Tuesday 26 April 2016

ယူရီးကာမျှော်စင်ကြီးဆီသို့ ဒုတိယအကြိမ် အလည်တစ်ခေါက်


Eureka Skydeck, Melbourne, Australia

သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့သို့ ကျွန်တော် စရောက်သည့်နေ့မှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ဖြစ်သည်။ ရောက်ပြီး နောက်သုံးရက်ခန့်တွင် Australia Awards Scholarships (AAS) အဖွဲ့မှ ကျွန်တော်တို့ လာထရုတ်တက္ကသိုလ် (La Trobe University) တွင် သင်ကြားသော ပညာရေးနယ်ပယ်မိတ်ဆက်သင်တန်း (Introductory Academic Program (IAP)) ကို တစ်လကြာ တက်ရောက်ရသည်။
ထိုတစ်လတာအတောအတွင်း ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စေရန် မှတ်စုလိုက်နည်း၊ အက်ဆေးရေးနည်း၊ ကျမ်းကိုးရေးနည်း စသော အရေးပါသည့် ပညာများကို ဝါရင့်ဆရာဆရာမများက သင်ကြားပေးသည်။ သင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ဖြစ်သည်။ သီးတင်းပတ်တစ်ပတ်အပြီး စနေနေ့တွင် မဲလဘုန်းမြို့ရှိ အထင်ကရနေရာများ၊ အလည်အပတ်သွားစရာ နာမည်ကျော်နေရာများကို AAS အဖွဲ့မှ လိုက်ပို့ပေးသည်။ ပထမအပတ်တွင် မဲလဘုန်းမြို့တွင်းအနှံ့သို့ လိုက်ပို့ပေးသည်။ ထိုနေ့တွင် ယူရီးကာမျှော်စင်ကြီးသို့လည်း ရောက်ခဲ့ကြသည်။ ဒုတိယအပတ် စနေနေ့တွင် မဲလဘုန်းမြို့မှ လေးနာရီခန့် ကားမောင်းရသည့်အကွာအဝေးတွင်ရှိသည့် ဖီးလစ်ကျွန်း (Philip Island) သို့ လိုက်ပို့ပေးသည်။ တတိယတစ်ပတ် စနေနေ့တွင် ယခင်ကရွှေများစွာ ထွက်ခဲ့သော ဆိုဗရင်းတောင်ကုန်းများ (Sovereign Hills) သို့ လိုက်ပို့ပေးသည်။ နောက်ဆုံးအပတ်တွင်မူ သင်တန်းဧ။် နောက်ဆုံးအက်ဆေးတင်ရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ အလုပ်ရှုပ်နေကြသဖြင့် မည်သည့်နေရာသို့မျှ မသွားဖြစ်ခဲ့တော့ချေ။
ထိုတစ်လတာ IAP သင်တန်းကာလသည် စာရေးသူတို့အတွက် ပျော်စရာအကောင်းဆုံး အချိန် ဖြစ်ခဲ့သည်ပင်။ နိုင်ငံတကာမှ သူငယ်ချင်းများ တိုးပွားခဲ့သည်။ ပညာရေးဝန်းကျင်သစ်တွင် သူတို့ဧ။် ပညာရေးကို နဖူးတွေ့ဒူးတွေ့ စတွေ့ဖြစ်ခဲ့ကြသည်။ မိမိနိုင်ငံနှင့် မတူသော ဓလေ့တို့နှင့် စတင်ပွန်းတီးခဲ့ကြသည်။ မိမိနိုင်ငံ၊ မိသားစုတို့နှင့် ခွဲခွာ၍ ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကိုယ် ပိုမိုးအားကိုးဖြစ်လာကြသည်။ ထိုလနောက်ပိုင်းတွင်မူ အတန်းများတက်၊ အဆိုင်းမင့်လုပ်ဖြင့် များစွာ အလုပ်ရှုပ်တော့သည်။ တစ်ခါတစ်လေ သူငယ်ချင်းများနှင့် ချိန်း၍ ရေကူးသွားသည့်အခါမျိုး၊ အားကစားရုံသွားသည့်အခါမျိုးတို့တွင်သာ တစ်ဦးနှင့်တစ်ဦး တွေ့ဖြစ်ကြတော့သည်။ စာကြည့်တိုက်သွားရင်း ထမင်းစားချိန်တွင် အတူတူချိန်း၍ ထမင်းစားဖြစ်ကြသည့်အခါလည်း ရှိသည်။ တစ်ခါတစ်ရံ ဘာသာရပ်တူသူများ တစ်တန်းတည်းတွင် ပြန်ဆုံဖြစ်ကြသည်။ AAS တွေ့ဆုံပွဲများတွင်မူ အားလုံးပြန်ဆုံဖြစ်ကြသည်ပင်။
ဘာလိုလိုနှင့် မဲလဘုန်းတွင် ရောက်နေသည်ပင် တစ်နှစ်ကျော်လာခဲ့ပြီ။ ယနေ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့။ အက်ဒီလိတ်မြို့မှ သူငယ်ချင်းတစ်ယောက် မဲလဘုန်းမြို့သို့ အလည်ရောက်လာသဖြင့် မြို့တွင်းနေရာများသို့ လိုက်ပို့ပေးမည်ဟု သူ့ကို ပြောထားပြီးဖြစ်သည်။ သို့သော် နံနက်ပိုင်းအတန်းရှိသဖြင့် အတန်းပြီးလျှင်ပြီးချင်း သူတို့ဆီဆက်သွယ်ပြီး လာမည်ဟု ပြောထားသည်။

နေ့လည်အတန်းပြီးချိန် (၁၂:၃၀) တွင် သူငယ်ချင်းထံ ဖုန်းဖြင့် ဆက်သွယ်ကြည့်သည်။ မဲလဘုန်းပြတိုက်မှ သူ့သူငယ်ချင်းနှင့်အတူ ထွက်လာနေကြပြီဖြစ်ကြောင်း ပြောသည်။ ကျွန်တော်လည်း ဓာတ်ရထား (Tram) ဖြင့် အခုပင် လာခဲ့မည်ဖြစ်ကြောင်း၊ နာရီဝက်ခန့် ကြာမည်ဖြစ်ကြောင်း၊ မဲလဘုန်းပြတိုက်ရှေ့ရှိ ဓာတ်ရထားမှတ်တိုင် အမှတ် (၁၂) တွင် စောင့်နေစေလိုကြောင်း ပြောလိုက်သည်။ ထို့နောက်တွင်မူ ဓာတ်ရထားမှတ်တိုင်ဆီသို့ သုတ်ခြေတင်ပြေးထွက်ခဲ့တော့သည်။
ယနေ့ ကောင်းကင်ပေါ်တွင် မိုးတိမ်ထူနေပြီး မိုးဖွဲလေးများ ကျနေဆဲ။ ရာသီဥတုက မကောင်းပေ။ သို့သော် သူငယ်ချင်းမှာ မဲလဘုန်းတွင် ဤနေ့တစ်ရက်သာ ရှိမည်ဖြစ်ပြီး မနက်ဖြန် ပြန်မည်ဖြစ်သဖြင့် နေမသာသော်လည်း သွားသင့်သော အဓိကနေရာများကိုမူ သူ့ကို လိုက်ပို့ချင်မိသည်။ ကျွန်တော့်စိတ်ထဲတွင် လိုက်ပို့မည်ဟု ကြံရွယ်ထားသော နေရာမှာ သုံးခုဖြစ်သည်။ တစ်ခုမှာ ရေသတ္တဝါ ကြီးငယ်မျိုးစုံကို ရေအောက်ကမ္ဘာသို့ သွားရောက်ကြည့်ရှုရသကဲ့သို့ ရင်သပ်ရှုမောကြည့်ရှုခံစားနိုင်မည့် မဲလဘုန်းငါးပြတိုက် (Melbourne Aquarium) ဖြစ်သည်။ အခြားတစ်နေရာမှာ မဲလဘုန်းမြို့လယ်ရှိ ယာရာမြစ် (Yarra River) ကမ်းနံဘေးမှ မြို့ဧ။်အကြီးဆုံးကုန်တိုက်ကြီးဖြစ်သည့် Melbourne CBD ဖြစ်သည်။ နောက်ဆုံးတစ်နေရာမှာ တောင်ကမ္ဘာခြမ်းတွင် အမြင့်ဆုံးမျှော်စင်ကြီးဖြစ်သော အထပ် (၉ ၂) ထပ်ရှိသည့် ယူရီကာမျှော်စင်ကြီး (Eureka Skydeck) ဖြစ်သည်။ ကျွန်တော်အစီအစဉ်ဆွဲထားသည့် သုံးနေရာလုံးသို့ နေ့တစ်ဝက်အချိန်လေးတွင် ရောက်နိုင်ရန်ကား လက်တွေ့မကျလှ။ နှစ်နေရာလောက်တော့ သွားဖြစ်အောင် သွားကြမည်ဟု မှတ်ထားသည်။
ဓာတ်ရထားမှတ်တိုင် အမှတ် (၁၂) တွင် ကျွန်တော်ဆင်းလိုက်သည်နှင့် သူငယ်ချင်းနှင့် သူ့သူငယ်ချင်းတရုပ်မလေးတစ်ဦး၊ မဲလဘုန်းသို့ သုံးလတာအလည်အပတ်ရောက်နေသည့် တစ်ကိုယ်တော်ခရီးသွား အမေရိကန်တစ်ဦးတို့ကိုပါ အတူတွေ့လိုက်ရသည်။ အမေရိကန်မှာ သူငယ်ချင်းတို့နှင့်အတူ ယနေ့ ခရီးအတူသွားကြမည်ဖြစ်သည်။ မှတ်တိုင်အမှတ် (၁၂) မှ အခြားဓာတ်ရထားတစ်စီးကို စီး၍ သူငယ်ချင်းနှင့်အတူပါလာသော တရုပ်မလေးဧ။် သူငယ်ချင်းနှင့် တွေ့နိုင်ရန် (၅) မှတ်တိုင်ခန့် သွားလိုက်ရသည်။ ဓာတ်ရထားပေါ်မှ ဆင်းပြီး အနီးမှ တရုပ်စားသောက်ဆိုင်တွင် နေ့လည်စာစားလိုက်ကြသည်။ စားသောက်ရင်း ယနေ့သွားမည့်အစီအစဉ်ကို တိုင်ပင်ကြသည်။ တရုပ်မလေးဧ။် သူငယ်ချင်းမလေးမှာ မဲလဘုန်းမြို့တွင်းဘက်ရှိ မိုနတ်ရှ်တက္ကသို်လ် (Monash University) တွင် တက်ရောက်နေသည်မှာ တစ်နှစ်ကျော်ရှိပြီး မြို့ထဲသို့ မကြာခဏ ရောက်တတ်သဖြင့် မြို့တွင်းနေရာအတော်များများကို သိသည်။ သူက မဲလဘုန်းမြို့ထဲမှ ဆေးမှုတ်ထားသော လမ်း၊ ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်သော Royal Arcade တို့သို့ သွားမည်ဟု ဆိုသည်။ သူ့အစီအစဉ်အပြီးမှာ ယူရီးကာမျှော်စင်သို့ သွားကြမည်၊ အခြားနေရာများကို ရသည့်အချိန်ကို ကြည့်၍ လုပ်ရန် ဆုံးဖြတ်ဖြစ်ကြသည်။
စားသောက်ပြီးနောက် ဆိုင်မှအထွက်တွင် မိုးဖွဲဖွဲကျနေရာမှ အနည်းငယ် မိုးပိုသည်းလာသည်။ လေးယောက်အနက် ကျွန်တော့်တစ်ဦးတည်းတွင်သာ ထီးပါသဖြင့် ကျွန်တော်နှင့် အခြားတစ်ဦးသာ မိုးခိုနိုင်သည်။ အခြားနှစ်ဦးမှာ အနွေးထည်အင်္ကျီမှ ခေါင်းခြုပ်ဖြင့် ခေါင်းကိုအုပ်ရင်း ဘော့ဂ်လမ်း (Bourke Street) အတိုင်း ရှေ့ဆက်ကြသည်။
မကြာမီ ဘော့ဂ်လမ်းမကြီးမှ လမ်းမြှောင်လေးတစ်ခုဖြစ်သော ယူနီယန်လမ်းလေး (Union Lane) သို့ ရောက်ကြသည်။ ထိုလမ်းလေးသည်ကား မဲလဘုန်းမြို့ရှိ ဆေးမှုတ်နံရံများဖြင့် တစ်လမ်းလုံး အလှဆင်ထားသည့် လမ်းများအနက်တစ်ခုဖြစ်သည်။ မိုးဖွဲလေးရွာနေသည့်ကြားမှ ကျွန်တော်တို့ ဓာတ်ပုံရိုက်လိုက်ကြသေးသည်။
Union Lane, Melbourne, Australia

ထို့နောက် ဘော့ဂ်လမ်းအတိုင်း ရှေ့ဆက်လာရာ Royal Arcade သို့ ရောက်သည်။ ထိုခန်းမကြီးသဏ္ဌာန် ရှေးဟောင်းအဆောက်အဦအတွင်း ဝင်လိုက်သည်နှင့် လာရောက်လည်ပတ်သူ အတော်များများကို တွေ့လိုက်ရသည်။ အဆောက်အဦဧ။် အပေါ်မျက်နှာကြက်မှာ အလင်းရောင်ဖောက်ဝင်နိုင်သော မှန်များဖြင့် မိုးထားသဖြင့် အတွင်းဖက်တွင် လင်းလင်းရှင်းရှင်း ရှိလှဧ။်။ ထိုအဆောက်အဦမှာ (၁၈၆၉ ) ခုနှစ်က တည်ဆောက်ခဲ့သဖြင့် ယခု (၂၀၁၆) ခုနှစ်တွင် နှစ်ပေါင်း (၁၅၀) နီးပါး သက်တမ်းရှိပြီဖြစ်သော မဲလဘုန်းမြို့ရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်။ ကျွန်တော်တို့အုပ်စုမှာ ဘော့ဂ်လမ်းဘက်မှ ဝင်လာခဲ့ပြီး အဆောက်အဦတစ်ဘက်ရှိ ကောလင်းလမ်းငယ် (Little Collins Street) သို့ မထွက်မီ ရပ်နားစောင့်ဆိုင်းကြသည်။ အကြောင်းမှာ နာရီတီးသည်ကို စောင့်ကြည့်လိုသောကြောင့် ဖြစ်သည်။ ထိုအချိန်မှာ ညနေ သုံးနာရီထိုးရန် တစ်မိနစ်သာလိုပေပြီ။ အဆောက်အဦဧ။် တစ်ဘက်ထွက်ဝအပေါ်တည့်တည်တွင် နာရီကြီးတစ်လုံးရှိသည်။ ထိုနာရီဧ။် ဘေးတစ်ဘက်စီတွင် မော့ဂ် (Mog) နှင့် မာဂေါ့ဂ် (Magog) ဟူသော ဘီလူးရုပ်ကြီးနှစ်ရုပ်ရှိသည်။ ထိုဘီလူးရုပ်ကြီးတို့ဧ။် လက်တစ်ဘက်တွင် သံချောင်းတိုတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုလက်အနီးတွင် မကြီးမငယ်အရွယ်အစားရှိသည့် ကြေးခေါင်းလောင်းတစ်လုံးစီ ရှိသည်။ နာရီတွင် တစ်နာရီထိုးတိုင်း ပထမဦးစွာ မော့ဂ်ဧ။် သံချောင်းကိုင်ထားသောလက် လှုပ်လာပြီး သံချောင်းတိုဖြင့် ကြေးခေါင်းလောင်းကို ထိုးသည်။ မော့ဂ် ကြေးခေါင်းလောင်းထိုးပြီးနောက် မာဂေါ့ဂ်ဧ။် ကြေးစည်ကိုင်သောလက်လှုပ်လာပြီး သံချောင်းတိုဖြင့် ကြေးခေါင်းလောင်းကို ထိုးသည်။ သို့သော် ယခုအခါ မော့ဂ်ဧ။် ခေါင်းလောင်းထိုးသံသာ မြည်ပြီး မာဂေါ့ဧ။် ခေါင်းလောင်းထိုးသံမှာ မမြည်ပေ။ မာဂေါ့ဧ။် ကြေးခေါင်းလောင်းမှာ သူ့သံချောင်းလှမ်းမမီရုံအကွာအဝေးတွင် ရောက်နေခြင်းကြောင့်ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းမှာမူ မော့ဂ်နှင့် မာဂေါ့ဂ်တို့ နာရီအချက်ပြခေါင်းလောင်းတီးမည်ဟု ကြိုပြောထား၍ ဖုန်းကင်မရာဖြင့် ဗွီဒီယိုမှတ်တမ်းတင်ထားလိုက်သေးသည်။
Royal Arcade, Melbourne, Australia

Mog & Magog, the giants

“အမယ်လေး … ငါ့များ ဒီဘီလူးကြီးနှစ်ကောင် ခန္ဓာကိုယ်တစ်ခုလုံးလှုပ်လာပြီး တီးမှာလားလို့ လန့်တောင်လန့်သွားတာ။ အခု လက်ကလေးကိုသာ လှုပ်လို့ တော်သေးတာပေါ့။ ကြည့်နေတုန်း အသည်းယားလိုက်တာ”
နာရီအချက်ပြခေါင်းလောင်းထိုးအပြီး သူငယ်ချင်းဧ။် စကားကြောင့် ကျွန်တော် ရယ်မိတော့သည်။
ထိုမှ ထွက်လိုက်ပြီးနောက် လမ်းတစ်ဘက်ရှိ ယခင်မဲလဘုန်းမြို့ဗဟိုစာတိုက်ကြီးအဖြစ် အသုံးပြုခဲ့ပြီး ယခုအခါ တစ်ခြမ်းကို စာတိုက်၊ တစ်ခြမ်းကို အဝတ်အစားဆိုင်ဖွင့်ထားသော အဆောက်အဦအတွင်း ဝင်ခဲ့ကြသည်။ သူငယ်ချင်းက အင်္ကျီတစ်ထည်ဝယ်သည်။
ထိုမှ ဆက်၍ ယူရီးကာမျှော်စင်ကြီးဆီသွားရန် ဓာတ်ရထားမှတ်တိုင်ဆီ ခရီးဆက်ကြသည်။ ဓာတ်ရထား လေးမှတ်တိုင်သာ စီးရပြီး မဲလဘုန်းမြို့ဧ။် ဗဟိုချက်မဟုဆိုနိုင်သည့် ဖက်ဒရေးရှင်းရင်ပြင် (Federation Square) နှင့် ဖလင်ဒါဘူတာရုံအနီးရှိ ဓာတ်ရထားမှတ်တိုင်တွင် ဆင်းလိုက်ကြသည်။ ထိုမှ ယူရီးကာမျှော်စင်သို့ သွားကြမည်ဖြစ်သည်။
ယာရာမြစ်ကူးနှင့် မြစ်ကူးတံထားကြီး

အတူလာကြသူလေးဦးအနက် ကျွန်တော်တစ်ယောက်တည်းသာ ယူရီးကာမျှော်စင်ကြီးသို့ ရောက်ဖူးသည်။ မိုနတ်ရှ်ကျောင်းသူ တရုပ်မလေးမှာလည်း ယူရီကာသို့ မရောက်ဖူးသေးပေ။ ကျွန်တော် ယူရီကာသို့ ရောက်ဖူးသည်ဆိုသော်လည်း ထိုနေရာမှ ရှေ့ဆက်သွားရမည့်လမ်းကိုမူ ကောင်းစွာ မမှတ်မိတော့။ ယာရာမြစ် (Yarra River) ကမ်းနဖူးလမ်းအတိုင်း စုန်၍ သွားရသည်ကိုသာ မှတ်မိတော့သည်။ ရောက်ဖူးခဲ့သည်မှာလည်း လွန်ခဲ့သောနှစ်က မဲလဘုန်းမြို့ထဲသို့ ပထမဦးဆုံး ရောက်ဖူးသောနေ့က ဖြစ်သည်။ ကျွန်တော်တက်နေသော လာထရုတ်တက္ကသိုလ်မှာ မဲလဘုန်းမြို့ဧ။် ဆင်ခြေဖုန်းရပ်ကွက်တစ်ခု ဖြစ်သော ဘန်ဒူရာရပ်ကွက် (Bundoora) တွင် ရှိပြီး ယခုရောက်နေသော ဖက်ဒရေးရှင်းရင်ပြင်သို့ ရောက်ရန် တစ်နာရီခန့် အနည်းဆုံး ကြာသဖြင့် နေ့ကြီးရက်ကြီးများတွင်သာ တစ်ခါတစ်လေ ရောက်ဖြစ်ခဲ့သဖြင့် မဲလဘုန်းမြို့ရှိ နေရာအတော်များများနှင့် ကျွန်တော် များစွာ အကျွမ်းမဝင်သေးပေ။ ထို့ကြောင့် Google Map ကို အားကိုး၍ ယူရီကာမျှော်စင်ရှိရာကို လိုက်ရှာကြည့်သည်။ သြစတြေးလျတွင် နေထိုင်ရသည့်အနက် ကောင်းသည့်အချက်များတွင် ထို Google Map အကူအညီဖြင့် မိမိသွားလိုသော နေရာကို ရှာဖွေသွားရောက်နိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သို့သော် ယခု မည်သည့်ဘက်သို့ ဦးတည်ရမည်ကို ကျွန်တော် သေချာစွာ မသိသေးပေ။ မိုနတ်ရှ်တက္ကသိုလ်ကျောင်းသူကလည်း သူ့ ဖုန်းရှိ Google Map ဖြင့် ကူရှာပေးသည်။ ထို့နောက် ယာရာမြစ်ကို ဖြတ်ထိုးထားသော တံထားကိုကျော်ကြသည်။ တံထားကျော်ပြီးနောက် တစ်ဖန် မျက်စိလည်ကြပြန်သည်။ ထို့နောက်မှ တံထားအောက်ဖက်နားရှိ ယာရာမြစ်ကမ်းဘေးလမ်းပေါ်သို့ ဦးတည်သော ကျောက်လှေကားလေးအတိုင်း ဆင်လာနိုင်ကြသည်။
ထိုနေရာရောက်တော့မှ ကျွန်တော် လမ်းကို မှတ်မိတော့သည်။ ထိုမှ (၇) မိနစ်ခန့် လမ်းလျှောက်သွားပြီးနောက် ယူရီးကာမျှော်စင်ကြီးကို တွေ့မြင်ရတော့သည်။ ခါတိုင်းနေ့များတွင် ဤမြစ်ကမ်းဘေးလမ်းတစ်လျှောက် လမ်းဘေးအနုပညာသမားများ၊ ကလေးများအကြိုက် စပိုက်ဒါမင်းသဏ္ဌာန်ပြု၍ သရုပ်ဆောင်ပြ၊ ဓာတ်ပုံတွဲရိုက်စေသူများ၊ အေးအေးလူလူ လမ်းလျှောက်သူ လူကြီးလူငယ်များစွာ တွေ့ရသော်လည်း မိုးဖွဲရွာနေသော ယနေ့တွင်မူ လူအနည်းငယ်သာ တွေ့ရသည်။
ယူရီးကာမျှော်စင်ကြီးရှိရာဖက်ဆီသို့ ကျွန်တော်တို့ ချို့ကွေ့လိုက်ပါပြီ။ မျှော်စင်ကြီးမှာ ယိုင်တိုင်တိုင် တည်ဆောက်ထားသဖြင့် ကျွန်တော်တို့အပေါ်ဖက်ဆီမှ စီးမိုးနေသည်။ မျှော်စင်နားအရောက်တွင် ၎င်းဧ။် လေးထပ်မြောက်ဟုထင်ရသောအထပ်ဧ။် ရှေ့မျက်နှာစာတွင် ဖောင်းကြွပုံပြုလုပ်ထားသော ရွှေရောင်ပင့်ကူရုပ်များကို တွေ့မြင်လိုက်ရသည်။
ကျွန်တော်တို့အဖွဲ့ မျှော်စင်ဝင်ပေါက်သို့ ရောက်ပါပြီ။ ပုံမှန်အားဖြင့် မျှော်စင်ဝင်ကြေးမှာ ဒေါ်လာ (၂၀) ဖြစ်သော်လည်း ကျောင်းသားကဒ်ပါလျှင် (၁၅) ဒေါ်လာသာ ပေးရသည်။ ကျွန်တော်တို့ထဲတွင် အမေရိကန်သူငယ်ချင်းမှလွဲ၍ အားလုံးမှာ ကျောင်းသားကဒ်ပါသဖြင့် (၁၅) ဒေါ်လာသာ ပေးခဲ့ရသည်။ လက်မှတ်ရောင်းသော အမျိုးသမီးက ယနေ့ ရာသီဥတုမကောင်းသဖြင့် မျှော်စင်ပေါ်မှ မြင်ကွင်းများ ကြည်လင်မည်မဟုတ်ကြောင်း အသိပေးသည်။ အခြေအနေကို အခြားသူများအား ရှင်းပြ၍ မျှောစင်ပေါ် တက်လို၊ မတက်လို ကျွန်တော် မေးကြည့်လိုက်သည်။ အားလုံး တက်လိုကြောင်း ပြောသဖြင့် ကျွန်တော်တို့ အုပ်စု ဓာတ်လှေကားစောင့်ဧ။် ဦးဆောင်ခေါ်ယူမှုဖြင့် ဓာတ်လှေကားအတွင်းသို့ ဝင်ကြသည်။ ဓာတ်လှေကားစောင့်မှာ အတူလိုက်မလာပေ။ “Enjoy your visit, buddies” (ကောင်းကောင်း လည်ပတ်ခဲ့ကြပါ မိတ်ဆွေတို့) ဟူ၍ နှုတ်ဆက်လျှက် ဓာတ်လှေကား အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။
ဓာတ်လှေကားမှာ အလွန်လျင်မြန်သလို ခံစားရသည်။ ထိုသို့ အမြန်နှုန်းကြောင့်လား၊ တဖြည်းဖြည်း မြင့်လာသော အမြင့်ကြောင့်လားမသိ ကျွန်တော်မှာ လေယာဉ်စီးသည့်အခါ နားစည် ကျင်ခနဲ နာကျင်သလိုမျိုး ခံစားရသဖြင့် ခေတ္တမျှ နားကို လက်ညိုးဖြင့် တစ်ဖက်တစ်ချက် ပိတ်ထားမိသည်။ အခြားသူတစ်ချို့လည်း အလားတူ ခံစားရသည်ဟု ဆိုသည်။ စက္ကန့်ပိုင်းမျှသော အချိန်လေးအတွင်း ကျွန်တော်တို့ ယူရီးကာမျှော်စင်ကြီးဧ။် အမြင့်ဆုံးအထပ်ဖြစ်သော (၉ ၂) ထပ်မြောက်သို့ ရောက်ကြသည်။

ရာသီဥတုမကောင်းဟုဆိုသော်လည်း မျှော်စင်ပေါ်တွင် လူအတော်လေး စည်ကားနေသည်ကို တွေ့ကြရသည်။ ကျွန်တော်တို့ မျှော်စင်ကို ပတ်၍ အောက်မှ မြင်တွေ့နေရသော ရှုခင်းများကို ဓာတ်ပုံရိုက်လိုက်၊ တစ်ယောက်ကိုတစ်ယောက် ဓာတ်ပုံရိုက်ပေးလိုက်၊ အုပ်စုလိုက် ဓာတ်ပုံရိုက်လိုက်ဖြင့်
“ရိုက်ပွဲ” ကျင်းပကြတော့သည်။ ပတ်ဝန်းကျင်မှာ သိပ်မကြည်လင်လှသော်လည်း အလှအပကို ခံစားနိုင်၊ မှတ်တမ်းတင်နိုင်လောက်အောင် လှနေသေးဧ။်။ ပထမတစ်ခေါက် တက္ကသိုလ်မှ သူငယ်ချင်းများနှင့် လာရောက်ခဲ့စဉ်က ရာသီဥတု သာယာသဖြင့် ပတ်ဝန်းကျင်ကို ပို၍ ကောင်းစွာ ရှုမြင်ခံစားခဲ့ရဧ။်။ ယခုမူ အဆောက်အဦအတွင်းတွင် ဓာတ်ပုံရိုက်လျှင်ပင် Flash ဖွင့်၍ ရိုက်မှ လင်းလင်းရှင်းရှင်း ရှိတော့သည်။ မဟုတ်လျှင် အနည်းငယ် မှောင်နေသလိုရှိဧ။်။


ထို့နောက် ကော်ဖီဆိုင်မှ ကော်ဖီဝယ်သောက်ဖြစ်ကြသည်။ ကျွန်တော် Cappacino တစ်ခွက် မှာသောက်ဖြစ်သည်။ မှတ်မိသေးသည်။ ပထမအကြိမ်ရောက်စဉ်က မဲလဘုန်းမြို့ကို စရောက်ခါစဖြစ်၍ ဘာကိုဝယ်ဝယ် ကျသင့်ငွေကို မြန်မာငွေနှင့်ဆိုလျှင် မည်မျှဖြစ်မည်စသည်ဖြင့် စိတ်ဖြင့်တွက်၍ ယူရီကာမျှော်စင်ပေါ်မှ Cappacino တစ်ခွက်သောက်ခဲ့ချင်ပါလျှက် မသောက်ရဲခဲ့ချေ။ သြစီဒေါ်လာ (၃.၉၀) သည်လည်း မြန်မာငွေဖြင့်ဆိုလျှင် သုံးထောင့်ငါးရာခန့်ပင်မဟုတ်ပါလော။ မြန်မာငွေဖြင့်တွက်လျှင် နှမြောစရာပင်။ အခုတစ်ခေါက်တွင်မူ ကော်ဖီဝယ်သောက်ဖြစ်ခဲ့ပြီ။ မြန်မာငွေဖြင့် တွက်သောအလေ့လည်း ပျောက်သွားခဲ့ပြီ ထင်ဧ။်။

မျှော်စင်ပေါ်တွင် ကော်ဖီသောက်ရင်း သူငယ်ချင်းကို မျှော်စင်နှင့် ပတ်သက်၍ မိမိ သိမှတ်မိသလောက် ပြောပြဖြစ်သည်။ ယူရီးကား (Eureka) ဟူသော အင်္ဂလိပ်စကားလုံးမှာ “I discover it!” (တွေ့ ပြီကွ) ဟူ၍ အဓိပ္ဗာယ်ရသော အာမေဋိတ်သံတစ်ခုဖြစ်ကြောင်း၊ မျှော်စင်မှာ မီတာသုံးရာ (၉ ၈၄.၃ ပေ) မြင့်ကြောင်း၊ တောင်ကမ္ဘာခြမ်းတွင် အမြင့်ဆုံးမျှော်စင်ဖြစ်ကြောင်း၊ လေပြင်းတိုက်လျှင် မျှော်စင်ထိပ်သည် ၆၀၀ မီလီမီတာအထိ လေနှင့်အတူလိုက်ပါယိမ်းနွဲနိုင်ကြောင်း၊ သို့သော် ထိုထက်ပို၍ မယိမ်းစေအောင် အထပ် (၉၀) နှင့် အထပ် (၉၁) တို့တွင် ရေ (၃၀၀,၀၀၀) လီတာစီဖြည့်ထားသော ရေစည်ကြီးများထားရကြောင်း၊ ဓာတ်လှေကားသည် တစ်စက္ကန့်လျှင် ကိုးမီတာ (၂၉ .၅၃ ပေ) သွားနိုင်ပြီး တောင်ကမ္ဘာခြမ်းတွင် အမြန်ဆုံး ဓာတ်လေကားဖြစ်ကြောင်း၊ မျှော်စင်တွင် အထပ်ပေါင်း (၉ ၂) ထပ်ရှိကြောင်း၊ ယူရီးကာမျှော်စင်ဧ။် ထိပ်ဆုံး ဆယ်ထပ်ရှိ မှန်များကို ရွှေစင် (၂၄) ကာရတ်ဖြင့် ကွပ်ထားကြောင်း ပြောပြဖြစ်သည်။
ထိုသို့ရှိစဉ် အပြင်ဖက်တွင် မိုးပိုသည်းလာသဖြင့် ပတ်ဝန်းကျင်ကို မမြင်ကြရတော့။ မှောင်ရီပျိုးစတွင် ရေးတေးတေးမြင်နေခဲ့ရသော မြင်ကွင်းများမှာ ရေမှုန်ရေမွှားလေးများ မှန်အကွယ်အကာကို ပိတ်ဆို့မင်းမူ လိုက်လေပြီ။ ကျွန်တော်မှလွဲ၍ အခြားသူများတွင် ထီးမပါလာရာ မိုးကွဲအောင် စောင့်ဆိုင်းရန်မှတစ်ပါး အခြားမရှိပြီ။ ယခု ညနေခြောက်နာရီ ထိုးတော့မည်။ မျှော်စင်မှာ ညနေ (၁၀) နာရီမှသာ ပိတ်မည်ဖြစ်၍ တော်သေးသည်။ ကျွန်တော်တို့ အဆင်ပြေသော တစ်နေရာတွင် စကားတပြောပြောနှင့် ထိုင်ဖြစ်ကြသည်။ ညရှစ်နာရီထိုးခါနီပြီ။ မိုး မစဲသေးပေ။ သို့သော် မိမိမှာ မြို့ပြင်သို့ ပြန်ရမည်ဖြစ်သဖြင့် ပြန်သင့်နေပြီဖြစ်ကြောင်း သူတို့ကို ကျွန်တော် ပြောဖြစ်သည်။ သို့ဖြင့် မျှော်စင်ပေါ်မှ ဆင်းလာခဲ့ကြတော့သည်။ မျှော်စင်ပေါ်မှ အထွက်တွင် အမေရိကန်သူငယ်ချင်းနှင့် နှုတ်ဆက်ခွဲခွာပြီး ကျန်သော ကျွန်တော်တို့လေးယောက်သား ဖလင်ဒါဘူတာဖက်သို့ ဖြတ်ထိုးထားသော လူသွားတံထားငယ်ကို ဖြတ်လာခဲ့ကြသည်။ လာစဉ်က ဖြတ်လာခဲ့သော တံတားကြီးကို ခပ်လှမ်းလှမ်းမှ မြင်နေရဧ။်။ ဖလင်ဒါဘူတာအရောက်တွင် တရုတ်မလေးသူငယ်ချင်းနှစ်ယောက်က အခြားသူငယ်ချင်းများနှင့် ညနေစာစားရန် ချိန်းထားသဖြင့် ခွဲခွာခဲ့ကြပြန်သည်။
ကျွန်တော်မှာ သူငယ်ချင်း လောလောဆယ်တည်းခိုနေသော အဆောင်သို့ လိုက်ပို့ရမည်ဖြစ်သည်။ မြို့တွင်ရှိ ထိုနေရာသို့ မိမိ မရောက်ဖူးသဖြင့် Google Map အသုံးပြု၍ ရှာရပြန်သည်။ မိုးထဲလေထဲတွင် အဆောင်နားရောက်ခါနီး မျက်စိလည်လမ်းမှားကြသေးသည်။ နောက်ဆုံးတွင်မှ အဆောင်ရှိရာ လမ်းထိပ်သို့ ရောက်ကြသည်။ ထိုတွင်မှ သူငယ်ချင်းက လမ်းမှတ်မိတော့သည်။ သူ့ခမျာလည်း မဲလဘုန်းမြို့သို့ နှစ်ရက်တာလာလည်ပြီး မနက်မိုးလင်းလျှင် အဆောင်မှ ထွက်၊ နေဝင်လျှင် ပြန်လာနှင့် မည်သို့ လွယ်လွယ် မှတ်မိနိုင်ပါမည်နည်း။ သူ လမ်းကို မှတ်မိပြီးနောက် အနီးအနားမှ တရုတ်ဆိုင်တစ်ဆိုင်တွင် ညစာစားဖြစ်ကြသည်။ ထို့နောက် သူ့ကို အဆောင်သို့ လိုက်ပို့ပြီးနောက် ကျွန်တော်နေထိုင်ရာ ကျောင်းဆောင်ရှိသည့် ဘန်ဒူရာရပ်ကွက်သို့ ဓာတ်ရထားစီး၍ ပြန်လာခဲ့တော့သည်။ ကျောင်းဆောင်သို့ ပြန်ရောက်သောအချိန်တွင် ညနေ (၁၀) နာရီ ထိုးပေပြီ။
ထိုနေ့တွင် မိတ်ဆွေသစ်များ တိုးခဲ့သည်။ သို့သော် မဲလဘုန်းမြို့လည်တွင် မျက်စိလည် လမ်းမှားခဲ့သည်။ ရာသီဥတုက မကောင်းသဖြင့် အနည်းငယ် စိတ်ပျက်စရာကောင်းလှသည်။ ယူရီကာမျှော်စင်ကြီးကို တစ်နှစ်ကျော်အကြာ ဒုတိယအကြိမ် ပြန်သွားခွင့်ရခဲ့သည်။ ဤခရီးတိုအဆုံးတွင် “သြော် … ငါလည်း မဲလဘုန်းမြို့မှာ တစ်နှစ်ကျော်နေလာပြီး မြို့ကို မကျွမ်းကျင်သေးပါလား။ ဆက်ပြီး လေ့လာစူစမ်းရဦးမှာပါလား။” ဟူသော အသိတရား ရခဲ့သည်။
ဒီစာကို ဖတ်မိတဲ့ မိတ်ဆွေတို့ ကျွန်တော့်ရဲ့ မဲလဘုန်းမြို့ နယ်မြေကျွမ်းကျင်ချက်ကို သြချသွားကြမယ်ထင်ပါ့။ လန့်မသွားကြပါနဲ့ မိတ်ဆွေတို့ ... ။ မိတ်ဆွေတို့ လာလည်တဲ့အချိန် ကျွန်တော် မဲလဘုန်းမြို့မှာ ရှိနေသေးတယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါလေ။ မဲလဘုန်းမြိုက စိတ်ဝင်စားစရာနေရာတွေဆီ မိတ်ဆွေတို့ကို ကျွန်တော် ဆက်ဆက် လိုက်ပို့ဖြစ်မှာပါ။ အနည်းဆုံးတော့ သာတောင့်သာယာနေ့တစ်နေ့မှာ ရင်သပ်ရှုမောစဖွယ် ယူရီးကာမျှော်စင်ကြီးဆီ ခေါ်သွားပေးမှာပါ။ အဲဒီအချိန်ကျရင်တော့ ကျွန်တော် မဲလဘုန်းမြို့ကို အရည်ကြိုသောက်ထားနိုင်လောက်ပြီထင်ပါရဲ့ဗျာ။ J

အားလုံးကို လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၂၇၊ ၄၊ ၂၀၁၆ (ဗုဒ္ဓဟူးနေ့)


No comments:

Post a Comment