Friday 11 December 2015

အိပ်မက်ထဲက ချစ်သူသို့


ငါမမေ့၍
နွေနေ့တစ်ရက်
ငါမြင်မက်သည်..
အိပ်မက်ထဲက ချစ်သူကို...


ချစ်သောသံချို
တီတာဆို၍
သည်လိုချွဲနွဲ့
သူလေးဖွဲ့သည့်
တေးအလင်္ကာ
ချိုလွင်စွာလည်း
သာသာပျံ့ဆဲ မြူငွေ့ထဲ...

ငါမမေ့၍
မိုးနေ့တစ်ရက်
ငါမြင်မက်သည်
အိပ်မက်ထဲက ချစ်သူကို...

မိုးစက်ဖွဲဖွဲ
တိုးကျဆဲတွင်
ကိုယ့်ရင်ခွင်၌
တိုးဝင်နားခို
ပျော်ခဲ့ဆိုသည့်
ချိုချိုမျက်နှာ
ဒီကမ္ဘာကို
ဖွေရှာနေဆဲ မိုးငွေ့ထဲ…။

ငါမမေ့၍
ဆောင်းနေ့တစ်ရက်
ငါမြင်မက်သည်
အိပ်မက်ထဲက ချစ်သူကို…

ဆောင်းနှင်းငွေမှုန်
ကြဲဖြန့်ကုန်လည်း
ရင်တုန်ပန်းလျှက်
မနှုတ်ဆက်ချင်
သက်ထက်ပင်စူး
အချစ်ဦးကို
ချစ်ဖူးခဲ့လျှက်
ဖြတ်ခဲ့ရက်သည်
ချစ်သက်ပျော်ရေး
ကိုယ်စတေးမည်
မျက်ရည်များဝဲ ဆောင်းငွေ့ထဲ…။

(လေးစားရသော အမျိုးသားစာပေဆုရှင် ကဗျာဆရာကြီး ပျဉ်းမနားမောင်နီသင်း၏ “အိပ်မက်ထဲက တက္ကသိုလ်“ ကဗျာကို မှီး၍ ရေးဖွဲ့ပါသည်။)

By: ဇွဲသစ် (ရမ္မာမြေ)

၂ ၊ ၇၊ ၂၀၁၃ (အင်္ဂါနေ့)

No comments:

Post a Comment