Sunday 24 April 2016

လေးတောင်မြေမှာ ပွင့်သော ကြာ



                  ဇွဲသစ် (ရမ္မာမြေ)

(၁)
ကြာဆိုတာ
ကန်အောက်ကြမ်းပြင်မှတစ်ဆင့်

ရေကို ထိုးထွက်
တန်ခိုးထက်တဲ့ ပန်းတစ်မျိုး။

ကြာဆိုတာ
အရိုးလည်း အသုံးဝင်
အဖူးလည်း အသုံးကျ
အပွင့်လည်း အသုံးတည့်
အသီးလည်း အသုံးများ
တန်ဖိုးထားအပ်တဲ့ အပင်တစ်မျိုး။

ရေမြင့်မှ ကြာတင့်ပါသတဲ့။
ဟော့ … ဒီကြာပန်းကတော့
ရေမြင့်လို့ ကြာတင့်တာမဟုတ်၊
ကြာတင့်လို့ ရေတွေမြင့်ခဲ့ကြရပြီ။

သူဟာ
ဖူးတုန်းလည်း အကျိုးပွား
ပွင့်တော့လည်း တန်ဖိုးထားရတဲ့
ဘုရားပန်းအိုးထဲက ကြာပန်းမျိုးပေါ့။
xxxxx     xxxxx    xxxxx  xxxxx

(၂)
၁၉ ၉ ၉  - ခုနှစ်၊ အောက်တိုဘာလဧ။် တစ်ခုသောနေ့။ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ ဇရပ်ပြင်ရွာနှင့် ကွမ်းအိုင်ရွာတို့ အစပ်ရှိ တြိဂံသဏ္ဌာန် မြေကွက်ပေါ်တွင် ခန့်ညားစွာ တည်ရှိနေသည့် အ.ထ.က ဇရပ်ပြင် ကျောင်းတော်ကြီး၌ မောင်ကျော်ဇောတစ်ယောက် အဌမတန်း တက်ရောက်နေချိန်။
ဆောင်းရာသီ ရောက်လာပြီဖြစ်သဖြင့် နံနက်ပိုင်း အေးလှ၍ မောင်ကျော်ဇောတစ်ယောက် အိမ်မှ ကျောင်းဆီသို့ စိတ်မပါ့တပါ ရောက်လာခဲ့သည်။ ကျောင်းရောက်ပြီး အတန်းပိုင်ဆရာမအချိန်နှင့် အခြားဆရာတစ်ဦးဧ။် အချိန် ကုန်လွန်ခဲ့ပြီ။ နောက်လာမည့်အချိန်မှာ မြန်မာစာအချိန်ပင်။ နားချိန်အနည်းငယ်ရသဖြင့် ကျောင်းသားများမှာ စကားပြောသူက ပြောနေကြသည်။ တစ်ချို့က အားသည်နှင့် အချင်းချင်း စနောက်ကြသည်။ ကျောင်းသား၊ ကျောင်းသူအနည်းငယ်မှာ မုန့်ပဲသွားရေစာ စားနေကြသည်။ စာဖတ်၊ စာရေးနေသူအချို့လည်း ရှိသည်။ အချို့မှာ အိပ်ရေးမဝသည့်ဟန်ဖြင့် စာရေးခုံပေါ် မျက်နှာအပ်ကာ မှေးစက်နေကြလေရဲ့။ ထိုသို့မှေးစက်နေသူများထဲတွင် မောင်ကျော်ဇောလည်းပါသည်။ သို့သော် မြန်မာစာအချိန်အတွက် မဟောသဓာဇာတ်တော်ကြီးပြဌာန်းစာအုပ်၊ မှတ်စုစာအုပ်နှင့် စာရေးကိရိယာတို့ကို သူ ခုံပေါ်တင်ထားပြီးသားဖြစ်ဧ။်။

ထိုသို့ရှိစဉ် အသားညိုညို၊ ခပ်ဝဝ၊ အရပ်ပုပုနှင့် အသက်လေးဆယ်ခန့်ရှိမည့် ဆရာမအသစ်တစ်ဦး စာအုပ်ကိုင်လျက် အခန်းထဲသို့ ဝင်လာသည်ကို ကျောင်းသား၊ ကျောင်းသူများ သတိပြုမိကြသည်။ သူတို့ဧ။် မျက်လုံးများမှာ အရောက်လက်နေဧ။်။ စူးစမ်းသောအကြည့်ဖြင့် ဆရာမအသစ်ကို လိုက်ကြည့်နေမိကြသည်။“အဲဒါ မြန်မာစာ ဆရာမကွ။ မနေ့ကမှ ငါတို့ ကျောင်းကို ပြောင်းလာတာတဲ့။”ဟိုအကြောင်း ဒီအကြောင်း သောင်းပြောင်းထွေလာ စပ်စုနိုင်လွန်းသော သူငယ်ချင်း ဇော်ဝင်းက မောင်ကျော်ဇောကို ခပ်တိုးတိုး ပြောလာသည်။ ဆရာမ အတန်းရှေ့သို့ ရောက်သောအခါ မတ်တပ်ရပ်နေပြီဖြစ်သော တပည့်များက “မင်္ဂလာပါ ဆရာမ” ဟု နှုတ်ဆက်ကြသည်။ကျောင်းသား၊ ကျောင်းသူများ နေရာတွင် ပြန်ထိုင်ပြီးနောက် ဆရာမက သူ့ကိုယ်သူ မိတ်ဆက်သည်။ သူ့အမည်မှာ ဒေါ်တင်တင်ရီဖြစ်ကြောင်း၊ မြေပုံမြို့ ဇာတိဖြစ်ကြောင်း၊ မနေ့ကမှ လေးတောင်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်ကြောင်း၊ အထက်တန်းပြအဖြစ် ဇရပ်ပြင်ကျောင်းတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း လောလောဆယ် အဌမတန်း၊ မြန်မာစာဘာသာရပ်ကို သင်ကြားပေးမည်ဖြစ်ကြောင်း မြေပုံရခိုင်ဒေသိယစကားသံဖြင့် အေးဆေးစွာ ပြောသည်။ ကျောင်းသား၊ ကျောင်းသူများမှာ ဆရာမဧ။် အေးဆေးတည်ငြိမ်မှု၊ အိနြေ္ဒသိက္ခာရှိမှု၊ ရိုးသားဖြူစင်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ မိမိတို့နှင့် အနည်းငယ်စိမ်းနေသော်လည်း နားဝင်ပီယံရှိလှသော မြေပုံရခိုင်ဒေသိယစကားသံဧ။် ဆွဲဆောင်မှုတို့အကြားတွင် ညှို့ယူဖမ်းစားခြင်း ခံလိုက်ရလေပြီတည်း။ဆရာမက မိမိကိုယ်ကိုယ် မိတ်ဆက်စဉ် ကျောင်းသား၊ ကျောင်းသူများကို “မြေပုံမြို့ကို ကြားဖူးကတ်လား” ဟု မေးမြန်းရာ ကျောင်းသား၊ ကျောင်းသူတစ်ချို့ ပြုံးစိစိဖြင့် ကြားဖူးကြောင်း သံပြိုင် ဖြေကြသည်။ ထိုအထဲတွင် မောင်ကျော်ဇောလည်း တစ်ဦးအပါအဝင် ဖြစ်ဧ။်။ မပြုံးဘဲ မည်သို့ နေနိုင်ပါမည်နည်း။ မောင်ကျော်ဇောတို့တွင် မြေပုံမြို့သို့ ကိုယ်တိုင် မရောက်ဖူးကြသော်လည်း ၎င်းနှင့်ပတ်သက်၍ အမှတ်တရများ ရှိနေကြသည်ပင်။


မောင်ကျော်ဇောတို့ သတ္တမတန်းတက်စဉ် သမိုင်းဘာသာရပ် သင်ပြသော ဆရာမှာ အလွန် အာဝဇ္ဇန်းရွှင်လှဧ။်။ တပည့်များကို ဆုံးမသည့်အခါတွင်လည်း ဟာသနှော၍ နားဝင်ချိုအောင် ဆုံးမတတ်လေရာ ကျောင်းသား၊ ကျောင်းသူတို့မှာ ထိုသမိုင်းဆရာကို အထူးပင် နှစ်သက်ကြဧ။်။ မြေပုံနှင့် ပတ်သက်၍ မောင်ကျော်ဇောတို့အတွက် အမှတ်ရစရာမှာ ဤသို့ဖြစ်သည်။ အရက်သောက်ခြင်းဧ။် ဆိုးကျိုးများနှင့် ဆက်စပ်၍ ထိုသမိုင်းဘာသာရပ်သင်ဆရာ ပြောပြောတတ်သော စကားမှာ “အရက်သမားဆိုတာ သောက်တာများလာရင် အမ်းမြို့ကို ရောက်တယ်ကွ။ အဲ … အရက်သောက်တာ အရမ်းများသွားပြီဆိုရင်တော့ မြေပုံမြို့ကို ရောက်တာပဲ။ ဒီတော့ အရက် မသောက်ကြနဲ့ကွ။ ခပ်စောစောလေး မြေပုံကို ရောက်သွားလိမ့်မယ်” ဟူ၍ပင်။ အရက်သောက်ခြင်းသည် မိမိအတွက် အကျိုးမရှိကြောင်း၊ အရက်သမားများသည် နောက်ဆုံး မရှုမလှ သေဆုံးရတတ်ကြောင်း၊ အရက်သေစာကို ရှောင်ရှားသင့်ကြောင်း ဆရာက သွယ်ဝိုက်ပြောဆိုဆုံးမလိုက်ခြင်းပင် ဖြစ်သည်။ ထိုစကားကို ကြားသည့် ကျောင်းသား၊ ကျောင်းသူတိုင်းမှာ ဝါးကနဲ ရယ်မိသွားတတ်စမြဲဖြစ်ရာ မြေပုံသူ ဆရာမ ဒေါ်တင်တင်ရီက “မြေပုံမြို့ကို ကြားဖူးကတ်လား” ဟူသော ရိုးရိုးသာမန်အမေးစကားသည်ပင် ကျောင်းသား၊ ကျောင်းသူအတော်များများကို ပြုံးစိစိ ဖြစ်စေသည်မှာ မထူးဆန်းတော့ပေ။

ထိုနေ့ မြန်မာစာသင်ချိန်မှာ မောင်ကျော်ဇောတို့အတွက် မမေ့နိုင်လောက်သော အခိုက်အတန့်လေးများ ဖြစ်ခဲ့ပေသည်။ မင်းဘူးဆရာတော်ဦးသြဘာသ ရေးသားသည့် မဟောသဓာဇာတ်တော်ကြီးမှ အခန်းတစ်ခန်းကို ဆရာမက ဝတ္ထုပြောသလို တစ်လှည့်စီ ပြောရင်း၊ ဖတ်ရင်း စိတ်ဝင်စားဖွယ် သင်ပြပေးသည်။ ထိုအခန်းကို ကျောင်းသား၊ ကျောင်းသူများအား အလှည့်ကျ ဖတ်စေလိုက်၊ ကျပန်းဖတ်စေလိုက်ဖြင့် အားလုံး အာရုံစူးစိုက်၍ သင်ယူဖြစ်အောင် ကြိုးပမ်းသည်။  ထိုအခန်းတစ်ခုလုံးကို ကန့်သတ်စကားလုံးအရေအတွက်ဖြင့် မည်သို့ အနှစ်ချုပ်ရေးရကြောင်း စိတ်ရှည်လက်ရှည် လက်တွေ့ ရှင်းလင်းသင်ပြပေးသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ထိုအခန်းကို သတ်မှတ်စကားလုံးအရေအတွက်ဖြင့် အနှစ်ချုပ်ရေးလာရန် အိမ်စာပေးပြီး ထိုနေ့ မြန်မာစာအချိန် ပြီးဆုံးခဲ့သည်။ ဆရာမဧ။် မြန်မာစာအသင်အပြ ကောင်းမှု၊ ဘာသာရပ်ကျွမ်းကျင်မှုတို့ကြောင့် ကျောင်းသား၊ ကျောင်းသူအားလုံးလိုလိုမှာ အနှစ်ချုပ်စကားပြေကိုရေးသားရန် အဆင်သင့် အနေအထား ဖြစ်နေပုံပေါ်သည်။ အားလုံး တက်ကြွနေကြသည်။


မူလတန်းအထိသာ ကျောင်းနေခဲ့ရဖူးသော်လည်း အလွန်စာဖတ်ဝါသနာပါသော မိခင်ဧ။် ပုံပြင်များ၊ ဇာတ်ဝတ္ထုများ၊ ကဗျာ၊ ရခိုင်ရိုးရာတေးများဖြင့် ယဉ်ပါးကြီးပြင်းလာခဲ့သော မောင်ကျော်ဇောမှာ မြန်မာစာကို စိတ်ဝင်စားလာခဲ့သဖြင့် ယခုကဲ့သို့ မြန်မာစာဆရာမက မည်သို့ရေးရမည်ဟူ၍ လမ်းညွှန်ပြသပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ရေးသားစေမှုသည် သူ့အတွက် အထူးနှစ်သက်စရာ အခြေအနေတစ်ခု ဖြစ်သည်ပင်။ 

ဤဆရာမ မတိုင်မီ မြန်မာစာဆရာမမှာ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်တိုင်ရေးသားစေခြင်းထက် အထူးထုတ်စာအုပ်ထဲမှ မှတ်စုများကိုသာ ခေါ်ပေးပြီး လိုက်ရေးစေခြင်းနည်းကိုသာ တွင်တွင်သုံးခဲ့သည်။ လပတ်စာမေးပွဲများတွင် ထိုမှတ်စုပေးထားသောစာကို ဤသည်မရွေ့ ကျက်မှတ်၍ ချရေးရသည်။ အမှတ်ပေးသောအခါတွင်လည်း ထိုမူရင်းမှတ်စုစာနှင့် တိုက်ဆိုင်၍ အမှတ်ပေးလေ့ရှိသည်။ ထိုသို့လုပ်ခြင်းမှာ ကျက်မှတ်မှုကိုသာအလေးပေးပြီး ကျောင်းသား၊ ကျောင်းသူများဧ။် ကိုယ်ပိုင်ဖန်တီးခွင့်ကို တားဆီးလိုက်သလိုဖြစ်နေသည်ဟု မောင်ကျော်ဇော တွေးမိသည်။ အမှန်ပြောရလျှင် ထိုသို့ ကျက်မှတ်ဖြေဆိုရသောစနစ်ကို မောင်ကျော်ဇော မကြိုက်ပေ။ မှတ်သားရမည့် အကြောင်းအရာများရှိရမည်ဟု သူ ယုံကြည်သော်လည်း ကျောင်းသား၊ ကျောင်းသူများဧ။် တီထွင်ဖန်တီးမှု၊ စဉ်းစားတွေးခေါ်မှုအပိုင်းမှာ ပို၍ အရေးကြီးသည်ဟု သူ ယုံကြည်သည်သာ။ စာမေးပွဲတွင် စာစီစာကုံးရေးစေခြင်းမှာ ကျောင်းသား၊ ကျောင်းသူများဧ။် အတွေးအမြင်နှင့် တီထွင်ဖန်တီးမှုတို့ကို ဖော်ပြနိုင်စွမ်းရှိသည်ဟု ဆိုကြသော်လည်း ယခင် မြန်မာစာဆရာမမှာ အခြားစာများကိုသင်ကြားသကဲ့သို့ပင် စာစီစာကုံးများကို မှတ်စုခေါ်ပေး၍ လိုက်ရေးမှတ်စေပြီး စာမေးပွဲတွင် ထိုစာစီစာကုံးများထဲမှသာ ရွေးမေးလေ့ရှိသည်။ ထို့ကြောင့် စာစီစာကုံးသည်ပင် ကျက်စာအဖြစ် ပိုလာခဲ့သည်။ ဆရာမဒေါ်တင်တင်ရီ မြန်မာစာသင်သောအခါ ထိုသို့သော စာစီစာကုံးကျက်မှတ်ရမှုဒုက္ခမှ လျော့ပေါ့နိုင်တော့မည်ဟု မောင်ကျော်ဇောတွေး၍ ပျော်မိဧ။်။

မောင်ကျော်ဇောတို့ဧ။် အချစ်တော် ဆရာမဒေါ်တင်တင်ရီမှာ ကျောင်းသား၊ ကျောင်းသူများကို ကျက်မှတ်ခြင်းထက် အတွေးအခေါ်၊ တီထွင်ဖန်တီးမှုတို့ ရရှိစေမည့် သင်နည်းများကို အသုံးပြု၍ သင်ပေးခဲ့သည်မှာ အမှန်ပင်။ စကားကို အေးဆေးစွာ ပြောတတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ဆူပူဆဲဆိုခြင်း မပြုတတ်မှု၊ ချီးကျူးစရာရှိလျှင် ချီးကျူးတတ်ပြီး မလျော်ကန်သော အပြုအမူများကိုလည်း နားဝင်အောင် ပြောဆိုဆုံးမတတ်မှုများက ဆရာမအပေါ် တပည့်များဧ။် မေတ္တာတရားများ တိုးပွားလာစေသည်။ 

သို့သော် ထိုနှစ် အဌမတန်းကျောင်းသား၊ ကျောင်းသူများအဖို့ ကံကောင်းမလိုလိုနှင့် ကံဆိုးခဲ့သည်။ အကြောင်းမှာ ဆရာမဒေါ်တင်တင်ရီနှင့် နှစ်လမျှသာ စာသင်ခဲ့ရပြီး ဆရာမကို အဌမတန်း၊ မြန်မာစာသင်ကြားခြင်းတာဝန်မှ နဝမတန်းနှင့် ဒသမတန်းတွင် မြန်မာစာသင်ကြားခြင်း တာဝန်သို့ လွှဲပြောင်းယူရန် ကျောင်းအုပ်ကြီးက စီစဉ်လိုက်သောကြောင့် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအဖို့  ယခင်မြန်မာစာဆရာမထံတွင် ပြန်သင်ကြရပြန်သည်။ ဆရာမဒေါ်တင်တင်ရီနှင့် မြန်မာစာသင်ရသည်ကို နှစ်သက်ကြသော သူတို့က ဆရာမကို သင်စေချင်သော်လည်း မတတ်နိုင်တော့ပြီ။ မည်သို့ပင်ဖြစ်စေ သူတို့ဆရာမမှာ အခြားကျောင်းသို့ ပြောင်းသွားခြင်းမဟုတ်ခြင်းကပင် သူတို့အတွက် ဖြေသိမ့်စရာပင်။
xxxxxx      xxxxxxx     xxxxxx    xxxxxx

(၃)
ယခု မောင်ကျော်ဇောတို့ အဌမတန်းအောင်၍ နဝမတန်းသို့ စတက်ကြရပြီ။မှတ်မှတ်ရရ ယခုနှစ်မှာ စနစ်သစ်သင်ရိုးစပြောင်းသော (၂၀၀၀ - ၂၀၀၁) ပညာသင်နှစ်ဖြစ်သည်။ သင်ရိုးပြောင်းလဲမှုထုံးစံအတိုင်း စနစ်သစ်သင်ရိုးအဖြစ် နဝမတန်းတွင် စတင်လိုက်သော ကျောင်းသား၊ ကျောင်းသူများကိုသာ နောင်နှစ် ဒသမတန်းတွင် တစ်ဖန် သင်ရိုးသစ်နှင့် ထိတွေ့ပေးမည် ဖြစ်သည်။ တစ်နည်းအားဖြင့် မောင်ကျော်ဇောတို့မှာ အခြေခံပညာ အထက်တန်းအဆင့် စနစ်သစ်သင်ရိုးဧ။် ပထမဆုံး ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။ စနစ်သစ်အရ ဘာသာတွဲ (၇) တွဲရှိသည်။ ယေဘုယျအားဖြင့် သိပ္ဗံတွဲ၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ဗံတွဲဟုခေါ်သော အတွဲနှစ်ခု ရောသမမွှေဘာသာတွဲတို့မှာ အဓိက ဖြစ်သည်။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့မှာ မသင်မနေရဘာသာရပ်များဖြစ်ပြီး သိပ္ဗံ၊ ဝိဇ္ဇာ ဘာသာရပ်များကိုမူ မိမိစိတ်ကြိုက်ရွေးချယ်နိုင်သည်။

အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့တွင် ညံ့သော မောင်ကျော်ဇောမှာ သိပ္ဗံတွဲကို မရွေးချယ်ရဲခဲ့ပေ။ ဝိဇ္ဇာဘာသာတွဲကိုသာ ရွေးချယ်ခဲ့သည်။ဆရာမဒေါ်တင်တင်ရီမှာ ယခုနှစ်တွင် နဝမတန်း၊ မြန်မာစာကို မသင်။ ဆရာဦးသန်းစိန်သာ သင်ကြားသည်။ ဆရာမမှာ ဒသမတန်း၊ မြန်မာစာကို တာဝန်ယူသင်ကြားရသည်။


မည်သို့ပင်ဖြစ်စေ နောင်နှစ်တွင် ဆရာမနှင့် စာသင်ရမည်ပင်မဟုတ်ပါလား။ မောင်ကျော်ဇောအဖို့မူ တွေးလျက်ပျော်နေမိသည်။ အခြားသူငယ်ချင်းများမှာလည်း ဤနည်းနှင်နှင် ဖြစ်ချေမည်သာ။ဆရာမနှင့် လမ်းတွင်တွေ့သည့်အခါတိုင်း “မင်္ဂလာပါ ဆရာမ” ဟု ပြုံးရွှင်စွာ နှုတ်ဆက်ကြစမြဲ။ ဆရာမမှာလည်း မောင်ကျော်ဇောတို့ တပည့်ဟောင်းများနှင့် တွေ့တိုင်း ပြုံးရွှင်စွာ ပြန်နှုတ်ဆက်စမြဲပင်။
xxxxx   xxxxx   xxxxx   xxxxx   xxxxx

(၄)
ယခုနှစ် တက္ကသိုလ်ဝင်တန်းဟု ခေါ်ကြသော ဒသမတန်းသို့ မောင်ကျော်ဇောတို့ တက်ရောက်ကျရပြီ။ စနစ်သစ်သင်ရိုးဧ။် ဝိဇ္ဇာဘာသာတွဲကို မောင်ကျော်ဇောနှစ်သက်မိသည်။ သူစိတ်ဝင်စားသော သမိုင်း၊ ပထဝီဝင်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို လေ့လာရသည်မဟုတ်ပါလား။ အင်္ဂလိပ်စာဘာသာရပ်ကိုလည်း နွေရာသီတွင် မိမိကိုယ်တိုင် စာအုပ်အားကိုးဖြင့် ကြိုးစားလေ့လာထား၍ အနည်းငယ် ပို၍ နားလည်လာပြီ ဖြစ်သည်။ သို့သော် သင်္ချာဘာသာရပ်မှာမူ သူ အားနည်းနေဆဲပင်။ မောင်ကျော်ဇောဧ။် အစ်မကြီး ဒသမတန်းတက်စဉ်က ကဗျာများ၊ စာများကို ကျက်မှတ်ရင်း ကြားနေ၊ မှတ်မိနေသော အမေက မောင်ကျော်ဇောတို့ မောင်နှမတစ်စု ငယ်စဉ်ကတည်းကပင် နှုတ်မှ သားချော့တေးသဖွယ် တတွတ်တွတ် ရွတ်ပြလာခဲ့သဖြင့် ဒသမတန်း မြန်မာကဗျာနှင့် စကားပြေအများစုမှာ မောင်ကျော်ဇောအဖို့ နားယဉ်နေပြီးဖြစ်သည်။ ယခု ထိုစာများကို ကိုယ်တိုင် ဖတ်ရှုလေ့လာရတော့မည်ဖြစ်၍ သူ ရင်ခုန်နေမိသည်။ ထိုထက် ပျော်စရာကောင်းနေသည်မှာ ဆရာမဒေါ်တင်တင်ရီနှင့် စာသင်ရတော့မည်ဖြစ်သောကြောင့်ပင်။ ဝမ်းသာစရာ အကောင်းဆုံးမှာ ဝိဇ္ဇာတွဲအခန်းတွင် ဆရာမမှာ အတန်းပိုင်လည်းဖြစ်သည်ဟူသော သတင်း ဖြစ်သည်။

ဆရာမနှင့် စာသင်ရပါပြီ။ လွန်ခဲ့သော တစ်နှစ်ကျော်ကအတိုင်း ဆရာမမှာ အေးဆေးတည်ငြိမ်စွာ ပြောဆိုတတ်မြဲ၊ စေတနာအပြည့်ဖြင့် သင်ကြားတတ်မြဲပင်။ ကျောင်းသား၊ ကျောင်းသူများမှာ ဆရာမနှင့် စာပြန်သင်လိုသော ဆန္ဒ ပြည့်ခဲ့ကြပြီ။ဝိဇ္ဇာဘာသာတွဲအတန်းပိုင်လည်းဖြစ်သဖြင့် ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ပိုမို ချစ်ခင်ရင်းနှီးလာသည်မှာ အမှန်ပင် ဖြစ်သည်။ ဆရာမအကြောင်းကိုလည်း မောင်ကျော်ဇော ပိုမို သိရှိလာသည်။ 

ဆရာမမှာ ရောက်ခါစက ကျောင်းအကူအိမ်တွင် ကြုံသလို နေထိုင်ခဲ့ရသော်လည်း မကြာမီ ဇရပ်ပြင်ရွာ ဘောလုံးကွင်းဘေး၊ ကျောင်းနှင့်မျက်စောင်းထိုးရှိ ကွမ်းအိုင်ရွာအပိုင် တိုးချဲ့အိမ်သစ်ငယ်လေးတစ်လုံးတွင် ငှားနေဖြစ်တော့သည်။ ဗုဒ္ဓဘာသာဝင်ကောင်းပီပီ ဥပုသ်နေ့များတွင် ကွမ်းအိုင်ဘုန်းကြီးကျောင်းသို့ သွား၍ သီတင်းသီလဆောက်တည်ဖြစ်သည်။ တွေ့သမျှလူများကို တလေးတစား ဆက်ဆံပြောဆိုတတ်ဧ။်။ ဤသို့ဖြင့် တပည့်များဧ။် အချစ်ကို ပိုင်ဆိုင်ရသည်သာမက ရွာသူရွာသားများဧ။် မေတ္တာကိုပါ သူ ပွေ့ပိုက်နိုင်ခဲ့သည်သာ။ ဆရာမဧ။် ဝါသနာမှာ ဂီတနှင့် စာပေပင် ဖြစ်သည်။ အနုပညာကို အလွန်ဝါသနာထုံသော မွန်အမျိုးသားကျောင်းအုပ်ကြီးဧ။် အားပေးမှုကြောင့် ကျောင်းပဒေသာကပွဲတွင် ဆရာမဧ။် စန္ဒယားလက်သံဖြင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ တင်ဆက်ကပြနိုင်ခဲ့ကြသည်။ ထို့ပြင် ဆရာမမှာ စာရေးခြင်းကိုလည်း ဝါသနာပါသည်။ ရခိုင်ပြည်နယ်ထုတ်မဂ္ဂဇင်းများတွင် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားနေသည်ဟု သိရသည်။

ဆရာမမှာ အပျိုကြီးဖြစ်သည်။ ညီမတစ်ဦးနှင့် အမေတို့ မြေပုံမြို့တွင် ရှိနေသည်။ ဆရာမဧ။် ညီမဖြစ်သူမှာ ဆရာမရှိရာ လေးတောင်နယ်သို့ တစ်ခါတစ်ရံ အလည်လာတတ်သည်။ ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် နွေရာသီအားလပ်ရက်တို့တွင် ဆရာမမှာ သူ့ဇာတိမြို့သို့ ပြန်သွားတတ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရန် သုံးလလောက်သာ လိုပေပြီ။ မြန်မာကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်၊ သဒ္ဒါနှင့် စာစီစာကုံးဟူ၍ သောင်းပြောင်းထွေလာ သင်ကြားရသော မြန်မာစာဘာသာရပ်ကို ဆရာမမှာ စာသင်နှစ်အစကတည်းက အတန်းချိန်မပျက် ကြိုးစားသင်ကြားပေးလာသည်။ သို့သော် စာစီစာကုံးသင်ကြားချိန်မှာ မလုံလောက်ပေ။ စာစီစာကုံးရေးရာတွင် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲ တွေ့နေဆဲပင်။ ရေးနည်း၊ တွေးနည်းများကို မကျွမ်းကျင်ကြသေးချေ။ သို့ဖြင့် ကျောင်းပိတ်သော စနေနေ့ နေ့လည်ဘက်တွင် နှစ်နာရီခန့်စီ ဆရာမက ကျောင်းသား၊ ကျောင်းသူများကို အချိန်ပိုခေါ်၍ စာစီစာကုံး သင်ကြားပေးတော့သည်။ ဆရာမဧ။် စေတနာကို နားလည်သော ကျောင်းသား၊ ကျောင်းသူများမှာ စနေနေ့တွင် ကျောင်းလာတက်ကြခွင့်ရသည်ကိုပင် ဂုဏ်ယူနေကြသည်။ 

ဤသို့ဖြင့် ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးကို ကိုယ်တိုင်ဖန်တီးရေးတတ်လာကြသည်။ မေးခွန်းဟောင်းများမှ စာစီစာကုံးခေါင်းစဉ်နှင့် ပုံကြမ်းများကို ဆရာမက သင်ပုန်းကြီးပေါ်တွင် ရေးပေးလိုက်ရုံဖြင့် စာစီစာကုံးရေးသားနိုင်ကြပြီ။ ကျောင်းသား၊ ကျောင်းသူများ ရေးသားထားသော စာစီစာကုံးများကိုလည်း ဆရာမက ဂရုတစိုက် စစ်ဆေး၍ ဆက်လက်ကြိုးစားရန် မှတ်ချက်ပေးတတ်သည်။ ဆရာမဧ။် လမ်းညွှန်သင်ကြားပြသမှုများကြောင့် ကျောင်းသား၊ ကျောင်းသူများမှာ စာစီစာကုံးရေးရန် ဝန်မလေးကြတော့ချေ။ ယခင်က စာစီစာကုံးရေးသားခြင်းသည် မောင်ကျော်ဇောတို့အတွက် လန့်စရာဖြစ်သော်လည်း ယခုမူ ချစ်ခင်စရာ ဖြစ်ခဲ့လေပြီ။

မောင်ကျော်ဇောတို့ စာမေးပွဲ ဖြေရတော့မည်။ စနစ်သစ်သင်ရိုးဧ။် ပထမဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများမှာ အထူးရင်ခုန်နေကြသည်။မောင်ကျော်ဇောမှာ တစ်နှစ်ပတ်လုံး ကြိုးစားလေ့လာကျက်မှတ်ခဲ့သဖြင့် ဘာသာရပ်အများစုတွင် ကောင်းစွာ ဖြေဆိုနိုင်မည်ဟု ယုံကြည်သည်။ သို့သော် သင်္ချာဘာသာရပ်တွင်မူ သူ အားနည်းနေဆဲပင်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေကြရပြီ။ သင်္ချာဘာသာရပ်မှလွဲ၍ အခြားဘာသာရပ်များတွင် မောင်ကျော်ဇော ကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။ အောင်စာရင်းထွက်လာသောအခါမှသာ အောင်သည်၊ ရှူံးသည်ကို သိနိုင်မည်ဖြစ်သည်။ သူ့ စိတ်ထဲတွင်တော့ လေးလံနေဆဲ။
xxxxx    xxxxxx    xxxxxx    xxxxxx    xxxxxx

(၅)
ယနေ့ စာမေးပွဲအောင်စာရင်း ထွက်ပြီ။
အ.ထ.က၊ ဇရပ်ပြင် ကျောင်းတော်ကြီးဆီ မောင်ကျော်ဇော အပြေးအလွှားသွား၍ အောင်စာရင်း ကြည့်မိသည်။ လူအများမှာ အောင်စာရင်းကပ်ထားသော သင်ပုန်းကြီးရှေ့တွင် ရင်ခုန်စိတ်လှုပ်ရှားစွာ တိုးဝှေ့ ကြည့်နေကြသည်။မောင်ကျော်ဇောလည်း ရှေ့သို့ တိုး၍ မိမိအမည်ကို ခုံနံပါတ်အလိုက် ရှာကြည့်မိသည်။ မတွေ့။ သူ အလွန်စိုးရိမ်သွားသည်။နောက်တစ်ကြိမ် ပြန်ရှာကြည့်သည်။ သူ့ခုံနံပါတ်ကိုကျော်၍ အခြားကျောင်းသားတစ်ယောက်ဧ။် ခုံနံပါတ်နှင့် အမည်ကိုသာ သူ တွေ့ရသည်။ သေချာပြီ။ ဒီနှစ် သူ စာမေးပွဲကျပြီ။

မောင်ကျော်ဇော ထူပူပြီး လူအုပ်ကြားမှ ထိုးထွက်ခဲ့သည်။ သူငယ်ချင်းဇော်ဝင်းက လှမ်းနှုတ်ဆက်သော်လည်း သူ သဲသဲကွဲကွဲ မကြားရတော့။ စိတ်ထဲတွင် အခဲမကြေမှုနှင့်အတူ မျက်လုံးထဲမှ မျက်ရည်တို့ ပါးပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာသည်။ သူ တားဆီးမရတော့။

“ငါ ကြိုးစားရဲ့နဲ့ စာမေးပွဲကျခဲ့တယ်။ လူတွေ ပျက်ရယ်ပြုစရာတော့ ဖြစ်ကုန်ပြီ။ ငါ့ကို ကျောင်းထားနိုင်ဖို့ တစ်ကိုယ်တည်း ရုန်းကန်နေရတဲ့ မုဆိုးမအမေ့ကို ဘယ်လိုမျက်နှာထားမျိုးနဲ့ ငါ စာမေးပွဲကျတယ်လို့ သွားပြောရပါ့”

အိမ်အပြန်လမ်းဝယ် ခြေလှမ်းများက အားအင်ချိနဲ့ နေသယောင် ရှိလှဧ။်။ ရွာထဲသို့ မဝင်မီ မျက်ရည်မကျမိအောင် ကြိုးစားထိန်းလိုက်သည်။ ရွာထဲသို့ ဝင်လိုက်သည်နှင့် စာမေးပွဲ အောင်၊ မအောင် မောင်ကျော်ဇောကို လှမ်းမေးကြသည်။ မအောင်ကြောင်း ပြန်ဖြေတော့ သူတို့ “ဟင်” ဟူသော အာမေဋိတ်သံပြု၍ သူ့ကို ကြောင်လျက်ကြည့်ကြသည်။

မောင်ကျော်ဇော အိမ်သို့ ရောက်ပါပြီ။ မိခင်ကြီးကို အိမ်တွင် တွေ့ရသည်။ အိမ်ပေါ်သို့တက်ရင်း အမေ့ကို စာမေးပွဲကျကြောင်း ပြောလိုက်သည်။ အစတွင် မိခင်မှာ အံ့သြဝမ်းနည်းသလို ဖြစ်သွားသော်လည်း ချက်ချင်း ပြုံးပြလျက် “ဒီနှစ် ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင် ကြိုးစားပေါ့ သားရယ်” ဟု ကရုဏာသက်စွာ ပြောလာသည်။

မောင်ကျော်ဇော အံ့သြခဲ့ရပြီ။ စာမေးပွဲကျ၍ အဆူခံရမည်ဟု တွေးခဲ့သော်လည်း ယခုမူ အထင်နှင့် အမြင် လွဲခဲ့ပြီ။ 

သူ အမေ့ရှေ့မှာ ထိုင်ပြီး အမေ့ကို ကန်တော့ရင်း တောင်းပန်စကားတစ်ဝက်၊ ကတိစကားတစ်ဝက် ပြောဆိုလိုက်သည်။

“သား တောင်းပန်ပါတယ် အမေရယ်။ မနှစ်က အမေ သားအတွက် ပင်ပမ်းခဲ့ပါပြီ။ ဒီနှစ်လည်း ပင်ပမ်းရဦးမယ်။ သား ဒီနှစ် ဂုဏ်ထူးတွေအများကြီးနဲ့ အောင်မြင်အောင် ကြိုးစားပါ့မယ် အမေရယ်။ သား မနက်ဖြန်က စပြီး ကျောင်းပြန်တက်မယ်။ စာပြန်ကြိုးစားပါ့မယ် အမေ”

“အေးပါ သားရယ်။ သား ဘယ်လောက် ကြိုးစားခဲ့တယ်ဆိုတာ အမေ နားလည်ပါတယ်။ သားရဲ့ ရည်မှန်းချက် ပြည့်ပါစေကွယ်” 

ရှိခိုးတောင်းပန်ပြီး ကတိစကားဆိုနေသော မောင်ကျော်ဇောမှာတော့ မျက်ရည်တွေ တစ်ဖန် စီးကျလာခဲ့ပါပကော။ မျက်ရည်များကြားမှ အမေ့ကို ကြည့်မိတော့ အမေ့လည်း မျက်ရည်မကျမိအောင် မျက်တောင်တွေ တဖျပ်ဖျပ်ခပ်လို့ရယ်ပါလေ။
xxxxxx    xxxxxx    xxxxxx    xxxxxx    xxxxxx

(၆)
၂၀၀၂ - ၂၀၀၃ ပညာသင်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့။ အာဇာနည်နေ့အပြီး နှစ်ရက်မြောက်နေ့။ ထိုနေ့သည်ကား အ.ထ.က၊ ဇရပ်ပြင်ကျောင်းတော်ကြီးတွင် ဒသမတန်းကို နှစ်ကျအဖြစ် ဝိဇ္ဇာတွဲအခန်းတွင် မောင်ကျော်ဇော ကျောင်းပြန်တက်ရသောနေ့ ဖြစ်သည်။

စာမေးပွဲကျခြင်းဧ။် အရသာကို တစ်သက်တွင် ပထမဆုံးအကြိမ် ခံစားဖူးသော မောင်ကျော်ဇောအဖို့ အလွန်ခါးသီးလှသော အတွေ့အကြုံပင် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ အသစ်များကြားတွင် နှစ်ကျကျောင်းသားတစ်ယောက်အဖြစ် ပြန်တက်ရသည်ကို ရှက်ရွံ့သလို ခံစားမိသည်မှာ အမှန်ပင်။ တစ်ချို့ကျောင်းသူ၊ ကျောင်းသားများဧ။် အကြည့်များက သူ့ကို အထင်သေးနေကြောင်း ဘာသာပြန်မိသည်။ သို့သော် တစ်ချို့သော ကျောင်းသူ၊ ကျောင်းသားသစ်များနှင့် နှစ်ကျ သူငယ်ချင်းများက သူ့ကို နှုတ်ဖြင့်ဖွင့်ဟ အားပေးကြသည်။ ဆရာ၊ ဆရာမများကလည်း အားပေးကြသည်။ အတန်းပိုင်ဆရာမ ဒေါ်တင်တင်ရီဧ။် စကားကမူ မောင်ကျော်ဇောအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့သည်ပင်။

“စာမေးပွဲကျလို့ အားငယ်စရာ မလိုဘူး။ စာမေးပွဲကျတိုင်း လူညံ့မဟုတ်ဘူး။ ဒါ ကိုယ့်အားနည်းချက်တစ်ခုခုကြောင့် ကျရတာ။ ဒီအားနည်းချက်ကို ပြုပြင်နိုင်အောင် ကြိုးစားလို့ရတယ်။ ကြိုးစားကြရမယ်။ ဒီလိုမျိုး ကိုယ့်အားနည်းချက်ကို ကိုယ်ပြုပြင်ပြီး အကောင်းဆုံး ကြိုးစားနိုင်သူဟာ လူတော်ပဲ။ ကိုယ့်အားနည်းချက်တွေကို သိလျက်နဲ့ မပြုပြင်ဘဲ အားလျှော့လိုက်မယ်၊ ဆက်မကြိုးစားတော့ဘူးဆိုရင်တော့ ဒါ လူညံ့ပဲ။ လဲရင် ပြန်ထပေါ့ကွာ။ သားတို့၊ သမီးတို့ မှတ်ထား။ ခြေတစ်လှမ်း နောက်ဆုတ်လိုက်တာဟာ ခြေနှစ်လှမ်း၊ သုံးလှမ်း ရှေ့ဆက်နိုင်ဖို့ အားမွေးလိုက်တာပဲ” 

ဆရာမဧ။် စကားက မောင်ကျော်ဇောကို ထိုနှစ်တွင် ပို၍ ကြိုးစားဖြစ်ရန် တွန်းအားပေးလိုက်သည်ပင်။ “ခြေတစ်လှမ်း နောက်ဆုတ်လိုက်တာဟာ ခြေနှစ်လှမ်း၊ သုံးလှမ်း ရှေ့ဆက်လှမ်းနိုင်ဖို့ အားမွေးလိုက်တာပဲကွ။ ငါ ဒီနှစ် ဂုဏ်ထူးတွေအများကြီးနဲ့ အောင်မြင်ရမယ်” 
မောင်ကျော်ဇောဧ။် ရင်ထဲတွင် ဆရာမဧ။် ဆုံးမစကားမှာ ပဲ့တင်ရိုက်မြည်ဟီးနေဧ။်။ အမြဲ ကြိုးစားဖြစ်နေသည်။
xxxxx    xxxxx   xxxxx    xxxxx   xxxxxx

(၇)
များမကြာမီ မောင်ကျော်ဇောတို့ နှစ်ကျကျောင်းသူ၊ ကျောင်းသား (၇) ဦးကို သူ ငှားနေသော အိမ်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်များကို အခမဲ့ လာရောက်တက်စေသည်။ ထို့ပြင် ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များကိုပါ Study Guide သဘောမျိုး အချိန်ကုန် အပင်ပမ်းခံ၍ လုပ်ပေးသည်။ ထို့အတွက် ဆရာမမှာ ငွေမယူလိုပေ။ သို့သော် မိမိသင်ပေးသည်ကို တန်ဖိုးမထားမည်ကို စိုးရိမ်သဖြင့် မဖြစ်စလောက်သော ငွေပမာဏကိုသာ လစာအဖြစ် သူ လက်ခံရမည်ဖြစ်ကြောင်း ကျောင်းသားများကို ထုတ်ပြောခဲ့သည်။


ထိုသို့ သင်သည့်အခါမှ ဆရာမမှာ မြန်မာစာဘာသာရပ်ကိုသာမက အင်္ဂလိပ်စာဘာသာရပ်ကိုလည်း ကျွမ်းကျင်ကြောင်း ကျောင်းသား၊ ကျောင်းသူများ သိကြရတော့သည်။ 

မကြာမီတွင် ထူးချွန်စာမေးပွဲအတွက် မြို့နယ်အဆင့် ယှဉ်ပြိုင်ရန် ကျောင်းကိုယ်စားပြု သွားရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲစစ်ဆေး၍ ရွေးချယ်သည်။ ကျောင်းကိုယ်စားပြု ဖြေဆိုရမည့်သူများထဲတွင် မောင်ကျော်ဇောမှာ မြန်မာစာဘာသာရပ်တွင် တစ်ကျောင်းလုံးအမှတ်အများဆုံးကျောင်းသားအဖြစ် ရွေးချယ်ခံရသည်။ သို့ဖြင့် ဆရာ၊ ဆရာမအချို့ဧ။် အုပ်ထိန်းမှုဖြင့် အခြားကျောင်းသား၊ ကျောင်းသူများနှင့်အတူ မောင်ကျော်ဇော ရမ်းဗြဲမြို့ပေါ်သို့ တက်၍ မြို့နယ်အဆင့် ထူးချွန်စာမေးပွဲ ဖြေဆိုရသည်။ သို့သော် မြန်မာစာနှင့် အင်္ဂင်္လိပ်ဘာသာရပ်များ ဖြေဆိုပြီး၍ သင်္ချာဘာသာရပ် ဖြေဆိုရမည့်နေ့ ညနေတွင် မောင်ကျော်ဇော ငှက်ဖျားမိပြီး အပြင်းဖျားလေသဖြင့် အခြားဘာသာရပ်များကို မဖြေဆိုနိုင်ခဲ့တော့ချေ။ အတွေ့အကြုံတစ်ခုဟုသာ သူ သဘောထားလိုက်ရမည်သာ။

ဆရာမဧ။် အိမ်လေးတွင် အခြားသူငယ်ချင်းများနှင့် အတူ စာသင်၊ စာကျက်ခဲ့ကြရသည်မှာ ပျော်စရာကောင်းသလို ဆရာမနှင့် ပိုမိုရင်းနှီးလာသကဲ့သို့ မောင်ကျော်ဇော ခံစားခဲ့ရသည်မှာအမှန်ပင်။
xxxxx    xxxxxx    xxxxxx   xxxxx   xxxxx

(၈)
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလဧ။် တစ်ခုသောနေ့။
ကျောင်းရောက်သည်နှင့် သတင်းဆိုးတစ်ခုက မောင်ကျော်ဇောကို ဆီးကြိုနေသည်။ “ဆရာမဒေါ်တင်တင်ရီ အ.ထ.က၊ မြေပုံမြို့သို့ ပြောင်းရွှေ့မိန့်ကျလာ၍ ရက်ပိုင်းအတွင်း ပြောင်းရတော့မည်” ဟူ၍ပင်။ ဝိဇ္ဇာခန်းမှ ကျောင်းသား၊ ကျောင်းသူများအားလုံး မျက်နှာမကောင်းကြ။ ပြိုဆင်းတော့မည့် မိုးတိမ်သဖွယ် ရှိနေဧ။်။


ထို့နေ့မှစ၍ သုံးရက်မြောက်သောနေ့တွင် ဆရာမဒေါ်တင်တင်ရီနှုတ်ဆက်ပွဲကို ကျောင်းခန်းမကြီးထဲတွင် ပြုလုပ်ကြသည်။ ကျောင်းသူများသာမက ကျောင်းသားအချို့ပါ ငိုကြသည်ကို တွေ့ရသည်။ မောင်ကျော်ဇောမှာလည်း ဝမ်းနည်းစွာ မျက်ရည်ကျနေမိသည်။အမှန်က ကိုယ့်နယ်ကိုယ့်မြို့ကို ပြန်ပြောင်းခွင့်ရသော ဆရာမအတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းသာကြရမည်ပင်။ သို့သော် ထိုသို့ဆရာမအတွက် ဝမ်းသာမှုထက် ဆရာမနှင့်ခွဲခွာရမည်ကို တွေး၍ ဝမ်းနည်းမှုများက တပည့်ကျောင်းသား၊ ကျောင်းသူများအပေါ် ပို၍ ရိုက်ခတ်မှုရှိခဲ့လေပြီ။

“မလိမ်မိုး မလိမ္မာ တပည့်လေးတွေရဲ့ မရင့်ကျက်နိုင်သေးမှုကို ခွင့်လွှတ်ပေးပါ ဆရာမရယ်။ ဆရာမရဲ့ ကျေးဇူးတွေအတွက် ကျွန်တော် ဆရာမကို အမြဲ သတိရနေမှာပါ။ ဆရာမအပေါ် ကာယကံ၊ ဝစီကံ၊ မနောကံမှာ တစ်ပါးပါးသောကံနဲ့ ပြစ်မှား ကျူးလွန်မိရင် ခွင့်လွှတ်ပေးပါ ဆရာမရယ် …”

မောင်ကျော်ဇော တိုးဖွဖွ စကားဆိုရင် ဆရာမကို ဦးချလိုက်သည်။တပည့်များ ကန်တော့အပြီး ဆရာမက နှုတ်ဆက်အမှာစကားပြောသည်။ 

“ … ဒီတော့ ဆရာမ မရှိတော့ရင်လည်း ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံး လုပ်ကြပါ။ မိမိကိုယ်သာ ကိုးကွယ်ရာလို့ မြတ်စွာဘုရား ဟောခဲ့တယ်မဟုတ်လား။ သားတို့၊ သမီးတို့ကိုယ်တိုင် စာကြိုးစားမှ ကိုယ်တိုင် ထူးချွန်အောင်မြင်နိုင်မှာ။ ဒါကြောင့် အမြဲတမ်း ကြိုးစားပါ။ ဒီလိုမျိုး မပြတ်တမ်း ကြိုးစားမှုနဲ့ ထူးချွန်အောင်မြင်မှုကို လက်ဝယ်ပိုင်ပိုင် ရနိုင်ကြပါစေလို့ ဆရာမ ဆုတောင်းပေးပါတယ်”

ဆရာမ ဝမ်းနည်းနေမည်ဖြစ်သော်လည်း တပည့်များ မျက်ရည်ကျမည်စိုး၍ ဟန်လုပ်ရင်း နှုတ်ဆက်စကားကို ပြီးအောင် ပြောလိုက်သည်။ ထိုနေ့ ဆရာမနှင့် တွေ့ဆုံခဲ့ရသောအချိန်သည် လေးတောင်မြေတွင် ဆရာမကို မောင်ကျော်ဇော နောက်ဆုံးမြင်တွေ့ခဲ့ခြင်းပင် ဖြစ်သည်။

နိုဝင်ဘာ ဆောင်းအအေးနှင့်အတူ လေးတောင်နယ်သို့ ရောက်လာခဲ့သော အေးဆေးတည်ငြိမ်လှသည့် ဆရာမမှာ နိုဝင်ဘာ ဆောင်းအအေးနှင့်အတူ လေးတောင်နယ်မှ အေးချမ်းတည်ငြိမ်စွာ ပြန်ထွက်ခွာသွားခဲ့ပေပြီ။
xxxxx     xxxxx     xxxxxx     xxxxxx    xxxxxx

(၉)

တစ်လခန့်အကြာတွင် လူကြုံရှိသောကြောင့် ဆရာမထံသို့ စာတစ်စောင်ကို မောင်ကျော်ဇော ပို့ဖြစ်သည်။ စာထဲတွင် ဆရာမကို သတိရကြောင်း၊ စာကြိုးစားနေကြောင်း၊ မြန်မာစာဘာသာရပ်တွင် ဂုဏ်ထူးရမည်ဟု မျှော်လင့်ကြောင်း၊ နောင်တွင် ဆရာမကဲ့သို့ စာရေးသူတစ်ဦးဖြစ်လိုကြောင်း ရေးဖြစ်ခဲ့သည်။ မကြာမီ ဆရာမထံမှလည်း စာပြန်လာသည်။ စာထဲတွင် စာကြိုးစားနေကြောင်း ကြားသိရ၍ ဝမ်းသာကြောင်း၊ ဆက်လက်ကြိုးစားပြီး ထူးချွန်အောင်မြင်စေလိုကြောင်း မောင်ကျော်ဇောကို အားပေးထားသည်။

ယခု မောင်ကျောဇော တက္ကသိုလ်ဝင်တန်း ဖြေရပြီ။ ဘာသာရပ် ခြောက်ခုလုံးကို အဆင်ပြေစွာ ဖြေဆိုနိုင်ခဲ့သည်။ ဘာသာစုံ ဂုဏ်ထူးမဟုတ်လျှင်တောင် ဘာသာအတော်များများ ဂုဏ်ထူးရမည်မှာ သေချာသည်။
xxxxx    xxxxx    xxxxx    xxxxx   xxxxx

(၁၀)

၂၀၀၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်လေပြီ။

မောင်ကျော်ဇော ကျောင်းဆီသို့ အပြေးသွားကြည့်လိုက်သည်။ 

“ကျော်ဇောရေ … မင်း ဂုဏ်ထူးသုံးခုပါတယ်ကွ …”

ကျောင်းခြံဝင်းတွင်းသို့ ဝင်ရုံသာရှိသေးသည်။ သူငယ်ချင်း ဇော်ဝင်းက အောင်စာရင်းကပ်ထားသော နေရာမှ မောင်ကျော်ဇောကို လှမ်းအော်ပြောသည်။ မောင်ကျော်ဇော ပြေးသွားပြီး အောင်စာရင်းကို တိုးဝှေ့ကြည့်လိုက်သည်။ 

ဟုတ်သည်။ မိမိခုံနံပါတ်နှင့် နာမည်တို့ ယှဉ်တွဲလျက် မြန်မာစာ၊ ပထဝီဝင်၊ ဘောဂဗေဒ ဂုဏ်ထူးရကြောင်း ဖော်ပြထားသည်။ 

လူအုပ်ကြားထဲမှ မောင်ကျော်ဇော ထိုးထွက်လိုက်သည်။ ပြီးနောက် တံစက်မြိတ်အနီးမှ အဆောက်အဦအင်္ဂတေကြမ်းပြင်အစွန်းတွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။ ဇော်ဝင်းက အနားတွင် လာထိုင်ရင်း မေးသည်။ 

“မင်းက ဘယ်လိုဖြစ်တာလဲ။ ဂုဏ်ထူးသုံးခု ရတာကို မပျော်ဘူးလား။” 

“မှန်းထားသလောက် ဂုဏ်ထူးတွေမရလို့ပေါ့ကွာ။ ဘယ်လိုဖြစ်သွားတာလဲ မသိဘူး။” 
မောင်ကျော်ဇော စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။

“မင်းကလည်းကွာ။ ငါတို့လို ရိုးရိုး အောင်တဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ။ မင်း ဂုဏ်ထူး သုံးခုပါတာကိုပဲ ဂုဏ်ယူသင့်နေပါပြီ သူငယ်ချင်းရာ။ ကဲ … အခု အိမ်ပြန်ကြစို့။ မင်းအမေ မင်းကို မျှော်နေလောက်ပြီ။” 

ပြောပြောဆိုဆို ဇော်ဝင်းက ထရပ်လိုက်သည်။ မောင်ကျော်ဇောလည်း မတ်တပ်ရပ်လိုက်ပြီး အိမ်ဆီသို့ ခြေဦးလှည့်ပြန်ခဲ့ကြသည်။ 

ယခင်နှစ်က ကြေကွဲဝမ်းနည်းခဲ့ရသော ယခုလိုအချိန်တွင် မောင်ကျော်ဇောတစ်ယောက် ပျော်ရွှင်ခဲ့ရပြီမဟုတ်ပါလား။ 

ရွာထဲသို့ဝင်သည်နှင့် အောင်လားဟု မေးလာသူများကို အောင်မြင်ကြောင်း သူ ပြုံးရွှင်စွာ ပြန်ဖြေလာခဲ့သည်။ အိမ်သို့ရောက်သည်နှင့် အမေက အပြုံးနှင့် ဆီးကြိုနေသည်။

“ဂုဏ်ထူးသုံးခုပါတယ် အမေရယ်။ မှန်းသလောက်တော့ မရခဲ့ဘူး။”

စိတ်တိုင်းမကျသော်လည်း အတန်အသင့် ကြေနပ်သော လေသံဖြင့် သူ မိခင်ကို အသိပေးလိုက်သည်။

မောင်ကျော်ဇောဧ။် မိခင်မှာ အခြားသူများ လာပြော၍ ကြိုသိထားပြီးသားဖြစ်သော်လည်း အံ့သြဝမ်းသာဟန်အပြည့်ဖြင့် ပျော်ရွှင်ကြောင်း ပြောသည်။ 

“မြန်မာစာမှာ ဂုဏ်ထူးပါနိုင်ခဲ့တာကိုတော့ သား ကြေနပ်တယ် အမေ။ ဆရာမဒေါ်တင်တင်ရီကို ကျေးဇူးဆပ်ရာ ရောက်တာပေါ့။ ဆရာမသာ သိရင် တအားပျော်မှာ အမေ။” 

ပြောရင်း သူ ဆရာမကို သတိရလာမိသည်။ ဆရာမကတော့ မြေပုံမြို့မှ တပည့်သစ်များအတွက် ပျော်ရွှင်ရင်း လေးတောင်နယ်မှ တပည့်ဟောင်းများဧ။် ကောင်းသတင်းများကို နားစွင့်နေချေတော့မည်ပင်။
xxxxxx    xxxxx    xxxxx    xxxxxx     xxxxxx

(၁၁)

ယခုအခါတွင် လေးတောင်နယ်မှ ဆရာမဧ။် တပည့်ဟောင်းအတော်များများမှာ နယ်ပယ်အသီးသီးတွင် သူ့နည်းသူ့ဟန်ဖြင့် အောင်မြင်သူများ ဖြစ်နေကြပြီ။ မောင်ကျော်ဇောမှာ ယခုအခါတွင် ပညာရေးတက္ကသိုလ်တွင် နည်းပြဆရာတစ်ဦးပင် ဖြစ်နေပေပြီ။

လွန်ခဲ့သော (၃) နှစ်ခန့် နွေရာသီက မောင်ကျော်ဇော လေးတောင်နယ်သို့ ပြန်ခဲ့သည်။ ထို့နောက် မိသားစုနှင့်အတူ ကျောက်ဖြူ၊ စစ်တွေ၊ မြောက်ဦးတို့သို့ ဘုရားဖူးသွားခဲ့သည်။ ထိုမှ မင်းပြားသို့ သွားခဲ့ပြီး မင်းပြားမှတစ်ဆင့် ဆရာမနေထိုင်သည့် မြေပုံမြို့သို့ စက်လှေဖြင့် သွားရောက်၍ ဆရာမကို သူ ကန်တော့နိုင်ခဲ့သည်။ 

ထိုအချိန်က တွေ့မြင်ခဲ့ရသော ဆရာမမှာ ယခင်ကနှင့် မတူတော့။ ဇရာက သူ့ရုပ်ကို ပို၍ အိုစာသွားစေခဲ့ပြီ။ သွေးတိုးရောဂါက နှိပ်စက်နေပြန်သေးသည်။ သို့သော် တပည့်သစ်များစွာကိုမူ သူ စေတနာအပြည့်ဖြင့် မွေးထုတ်ပေးနေဆဲ။ တပည့်များနှင့်တွေ့နေရလျှင် သူ တက်ကြွနေဆဲပင် ဖြစ်သည်။ 

“ဆရာမရဲ့ လုပ်သက်တစ်လျှောက် လေးတောင်နယ်မှာ တာဝန်ကျခဲ့တဲ့ သုံးနှစ်တာကာလဟာ ပျော်စရာအကောင်းဆုံးပဲ။ ဆရာမရဲ့ တပည့်ဟောင်းတွေအားလုံးကို ဆရာမ သတိရနေပါတယ်" 

ထိုသို့ ဆရာမ ပြောခဲ့သည်ကို မောင်ကျော်ဇော သတိရနေမိသည်ပင်။
xxxxx    xxxxx    xxxxx    xxxxx     xxxxx

(၁၂)

ဆရာမသည် လေးတောင်နယ်မှ တပည့်များအတွက် ကြာနှင့်တူသည်ဟု မောင်ကျော်ဇော တင်စားမိသည်။ကြာဟူသည် အပွင့်၊ အဖူး၊ အရိုး၊ အသီး၊ လျှော်တို့ သူနည်းနှင့်သူ တန်ဖိုးရှိကြသည်သာ။ အသုံးမဝင်ဟု ထင်ရသော ကြာရွက်သည်ပင် မြင်သူတိုင်းအတွက် တစ်မျိုးတစ်မည် လှပကြွရွနေသည်ပင် ဖြစ်ဧ။်။ဆရာမသည်လည်း တပည့်များအတွက် တန်ဖိုးရှိလှသည်။

ရေမြင့်မှ ကြာတင့်သည်ဟု ဆိုကြသော်လည်း ဤဆရာမတည်းဟူသော ကြာပန်းတစ်ပွင့်ဧ။် အလှတန်ခိုးကြောင့် မောင်ကျော်ဇောကဲ့သို့သော ရေများ လိုက်မြင့်ခဲ့ကြသည်ဟူ၍ ပြောင်းပြန်သဘောမျိုး ဆိုရတော့မည်ပင်။ 

“သူဟာ
ဖူးတုန်းလည်း အကျိုးပွား
ပွင့်တော့လည်း တန်ဖိုးထားရတဲ့
ဘုရားပန်းအိုးထဲက ကြာပန်းမျိုးပေါ့”

မောင်ကျော်ဇော ကဗျာတစ်ပိုင်းတစ်စကို စီကုံးဖွဲ့ဆို၍ နှုတ်မှ တိုးဖွဖွ ရွတ်လိုက်မိသည်။ သူ့ရင်ထဲတွင်တော့ လေးတောင်မြေတွင် လန်းစွင့်စွာ ပွင့်ခဲ့သော ကြာပန်းတစ်ပွင့် အမြဲ လှပနေပါစေကြောင်း၊ ထာဝရ မညှိုးနွမ်းပါစေကြောင်း ဆုမွန်တောင်းရင်းသာ … ။    

(ဤဝတ္ထုတိုဖြင့် ချစ်ခင်လေးစားရသော မြေပုံသူ ဆရာမဒေါ်တင်မေရီကို ကန်တော့ပန်ဆင်လိုက်ပါသည်။)
                                                                                                            ဇွဲသစ် (ရမ္မာမြေ)                                                                                                              ၂၄၊ ၄၊ ၂၀၁၆



2 comments:

  1. ဒေါ်တင်မေရီက အေးမသူငယ်ချင်းများလား လို့ ။ယေလေ့သူကမြန်စာအဓိကဆင်းတော့မဟငတ်။နာမယ်တူဟာလာမသိယာ

    ReplyDelete
  2. အေးမကြီး သူငယ်ချင်းက မြေပုံမြို့ဇာတိပါလာ။ ဆရာမက ၂၀၁၄ နှစ်ကုန်ပိုင်းက လုပ်သက်ပြည့် ပင်စင်ယူလခပါယာ။

    ReplyDelete