတွေနဲ့ ကလေးမိဘတွေ၊ လူ့အဖွဲ့အစည်းတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ခေါင်းဆောင်တွေ နားလည်လက်ခံလာရင် ဒီဘာသာစကားနှစ်ခုကို ပူးတွဲသင်ခြင်းရဲ့ တန်ဖိုးကို သိလာကြမှာပါ။

နောက်ဆုံးအချက်ဖြစ်တဲ့ ဘယ်ဘာသာစကားကို ဘယ်အတန်းတွေမှာ စတင်သင်ကြားသင့်တာလဲဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဒီ bilingual education ကျွမ်းကျင်ပညာရှင် Kimmo Kosonen ရဲ့  စံပြုသင့်တဲ့ bilingual education program ပုံစံကို ညွှန်းချင်ပါတယ်။ သူ ဆွဲထားတဲ့ပုံစံမှာ ဘာသာစကားသုံးခုကို ထည့်တွက် ရေးဆွဲထားပါတယ်။ ပြီးတော့ မူကြို (Early Childhood Education (ECE)) တန်းနှစ်တန်းစာကိုပါ ထည့်သွင်းရေးဆွဲထားပါတယ်။ မြန်မာနိုင်ငံပုံစံမှာတော့ ECE တန်းကို ပုံမှန်ကျောင်းနဲ့ သီးသန့်ဖွင့်လှစ်တဲ့ ပုံစံဖြစ်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံပုံစံအရ သူငယ်တန်း (Kindergarten) ကပဲ စတဲ့ သဘောမျိုးဖြစ်ပါတယ်။ Kosonen ရဲ့ ပုံစံအရတော့ မြန်မာနိုင်ငံက Kg ဟာ ပထမတန်း (G1) နဲ့ တူမယ်ထင်ပါတယ်။ အရေးကြီးတာက ကလေးတွေကို စာစသင်တဲ့ မူကြိုပထမတန်းမှာ ကလေးရဲ့ မိခင်ဘာသာစကားကိုပဲ သင်ကြားရေးသုံး ဘာသာစကား (Language of Instruction (LoI) အဖြစ် အသုံးပြုရမှာပါ။ ဒီလို (အခြားဘာသာစကားမသုံးဘဲ) မိခင်ဘာသာစကားကို ပထမဆုံး ထိတွေ့ပေးခြင်းဟာ ကလေးရဲ့ မိခင်ဘာသာစကားဖွံ့ဖြိုးမှုအတွက် အင်မတန်အရေးကြီးတယ်လို့ ဆိုပါတယ်။ တဖြည်းဖြည်းနဲ့ မိခင်ဘာသာစကားသင်ချိန်ကို နည်းနည်းလျှော့ပြီး ဒုတိယဘာသာစကားသင်ချိန်ကို တိုးတိုးလာရပါမယ်။ တတိယဘာသာစကားကို တတိယတန်းမှာမှ စတင်သင်ကြားပြီး နည်းနည်းစီ အချိန်တိုးသွားဖို့ပါ။ Kosonen ရဲ့  bilingual education program ပုံစံထဲက အကွက်လေးတွေ အကျဉ်းအကျယ်ဟာ ဒီဘာသာစကားတွေကို သင်တဲ့အခါ ကြာသင့်တဲ့ အချိန်ကာလကို ကိုယ်စားပြုတဲ့သဘောပါ။ မူလတန်းနောက်ဆုံ့းတန်းတွေမှာ မိခင်ဘာသာစကားသင်ကြားမှုအတွက် သင်ကြားချိန်စုစုပေါင်းရဲ့ (၄၀) ရာခိုင်နှုန်းကို အသုံးပြုပြီး သင်ကြားစေဖို့ပါ။ ဒါက တိုင်းရင်းသားတွေရဲ့ ဘာသာစကားရော ဒုတိယဘာသာစကားကိုပါ ကလေးတွေ ဟန်ချက်ညီညီ ကျွမ်းကျင်တတ်မြောက်စေမယ့် သင်ကြားရေးအစီအစဉ်ပုံစံတစ်မျိုးပါ။ ရည်ရွယ်ချက်ကို လိုက်ပြီး တခြား bilingual education program model တွေလည်း ရှိပါတယ်။ အမေရိကန်မှာ Latinos တွေကိုသင်တဲ့ bilingual program မှာတော့ နောက်ဆုံးအင်္ဂလိပ်စကားကိုသာ ပြောဖြစ်သွားအောင် ရည်ရွယ်ထားလေတော့ အစပိုင်းမှာ စပိန်ဘာသာစကားကို အလေးထားပြီး စပိန်ဘာသာစကားနဲ့ သင်ကြားပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လျှော့လျှော့လာပြီး မူလတန်းနောက်ဆုံးတန်းမှာ အင်္ဂလိပ်လိုသာသင်စေတာမျိုး သင်ကြားရေးအစီအစဉ်တွေ ရေးဆွဲကြတာ ရှိပါတယ်။ ကမ္ဘောဒီးယားမှာလည်း အမေရိကန်နဲ့ ပုံစံဆင်တူပါတယ်။ တိုင်းရင်းဘာသာစကားကို ပထမဦးစားပေးလာပြီး မူလတန်းနောက်ဆုံးတန်းမှာ နိုင်ငံတော်ဘာသာစကားကိုသာ အသုံးပြုသင်ကြားစေတဲ့ပုံစံပါဒီတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး သဘောတူတဲ့ ဘယ် bilingual education program model ကို သုံးကြမလဲဆိုတာကတော့ အဓိက ညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စတစ်ရပ်ပါ။

Kosonen ရဲ့ Multilingual education ပုံစံမှာ တွေ့ရသလိုပဲ bilingual education ဆိုတာ ဘာသာစကားနှစ်ခုကိုပဲ (တစ်နည်းအားဖြင့် ဘာသာစကားဖွံ့ဖြိုးရေးအတွက် forms and functions လောက်ကိုပဲ) တောက်လျှောက်သင်တာမဟုတ်ဘဲ ဒီဘာသာစကားတွေကိုလည်း ကျွမ်းကျင်နားလည်စေဖို့ တစ်ဖက်က သင်ကြားပေးရင်း တစ်ဘက်မှာလည်း ဒီဘာသာစကားတွေကို အသုံးပြုပြီး ဘာသာရပ်တွေကို သင်ကြားတာမျိုးပါ။ ဥပမာ - မြန်မာစာ၊ မြန်မာ့သမိုင်း၊ သိပ္ဗံဘာသာရပ်တွေကို မြန်မာလိုသင်ကြားပြီး ကရင်စာ၊ ကရင်သမိုင်း၊ လူမှုရေးဘာသာ စတာတွေကို ကရင်ဘာသာနဲ့ သင်ကြားစေတာမျိုးကိုသာ bilingual/mulitilingual education လို့ ခေါ်ပါတယ်။ ဘာသာစကားသက်သက်ကိုသာ သင်ကြားရင် ဒါ bilingual education မဟုတ်ပါ။ ဘာသာစကားသင်တန်းသာ ဖြစ်ပါလိမ့်မယ်။


Bilingual/Mulitilingual education ပုံစံတွေကို ရည်ရွယ်ချက်အလိုက် ရေးဆွဲကြပေမယ့် စံပြုထိုက်တဲ့ပုံစံလို့ဆိုတဲ့ Kosonen ရဲ့ ပုံစံကို ဥပမာအဖြစ် တင်ပြလိုက်ပါတယ်။

No comments:

Post a Comment