Wednesday 30 December 2015

ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်းအကြောင်း (၃)

Sunset on Ramree (Robert Appleton) (ရမ်းဗြဲဧ။် ဆည်းဆာ ဝတ္ထုအကျဉ်း)
+++++++++++++++++++++++++++++++++++++++++
(၁၉၄၅) ခုနှစ်၊ ဖေဖော်ဝါရီ (၁၉) ရက်နေ့။ ဒုတိယကမ္ဘာစစ်မီး အပြီးတိုင်ငြိမ်းဖို့အချိန် နီးသထက်နီးလာပေပြီ။ ပစ္စက္ခအခြေအနေ၌ကား မဟာမိတ်တပ်များ ဝန်းရံပိတ်ဆို့ထားမှုကြောင့် ရမ်းဗြဲကျွန်းပေါ်မှ အင်အားတစ်ထောင်မျှရှိသည့် ဂျပန်တပ် တောတွင်းသို့ ကစဉ့်ကလျား ဆုတ်ခွာနေရချိန် ဖြစ်သည်။
ဆုတ်ခွာရာလမ်းတစ်လျှောက် ငှက်ဖျားမိ၍ သေသူသေ၊ ကင်းမြီးကောက် အကိုက်ခံရ၍
နာသူနာနှင့် ခရီးပန်းနေသော ဂျပန်တပ်သားများမှာ စိတ်ဓာတ်ကျနေကြပြီ။ သေဆုံးသူ၊ နာမကျန်းဖြစ်လွန်းသူများကို ထားခဲ့ပြီး ရှေ့သို့တူရှု ချီတက်မြဲချီတက်နေကြရသည်။
ရှီကီးဇုနာကာဒိုင်မှာ သာမန်တပ်သားတစ်ဦးဖြစ်သည်။ တပ်သားကိုဒီ၊ သူတို့ထဲမှ အငယ်ဆုံးလည်းဖြစ် အိမ်ထောင်သည်လည်းဖြစ်သော ဆိုဘိခုတို့နှင့် တပူးတွဲတွဲ ဆုတ်ခွာလာခဲ့ကြသည်။ သူတို့ဧ။်တပ်စုဗိုလ်ကာစူမိုတိုမှာ နှစ်လိုဖွယ်ကောင်းပြီး အများလေးစားခံရသလောက် ဗိုလ်မှူးကြီးအိုဂျီဟိုရိုမှာ ရက်စက်ကြမ်းကြုပ်၍ အများအော့နှလုံးနာကြသူဖြစ်သည်။ နာကာဒိုင်နှင့် တပ်စုဗိုလ် ကာစူမိုတိုတို့မှာ တစ်နယ်တည်းသားချင်းလည်းဖြစ်သဖြင့် အလွန်ချစ်ခင်ရင်းနှီးကြသည်။ ရွှံ့နွံတောတွင် ရေနှင့်ခပ်ဝေးဝေးနေရန်နှင့် အရင်းနှီးဆုံးမိတ်ဆွေများနှင့် နီးနီးကပ်ကပ် စုစည်းနေရန် ကာစူမိုတိုက နာကာဒိုင်ကို သတိပေးခဲ့သေးသည်။
ရွှံ့နွံတောအတွင်း တစ်နေရာတွင် တပ်စုဗိုလ် ကာစူမိုတိုနှင့် အခြားတပ်စုဗိုလ်တစ်ဦးတို့ကို ဗိုလ်မှူးကြီးအိုဂျီဟိုရိုက တစ်ဘက်စီသို့ သွားစေလိုက်သည်။ မည်သို့သွားစေသည်ကိုမူ တပ်သားများ မသိကြ။ ခရီးဆက်လေလေ သူတို့ချစ်ခင်လေးစားသော တပ်စုဗိုလ်ကာစူမိုတိုကို တပ်သားများ သတိရကြလေလေပင်။ “သူ ဘယ်များ သွားတာပါလိမ့်” ဟူသော မေးခွန်းကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်သွယ် မေးကြသည်။ အဖြေကမူ ထွက်မလာချေ။
တပ်သားများမှာ မဟာမိတ်တပ်သားများက မိမိတို့ကို လေးဘက်လေးတန်မှ ဝန်းရံပိတ်ဆို့ထားပြီဟု သိကြသည်။ ဗိုလ်မှူးကြီး အိုဂျီဟိုရိုကမူ မဟာမိတ်တို့ကို ဒူးမထောက်လက်မမြှောက်ဘဲ တိုက်ခိုက်သွားရန်နှင့် နောက်ဆုံးမတတ်သာသည့်အဆုံးတွင် ဟာရာကိရိနည်းဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်မှတစ်ပါး ရွေးချယ်စရာ မပေးပေ။ အိုဂျီဟိုရိုမှာ မိမိနှင့်အတူ ဟာရာကိရိလုပ်သူများလေ မိမိအနေဖြင့် ဂုဏ်တက်လေဟူသော အစွန်းရောက်အတွေးအခေါ်ရှိသူဟု တပ်သားအများစုက ထင်မြင်သဖြင့် အော့နှလုံးနာကြသည်မှာ မဆန်းပေ။ အိုဂျီဟိုရိုတပ်တွင် ဆက်နေလျှင် နောက်ဆုံး သေခြင်းကိုသာ ရွေးချယ်ရမည်ဟု ယုံကြည်သော တပ်သားအချို့ တပ်မှ ထွက်ပြေးရန် ကြိုးစားကြသော်လည်း ချက်ချင်း ဖမ်းဆီးကွပ်မျက်ခံရတတ်သည်။ ထိုသို့ တပ်မှ ထွက်ပြေးရန် စိတ်ကူးခဲ့သူများတွင် နာကာဒိုင်တို့ သူငယ်ချင်းသုံးယောက်လည်း ပါခဲ့သည်။ သို့သော် အတူထွက်ပြေးမည့် အခြားတပ်သား ဖမ်းဆီးကွပ်မျက်ခံလိုက်ရသဖြင့် ၄င်းတို့ ထွက်ပြေးရန်အစီအစဉ်မှာ အထမမြောက်ခဲ့ချေ။ အိုဂျီဟိုရိုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြောဆိုသူမှာလည်း အိုဂျီဟိုရိုဧ။် ရက်စက်စွာ ကွပ်မျက်ခြင်း ခံရသည်။ နောက်ပိုင်းတွင်မူ တပ်သားများမှာ အိုဂျီဟိုရိုကို ပြန်မလှန်ရဲကြတော့။ သူ ဦးဆောင်ရာနောက်သို့ လိုက်ရန်သာ ရှိတော့သည့်အနေအထား ဖြစ်လာသည်။
တပ်သားဆိုဘိခုမှာ နာကာဒိုင်တို့နှင့် အတူချီတက်နေရင်း လမ်းတွင် နေမကောင်းဖြစ်သည်။ တစ်နေရာအရောက် ဆက်မလိုက်နိုင်တော့၍ သူ့ကို ချန်ထားခဲ့ရန် နာကာဒိုင်နှင့် ကိုဒီတို့ကို ပြောသည်။ သို့သော် ကိုဒီက ဆိုဘိခုကို ချန်မထားလို။ ကိုဒီနှင့် နာကာဒိုင်တို့ သူ့ကို တစ်ယောက်တစ်ဘက် တွယ်၍ ရှေ့သို့ခေါ်ကြသည်။ သို့သော် ရွှံ့နွံတောကိုဖြတ်၍ ဆိုဘိခုကို သယ်လာရသဖြင့် ခရီးက မတွင်။ အခြားသူများထက် နောက်ကျကျန်နေရစ်ပြီ။ တပ်ဖွဲ့နောက်မှ နောက်ကျကျန်နေသူများကို ခေါ်ယူရန် အရာရှိငယ်တစ်ဖွဲ့ နောက်အစောင့်အနေဖြင့် ပါသည်။ ၄င်းနောက်အစောင့် အရာရှိငယ်အဖွဲ့ထဲမှ တပ်ကြပ်ကြီးတစ်ဦးက ဆိုဘိခုအခြေအနေကို မေးသည်။ ကိုဒီက သူတို့တွယ်ယူမလာလျှင် ဆိုဘိခု လမ်းလျှောက်မသွားနိုင်လောက်အောင် အခြေအနေဆိုးကြောင်း ပြန်ပြောသည်။ တပ်ကြပ်ကြီးက ထိုမျှ အခြေအနေဆိုးသော တပ်သားကို တွယ်ခေါ်လာခြင်းအတွက် ကိုဒီတို့နှစ်ဦးကို အပြစ်တင်သည်။ ဆိုဘိခုကို ချန်ထားခဲ့ပြီး ရှေ့မှ တပ်သားများနှင့် သွားပေါင်းရန် အမိန့်ပေးသည်။ ကိုဒီက အလျှော့မပေး။ နောက်ဆုံး အမိန့်ပေးနေသော တပ်ကြပ်ကြီးကို သတ်မိသည်။ အခြားမျက်မြင်သက်သေအရာရှိငယ်နှစ်ဦးက ကိုဒီကိုလက်နက်ချအဖမ်းခံရန် ပြောသည်။ နာကာဒိုင်အနေဖြင့် ကိုဒီဘက်မှဝင်၍ ကူညီပေးရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့။ သူတို့နှစ်ယောက် အရာရှိငယ်နှစ်ဦးကို တိုက်ခိုက်ပြီး သတ်လိုက်နိုင်ကြသည်။
အလောင်းများနှင့်အတူ ဆိုဘိခုကို ကိုဒီတို့ သယ်ယူတွဲခေါ်ပြီး နောက်ကျန်အစောင့်အရာရှိငယ်အားလုံး ဖြတ်သွားသည်အထိ ခြုံကွယ်တစ်နေရာ၌ ပုန်းခို၍ လဲလျောင်းစောင့်ဆိုင်းနေကြသည်။ သူတို့အနောက်တွင် ရွှံ့နွံအိုင်တစ်ခု ကပ်လျက်ရှိနေသည်။ ထိုနေရာ၌ လဲလျောင်းပုန်းခို အနားယူရင်း ဆိုဘိခုလည်း အတော်အတန် သက်သာလာသည်။ ဆိုဘိခုက သူ့ကြောင့် သူငယ်ချင်းနှစ်ယောက် အရာရှိငယ်သုံးဦးကို သတ်လိုက်ရခြင်းအတွက် စိတ်မကောင်းသော်လည်း သူ့အပေါ် မိတ်ဆွေကောင်းပီသခဲ့ခြင်းအတွက် ကျေးဇူးတင်စကားဆိုသည်။ ကိုဒီနှင့် နာကာဒိုင်တို့မှာလည်း အခြေအနေတစ်ခုကြောင့် ကိုယ့်လူများကိုမသတ်ချင်ဘဲ သတ်လိုက်ရသော်လည်း ဆိုဘိခုကို ကယ်တင်လာနိုင်ခဲ့ခြင်းကို ဝမ်းသာကြသည်။ ဆိုဘိခု စိတ်သက်သာရာရစေရန် သူ့ဇနီးအကြောင်း မေးကြသည်။ ဟိုအကြောင်းဒီအကြောင်း ပြောဖြစ်ကြသည်။
နေ့အလင်းရောင် ပျောက်လုပြီ။ ထိုအချိန် ဂျပန်တပ်သားတစ်ရာခန့် သူတို့နောက်မှ ရွှံ့နွံအိုင်ကို အလောတကြီး ဖြတ်ကူးကြသည်။ ဘေးဒုက္ခတစ်စုံတစ်ရာမှ ထွက်ပြေးလာသည့်ပုံမျိုးပင်။ နာကာဒိုင်မှာ အိုင်ကိုဖြတ်ကူးနေသူများ မိမိတို့ကို မြင်လျှင် ဘေးနားရှိ အလောင်းများနှင့်ရော၍ လူသေကောင်များဟုသာ ထင်သွားပါစေဟု ဆုတောင်းနေမိသည်။ အားလုံးတုပ်တုပ်မျှမလှုပ်ရဲကြ။ အခုနေ သူတို အိုဂျီဟိုရိုလက်ထဲ ရောက်သွားပြီး ကိုယ့်အရာရှိကို ပြန်သတ်သူများအဖြစ် သိသွားပါက ခေါင်းဖြတ်ကွပ်မျက်ခံရမည်မှာ သေချာသည်။ အိုင်ကို ဖြတ်ကူးပြေးသူများထဲတွင် အရာရှိများ ပါပုံမရဟု သူတို့ တွက်ဆမိသည်။ အဘယ်ကြောင့် သူတို့ ပြန်ပြေးလာကြသနည်းဟုလည်း နာကာဒိုင် တစ်ကိုယ်တည်း ပြန်မေးမိသည်။ သို့သော် အဖြေက မပေါ်လာ။ တစ်ဘက်ကမ်းသို့ ရောက်လုလု တပ်သားများထံမှ သေနတ်သံများ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။ ဘာကို ပစ်နေမှန်းကား မသိပြီ။
ညက မှောင်သထက်မှောင်လာပြီ။ နာကာဒိုင်တို့သုံးဦး တိုးတိုးတိတ်တိတ် စကားပြောကြပြန်သည်။ ထိုအချိန် ကောင်းကင်ယံမှ အသံတစ်သံကြားရသည်။ အင်္ဂလိပ်လို ပြောသည့်အသံပင်။ အင်္ဂလိပ်စကားကို နားလည်သူဟူ၍ နာကာဒိုင်တစ်ယောက်သာရှိသည်။ နာကာဒိုင်မှာ စစ်မဖြစ်မီက သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့သို့သွားရောက်၍ ဂီတပညာသင်ဆုဖြင့် ပညာတော်သင်သွားခဲ့သဖြင့် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်သည်။ အင်္ဂလိပ်ဗိုလ်မှူးကိုယ်တိုင် လော်စပီကာဖြင့် ရဟတ်ယာဉ်ပေါ်မှ လှမ်းကြေညာနေသည်ကို  သူက သူငယ်ချင်းနှစ်ယောက်ကို ဘာသာပြန်ပေးသည်။ “ကျုပ် အင်္ဂလိပ်ဗိုလ်မှူးကိုယ်တိုင် ပြောနေတယ်။ ဂျပန်စစ်သားတွေ လက်နက်ချလိုက်ပါ။ ခင်ဗျားတို့ကို လေးဘက်လေးတန်က ဝိုင်းထားပြီ။ ခင်ဗျားတို့ လက်နက်ချရင် ကျုပ်တို့ မပစ်ဘူး။ လက်နက်ချပါ။”
ခဏအကြာတွင် ရဟတ်ယာဉ်သံနှင့် အင်္ဂလိပ်ဗိုလ်မှူးအသံကို မကြားရတော့။ နာကာဒိုင်တို့ကား လဲလျောင်းနေရာတွင် နဂိုအတိုင်း ရှိနေကြသည်။ ထိုသို့ရှိစဉ် အခြားဂျပန်တပ်သားတစ်ဦးသူတို့ကို တွေ့သွားသည်။ ထိုတပ်သားက တပ်စုဗိုလ်ကာစူမိုတိုကို တွေ့သလားဟု သူတို့ကိုမေးသည်။ ကာစူမိုတိုမှာ ဗိုလ်မှူးချုပ် အိုဂျီဟိုရိုကို ပုန်ကန်ပြီး ခွဲထွက်ရန်လူစုနေကြောင်း၊ သူလည်း ကာစူမိုတိုတပ်ခွဲသို့ ပူးပေါင်းရန် သွားမည်ဖြစ်ကြောင်း၊ နာကာဒိုင်တို့လည်း အတူလိုက်ပါလိုလျှင် လိုက်ပါနိုင်ကြောင်း ပြောလာသည်။ နာကာဒိုင်တို့သုံးဦး တပ်သားမစ်ဆူဘယာရှီ ခေါ်ဆောင်ရာနောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ဆိုဘိခုမှာ သက်သာသည်ဆိုသော်လည်း အားအင်ကုန်ခမ်းနေသဖြင့် နာကာဒိုင်က တွယ်ခေါ်လာရသေးသည်။
လမ်းတွင် ညနေစောင်းအချိန်က ပြန်လှည့်ပြေးလာကြသော တပ်သားများအကြောင်းကို မစ်ဆူဘယာရှီအား နာကာဒိုင် မေးကြည့်သည်။ မိကျောင်းသိုက်နှင့် ပက်ပင်းတိုးမိပြီးတပ်သားအချို့ မိကျောင်းစာဖြစ်သွားကြောင်း၊ ရှေ့မဆက်ရဲဘဲ ပြန်လှည့်ပြေးလာရကြောင်း မစ်ဆူဘယာရှီ ပြောပြသည်။မစ်ဆူဘယာရှီမှာ ကာစူမိုတိုရှိရာ ခေါ်ဆောင်သွားမည်ဟုဆိုသော်လည်း သူကိုယ်တိုင် နေရာကိုအသေအချာ သိမှသိပါ့မလားဟု နာကာဒိုင်တွေးမိသည်။ ထိုသို့တွေးမိသည့်အတိုင် ချောင်းတစ်ခုကိုဖြတ်ကူးပြီး တစ်ဘက်ကမ်းအရောက် မောမောနှင့် ရွှံ့ထူထူ ချောင်းစပ်တွင် လှဲရင်း မစ်ဆူဘယာရှီကိုမေးမိသည်။ ပြန်ဖြေသံမကြားရ။ ကိုဒီကလည်း သူ့အမည်ကို ခေါ်ကြည့်သည်။ ပြန်ထူးသံမကြားရချေ။ ချောင်းကို ဖြတ်ကူးလာရင်း သူ အန္တရာယ်တစ်ခုခု ကြုံခဲ့ပြီဟု အားလုံး သိလိုက်ကြသည်။
ထိုသို့ရှိစဉ် ချောင်းစပ်ရွှံ့ပြင်တွင် ဘေးချင်းယှဉ်လှဲနေသော ဆိုဘိခုဧ။်ခြေထောက်ကို ချောင်းထဲမှ မဲမဲသဏ္ဌာန်တစ်ခုက လျှပ်တစ်ပြက် လာဆွဲသည်။ နာကာဒိုင်က ဆိုဘိခုလက်ကို လှမ်းဆွဲထားသည်။ သို့သော် မဲမဲသဏ္ဌာန်က သူ့ကို အလွတ်မပေး။ ဆိုဘိခုကို ဘယ်ညာလှုပ်ခါယမ်းလိုက်သည်။ ကိုဒီက မိမိတွင်ပါလာသော သေနတ်ဖြင့် ထိုမဲမဲသဏ္ဌာန်ကို ပစ်ထည့်လိုက်သည်။ သို့သော် ၄င်းမှာ အလျှော့မပေး။ ဆိုဘိခုဧ။်လက်ကို နာကာဒိုင် လွတ်သွားပေပြီ။ ချက်ချင်းပင် ထိုမဲမဲသဏ္ဌာန်မှာ ဆိုဘိခုနှင့်အတူ ရေအောက်သို့ ငုတ်လျှိုးရောက်ရှိသွားလေပြီ။ ၄င်းကို ကျည်ထိမထိ မသိသော်လည်း ဆိုဘိခုမှာ ရေအောက်တစ်နေရာတွင် သေသလားရှင်သလား မသိရတော့ပေ။ သူတို့ ပထမဦးဆုံး မိကျောင်းအတိုက် ခံရခြင်းပင်။
ယခုမူ ကာစူမိုတိုရှိရာ ခေါ်ဆောင်သွားပေးမည်ဆိုသော မစ်ဆူဘယာရှီလည်း မရှိတော့ပြီ။ သူတို့ လမ်းစပျောက်သလို ဖြစ်ချေပြီ။ ထိုသို့ရှိစဉ် ချောင်းကမ်းအထက်နားဆီမှ စကားများရန်ဖြစ်သံတစ်ခု ကျယ်လောင်စွာ ဆက်တိုက်ထွက်ပေါ်လာသည်။ နာမည်ခေါ်၍ တစ်ဘက်နှင့်တစ်ဘက်ဒေါ်သတကြီး ငြင်းခုံနေကြသဖြင့် ပြောနေသူနှစ်ဦးမှာ ဗိုလ်မှူးချုပ်အိုဂျီဟိုရိုနှင့် တပ်စုဗိုလ်ကာစူမိုတိုတို့ဖြစ်ကြောင်း နာကာဒိုင်တို့နှစ်ယောက် သိလိုက်ကြသည်။ လမ်းပျောက်နေဆဲ လမ်းစတွေ့ခြင်းပင်။ အရာရှိငယ်များကို သတ်မိခဲ့သော သူတို့အပြစ်အတွက်ေ ခါင်းဖြတ်ကွပ်မျက်ခံရမည်ကို ကြောက်သော်လည်း သူတို့ချစ်ခင်လေးစားသော တပ်စုဗိုလ်ကာစူမိုတိုရှိနေသဖြင့် ထိုနေရာသို့ သူတို့ သွားကြသည်။  
ခေါင်ဆောင်နှစ်ဦးအချင်းများနေရာသို့ ရောက်ချိန်တွင် ကျန်တပ်သားများကိုလည်း ဝိုင်းဖွဲ့တွေ့ရသည်။ အားလုံးမှာ ကာစူမိုတိုနှင့် အိုဂျီဟိုရိုတို့ ဒေါကြီးမောကြီး အော်ဟစ်ပြောဆိုနေကြသည်ကို ကြည့်၍ စိတ်မသက်သာသည့်ပုံမျိုး။ ကာစူမိုတိုက အိုဂျီဟိုရိုဧ။် အစွန်းရောက် အယူဝါဒကို လက်မခံနိုင်ကြောင်း၊ တပ်သားများကို သူနှင့်အတူ လိုက်မသေစေလိုကြောင်း၊ သူ့လူနှင့်သူ သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်ခြင်းက အကောင်းဆုံးဖြစ်မည်ထင်ကြောင်း ပြောသည်။ အိုဂျီဟိုရိုက လက်မခံ။ ကာစူမိုတိုနှင့် သူ့ကိုထောက်ခံသူများကို သူပုန်အဖြစ် စွပ်စွဲပြီး ပြန်ပူးပေါင်းရန်ပြောသည်။ ကာစူမိုတိုထက် သူ့လက်အောက်မှ တပ်သားဦးရေသာလွန်ကြောင်းပြောပြီး ပြန်ပူးပေါင်းစေရန် သူ့တပ်သားများကို သေနတ်မောင်းတင်စေလျှက် ပစ်ရန်အသင့်အနေအထားရှိကြပြီ။ မာယာစုကီးဖက်မှ တပ်သားများမှာလည်း သေနတ်မောင်းတင်လျှက် ပစ်ရန်အသင့်အနေအထားရှိနေသည်။ မည်သူမျှ တုပ်တုပ်မလှုပ်ရဲကြ။ အသက်ဖြောင့်ဖြောင့်ရှူရန်ပင် သတိမရကြတော့ပြီ။ ထိုအချိန် နာကာဒိုင်တို့ဧ။် အခြားတစ်ဘက်ရှိ နောက်ဆုံးတပ်သားများထံမှ တစ်ဘက်သို့ သေနတ်ပစ်သံများ၊ လန့်ဖျတ်အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ပေါ်လာသည်။ မြေကြီးလည်း သိမ့်သိမ့်တုန်လာသလို ရှိသည်။ နာကာဒိုင် သိလိုက်ပါပြီ။ ထိုသူတို့ မိကျောင်းအကိုက်ခံရပေပြီ။ ညဘက်တွင်အစာရှာတတ်သော မိကျောင်းများအဖို့ ဂျပန်တပ်သားများမှာ မက်မောစရာ စားတော်ပွဲတစ်ခုနှယ် ဖြစ်လေပြီ။ အားလုံး ထိုနေရာမှ ဝရုန်းသုန်းကား ထွက်ပြေးကြရသည်။
ထိုသို့ပြေးရင်း ချောင်းတစ်ခုအနားသို့ ရောက်ကြသည်။ ချောင်းရေဖြတ်ကူးမည်ကို အားလုံးရွံ့ကြသော်လည်း တပ်သားအချို့မှာ ချောင်းကမ်းစပ်သို့ မဝံ့မရဲ သွားနေကြသည်။ ထိုစဉ် ရှေ့ဆုံးမှ တပ်သားများကို မိကျောင်းများ လျှပ်တပြက် တိုက်ခိုက်သည်။ အားလုံး နောက်ပြန်လှည့်၍ ကစဥ့်ကလျား ပြေးကြရပြန်သည်။ မိကျောင်းများကလည်း နောက်မှလိုက်၍ မီသမျှ တပ်သားများကို ချွန်ထက်သော သွားဖြင့် ကိုက်ဖြတ်စားလိုက်၊ အမြီးဖြင့် ရိုက်လိုက်ဖြင့် ပတ်ဝန်းကျင်မှာ ငရဲပြည်အလား ပွက်ပွက်ညံသွားတော့သည်။ နာကာဒိုင်နှင့် ကိုဒီမှာ သူတို့အနီးအနားမှ  သစ်ပင်နှစ်ပင် ကွေးညွတ်ပေါင်းဆုံနေသော အကိုင်းနေရာသို့ ကတိုက်ကရိုက် တွယ်တက်ကြသည်။ သူတို့နောက်မှ အိုဂျီဟိုရိုက သစ်ပင်ပေါ် လိုက်တွယ်တက်သည်။သို့သော် လက်တစ်ဘက်တွင် ကိုင်ထားသော ဂျပန်ဓားရှည်ကြီးကို ဓားအိမ်ထဲ အလောတကြီး ပြန်ထည့်နေရသဖြင့်သစ်ပင်ပေါ်သို့ တွယ်မတက်နိုင်ဖြစ်နေသည်။ နာကာဒိုင်က အိုဂျီဟိုရို သစ်ပင်ပေါ်တက်နိုင်အောင် လက်ကမ်းပေးလိုက်သည်။ သူ သစ်ကိုင်းပေါ် ရောက်လာပေပြီ။ သစ်ကိုင်းမှာ ရှစ်ပေခန့်သာရှည်သဖြင့် သူတို့သုံးယောက်အတွက် ထိုင်နိုင်ရုံသာရှိသည်။ အခြားသူတစ်ယောက် တက်လာလျှင် နေရာပေးနိုင်မည့်အနေအထားမရှိပေ။
ရယ်စရာကောင်းသည်မှာ သူတို့စက်ဆုပ်ရွံမုန်းနေသော အိုဂျီဟိုရိုကို နာကာဒိုင်ကိုယ်တိုင် ကယ်တင်လိုက်ခြင်းပင်။ အိုဂျီဟိုရိုကလည်း သူတို့ အရာရှိငယ်သုံးယောက်ကိုသတ်ခဲ့ကြောင်း မသိထား၍ တော်သေးသည်။ သစ်ပင်အောက်နှင့် ဘေးဘီဝဲယာတွင်ကား လန့်ဖျတ်အော်ဟစ်သံ၊ ပြေးလွှားသံ၊ ကိုက်ဖြတ်စားသောက်သံများဖြင့် ငရဲအလား ပွက်ပွက်ညံနေဆဲ။ သူတို့ထိုင်နေသော သစ်ကိုင်းအနေအထားနှင့် သူတို့ရှိရာ သစ်ပင်ပေါ်သို့ မည်သူမှ တက်မလာနိုင်သေးသည်ကပင် ကြံဖန်ကျေးဇူးတင်စရာ ဖြစ်နေသည်။
သူတို့ထိုင်နေသော သစ်ကိုင်းမှာ သုံးယောက်ထိုင်ရန် အဆင်ပြေပြီး လုံခြုံသော်လည်း သစ်ပင်တွင် အရွက်များမရှိသဖြင့် ရိုးတံပြိုင်ပြိုင် ဖြစ်နေသည်။ နာကာဒိုင်နှင့် အိုဂျီဟိုရိုတို့ စကားစမြည်ပြောကြသည်။ ကိုဒီကမူ အိုဂျီဟိုရိုနှင့် စကားမပြောလိုသည့်ပုံမျိုး။ နာကာဒိုင်က လိုက်လိုက်လျောလျော ပြောနေသည်ကိုလည်း သူ သဘောတွေ့ဟန်မတူပေ။
ခဏအကြာ အိုဂျီဟိုရိုက ဆေးလိပ်တစ်လိပ်ထုတ်ယူ၍ မီးညှိဖွာရှိုက်လိုက်သည်။ ထိုအချိန် … နာကာဒိုင်ဧ။် ခေါင်းနားမှ သစ်ကိုင်းပေါ်သို့ ကျည်ဆံတစ်တောင့် လာမှန်သည်။ တစ်ယောက်ယောက်က သူတို့ကို သေနတ်ဖြင့် ပစ်လေပြီ။ အိုဂျီဟိုရိုက နာကာဒိုင်နှင့်ကိုဒီကို ပစ်မှတ်နေရာ ချိန်ပစ်ဖို့ ပြောသည်။ သူက ပထမဆုံး ရန်သူ့ကျည်ဆံလာရာဘက်သို့ ချိန်၍ ပစ်လိုက်သည်။ သို့သော် ပစ်မှတ်ကို မထိ။ ရန်သူထံမှ နောက်တစ်ချက် ပစ်လိုက်သော ကျည်ဆံမှာ အိုဂျီဟိုရိုအနားမှ သီသီလေး လွဲသွားပြန်သည်။ ရန်သူရှိရာနေရာကို သူ့သေနတ် မီးပွင့်ရာနေရာဖြင့်မှန်း၍ နာကာဒိုင် ပစ်လိုက်သည်။
“ဒိုင်း”      “ဒိုင်း”    “ဒုတ်”     “ဘုတ်”
နာကာဒိုင် ပစ်လိုက်သောအချိန်တွင် ကိုဒီကလည်း ပစ်ပြီးသား ဖြစ်နေသည်။ တစ်ဘက်ရန်သူကို ကျည်ဆံထိသံနှင့်အတူ အောက်သို့ ပြုတ်ကျသံကိုပါ ဆက်တိုက်ကြားလိုက်ရသည်။ ရန်သူ ကျသွားပေပြီ။
သူတို့ သစ်ကိုင်းပေါ်တွင် ဆက်ထိုင်နေကြရသည်။ အရုဏ်ကျင်းချိန်ကို သူတို့ သစ်ကိုင်းပေါ် ထိုင်ရင်း စောင့်နေကြရပေအုံ့မည်။
ထိုသို့ရှိစဉ် သစ်ပင်အောက်မှာ ခြေသံများ ကြားရသည်။
“ဒီဘက်မလာနဲ့။ မိကျောင်းသိုက် ရှိတယ်။”
နာကာဒိုင် အသံကုန်အော်လိုက်သော်လည်း နောက်ကျသွားပေပြီ။ မိကျောင်းများမှာ အသစ်ရောက်လာသူများကို အလျင်အမြန် ပွဲတော်တည်ကြပြန်သည်။ အချို့တပ်သားများကနာကာဒိုင်တို့ရှိရာ သစ်ကိုင်းဆီသို့ နှစ်ဘက်လုံးမှ တွယ်တက်ကြသည်။ သို့သော် နာကာဒိုင်တို့သုံးယောက် သူတို့ တက်မလာနိုင်အောင် တွန်းထိုးချကြရသည်။ သတ်ကြရသည်။ ထိုသို့မလုပ်လျှင် မိမိတို့ပါ လိုက်သေရန်ရှိတော့သည်။ ထို့ကြောင့် ကိုယ့်လူအချင်းချင်း မသတ်ချင်ဘဲ ဆယ်ယောက်ကျော်ကျော် သတ်လိုက်ကြရသည်။ သစ်ပင်အောက်တွင်ကား မိကျောင်းတို့ စားတော်တည်ကြဆဲ။ ညှီစို့စို့ အသားနံ့နှင့် အပုပ်နံ့တို့မှာ ပတ်ဝန်းကျင်တွင် လွင့်ပျံလျက်ရှိဧ။်။ နာကာဒိုင်မှာ အနံ့ကြောင့် အော့အန်ချင်သော်လည်း အောင့်အည်းသည်းခံနေရသည်။ နံနက်မိုးသောက်ချိန်ကို ထိုင်စောင့်ရနေရသည်မှာ လွန်စွာ ရှည်ကြာလှသလို ရှိသည်။ သစ်ကိုင်းပေါ်တွင် အိပ်ရန်မှာ မဖြစ်နိုင်ပေ။
နံနက်လင်းရောင်ပျို့သည်နှင့်တပြိုင်နက် အိုဂျီဟိုရို သစ်ပင်ပေါ်မှဆင်း၍ ထွက်ခွာရန်ပြင်သည်။ နာကာဒိုင်တို့ကိုလည်း သူတို့လမ်းသူတို့လျှောက်ရန်နှင့် နောက်ဆုံးတွင် ဟာရာကိရိလုပ်ပြီး မိမိကိုယ်ကိုယ် သတ်သေရန်မှတပါး မရွေးရန် သြဝါဒချွေပြီးနောက် ထွက်ခွာသွားသည်။ အိုဂျီဟိုရိုမှာ သူ့လမ်းသူလျှောက် သွားလေပြီ။ တစ်ညလုံး သစ်ကိုင်းပေါ်တွင် ကိုယ့်အသက်အတွက် ကိုယ့်လူများကို နာကာဒိုင်တို့နှင့်အတူတူ ပြန်သတ်ခဲ့ကြသော အိုဂျီဟိုရိုတစ်ယောက် နောက်ဆုံး ဟာရာကိရိလုပ်ရန်ဟူသော ဆုံးဖြတ်ချက် မပြောင်းလဲသေးသည်ကို နာကာဒိုင်တို့နှစ်ယောက် အံ့သြမိကြသည်မှာ အမှန်ပင်။
ပတ်ဝန်းကျင်တခွင်ဝယ် နေခြည်ဖြာကျစပြုလာပြီ။ နာကာဒိုင်နှင့် ကိုဒီတို့ တိုင်ပင်ကြရပြီ။ သူတို့ ထိုသစ်ကိုင်းပေါ်တွင် ဆက်နေ၍ မဖြစ်တော့။ အချိန်ပိုကြာလာသည်နှင့်အမျှ မိကျောင်းများမှာ ဆာလောင်လာကြမည်မဟုတ်ပါလော။ နာကာဒိုင် ဖျတ်ကနဲ အတွေးတစ်ခု ရလိုက်သည်။ သစ်ကိုင်းအောက်နား ဘေးဘီဝဲယာမှ လူသားများကို နိုင်သလောက် သယ်ယူ၍ မိကျောင်းကို အစာလှမ်းကျွေးရင်း ရှေ့သို့ ခရီးဆက်ရန်ပင် ဖြစ်သည်။ သူ့အကြံအစည်ကို ကိုဒီကလည်း လက်ခံသည်။
သူတို့ သစ်ပင်ပေါ်က ဖြေးဖြေး ဆင်းကြသည်။ ကိုဒီက မနီးမဝေးတွင် ကျနေသော စစ်ကျောပိုးအိတ်ကို သွားကောက်ယူပြီး အတွင်းမှ ပစ္စည်းများ ခါထုတ်၍ နာကာဒိုင်ထံ ပစ်ပေးလိုက်သည်။ လူသေကောင်များဧ။် လက်အပိုင်းများ၊ ပေါင်အပိုင်းများစသဖြင့် အဆင်ပြေလောက်သောအရာများကို သူတို့ ကောက်၍ ကျောပိုးအိတ်ထဲ ထည့်ကြသည်။ လူသေကောင်များမှာ အူအပြွတ်လိုက်ထွက်၍ နေသည်လည်း ရှိသလို ဘာမှန်မသိသော မသတီစရာများဖြင့် ပြည့်လျှက် အလွန်အော့နှလုံးနာစရာ ဖြစ်နေဧ။်။ သို့သော် နာကာဒိုင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရန်မှလွဲ၍ အခြားမရှိပြီ။
“နည်းနည်း ထပ်ရှာရင် ကောင်းမယ်ထင်တယ်”
နာကာဒိုင်ဧ။် ကျောပိုးအိတ်တွင် ပြည့်နေသဖြင့် သူ့အပေါ်စစ်အင်္ကျီကို ချွတ်ပြီး အလောင်းတစ်လောင်းရှိရာဆီ ကိုဒီ ဦးတည်သွားလိုက်သည်။ လူသေအလောင်းနားအရောက် ကိုဒီ အံ့သြနေမိသည်။ လူသေအလောင်းကို ကြည့်ရန် နာကာဒိုင်အား အလောတကြီး ပြောလိုက်သည်။ အလောင်းမှာ မိကျောင်းအကိုက် မခံထားရချေ။ အပေါ်သစ်ကိုင်းမှ အောက်အကိုင်းပေါ် အရှိန်ဖြင့် ပြုတ်ကျသဖြင့် ကျောရိုးကျိုးနေသည့်ပုံမျိုး ရုပ်ပျက်ဆင်းပျက် ကုန်းကွနေသည်။ နာကာဒိုင် သိလိုက်ပါပြီ။ ထိုအလောင်းမှာ ကာစူမိုတိုမှ ကာစူမိုတိုအစစ်ပင်။ မနေ့ညက အိုဂျီဟိုရိုကို သေနတ်ဖြင့်ပစ်သဖြင့် ကိုဒီတို့နှစ်ယောက် ပြန်ပစ်ပြီး ကျည်ဆန်ထိမှန်သေဆုံးသွားသူမှာ သူတို့ချစ်ခင်လေးစားသော ကာစူမိုတို ဖြစ်နေဧ။်။ သူ့မိတ်ဆွေများ အိုဂျီဟိုရိုနှင့်အတူ ရှိနေသည်ကို သိလျှင် ကာစူမိုတို သေနတ်ဖြင့် ပစ်ခဲ့မည်မဟုတ်ပေ။ ယခု ဘာမှ မတတ်နိုင်တော့ပြီ။
နာကာဒိုင်တို့နှစ်ယောက် နွံတောအစပ်ဖက်ဆီသို့ ဦးတည်သွားနေကြသည်။ မိကျောင်းများမှာ ဟိုနားတစ်ကောင် ဒီနားတစ်ကောင် ဟိုနားတစ်စု ဒီနားတစ်စု လှမ်းမြင်နေရသည်။ သို့သော် ၄င်းတို့အားလုံး အစာဝသဖြင့် ပျင်းရိပျင်းနွှဲ့ ဖြစ်နေပုံပေါ်သည်။ ကိုယ်ကို ကောင်းကောင်း မလှုပ်ချင်သည့် ဟန်မျိုးဖြစ်သည်။ သူတို့ ရှေ့နားတွင် မိကျောင်းတစ်ကောင် ကာဆီးနေသည်။ ၄င်းမှာ သူတို့ဘက်သို့ ဦးလှည့်လာသည်။ နာကာဒိုင် အိတ်ထဲထည့်ယူလာသော ပေါင်တစ်ချောင်းကို ထုတ်၍ ရေစပ်သို့ လှမ်းပစ်ပေးလိုက်သည်နှင့် လှည့်လာနေသော မိကျောင်းနှင့် အခြား မိကျောင်းနှစ်ကောင်မှာလည်း အသားရှိရာ ရေစပ်သို့ ပြေးလိုက်သွားကြသည်။ တစ်နေရာအရောက် မိကျောင်းကြီးတစ်ကောင် ကိုဒီကို လျှပ်တပြက် လာကိုက်သည်။ သို့သော် ကိုဒီဧ။် ခြေနားမှ သီသီလေး လွဲသွား၍ တော်သေးသည်။ ချက်ချင်းပင် နာကာဒိုင်က အသားတစ်ချို့ကို ထိုမိကျောင်းကြီးဧ။် ကျောပေါ်သို့ ပစ်ထည့်လိုက်သည်။ အခြားမိကျောင်းများက အစာလာလုသဖြင့် မိကျောင်းကြီးမှာလည်း အလုပ်ရှုပ်ကျန်ရစ်တော့သည်။ နာကာဒိုင်တို့ မိကျောင်းသိုက်မှ လွတ်လာပေပြီ။ အခြားနေရာများတွင် မိကျောင်းတစ်ကောင်စ နှစ်ကောင်စ တွေ့ရသော်လည်း အပျော်တမ်း မိကျောင်းအစာကျွေးသလို သူတို့တွေ အစာကျွေးရင်း ပေါ့ပေါ့ပါးပါး ဆက်လှမ်းလာကြသည်။
သူတို့ ချောင်းကြီးတစ်ခုအနားသို့ ရောက်ကြသည်။ ချောင်းအတိုင်း လိုက်လျှင် ပင်လယ်ကို တွေ့ရမည်ပင်။ သူတို့ ချောင်းရိုးအတိုင်း ကမ်းပေါ်မှ ခပ်ခွာခွာ ဆက်လှမ်းခဲ့ကြသည်။ မြေမှာ ရွှံ့မြေအဖြစ်မှ အနက်ရောင်သဲမြေအဖြစ် တဖြည်းဖြည်း ပြောင်းလာသည်ကိုကြည့်၍ သူတို့ စိတ်လှုပ်ရှားကြသည်။ နောက်ဆုံးတွင် သဲဖြူဖြူ ပင်လယ်ကမ်းခြေကို သူတို့ ရောက်ခဲ့ကြပြီ။ ပျော်လိုက်သည်ဖြစ်ခြင်း။ သူတို့ သဲဖြူဖြူ ကမ်းခြေပေါ်တွင် လဲလျောင်းလိုက်ကြသည်။ သို့သော် အချိန်ကြာကြာ လဲလျောင်းမနေနိုင်။ အစက လှပသာယာသည်ဟု ထင်သော သဲဖြူဖြူမှာ စက္ကန့်ပိုင်းအတွင်း ပူလွန်းလာသလို ခံစားရသည်။ လေပြေလေနုလေးများ တိုက်ခတ်နေသလိုထင်ခဲ့သော်လည်း ယခုတွင် အေးစက်လာသလိုလို ရှိသည်။
ကိုဒီက ကမ်းစပ်နားမှ မဲမဲသဏ္ဌာန်တစ်ခုဆီ မျက်စိရောက်နေသည်။ ဘာပါလိမ့်ဟု နှစ်ယောက်သား စူးစမ်းလိုစိတ်ဖြင့် အပြေးသွားကြည့်ကြသည်။ အနားရောက်၍ ကြည့်လိုက်ခါမှ ဗိုလ်မှူးချုပ် အိုဂျီဟိုရို ဖြစ်နေမှန်း သိလိုက်ကြသည်။ ဇီဝိန်ကင်းမဲ့နေသော သူဧ။် ခန္ဓာကိုယ်မှာ ထိုင်လျက်သား ဖြစ်နေသည်။ ထူးဆန်းသည်က ဟာရာကိရိလုပ်၍ သေခြင်းမဟုတ်။ သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်သည်။ သို့သော် သေနတ်ကို မတွေ့ရ။ ပို၍ထူးဆန်းသည်က အိုဂျီဟိုရိုဧ။် ဆောင်ဓားရှည်ကိုလည်း မတွေ့ရခြင်းပင်။ သေချာပြီ။ သူတို့ ရန်သူမဟာမိတ်များဧ။် နယ်မြေသို့ ရောက်နေပြီ။ ရန်သူများ သူတို့ကို လှမ်းမြင်နေရော့မည်။ ကိုဒီက သူ့ စွပ်ကျယ်အင်္ကျီကို ချွတ်လျှက် ခေါင်းပေါ်မှ အလံသဖွယ် ကိုင်ဆောင်ထားလိုက်သည်။ စွပ်ကျယ်မှာ သွေးအနည်းငယ်ပေနေသော်လည်း လက်နက်ချအညံ့ခံသည့် အဓိပ္ဗာယ်ဆောင်သည့် အလံဖြူအဖြစ် အသုံးပြု၍ အဆင်ပြေနိုင်သေးသည်ပင်။ သူတို့ဧ။် သေနတ်မှာ ရွှံ့နွံတောတွင် ကျန်ရစ်ခဲ့ပြီ။ အခြားလက်နက်များလည်း မရှိတော့။ လက်နှစ်ဘက်အပေါ်မြှောက်၊ အလံဖြူလွှင့်ပြီး ခြေလှမ်း ဖြေးဖြေးလှမ်းလျှက် ခြေရာများရှိရာလမ်းအတိုင်း လှမ်းတက်လာကြသည်။ အတန်းလိုက်ပေါက်နေသော သစ်ပင်များအနီးသို့ ရောက်သည်အထိ မည်သည့်ထူးခြားမှုမှ မရှိ။ ကိုဒီက သူတို့မည်သူဖြစ်ကြောင်း၊ လက်နက်ချလိုကြောင်း အော်ပြောဖို့ နာကာဒိုင်ကို ပြောသည်။
“ကျုပ်တို့ လက်နက်ချပါတယ်။ မပစ်ပါနဲ့။ ကျုပ်တို့မှာ လက်နက်မပါဘူး။”
ထိုစကားသုံးခွန်းကို ထပ်ခါတလဲလဲ နာကာဒိုင် အော်ပြောရင်း နှစ်ယောက်သား ဖြေးဖြေးချင်း လျှောက်လာကြသည်။
“မလှုပ်နဲ့။ အဲဒီမှာပဲ နေ။”    “ကင်းဒရစ်လားဟေ့”
တစ်ဘက်မှ အသံပေါ်လာသည်။ အင်္ဂလိပ်အသံနှင့် အင်္ဂလိပ်အမည်ကို နာကာဒိုင် အနီးကပ် မကြားဖူးသည်မှာ ကြာပေပြီ။ သူ ဆွံ့အသွားသလို ဘာစကားမှ ပြောမထွက်တော့။ ကိုဒီက နာကာဒိုင်အသံအတိုင်း အော်လိုက်သည်။ မဟာမိတ်တပ်သားများ ရောက်လာပြီး စခန်းရှိရာ ခေါ်ဆောင်သွားသည်။
မဟာမိတ်စစ်စခန်းသို့ ရောက်ပေပြီ။ စခန်းတစ်နေရာတွင် အိုဂျီဟိုရိုဧ။် ဓားရှည်နှင့် အခြားဂျပန်သေနတ် အလက် (၂၀) ခန့် တွေ့ရသည်။ ခပ်လှမ်းလှမ်းတစ်နေရာမှ လွင့်ပျံလာသော သာယာသည့် ဓာတ်ပြားဂီတသံတစ်ခု ကြားလိုက်ရသည်။ ဂီတပညာရှင်ကား နာကာဒိုင်အကြိုက်ဆုံးထဲမှ တစ်ဦးဖြစ်သော ဂလင်းမစ်လာ ဖြစ်ပါဧ။်။
=====================================

ဝတ္ထုအပေါ် စာရေးသူဧ။် အမြင်
-----------------------------

အင်္ဂလိပ်စာရေးဆရာ ရောဘတ်အက်ပယ်တန်ရေးသောရမ်းဗြဲဧ။် ဆည်းဆာဝတ္ထုမှာ ဝတ္ထုလတ်အမျိုးအစားဖြစ်သည်။ ဝတ္ထုကောင်းမွန်မှုကို (၂၀၁၁) ခုနှစ်အတွက် EPIC Award ချီးမြှင့်ခံရခြင်းက သက်သေခံနေသည်။ ဝတ္ထုမှာ (၁၉၄၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ ထိုညနှင့် နောက်တစ်နေ့ နံနက်ပိုင်းအချိန်ထိ နှစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့သည်ကို ဇာတ်လမ်းဆင် ရေးသားထားသည်။ ကာလအားဖြင့်တိုသော်လည်း ထိုနှစ်ရက်တာကာလအတွင်း ဖြစ်ပျက်ခဲ့သမျှသော အဖြစ်အပျက်များကို စာဖတ်သူများ ရင်တထိပ်ထိပ် ဖြစ်အောင် အနုစိပ်ခြယ်မှုန်းပြထားသည်မှာ သြချရလောက်အောင် ကောင်းလှသည်။
ဇာတ်လမ်းတစ်ခုလုံး စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နေသည်။ ဇာတ်ရှိန်အမြင့်ဆုံးအခန်းတစ်ချို့ကို ထုတ်ပြပါဆိုလျှင် တပ်ကြပ်ကြီးက ဆိုဘိခုကို ချန်ထားခဲ့ပြီး ရှေ့တပ်သားများနှင့် ပြန်ပူးပေါင်းရန် ကိုဒီကို အမိန့်ပေးသဖြင့် တိုက်ခိုက်သတ်ဖြတ်မိသောအခန်း၊ ဆိုဘိခုကို မိကျောင်းဆွဲသည့်အခန်း၊ အိုဂျီဟိုရိုနှင့် ကာစူမိုတိုတို့နှစ်ဘက် အခြေအနေတင်းမာပြီး တစ်ဘက်နှင့်တစ်ဘက် သေနတ်ဖြင့်ချိန်သောအခန်း၊ နာကာဒိုင်နှင့် ကိုဒီတို့ လူသေကောင်များဧ။် လက်၊ ပေါင်တို့ကို ကောက်၍ မိကျောင်းစာကျွေးရင်း မိကျောင်းသိုက်ရှိရာ ရွှံ့တောထဲမှ ရုန်းထွက်သောအခန်း၊ နောက်ဆုံး မဟာမိတ်တို့ထံလက်နက်ချရန် နာကာဒိုင်တို့ ကမ်းခြေအစပ် တောအုပ်သို့ ရင်တထိတ်ထိတ်နှင့် ဖြေးဖြေးချင်း လျှောက်သွားခန်းတို့ကို ပြရပေမည်။ ထိုအခန်းများမှာ ရုပ်ရှင်ပိတ်ကားပေါ်တွင်ဆိုလျှင် ပရိသတ်များ အသည်းတလှပ်လှပ် ရင်တမမ ဖြစ်စေသော ဇာတ်ဝင်ခန်းများ ဖြစ်မည်မှာ မုချပင်။
ဒုတိယကမ္ဘာစစ်အတွင်း လူသားရန်သူမဟုတ်သော မိကျောင်းရန်သူများနှင့် ရင်ဆိုင်ခဲ့ရသော ဂျပန်စစ်သားများဧ။် အခြေအနေမှာ စစ်ပွဲအတွင်း သဘာဝတရားနှင့် စစ်ခင်းခဲ့ခြင်းပင် ဖြစ်သည်။ ထိုစစ်ပွဲအတွင်း ကိုယ့်အသက်အတွက် အချင်းချင်း ပြန်သတ်ခဲ့ကြရသည်။ မုန်းတီးသူကို ကာကွယ်၍ ချစ်ခင်သူကို သတ်ဖြတ်မိခဲ့ကြသည်။ မိမိတို့စက်ဆုပ်မုန်းတီးသူနှင့်လည်း မလွှဲမရှောင်သာ အတူတူ နေခဲ့ရသည်။ ချစ်ခင်သူကို ကယ်တင်လိုသော်လည်း သဘာဝတရားက ခွင့်မပြုခဲ့။ သူတို့အဖို့ ရွေးချယ်ခွင့် မရခဲ့။ သဘာဝတရားကြီးကသာ မင်းမူခဲ့သည်။ သိပ္ဗံပညာရှင်ဒါဝင်ဧ။်အဆိုအတိုင်း သဘာဝတရားအရ အကြံ့ခိုင်ဆုံးသူများသာ အသက်ရှင်တတ်သော တောတွင်းဓလေ့၊ တောတွင်းသဘာဝတစ်ခုကို လှစ်ဟပြနေသည်။ သို့သော် နာကာဒိုင်နှင့် ကိုဒီတို့မှာ ခွန်အားအရာတွင် မိကျောင်းများနှင့် မယှဉ်နိုင်သော်လည်း ဥာဏ်ရည်အရာတွင် သူတို့ထက် သာလွန်ခဲ့သဖြင့် မိကျောင်းစာမဖြစ်ခဲ့သည်ကိုလည်း တွေ့ရသည်။ စေ့စေ့တွေးကြည့်လျှင် လောကနှင့် လောကလူသားများဧ။် သဘောသဘာဝကို ဝတ္ထုက လှစ်ဟပြနေသကဲ့သို့ မည်မျှကြီးမားသော အခက်အခဲပင်ဖြစ်ပါစေ သတိတမံ၊ ဥာဏ်မြေကတုတ်ဖြင့် ကျော်ဖြတ်အောင်မြင်နိုင်ကြောင်း၊ ရဲရဲဝံ့ဝံ့ ကျော်ဖြတ်သင့်ကြောင်းလည်း သင်္ခန်းစာယူနိုင်ပေသည်။
ရမ်းဗြဲကျွန်းပေါ်မှ ကမ္ဘာကျော် မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်သည် ကမ္ဘာလှည့်ခရီးသည်များ ရမ်းဗြဲကျွန်းကို ထိတ်လန့်စရာကျွန်းတစ်ကျွန်းအဖြစ် ရှုမြင်ပြီး ရှောင်ကွင်းစရာ ဖြစ်စေနိုင်သည်။ မိကျောင်းတိုက်ခိုက်မှုမှာ ထိုတစ်ကြိမ်တည်းသာ အကြီးအကျယ် ဖြစ်ခဲ့ပြီး ယခုအခါတွင် ရမ်းဗြဲကျွန်းပေါ်၌ မိကျောင်းကိုက်၍ သေဆုံးသည်ဟု ကြားပင်မကြားဖူးတော့သော်လည်း ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးကျွန်း (၁၀) ကျွန်းအနက် နံပါတ် () အဖြစ်သော်လည်းကောင်း၊ နံပါတ် () သို့မဟုတ် နံပါတ် () အဖြစ်သော်လည်းကောင်း မှတ်တမ်းဗီဒီယိုအမျိုးမျိုးဖြင့် ဖော်ပြထားသည်ကို အင်တာနက်ပေါ်တွင် ရှာဖွေတွေ့ရှိနိုင်ကြသည်။ ထိုသို့မှတ်တမ်းပြုဖော်ပြထားခြင်းမှာ ရမ်းဗြဲကျွန်းသို့ ကမ္ဘာလှည့်ခရီးသည်များ မသွားရဲအောင် ခြောက်လှန့်နေသလိုဖြစ်နေသည်မှာ အမှန်တရားပင် ဖြစ်ပါဧ။်။ သို့သော် ထိုသမိုင်းဝင် သည်းထိပ်ရင်ဖိုဇာတ်လမ်းကား ကမ္ဘာသူ၊ ကမ္ဘာသားများအကြား တသသ ပြောစမှတ်ပြုစရာ ဖြစ်ကျန်ရစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ စာရေးဆရာ ရောဘတ်အယ်ပယ်တန်ဧ။် ရမ်းဗြဲဧ။် ဆည်းဆာဝတ္ထုမှာ ကမ္ဘာ့ဂန္တဝင်စာပေစာရင်းဝင်အဖြစ် နောင်တစ်ခေတ်အထိ ထင်ရှားစွာ ရှိနေနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်မှာလည်း သေချာပေသည်။ စာရေးသူအနေဖြင့် သူဧ။် ဝတ္ထုကို ကမ္ဘာကျော်ရုပ်ရှင်အဖြစ် အလွန်မြင်လိုလှသည်။ သို့သော် ယခုထိကား မိမိဧ။် ဆန္ဒ မပြည့်ဝနိုင်သေးပါ။ ထိုသို့ ရုပ်ရှင်ပိတ်ကားပေါ်သို့ တင်ပေးမည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်လာပါစေဟုသာ ဆုတောင်းနေမိပါသည်။

(ကျန်သော စာအုပ်တစ်အုပ်အကြောင်းကိုလည်း အလျဉ်းသင့်သလို ကြိုးစားတင်ပြပါဦးမည်။)


                                                                               ဇွဲသစ်(ရမ္မာမြေ)

No comments:

Post a Comment