Sunday 6 December 2015

လှူဒါန်းသည်ဆိုရာ၌


ရန်ကုန်မှာ တက္ကသိုလ်တက်နေတုန်း ပြင်ပအင်္ဂလိပ်ဘာသာစကားသင်တဲ့ဆရာတစ်ယောက်က ပြောခဲ့ဖူးတဲ့စကားလေး စိတ်ထဲမှာ စွဲနေမိတယ်။


သူပြောတာက ခရစ်ယာန်တွေမှာ သမ္မာကျမ်းစာလာစကားတစ်ခုရှိတယ်ကွ။ ဘယ်ဘက်လက်ကလှူတာကို ညာဘက်လက်က မသိစေနဲ့တဲ့။ လှူဒါန်းတာဟာ ကြွားစရာမဟုတ်ဘူးဆိုတာပဲ ... တဲ့။ 

ဆရာကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ခရစ်ယာန်ဘာသာထဲက ကောင်းတာလေးတစ်ခုကို မျှဝေပေးခြင်းပါ။

ဒီစကားလေးကို ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော်လည်း နှစ်ခြိုက်မိခဲ့ပေါ့။ နှစ်ခြိုက်မိခဲ့သလို ကိုယ်တိုင်လည်း လှူဒါန်းတာတွေကို ကြွားတဲ့ပုံစံမျိုး မဖြစ်အောင် သတိထားမယ်ဆိုတဲ့ အသိလေးနဲ့ ထိန်းလာခဲ့ပါတယ်။

သို့ပေမယ့် ... ကာလတစ်ခု ကြာပြီးတဲ့နောက် လက်ခံလာမိတာက ကိုယ်တိုင်လှူတာတွေကိုလည်း မိတ်ဆွေအပေါင်းအသင်းတွေကို အတိုင်းအတာတစ်ခုထိ အသိပေးသင့်တယ် ဆိုတာပါပဲ။ ဒီလိုအသိပေးလိုက်တော့ သူတို့လည်း ကိုယ်လှူတာကို မုဒိတာပွားနိုင်ကြမယ်၊ သာဓုခေါ်နိုင်ကြမယ်၊ ပြီးတော့ သူတို့ကိုယ်တိုင်လည်း အော် ... ကောင်းတဲ့အလုပ်ပေပဲ၊ ငါတို့လည်း လှူမဟဲ့ဆိုတဲ့ သဒ္ဒါစိတ်မျိုးတောင် ပေါ်လာစေနိုင်တယ်လို့ ယုံကြည်မိတယ်။ ဒါကြောင့် ကိုယ့်အလှူကို အတိုင်းအတာတစ်ခုထိ မိတ်ဆွေတွေကို အသိပေးသင့်တယ်လို့ ယုံကြည်မိတယ်။ ကြွားတဲ့ပုံစံမျိုး တအားဖြစ်လွန်းရင်လည်း မကောင်းဘူးပေါ့။

တွေးမိတာလေးပါ။ ကိုယ်လှူဒါန်းပေးကမ်းလိုက်တဲ့အပေါ် စိတ်ထားမှန်မှန်လေး ထားတတ်ဖို့၊ လှူလိုက်တဲ့အလှူပစ္စည်းတွေက အလှူလက်ခံသူတွေအတွက် အကျိုးရှိစေဖို့ကသာ အဓိကပါပဲ။

ဘာသာရေးအတွက်ရော အခြားသာရေး၊ နာရေးအတွက်ပါ များများ လှူဒါန်းနိုင်ကြပါစေ ...။

By: ZT(RMM)

No comments:

Post a Comment