Friday 11 December 2015

စာအုပ်အငှားဆိုင်များနှင့်စာကြည့်တိုက်များ၏ ငိုကြွေးသံ


… ခေတ်ပြောင်းခဲ့ပြီ။
စနစ်ပြောင်းခဲ့ပြီ။
စိတ်ပြောင်းခဲ့ပြီ။
ရာစုပြောင်းခဲ့ပြီ။
မြန်မာပြည်ပြောင်းခဲ့ပြီ။
အတော်များများပြောင်းခဲ့ပြီ။


…. အရင်တုန်းက
ငါတို့တွေဟာ
ဗဟုသုတ ရှာမှီးလိုသူတွေရဲ့
လိုတရမှော်လက်စွပ်တွေ။

…. အရင်တုန်းက
ငါတို့တွေဟာ
လူငယ်လူရွယ်တွေကို
တွန်းအားပေးခဲ့တဲ့ ရတနာတွေသိုမှီးရာ
ဘဏ္ဍာတိုက်ကြီးတွေ။

…. အရင်တုန်းက
ငါတို့တွေဟာ
လူကြီးတွေအတွက်
စိတ်နှလုံးအေးချမ်းမှုပေးရာ
တရားရိပ်သာလေးတစ်ခုလို။

…. အရင်တုန်းက
ငါတို့တွေဟာ
ပြိုင်ဖက်ကင်းတဲ့
အနိုင်မယူလိုသူ စစ်သည်တော်တွေ။

…. သြော်… ခုတော့…
ငါတို့တွေဟာ
သုဿာန်တစပြင်အလား
ခြောက်ခြောက်ကပ်ကပ်၊
ငါတို့တွေအထဲ ထိုင်ထိုင်နေတတ်တဲ့
ဟိုလူကြီးတွေလည်း
တဖြည်းဖြည်း ပျင်းပျင်းလာသလိုလို။

…. သြော်… ခုတော့…
ငါတို့တွေဆီလာပြီး
စိတ်ခွန်အားဖြည့်တတ်ခဲ့ကြတဲ့
လူရွယ်တွေနဲ့
တွတ်ပီ၊ ဗိုက်ကလေး၊ ဘိုဘို၊ တာရာပွကြီးတို့ကို
မျက်လုံးကျွတ်ကျမတတ် ကြည့်ခဲ့ကြတဲ့
ကလေးငယ်တွေ
ငါတို့ကို မခင်လို့
တီဗွီဂိမ်းဆိုင်တွေ၊
ဖွဘုတ်၊ အင်တာနက်…စတာတွေကို
မင်နေတတ်ကြပြီ။

…. တရားဓမ္မ လာလာ ရှာမှီးတတ်ခဲ့ကြတဲ့
လူကြီးတွေကလည်း
တီဗွီတွေကြည့်၊
ဘောလုံးပွဲတွေ ဈာန်ဝင်၊
ရေဒီယို နားထောင်နဲ့ …
(ဘုရားကျောင်းကန် သွားသူတွေတော့ရှိကြရဲ့…)
ငါတို့တွေကို
မျက်စတောင် မပစ်ကြသလောက်။

…. ကဲပါလေ…
ငါးစိမ်းမြင်လို့ ငါးကင်ပစ်ခဲ့ကြသူတွေရယ်…
မင်းတို့တွေ အားလုံးအတွက်
ငါတို့ဆုတောင်းပေးနေပါတယ်။
ငါတို့နဲ့ပေါင်းသင်းဆက်ဆံနေခဲ့ရစဉ်တုန်းကလို
အခု အသစ်တွေနဲ့ ပေါင်းသင်းရတာလည်း
အကျိုးရှိကြပါစေ၊
ဘဝအတွက်အားဖြစ်ကြပါစေ…လို့။
ပြီးတော့… ရင်နှင့်အမျှ ဆုတောင်းပေးနေမိတယ်။
ဘဝအတွက် အဆိပ်အတောက်ဖြစ်စေသူတွေကိုတော့
သတိနဲ့ ရှောင်တတ်ကြပါစေ…လို့။

…. ဟုတ်ပါပြီလေ…
ငါတို့ လက်ခံပါတယ်။
ခေတ်ပြောင်းခဲ့ပါပြီ။
စနစ်ပြောင်းခဲ့ပါပြီ။
စိတ်ပြောင်းခဲ့ပါပြီ။
ရာစုပြောင်းခဲ့ပါပြီ။
မြန်မာပြည်ကြီးပြောင်းလဲခဲ့ပါပြီ။
သြော်… အတော်များများလည်း
အတော်ကြီးကို ပြောင်းလဲခဲ့ပါပြီလေ။

…. ဒါပေမယ့်…
သူခင်မှ ကိုယ်ကြင်မယ်လို့ သဘောမထားခဲ့သူ
သည်းခံခွင့်လွှတ်စိတ်အပြည့်ရှိတတ်ကြသူ
ငါတို့ကတော့
မင်းတို့တွေ
နောင်တတွေ တပွေ့တပိုက်နဲ့
ငါတို့ဆီကိုလည်းလာ ဆိုင်ရာဆီကိုလည်းသွားခဲ့ရင်ပဲဖြစ်ဖြစ်၊
ငါတို့ဆီကိုပဲ သက်သက်ပြန်လာရင်ပဲဖြစ်ဖြစ်
နွေးထွေးစွာနဲ့ ပြန်လည်ကြိုဆိုနေကြမယ်ဆိုတာ
ယုံကြည်စေချင်စမ်းပါ့ ချစ်မိတ်ဆွေတို့ရေ ...။

By: ဇွဲသစ် (ရမ္မာမြေ)

၂၉၊ ၇၊ ၂၀၁၃ (တနင်္လာနေ့)

No comments:

Post a Comment