Sunday 10 April 2016

တစ်ပါးသူကို ကူညီခြင်းဟာ ရယူလိုမှုအတွက်လား၊ ပေးဆပ်လိုမှုအတွက်လား

Photo Source: http://www.padtastic.com.au/news/page/6/


တစ်ပါးသူကို ကူညီခြင်းဟာ မိမိ ရယူလိုမှုအတွက်ပဲလား။ ဒါမှမဟုတ် ပေးဆပ်လိုခြင်းအတွက်ပဲလား။ မိမိက သူ့အတွက် တစ်စုံတစ်ခု လုပ်ပေးလိုက်လို့ မိမိကို သူက တစ်စုံတစ်ခု လုပ်ပေးရမယ် (သို့) အကျိုးအမြတ်တစ်ခုကို မျှော်တယ်ဆိုရင်တော့ ဒါ မေတ္တာ၊ စေတနာအစစ်နဲ့ ကူညီတာမျိုး မဟုတ်တော့ဘူး။ ရယူလိုမှု (လောဘ) နဲ့ ကူညီတာမျိုးဖြစ်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် စီးပွားရေးဆန်သွားပါလိမ့်မယ်။ အမှန်က ကျေးဇူးတင်မှု၊ လေးစားမှုတို့ဆိုတာ အတင်းအဓမ္မ တောင်းယူလို့ ရတဲ့ အရာမျိုးမှ မဟုတ်တာပဲလေ။


ကျွန်တော် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပညာသင်ဆုချီမြှင့်ပေးတဲ့အဖွဲ့အစည်းတွေထဲမှာ ရခိုင်သဟာယအသင်း (ရန်ကုန်) က ထိပ်ဆုံးက လိုက်ပါတယ်။ ဒီအသင်းရဲ့ ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ အများကြီး တင်ကျန်နေဆဲပါပဲ။ အသင်းဟာ ရခိုင်ပြည်နဲ့ အခြားဧရာဝတီ၊ ပလက်ဝ စတဲ့ နေရာဒေသအမျိုးမျိုးအပြင် ရန်ကုန်ရောက် ရခိုင်မိသားစုက ဆင်သက်လာတဲ့က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေနဲ့ ချို့တဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပြည်တွင်း၊ ပြည်ပက ရခိုင်မျိုးချစ်တွေရဲ့ စုပေါင်းရန်ပုံငွေတွေနဲ့ ဒီလိုပညာသင်ဆုကို ပေးလာခဲ့ကြတာ အခုထိတိုင်ပါပဲ။ ဒီအသင်းကြီးရဲ့ ဆောင်ပုဒ်က "ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာ (Service above the self)" ပါတဲ့။ အများကောင်းကျိုးအတွက် ကူညီခြင်းဟာ ပေးဆပ်ခြင်းသက်သက်သာ၊ မိမိအတွက် ရယူခြင်းမဟုတ် လို့ ဒီအသင်းဝင်ပုဂ္ဂိုလ်တွေက ခံယူထားကြတာပါ။ ဒီဆောင်ပုဒ်နဲ့အညီ အသင်းဝင် ပုဂ္ဂိုလ်ကြီးတွေအများစုက လေးစားအားကျစရာ ကောင်းလောက်အောင် အများအကျိုး သယ်ပိုးနိုင်ကြသူတွေပါ။ ဒါပေမယ့် တစ်ချို့တစ်လေ ပုဂ္ဂိုလ်တွေက ဒီဆောင်ပုဒ်ကို ဝေဖန်ကြတယ်လို့ နားစွန်နားဖျား ကြားဖူးပါတယ်။ သူတို့တွေ ဝေဖန်ကြတာက ကိုယ်ကျိုးမပါဘဲ ဘယ်လိုလုပ် အများကောင်းကျိုးကို ရှာ (လုပ်) နိုင်မှာလဲ၊ ဒါ လုံးဝ ယုတ္တိမတန်ဘူး ဆိုတာမျိုးပါ။ ဒီလိုဝေဖန်ကြသူတွေကလည်း သူတို့အမြင်နဲ့ သူတို့လမ်း သူတို့ထွင်နေကြတာပါပဲ။ ဒါပေမယ့် အသင်းရဲ့ ရည်ရွယ်ချက် မယိုင်လဲခဲ့ပါဘူး။

ကျွန်တော်ကတော့ ရခိုင်သဟာယအသင်း (ရန်ကုန်) ရဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ "ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာ (Service above the self)" ကို နှစ်သက်လက်ခံမိပါတယ်။ တစ်ပါးသူကို ကူညီပေးခြင်းဟာ ပေးဆပ်ခြင်းသက်သက်ပဲဖြစ်ရမယ်၊ ရယူခြင်းမဟုတ်ရဘူးလို့ ကျွန်တော် စွဲမြဲစွာ ခံယူကျင့်သုံးဖြစ်ပါတယ်။ ဒီလိုခံယူကျင့်သုံးဖြစ်တာဟာ ကျွန်တော့်အတွက် စိတ်ရှင်းရှင်းနဲ့ တစ်ပါးသူကို ကူညီဖြစ်သွားစေပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော် ဆိုပေမယ့် တိုက်ဆိုင်မိလို့ အဖြစ်အပျက်တစ်ခုကို တင်ပြရပါဦးမယ်။ ကျွန်တော် သြစတြေးလျကို ပညာတော်သင်ရောက်တော့ အခြားသူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်ကို ရှာကြတယ်။ ညီမနှစ်ယောက်က ကိုယ့်ထက် အိမ်ရှာကျွမ်းကျင်ကြတော့ သူတို့ အကူအညီနဲ့ တက္ကသိုလ်နဲ့ မနီးမဝေးမှာ အိမ်တစ်အိမ်ကို ငှားနေဖြစ်ကြတယ်။ ဒီအိမ်မှာ အခြားအခန်းတွေလည်း လွတ်နေသေးတော့ အိမ်ရှာဖို့ အခက်အခဲတွေ့နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်နေတဲ့အိမ်က အခန်းတစ်ခန်းခန်းမှာ နေနိုင်ဖို့ အိမ်ရှင်အိန္ဒိယလူမျိုးကို ကူညီပြောပေး၊ ကူညီပေးခဲ့တယ်။ သူငယ်ချင်းလည်း ကျွန်တော်နေတဲ့အိမ်ကို ပြောင်းလာဖြစ်တယ်။ နောက်နှစ်ရက်လောက်နေတော့ အိမ်ရှင်အိန္ဒိယလူမျိုးက အိမ်ငှားတစ်ယောက်တိုးလာလို့ ကျေးဇူးတင်ကြောင်း ကျွန်တော့်ကို ပြောပြီး နောက်တစ်ပတ်စာ (ဒေါ်လာ ၁၄၀ ) ကို သူ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော့်ဆီက မတောင်းဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ အဆိုပြုချက်ကို ငြင်းခဲ့ပါတယ်။ ကျွန်တော်ကူညီတာ ဒီလိုရချင်လို့ မဟုတ်ပါဘူး။ အကူအညီလိုအပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီနိုင်တာကို ကူညီလိုက်တာပါ။ ကျွန်တော့်အတွက် အပမ်းမကြီးပါဘူး။ ကျေးဇူးတင်တာကို နားလည်ပေမယ့် ဒါကို လက်ခံလိုက်ရင် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသလို ခံစားရလို့ မယူပါရစေနဲ့ လို့ ကျွန်တော်ငြင်းခဲ့တော့ အိမ်ရှင်လည်း လက်ခံလိုက်ရပါတယ်။ ဒီနှစ်အစပိုင်းမှာ စူပါမားကက်နဲ့ တက္ကသိုလ်တို့နဲ့ ပိုနီးတဲ့ တက္ကသိုလ်အဆောင်ကို မပြောင်းလာခင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို အဲဒီအိမ်မှာ နေနိုင်အောင် ကူညီပေးတော့လည်း ကျွန်တော့်အကြောင်းကိုသိတဲ့ အိမ်ရှင်က တစ်ပတ်စာ ဒေါ်လာ (၁၄၀) ပေးဖို့ကိစ္စကို မပြောတော့ပါဘူး။ ဒါ ကျွန်တော့်ကိုယ်တွေ့ ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာခဲ့ခြင်းပါပဲ။

အခုလောလောလတ်လတ် အဖမ်းဆီးခံကျောင်းသားတွေကို လွှတ်ပေးဖို့ ကူညီပေးလိုက်လို့ လွတ်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ကျေးဇူးတင်ထိုက်သူကို ကျေးဇူးမတင်ဘဲ တိုက်ရိုက်မသက်ဆိုင်သူတစ်ယောက်ကိုသာ သွားရောက်ဂါရဝပြုကြလို့ ဝေဖန်သံကိုလည်း ကြားရပါတယ်။ ကျွန်တော့်အမြင်အရတော့ သူတို့တွေ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ကြောင်း အခုမပြောလိုက်ပေမယ့် ကျေဇူးတင်နေကြမှာပါ။ ဒါပေမယ့် တိုက်ရိုက်မသက်ဆိုင်ဘူးလို့ တစ်ဘက်က မြင်ပေမယ့် သူတို့တွေအတွက် သက်ဆိုင်တယ်လို့ ယုံကြည်နေသူတစ်ယောက်ကို သွားရောက်ဂါရဝပြုတာဟာလည်း မမှားပါဘူး။ နောက်အသံတစ်မျိုးက တိုက်တွန်းသံပါ။ "ဒီကျေးဇူးရှင်က သူတို့ လွတ်စေဖို့ ကူညီပေးလို့ ဒီကျေးဇူးရှင်ပေးတဲ့ လွတ်မြောက်မှုမှာ ဒီကျေးဇူးရှင်နဲ့ အဖွဲ့ကို ကဏ္ဍကောစမလုပ်ကြနဲ့၊ ငြိမ်ငြိမ်နေကြ၊ အမြဲ ဒီကျေးဇူးကို အမှတ်ရနေကြ" ဆိုတဲ့ သဘောမျိုးပါပဲ။ ဒီပြောပုံအတိုင်းဆိုရင်တော့ ဒီကျေးဇူးရှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျေးဇူးပြုခံတွေက အားလုံးကောင်းပါသည်ခင်ဗျာဆိုပြီး အမြဲ လက်အုပ်ချီမိုးရှိခိုးနေကြရမယ့်သဘောမျိုး ဖြစ်မနေပေဘူးလားလို့ မေးချင်မိပါတယ်။ ကောင်းတာ၊ ဆိုးတာလည်း သူတို့မှာ ပြောခွင့်ရှိရမယ်။ ဝေဖန်ခွင့်ရှိရမယ်။ သူတို့ယုံကြည်ချက်အတွက် ရှေ့ဆက်ခွင့်လည်းရှိရမယ်လို့ မြင်မိပါတယ်။

အမှန်တော့ ဒီလောလောလတ်လတ် ဖြစ်ရပ်ဟာ တစ်ပါးသူကို ကူညီပေးလိုက်ခြင်းပဲလို့ ကျွန်တော်ရိုးသားစွာ မြင်မိပါတယ်။ ဒီအတွက် ကူညီပေးသူကိုလည်း ကျေးဇူးတင်မိပါတယ်။ ကူညီပေးခံရသူတွေလည်း အကျိုးဖြစ်စေလို့ ကျေးဇူးတင်ဝမ်းမြောက်နေကြမှာပါ။ ဒီအတွက် ကူညီပေးသူကလည်း ကျေးဇူးရှင်အနေနဲ့ အမြဲတမ်း ကျေးဇူးဆပ်ခံနေချင်ရင် ဒါ မေတ္တာ၊ စေတနာအစစ်နဲ့ ကူညီပေးရာ မရောက်တော့ပါဘူး။ တစ်ပါးသူကို ကူညီမှုဟာ ရယူလိုမှုအတွက်လား။ ပေးဆပ်လိုမှုအတွက်လား။ ကျွန်တော်ကတော့ တစ်ပါးသူကို ကူညီမှုဟာ ပေးဆပ်လိုမှုအတွက်လို့သာ ခံယူမိပါတယ်။ ဒီလိုမှ စစ်မှန်တဲ့ မေတ္တာတရား၊ စစ်မှန်တဲ့ စေတနာနဲ့ ကူညီခြင်းမည်မယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ ရိုးသားစွာ ကူညီတတ်ကြပါစေဗျာ။

By: ဇွဲသစ် (ရမ္မာမြေ)
9/4/2016 (Sat)


No comments:

Post a Comment