Sunday 10 April 2016

ဘာသာစကားညှပ်ပြောခြင်းမှသည်



"မြန်မာစကားပြောရင်ပြော၊ အင်္ဂလိပ်စကားပြောရင်ပြောပေါ့။ ဟိုညှပ်ဒီညှပ် ပြောတာမျိုးတော့ မလုပ်သင့်ဘူး"

အထက်ကလိုမျိုး ပြောသံတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောပြောနေတော့ မြင်ပြင်းကပ်ခံရတတ်သပေါ့။ ဒီလိုမျိုးပြောတတ်သူဟာ ဘိုရူး ဘူးယိုလို့ ကင်ပွန်းတပ်ပြီး နှာခေါင်းရှူံ့ခံရတတ်ပါတယ်။


အမှန်က ဒီလိုမျိုး ဘာသာစကားကြားညှပ်ပြောတဲ့အကျင့်ရှိနေလို့ ဝေဖန်ခံရတာဟာ မြန်မာတစ်နိုင်ငံတည်းမှာသာ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအားလုံးမှာ ရှိပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံမှာဆိုရင် ဒီလိုမျိုး ဘာသာစကားကြားညှပ်ပြောတာကို စကားလုံးအသုပ်စုံ (Verbal salad) လို့ ဝေဖန်ကြသလို မော်ရိုကိုနိုင်ငံမှာတော့ ကိုလိုနီနံ့မပျောက်သေးဘူး (Still colonized) လို့ ပျက်ရယ်ပြုတတ်ကြပါသတဲ့။ ဟောင်ကောင်က တရုပ်တွေတောင် အရမ်းကသိကအောက်ဖြစ်စရာကောင်းတယ်လို့ အပြောခံရတတ်ပါသတဲ့။

ဒီလိုမျိုး စကားကြားညှပ်ပြောတာကို ဘာသာစကားနယ်ပယ်မှာတော့ code-switching လို့ ခေါ်ပါတယ်။ ဘာသာစကား (သို့) ဒေသိယစကားနှစ်ခုနဲ့အထက်ကို လက်တွေ့ဘဝမှာ သမရိုးကျ အသုံးပြုသူ (bilingual) တစ်ယောက်အနေနဲ့ ဒီလိုမျိုး ဘာသာစကားနှစ်ခု ကြားညှပ်ပြောတာ (code-switching) ဟာ သိပ်ထူးဆန်းတာမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ သုတေသနတွေအရ ဒီလိုပြောဆိုတဲ့အလေ့အကျင့်ဟာ ဘာသာစကားကျွမ်းကျင်မှုကို ပြညွှန်းပါသတဲ့။ ဒီလိုမျိုး code-switching လုပ်တဲ့ သူတွေထဲမှာ အိန္ဒိယလူမျိုးတွေက ထိပ်ဆုံးကလိုက်မယ်လို့ ထင်မိပါတယ်။ သူတို့တွေအချင်းချင်း ဟိန္ဒီဘာသာနဲ့ ပြောနေကြရင် အင်္ဂလိပ်လို ညှပ်ညှပ်ပြီးပြောတာကို ဘေးက နားထောင်သူက မကြာခဏဆိုသလို ကြားရမှာဖြစ်ပါတယ်။ ဒါက သူတို့နိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကား (Second language) အနေနဲ့ သင်ပြီး ကလေးအရွယ်ကတည်းက ရင်းနှီးကျွမ်းဝင်လာခဲ့တာမို့ သူတို့အတွက် မိခင်ဘာသာစကားနဲ့ ရောသမမွှေ အသုံးပြုကြတာကြောင့် ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီလိုမျိုး ဘာသာစကားကြားညှပ်ပြောတဲ့အကျင့်ဟာ နိုင်ငံရပ်ခြားမှာ အနေကြာလာတဲ့သူတွေမှာ အတွေ့ရများပါသတဲ့။ ဒါပေမယ့် ကိုယ့်ဘာသာစကား (သို့) ကိုယ့်ဒေသိယစကားကို မပြောဖြစ်တော့တဲ့ သူတွေဟာ ကာလကြာလာတာနဲ့အမျှ ကိုယ့်ယဉ်ကျေးမှုကိုပါ မျက်ကွယ်ပြုပြီး တစ်ပါးသူယဉ်ကျေးမှုကိုသာ အလိုလို ဖက်တွယ်မိသွားပါသတဲ့။ ကိုယ့်ဆီမှာ မိခင်ဘာသာစကားလုံးပါးပါးလာမှုနဲ့အတူ ကိုယ့်ယဉ်ကျေးမှုတွေပါ လုံးပါးပါးလာတတ်ပြီး နောက်ဆုံး ကိုယ့်ရဲ့ ဇာတိသရုပ် (Identity) ပါပျောက်ဆုံးသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒီတော့ Code-switching လုပ်တာဟာ မကောင်းတဲ့အလေ့အထမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကာလံ၊ ဒေသံကိုလိုက်ပြီး ပြောဆိုတတ်ဖို့တော့ လိုပါလိမ့်မယ်။ ကိုယ်နဲ့ ပြောနေတဲ့ တစ်ဘက်လူက ကိုယ့်လို အင်္ဂလိပ်လို အသုံးပြုနိုင်တဲ့ သူဆိုရင်တော့ ကိုယ်ညှပ်ပြောတဲ့စကားကို သူနားလည်ပြီးသားမို့ ပြဿနာ မရှိဘူးဆိုပေမယ့် အင်္ဂလိပ်လို မကျွမ်းကျင်တဲ့သူဆီမှာ အင်္ဂလိပ်လို ညှပ်ပြောနေရင်တော့လည်း ဘိုရူးလို့ အပြောခံထိုက်ပေမပေါ့။

အရေးကြီးတာက ဘယ်ဘာသာစကားကို သုံးနေရသည်ဖြစ်စေ ကိုယ့်ဇာတိသရုပ် (Identity) လုံးပါးမပါးစေဖို့  ကိုယ့်ဘာသာစကား (သို့) ကိုယ့်ဒေသိယစကားကိုတော့ မြတ်နိုးတန်ဖိုးထားပြီး ပြောကြဖို့ပါ။ ကိုယ့်ဇာတိသရုပ်ကို ထိန်းသိမ်းကြစေချင်ပါတယ်။ ကျွန်တော်လည်း ဘယ်နေရာဘဲရောက်ရောက် ရခိုင်တွေနဲ့ ရခိုင်စကားပြောရခြင်းကို ဂုဏ်ယူနေမှာပါ။ ဒါ ကျွန်တော့် ဇာတိသရုပ်ပါ။ ဒီဇာတိသရုပ်ကိုတော့ ဘယ်နေရာရောက်ရောက် ထိန်းသိမ်းနေရမှာပါပဲ။

By: ဇွဲသစ် (ရမ္မာမြေ)
8/4/2016 (Fri)

No comments:

Post a Comment