Sunday 29 November 2015

ရွှေဘုံပေါ်စံလျှက်ရယ်မှ (ဘာသာပြန်ဝတ္ထုတို)


၁။ မက်(စ့)အတွက်ဘဝတစ်ဆစ်ချိုးအချိန်

မက် (စ့) ပရိုက်သည် ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်၏။သူသည်ဇနီးဖြစ်သူ အိန်ဂျလာနှင့် သား စတီဖင်၊ သမီးဂျူလီယက်တို့အပေါ်အချစ် ပိုလွန်းသူဖြစ်သည်။မက် (စ်) တို့မိသားစုသည် စိတ်ကြည်နူးစဖွယ် တိုက်ခန်းငယ်တစ်ခုတွင် နေထိုင်ကြ၏။ မိတ်ဆွေကောင်းများလည်းပေါများလှ၏။ ပရိုက်တတို့ မိသားစုကား ပျော်ရွှင်သော မိသားစုတစ်စု ဖြစ်သည်။
သို့သော် တစ်နေ့သောအခါါ မက် (စ့) အလုပ်ပြုတ်သွား၏။သတင်းဆိုးက စာတစ်စောင်ထဲတွင် ပါလာသည်။ စာက တိုသည်။ ရှင်းသည်။ မက် (စ့) မှာ အလွန်စိုးရိမ်သွားသည်။

‘ကိုယ် အခု ဘာလုပ်ရမလဲကွာ…’ ဟု သူကဇနီးသည်ကို မေးသည်။


‘ကျွန်မလည်း မသိတော့ဘူး မက် (စ့) ရယ်။တကယ်ကို မသိတော့ဘူးရှင်။’ ဟု အိန်ဂျလာက ပြန်ဖြေသည်။ သူမလည်း အလွန်စိုးရိမ်နေပါပြီ။

ထို့နောက်မှာ မက် (စ့) ဒေါသထွက်လာသည်။

သူကပြောသည်။ ‘ကြည့်စမ်းပါအုံး ဒီစာကို။သူတို့က ပြောလိုက်သေးတယ်။ ‘ဆန္ဒမွန်ဖြင့်’ တဲ့။ ကျုပ်က ‘ဆန္ဒမွန်’ မလိုချင်ဘူး။ အလုပ်ပဲလိုချင်တာ။ကျုပ်မှာ သားနဲ့ မယားနဲ့…’

အိန်ဂျလာက ပြောသည်။ ‘စိတ်မပူပါနဲ့ မက်(စ့) ရယ်။ အားလုံး အဆင်ပြေသွားမှာပါ။’

‘ဒါပေမယ့် ကိုယ့်ကို ဘယ်သူက အလုပ်ခန့်တော့မလဲအိန်ဂျလာရယ်။ ကိုယ်က အခု သုံးဆယ့်ခုနစ်နှစ်ရှိပြီ။ ဒီနေ့ခေတ်မှာ အသက်သုံးဆယ့်ခုနစ်နှစ်ဆိုတာကြီးနေပြီ။ ကိုယ်တို့တွေ ဘာလုပ်ကြမလဲဟင်။’

‘မိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီ မေးကြည့်ကြတာပေါ့’ဟု အိန်ဂျလာက ပြောသည်။

သို့သော် သူတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများထံမှအကူအညီ မရရှိခဲ့ကြ။ လူအများအပြားမှာ အလုပ်ရှာနေကြသည်။ 

လူတိုင်းအတွက် ဘဝသည် ခက်ခဲနေ၏။

နံနက်တိုင်း မက် (စ့) သည် အလုပ်သစ်တစ်ခုကိုရှာဖွေခဲ့၏။ ညနေစောင်းလျှင် အလုပ်မရဘဲ သူအိမ်ပြန်လာစမြဲ။ ညနေပိုင်းတွင် ညနေထုတ်သတင်းစာကိုသူ စောင့်မျှော်စမြဲ။

‘‘အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်း’ဆိုပါလား။ ဒါကုမ္ပဏီအသစ်တစ်ခုပဲ။ အိန်ဂျလာရေ။ မင်းရော ဘယ်လိုထင်လလဲကွာ။’ ဟု မက် (စ့)က ဆိုသည်။

အိန်ဂျလာက ပြောသည်။ ‘သူတို့နဲ့ သွားတွေ့လိုက်ပါလား။အမျိုးသား၊ အမျိုးသမီး လူသစ်တွေလိုတယ်ဆိုပဲ။ ပြီးတော့ ‘အသက်အရွယ်မရွေး’ လို့လည်း ပါသေးပါရဲ့ရှင်’

မက် (စ့) က ဆိုသည်။ ‘ဟုတ်တယ်ကွ။ ‘ကြယ်တာရာအဆောက်အဦ’ တဲ့။ ဒါ မြို့လယ်က မိုးမျှော်တိုက် အသစ် စက်စက်ကွ။ အဲဒါ ကုမ္ပဏီကြီးပဲ အိန်ဂျလာရေ။အရမ်းကို ကြီးတာကွ။’

‘ဒီမနက် ရှင်သွားလို့ရတာပေါ့’ ဟု အိန်ဂျလာကပြောသည်။

‘သွားလိုက်မယ်ကွာ’ ဟု မက် (စ့) က ပြန်ပြောသည်။သူ စိတ်လှုပ်ရှားနေပါပြီ။ ‘ကိုယ် အဲဒီကို စောစော ရောက်အောင် သွားမယ်။ မနက်ခုနစ်နာရီလောက်အဲဒီကို အရောက်ပေါ့။ အိန်ဂျလာရေ၊ ကိုယ်အလုပ်ရတော့မယ်ကွ။ ဘာမှ မပူနဲ့တော့။’
နောက်တစ်နေ့ နံနက်စောစောတွင် မက် (စ့)သည် ‘ကြယ်တာရာအဆောက်အဦ’ သို့ ရောက်နှင့်နေပြီ။ ကိုးနာရီထိုးချိန်တွင် ‘အပြညပြည်ဆိုင်ရာမိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်း’ မှ ပုဂ္ဂိုလ်သုံးဦးနှင့် အင်တာဗျူးဝင်ရသည်။

မန်နေဂျာဖြစ်သူ မစ္စတာ လီလိုက် (စ) ကမေးသည်။‘ခင်ဗျား နောက်ဆုံး လုပ်ခဲ့တဲ့ အလုပ်က ဘာလဲ’

မက် (စ့) က ပြန်ဖြေသည်။ ‘ကျွန်တော်အိမ်သုံး ပရိဘောဂပစ္စည်းတွေ ရောင်းခဲ့ပါတယ်။’

‘ပရိဘောဂပစ္စည်းတွေ ရောင်းတဲ့သူ ဒီမှာမလိုအပ်ဘူးဗျ’ ဟု ဒုတိယလူဖြစ်သော မစ္စတာ ခရီး (ပ့) က ပြောသည်။

‘ဒါပေမယ့် ကျွန်တော် အလုပ်သစ်တစ်ခုကိုသင်ယူလေ့လာမှာပါ။ ကျွန်တော် ကြိုးစားလုပ်ပါ့မယ်။’ ဟု မက် (စ့) က လျင်မြန်စွာ ပြောလိုက်သည်။

‘ကောင်းပြီလေ’ ဟု တတိယလူဖြစ်သော မစ္စတာဟိုက်တောင်ဝါက ပြောသည်။

‘ကျုပ်တို့က လူသစ် တွေလိုနေတယ်။ ပြီးတော့ကြိုးစားပြီး အလုပ်လုပ်တဲ့သူတွေ လိုနေတယ်။ မစ္စတာ…’ ဟု သူက ဆက်ပြောသည်။

‘… ပရိုက် (စ့) ပါခင်ဗျာ’ ဟု မက် (စ့)က လျင်မြန်စွာ ပြောလိုက်သည်။

‘ကောင်းပြီလေ၊ ပရိုက် (စ့)။ မနက်ဖြန်ဒီကို ရှစ်နာရီခွဲ အရောက်လာခဲ့ပေါ့။ ခင်ဗျားအခု ‘နိုင်ငံတကာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းမှာအလုပ်လုပ်ရတော့မယ်’ ဟု မစ္စတာ ဟိုက်တောင်ဝါက ပြောသည်။

ယခု မက် (စ့) အလုပ်ရပေပြီ။ သူ အိမ်သို့အပြေးပြန်လာပြီး၊ သတင်းကောင်းကို ဇနီးသည်အား ပြောပြသည်။ ဤသည်ကား မက် (စ့) အတွက် ဘဝတစ်ဆစ်ချိုးအချိန်ပင်ဖြစ်ပေသည်။

              
၂။ မြေညီထပ်မှာ

နောက်တစ်နေ့တွင် မက် (စ့) သည် အလုပ်သစ်ဝင်ရန်သွား၏။ သူအလုပ်လုပ်ရသည့် ရုံးခန်းမှာ ကြယ်တာရာ အဆောက်အအုံ၏ မြေညီထပ်တွင်ဖြစ်သည်။ လူသစ်အများအပြားမှာ ထိုနေ့တွင် အလုပ်စဝင်ကြသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဖရန့် စတက် (ဒ့) မန်းဖြစ်သည်။ သူသည် မက် (စ့) ၏ မိတ်ဆွေ ဖြစ်လာခဲ့၏။

သူတို့၏ ရုံးခန်းမှာ ကြီးမားသည်နှင့်အမျှအလွန်အလုပ်ရှုတ်လှ၏။ သို့သော် လူတိုင်းမှာ အလွန်ပျူငှာဖော်ရွေကြသည်။ မက် (စ့) နှင့်ဖရန့်တို့မှာ လူတိုင်းအပေါ် ချစ်ခင်စိတ်ဖြစ်မိကြသည်။ အလုပ်ကိုလည်း ကောင်းကောင်း လုပ်ဆောင်ကြသည်။

တစ်နေ့ ဖရန့်က ပြောသည်။ ‘ငါတော့ ဒီမှာအလုပ်လုပ်ရတာ အရမ်း သဘောကျသွားပြီဟေ့။ အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းကြီးမှာအလုပ်လုပ်ရတာ တော်တော် ဟန်ကျတာပဲ’

မက် (စ့) က ပြန်ပြောသည်။ ‘ဟုတ်တယ်ဗျ။ကျုပ်လည်း ဒီမှာ အလုပ်လုပ်ရတာ သဘောကျသွားပြီ’

သူတို့ နှစ်ဦးစလုံး အလွန်ပျောရွှင်နေခဲ့ကြသည်။နေ့လည်စာ စားချိန်ရောက်တိုင်း ၎င်းတို့၏ မိတ်သစ်ဆွေသစ်များနှင့်အတူ သောက်စရာတစ်ခုခုနှင့်အသားညှပ် ပေါင်မုန့်များကို စားကြသည်။ ညနေပိုင်းတွင် သူတို့နှင့်အတူ ပါတီပွဲသွားကြသည်။မက် (စ့) နှင့် ဖရန့်တို့မှာ သူတို့၏ ဇနီးနှင့် သားသမီးများကို ပါတီပွဲသို့ မကြာခဏခေါ်သွားကြသည်။ မက် (စ့) မှာ အလွန်ကြေနပ်ပျော်ရွှင်မိသည်။ အိန်ဂျလာမှာလည်း ပျော်ရွှင်နေမိသည်။
မက် (စ့) ၏ လက်ရှိလစာမှာ အလွန်ကောင်း၏။ထို့ကြောင့် သူနှင့် အိန်ဂျလာတို့က သူတို့တိုက်ခန်းအတွက် ပရိဘောဂအသစ်များစွာ ဝယ်ခဲ့ကြသည်။ဆေးရောင်စုံ ရုပ်မြင်သံကြားစက်တစ်လုံး၊ ကက်ဆက်အကြီးစားတစ်လုံးနှင့် အခြားသောအရာဝတ္ထုများစွာဝယ်ဖြစ်ခဲ့ကြသည်။ အိန်ဂျလာက အဝတ်အစားအသစ်များဝယ်သည်။ ကလေးငယ်များမှာလည်း ကစားစရာအရုပ်အသစ်စက်စက်လေးများကိုယ်စီ ရကြသည်။ ပရိုက် (စ့) တို့ မိသားစုကား တစ်ဖန် ပျော်ပျော်ရွှင်ရွှင်ဖြစ်လာလေပြီတည်း။

တစ်နေ့ အိန်ဂျလာက မက် (စ့) ကို ပြောသည်။‘ရှင် ချမ်းသာနေပြီပဲ’ ။ မက် (စ့) က ရယ်မောပြီး ပြန်ပြောလိုက်သည်။ 

‘မချမ်းသာသေးပါဘူးအိန်ဂျလာရယ်။ ဒါပေမယ့် တစ်နေ့ကျရင် ကိုယ် ချမ်းသာလာနိုင်ကောင်းပါရဲ့’

‘ရှင့်အလုပ်သစ်အတွက် ဂုဏ်ပြုတဲ့အနေနဲ့သောက်လိုက်ကြရအောင်’ ဟု အိန်ဂျလာက ဆိုသည်။

မက် (စ့) က သဘောတူစကားဆိုလိုက်သည်။‘ဟုတ်တာပေါ့ကွာ။ တို့ရဲ့ အလုပ်ရှင်သစ်ကို ဂုဏ်ပြုလိုက်ကြစို့။

အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းကို ဂုဏ်ပြုလိုက်ကြစို့။ ချီးယား (စ့) အိန်ဂျလာရေ…’

အိန်ဂျလာက ပြောသည်။ ‘ချီးယား (စ့) မက်(စ့) ရေ…’

နိုင်ငံတကာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းတွင်အလုပ်လုပ်ရသည်မှာ ခက်ခဲလှ၏။ နေ့စဉ်နေ့တိုင်း မက် (စ့) နှင့် ဖရန့်တို့မှာ စားများစွာကိုလက်ခံရရှိခဲ့သည်။ ၎င်းစာများက ‘FSI ကုန်ပစ္စည်းများ’ ကို အလိုရှိနေသည်။ သို့သော် FSI ကုန်ပစ္စည်းများတွင်အမည်နာမများ ရေးမထားပေ။ ၎င်းတို့တွင် ကိန်းဂဏာန်းများနှင့် အက္ခရာများသာ ရှိသည်။ X3Ys,L7Ks, A5Qs ဟူ၍သာပါသည်။ ဤထူးဆန်းသော ဂဏာန်းများနှင့် အက္ခရာများသည် မည်သို့ အဓိပ္ပာယ်ရှိသနည်း။မက် (စ့) နှင့် ဖရန့်တို့ မသိရှိခဲ့ကြချေ။

နေ့စဉ်နှင့်အမျှ သူတို့သည် ဤမှာကြားချက်ရာပေါင်းများစွာကိုဖွင့်ကြသည်။ သူတို့က မှာကြားချက်များကို ‘X’ ကုန်ပစ္စည်းအုပ်စုတစ်စု၊ ‘L’ ကုန်ပစ္စည်းအုပ်စုတစ်စုနှင့်‘A’ ကုန်ပစ္စည်းအုပ်စုတစ်စုဟူ၍ အုပ်စုသုံးစု ဖွဲ့ကြသည်။ 
မှာကြားစာများမှာ တစ်ကမ္ဘာလုံးမှရောက်လာသည်။ အချို့မှာကြားချက်စများမှာ အလွန်များပြားသည်။

တစ်နေ့ မက် (စ့) က ဖရန့်ကို ပြောသည်။‘တို့တွေ အလုပ်အရမ်းကြိုးစားနေကြတာပဲ’

ဖရန့်က ဆိုသည်။ ‘ဟုတ်ပါ့ဗျာ။ စာတွေ…စာတွေ… ဒီစာတွေချည်းပဲ။ စာတွေ ရာနဲ့ချီရှိနေတာ။ အဲဒီစာတွေရဲ့ အဓိပ္ပာယ်က ဘာလဲကွ… မက်(စ့)။ သူတို့ ဘာလိုချင်ကြတာလဲ။ သူတို့ မှာယူနေတာ ဘာလဲ’

မက် (စ့) က ပြောသည်။ ‘ငါလည်း မသိဘူးကွ။မေးခွန်းတွေ သိပ်များများ မမေးနဲ့ ဖရန့်ရေ…’

‘ကောင်းပါပြီဗျာ။ ကောင်းပါပြီ။’ ဟုဖရန့်က ပြောလိုက်သည်။

ထိုနေ့ နောက်ပိုင်းတွင် သူတို့၏ အထက်လူကြီးမစ္စတာ ဘီခရီး (ပ့) ထံမှ အကြောင်းကြားစာတစ်စောင် ရောက်လာသည်။

သူတို့နှစ်ဦးသား သူထံသွားတွေ့ကြသည်။

‘လူကြီးမင်းတို့ ထိုင်ကြပါဗျာ။ လူကြီးမင်းတို့ကိုပြောစရာလေး ရှိလို့ပါ။ ကျုပ်တို့တတွေ လူကြီးမင်းတို့ အလုပ်လုပ်တာကို နှစ်သက်ကြေနပ်ပါတယ်။အခု ပဉ္စမထပ်ကို လူကြီးမင်းတို့ တက်ပြီး အလုပ်လုပ်ရပါတော့မယ်’


၃။ ပဉ္စမထပ်မှာ

မက်(စ်)နှင့် ဖရန့်တို့မှာ ယခု ပဉ္စမထပ်တွင် အလုပ်လုပ်ကြသည်။ သူတို့၏ ရုံးခန်းအသစ်တွင် အခြားအမျိုးသား အလုပ်သမားနှစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးရှိသည်။

ရုံးခန်းမှာတိတ်ဆိပ်နေ၏။ရုံးခန်းတွင်ပရိဘောဂ ပစ္စည်းများမှာ ခေတ်မီပြီး ဈေးကြီးလှသည်။ အတွင်းရေးမှူးတွင် အသံဖမ်းစက်နှင့် လက်နှိပ်စက်တစ်လုံးရှိသည်။ အမျိုးသားလေးဦးတို့တွင် စာရေးစားပွဲကြီးများ ကိုယ်စီရှိကြသည်။

တစ်နေ့မက်(စ်)နှင့် ဖရန့်တို့က တိုက်အောက်ဖက်လမ်းပေါ်သို့ ငုံ့ကြည့်လိုက်ကြသည်။ လမ်းပေါ်တွင် ဆူညံသံနှင့် ယဉ်မျိုးစုံတို့၏ အသံဗလံတို့ဖြင့် လွှမ်းခြုံနေသည်။ မက် (စ်) နှင့် ဖရန့်တို့မှာ မြေညီထပ်မှ မိတ်ဆွေများကို သတိရကြသည်။

ဖရန့်ကပြောသည်။ “သူတို့တွေက မိတ်ဆွေကောင်းတွေပဲ“

မက်(စ်) က ပြန်ပြောသည်။ “ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ပဉ္စမထပ်မှာလည်း မိတ်ဆွေသစ်တွေ အခု ရနေပြီပဲ။“

ဖရန့်ကပြောသည်။ “ဒါပေမယ့် မြေညီထပ်မှာ ရှိခဲ့တဲ့ ပါတီပွဲတွေနဲ့ ခင်မင်ရင်းနှီးမှုတွေကို မင်း သတိတရ ရှိစမ်းပါကွာ။“

မက်(စ်) က ပြန်ပြောသည်။ “မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဖရန့်ရေ … ပဉ္စမထပ်မှာ လစာ ပိုကောင်းတယ်ကွ။“

မက်(စ်)တွင် ယခု ငွေပို၍ ရရှိလာပေပြီ။ သူက အိန်ဂျလာကို ပြောသည်။ “အိမ်သစ်တစ်လုံး ဝယ်ကြရအောင်ကွာ“
အိန်ဂျလာကပြန်ပြောသည်။ “ဒါပေမယ့် ဒီမှာပဲ ကျွန်မ သဘောကျတယ်။ ကလေးတွေလည်း ဒီနေရာလေးပဲ သဘောတွေ့ကြတာရှင့်“

မက်(စ်)က ပြောသည်။ “ဒါပေမယ့် အိန်ဂျလာရေ။ အခု ကိုက အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ပဉ္စမထပ်မှာ အလုပ်လုပ်နေပြီလေ။ ကို့လစာကလည်း ပိုများများလာပြီ။ ပဉ္စမထပ်မှာ အလုပ်လုပ်တဲ့ လူတွေက တိုက်ခန်းမှာ မနေကြဘူး။ သူတို့တွေက အိမ်တစ်ဆောင် မီးတပြောင်နဲ့ နေကြတာကွ“

အိန်ဂျလာကပြောသည်။ “ဒါပေမယ့် မက်(စ်) ရယ်။ တို့ မိတ်ဆွေတွေ အားလုံးက ဒီမှာပဲ နေကြတာ။ ကလေးတွေလည်း ဒီမှာပဲ ကျောင်းတက်တယ်။ တို့တိုက်ခန်းလေးကလည်း အခုဆို ချစ်စရာလေး ဖြစ်နေပြီလေ“

မက်(စ်) ဒေါသ ထွက်သွားသည်။ “ငါတို့ အိမ်ပြောင်းမယ် အိန်ဂျလာ။ နောက်တစ်ပတ်မှာ အိမ်ပြောင်းရမှာပဲ။“

အိန်ဂျာလာကပြောသည်။ “ဒါဆိုလည်း ပြီးရောလေ။“ သူမ ပြုံးနေသည်။ သို့သော် သူမ မပျော်ရွှင်ခဲ့ပေ။

နောက်တစ်ပတ်တွင် မက်(စ်)နှင့် အိန်ဂျလာတို့ အိမ်သစ်လေးဆီသို့ရွှေ့ပြောင်းခဲ့ကြသည်။ သို့သော် ဖရန့်စတက်(ဒ်)မန်းနှင့် ဇနီးတို့မှာ အိမ်ပြောင်းခြင်းမပြုကြချေ။

ဖရန့်က ပြောသည်။“တို့က တို့ရဲ့တိုက်ခန်းလေးကို သဘောတွေ့နေကြတယ်ကွ။ တို့မိတ်ဆွေဆွေအားလုံး လည်း တို့တွေအနားမှာသိုက်သိုက်ဝန်းဝန်းနဲ့။ ကလေးတွေကလည်း သူတို့တက်နေကျ ကျောင်းကို နှစ်သက်ကြတယ်လေ။ ငါတော့ဒီအိမ်ကနေ ရွှေ့မသွားဘူးကွ … မက်(စ်)“

မက်(စ်) ဘာမှပြန်မပြောမိ။

မက်(စ်)နှင့်ဖရန့်တို့မှာ ပဉ္စမထပ်ရုံးခန်းတွင် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြ၏။ အပြည်ပြည်ဆိုင်ရာမိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းသို့ ကုန်ပစ္စည်းအမှာစာများ ရောက်လာလျှင် သူတို့က လက်ခံပြီး၊၎င်းကုန်ပစ္စည်းများ၏ ဈေးနှုန်းကို သတ်မှတ်ကြရသည်။ ဥပမာ - “M5B“ ကုန်ပစ္စည်း ငါးထောင်ကိုမှာကြားသည်ဆိုလျှင် ဈေနှုန်းများက စာအုပ်ထဲတွင် ရှိနေပြီးသား။ M5B တစ်ခုလျှင် ဆယ်ဒေါ်လာပေးရသည်။ ထို့ကြောင့် M5B ငါးထောင်သည် ၅ဝဝဝ x ၁ဝ = ၅ဝ,ဝဝဝ ဒေါ်လာ ကုန်ကျပေမည်။ သို့သော်မက် (စ်) နှင့် ဖရန့်တို့မှာ “M5B“ ဟူသည်ကို ယခုထိ သဘောမပေါက်ကြသေးပေ။

ဖရန့်က မေးသည်။“M5B ဆိုတာ ဘာလဲဗျ“

မက်(စ်)ကဖြေသည်။ “မသိပါဘူးကွာ“

ယခုအခါ သူတို့၏အကြီးအကဲမှာ မစ္စတာဟိုက်တောင်ဝါ ဖြစ်နေပြီ။ သူက ကြယ်တာရာ အဆောက်အအုံ၏ ဒသမထပ်တွင် အလုပ်လုပ်သည်။သူက နေ့စဉ် ညနေငါးနာရီတွင် ဆင်းဆင်းလာပြီး မက်(စ်)နှင့်ဖရန့်တို့နှင့် စကားဖောင်ဖွဲ့လေ့ရှိသည်။

တစ်နေ့ မစ္စတာဟိုက်တောင်ဝါက ပြောလာသည်။ “လူကြီးမင်းတို့ …။ ခင်ဗျားတို့ အလုပ်လုပ်တာ တကယ်ကို ကောင်းတယ်ဗျာ။လုံးဝကို အပြစ်ဆိုစရာ မရှိအောင်ပဲ။“

“ကျေးဇူးတင်ပါတယ်မစ္စတာဟိုက်တောင်ဝါ“ ဟု မက်(စ်)က ပြောသည်။

“ကျုပ်ကိုမော့(တ်)လို့ပဲ ခေါ်ပါဗျာ“ ဟု မစ္စတာ ဟိုက်တောင်ဝါက ပြောသည်။

“ကျေးဇူးတင်ပါတယ်မော့(တ်)။ ကျွန်တော် ခေါ်ပါ့မယ်“ ဟု မက်(စ်) က ပြောသည်။

တစ်နေ့ မစ္စတာဟိုက်တောင်ဝါအစောကြီး ဆင်းလာသည်။ မက်(စ်)နှင့် ဖရန့်တို့မှာ ရုံးခန်းထဲတွင် နှစ်ဦးတည်း ရှိနေကြသည်။

မက်(စ်)ကမေးလိုက်သည်။ “တစ်ခုခုများ ဖြစ်လာလို့လား မော့(တ်)“

“ဘာမှ မဖြစ်ဘူးဟေ့။လူကြီးမင်းတို့အတွက် သတင်းကောင်းကို ပြောမလို့။ ဒသမထပ်မှာ ဌာနသစ်တစ်ခု ဖွင့်ကြမလို့။အဲဒီဌာနမှာ ခင်ဗျားတို့နှစ်ယောက်က အကြီးအကဲတွေအနေနဲ့ တာဝန်ယူကြရပါလိမ့်မယ်“ ဟု မစ္စတာဟိုက်တောင်ဝါကပြောသည်။

မက်(စ်)ကပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မော့(တ်)။ ဒါ တကယ့် သတင်းကောင်းပါပဲဗျာ …“


၎။ မြင့်လေတဲ့ မြင့်လေ

ဒသမမြောက်အထပ်မှာကျယ်ဝန်းပြီး သက်သောင့်သက်သာရှိလှသည်။ မက်(စ်)နှင့် ဖရန့်တို့မှာ ၎င်းအထပ်တွင် နှစ်ဦးတည်းသောအမျိုးသားများ ဖြစ်သည်။ သူတို့တွင် စာရေးစားပွဲကြီးများနှင့် တယ်လီဖုန်း အတော်များများရှိသည်။ အတွင်းရေးမှူးတစ်ဦးလည်း ရှိသည်။ သူမတွင်လည်း တယ်လီဖုန်းအတော်များများ ရှိသည်။

တစ်ခုသောနံနက်ခင်းအချိန်တွင် မက်(စ်) နှင့်ဖရန့်တို့ တိုက်အောက်ဖက်မှ မြို့မြင်ကွင်းကို ငုံ့ကြည့်ခဲ့ကြသည်။တိုက်အောက်ဘက်နှင့် အဝေးကြီးဖြစ်နေပြီ။ လူနှင့်ကားများမှာ အလွန်သေးငယ်လှ၏။

မက်(စ်)ကပြောသည်။ “အရမ်းမြင့်တာပဲနော်။ ဖရန့် ဒီနေရာလေးကိုတော့ ကြိုက်သွားပြီကွာ“

ဖရန့်က ပြန်ပြောသည်။“အရမ်းမြင့်လွန်းနေတယ် မက်(စ်)ရယ်။ မြေညီထပ်ကိုပဲ ငါတော့ ကြိုက်တယ်ကွာ။ ဒီမှာ လုပ်စရာတွေကလည်းများလွန်းတယ်“

“ဒါပေမယ့်ငါတို့ လုပ်တော့ လုပ်ရမှာပဲလေ။ ဒါ အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းပဲ။ဒါ ကုမ္ပဏီကောင်းတစ်ခုပဲ။ ငါတို့ အလုပ်လုပ်ရမှာပေါ့“ ဟု မက်(စ်)က ပြောသည်။

မက်(စ်)မှာအလွန်အလုပ်ကြိုးစားခဲ့သည်။ ရုံးတွင် နောက်ကျသည်အထိ အလုပ်လုပ်သည်မှာ မကြာခဏဆိုသလိုဖြစ်သည်။ တစ်ညနေတွင် မက်(စ်) အိမ်သို့ စောစော ပြန်ရောက်လာသည်။ အိန်ဂျလာတစ်ယောက် ကြေနပ်ပီတိဖြာခဲ့သည်။

“ဟယ်လို မက်(စ်)။ရှင် ဒီနေ့ စောသားပဲ။ ကျွန်မ ရှင့်အကြိုက်ဆုံး ဟင်းတွေ ချက်နေတာရှင့်“

“ကို တောင်းပန်ပါတယ်… အင်ဂျလာရေ။ ခဏနေရင် ကို အပြင် ပြန်ထွက်ရအုံးမယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ညစာစားပွဲတစ်ခုရှိလို့ကွ“ ဟု မက်(စ်)က ပြောသည်။

“အို … အိမ်မှာပဲနေပါတော့ရှင်။ ဒီရက်ပိုင်းအတွင်း ရှင့်ကို ကျွန်မ သိပ်မတွေ့ရဘူး။ ကလေးတွေလည်း ရှင့်ကိုလုံးဝ မတွေ့မမြင်ကြရဘူး“ ဟု အိန်ဂျလာ တောင်းတောင်းပန်ပန် ပြောရှာသည်။

မက်(စ်)ကပြန်ပြောသည်။ “ဆောရီးပဲ … အိန်ဂျလာရေ။ ဒါပေမယ့် ဒီနေ့ ညစာစားပွဲက အရေးကြီးနေတယ်ကွ။ကို သွားမှ ဖြစ်မယ်။ ဂွတ်(ဒ်)ဘိုင် …“

“ဂွတ်(ဒ်)ဘိုင်မက်(စ်)ရေ။ ကံကောင်းပါစေရှင် …“

အိန်ဂျလာတစ်ကိုယ်တည်း စဉ်းစားနေမိသည်။ “အို … မက်(စ်)ရယ် ..။ ရှင် အရင်ကနဲ့ မတူတော့ဘူးပေါ့။ကလေးတွေက ရှင့်ကို အခု မသိကြတော့ဘူး။ ကျွန်မတို့အိမ်မှာတော့ ရှင်ဟာ သူစိမ်းတစ်ယောက်လိုဖြစ်နေပြီရှင် …“

ထိုနေ့ ညနေစာစားပွဲမှာလုပ်ငန်းအတွက် အလွန်အရေးကြီးသည်။ မက်(စ်)နှင့်ဖရန့်တို့ ညစာစားပွဲ တက်ရောက်ကြသည်။“အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်း“ ၏ နိုင်ငံခြားဖောက်သည်များကို သူတို့တွေ့ဆုံခဲ့ကြသည်။သို့သော် မော့(တ်)ဟိုက်တောင်ဝါတစ်ယောက် ညစာစားပွဲသို့ ရောက်မလာခဲ့ချေ။

“ဒီည ဟိုက်တောင်ဝါဘယ်ရောက်နေလဲ“ ဟု ဖရန့်က မေးလိုက်သည်။

“မော့(တ်)လား။ကျုပ်လည်း မသိဘူးဗျ။ သူ ဒီနေ့မနက်ပိုင်းကတော့ နေမကောင်းဘူး။ စောစောစီးစီး ရုံးဆင်းသွားတယ်“ဟု မက်(စ်)က ဆိုသည်။

မက်(စ်)နှင့်ဖရန့်တို့ ညစာစားပွဲ တက်ရောက်ကြသော ဧည့်သည်များနှင့် စကားပြောကြသည်။ ဧည့်သည်များမှာကမ္ဘာတစ်ဝှမ်းလုံးမှ လာရောက်ကြခြင်းဖြစ်သည်။ ၎င်းတို့မှာ ချမ်းသာကြသည်။ အစားများများစားပြီးအရက်များများ သောက်ကြသည်။

“ကျုပ်တို့ကအပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းကို နှစ်သက်ကြပါတယ်“ ဟု အာဖရိကသား ဧည့်သည်ကပြောသည်။

“ဟုတ်ပါတယ်။ခင်ဗျားတို့လုပ်ငန်းထုတ် ကုန်ပစ္စည်းတွေက အလွန် ကောင်းပါတယ်“ ဟု အာရှသားဧည့်သည်က ဆိုသည်။

ထို့နောက်မက်(စ်)က အမေရိကန်ဧည့်သည်တစ်ဦးကို မေးခွန်းတစ်ခု မေးလိုက်သည်။

“ကျွန်တော်တို့လုပ်ငန်းဆီကို ပို့လိုက်တဲ့ ခင်ဗျားတို့ရဲ့ စာတွေကို ကျွန်တော် ဖတ်ပြီးပါပြီ။ ခင်ဗျားတို့ရဲ့ကုန်ပစ္စည်းမှာကြားချက်တွေကို ကျွန်တော် မြင်တွေ့ပါပြီ။ ဥပမာဆိုပါတော့။ ခင်ဗျားကSGT သုံးရာမှာတယ်ပေါ့ဗျာ“ ဟု မက်(စ်)က ပြောလိုက်သည်။

“ဟုတ်ပါတယ်။SGT သုံးရာပါ။ အဲဒီပစ္စည်းတွေလည်း အလွန် ကောင်းပါတယ်“ ဟု မက်(စ်)က ပြောသည်။

“ဒါပေမယ့်အဲဒီ SGT ဆိုတာ ဘာလဲ။ ခင်ဗျားတို့ မှာတဲ့ ပစ္စည်းတွေက ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်တော့ အဲဒါတွေကိုနားမလည်နိုင်အောင်ပဲဗျာ“ ဟု မက်(စ်)က မေးပြန်သည်။

မက်(စ်) အဖြေကိုစောင့်လိုက်သည်။ ဖရန့်ကလည်း မျှော်လင့်နေသည်။ အမေရိကန်ဧည့်သည်က ရယ်မောလိုက်သည်။ ထို့နောက်သူက ပြောသည်။

“ကျွန်တော်တို့မှာတဲ့ပစ္စည်းတွေလား။ စိတ်မပူပါနဲ့ဗျာ။ ခင်ဗျားတို့ တစ်နေ့ကျရင် သိလာမှာပေါ့။ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး မက်(စ်)ရေ…“

မက်(စ်)နှင့်ဖရန့်တို့ နောက်မေးခွန်းတစ်ခုကို မေးရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင်မက်(စ်)ထံသို့ အရေးတကြီး အကြောင်းကြားစာတစ်စောင် ရောက်လာသည်။


အပြည်ပြည်ဆိုင်ရာမိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းဌာနချုပ်မှ
ဟိုက်တောင်ဝါဆုံးပြီ။ မနက်ဖြန် သူ့အလုပ်နေရာရှိရာ အထပ်ဆယ့်ငါးသို့ ရွှေ့လာပါ။

မက်(စ်)ကဖရန့်ကို ပြောလိုက်သည်။ “ဖရန့်ရေ … ကျုပ်တော့ မော့(တ်)အလုပ်ကို ရပြီကွ။ ဆယ့်ငါးထပ်ကိုတက်ရတော့မယ်“

ဖရန့် တစ်ကိုယ်တည်းစိတ်ထဲမှ စကားဆိုမိသည်။ “အို … မက်(စ်)ရေ … သတိသာ ထားပေတော့ဟေ့ …“


၅။ အရေးပါအရာရောက်သောသူ

     ဆယ့်ငါ့းထပ်ပေါ်မှရုံးခန်းတွင် ခေတ်မီရုံးသုံးစက်များ အစုံအလင် ရှိသည်။ ကြမ်းပြင်ပေါ်တွင် လှပသော ကော်ဇောတစ်ခုခင်းထားပြီး နံရံပေါ်တွင် ခေတ်သစ်ပန်းချီကားချပ်များ ချိတ်ဆွဲထားသည်။ မက်(စ်)မှာ ထိုပန်းချီကားများကိုကားမကြိုက်ပေ။ သို့သော် ၎င်းတို့မှာ ဈေးကြီးသည့် ပန်းချီကားများဖြစ်သည်။ ထိုသို့သော အခြေအနေကလည်းမက်(စ်)ကို ကြည်နူးစိတ် ဖြစ်စေသည်။ မြို့တွင်းမှ အခြားမိုးမျှော်တိုက်များကို ပြတင်းပေါက်မှနေ၍မျှော်ကြည့်လိုက်မိသည်။

“ဟုတ်ပြီကွ။ ငါ အခု အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ။ အပြည်ပြည်ဆိုင်ရာမိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းမှာ ရာထူးမြင့်သထက်မြင့်လာပြီ။ ကြယ်တာရာ အဆောက်အအုံရဲ့အထက်ကို တဖြည်းဖြည်း တက်လာနေပြီ။ ငါ့မှာလည်း အတွင်းရေးမှူးချောချောလှလှလေးတစ်ယောက်ရှိနေပြီ“ ဟု မက်(စ်) စဉ်းစားခဲ့သည်။

အမှန်ပင်။ မက်(စ်)၏ အတွင်းရေးမှူးအမည်မှာ ဒွန်နာလော့ ဖြစ်သည်။သူမသည် အလွန်လှပသူ ဖြစ်သည်။ သူမက မက်(စ်)ကို သဘောကျသလို မက်(စ်)ကလည်း သူမကို နှစ်သက်သည်။သူတို့နှစ်ယောက် အလုပ်များစွာကို အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ မက်(စ်)နှင့်ဒွန်နာတို့နောက်ကျသည်အထိ မကြာခဏ အလုပ်လုပ်တတ်၏။ တစ်ခါတစ်ရံ အလုပ်သိမ်းပြီးနောက် စားသောက်ဆိုင်များသို့သွားရောက်တတ်သည်။ တစ်ညနေတွင် မက်(စ်)က အိန်ဂျလာကို စားသောက်ဆိုင်တစ်ဆိုင်မှ ဖုန်းဆက်သည်။

“ဟယ်လို … အိန်ဂျလာ … ဒါလင်။ ကိုပါ။ မက်(စ်)လေ“ ဟု သူက ပြောသည်။

“မက်(စ်)လား။ ရှင် ဘယ်ရောက်နေလဲ။ ကျွန်မတို့တွေ ရှင်အလာ စောင့်နေကြတာ။ကိုးနာရီထိုးနေပြီရှင့်“  အိမ်ဂျလာက ဖုန်းပြန်ပြောသည်။

“ကို ရုံးမှာပဲ ရှိနေတယ်။ အလုပ် နောက်ကျမယ်နော်“

“မက်(စ်) … ဒီနေ့ စတီဖင့် မွေးနေ့နော်။ ရှင့်ကို သူ မျှော်နေတာ…“

“အို … ကို မေ့သွားလို့ကွာ။ တောင်းပန်ပါတယ် အိန်ဂျလာရေ။ ကိုသူနဲ့ မနက်ဖြန်မှပဲ တွေ့တော့မယ်“

“မနက်ဖြန်မှ … ဟုတ်လား မက်(စ်)။ မနက်ဖြန်မှတဲ့လား။ အို … မက်(စ်)ရယ်။ရှင့်အလုပ်က ရှင့်မိသားစုထက် ပိုအရေးကြီးတယ်ပေါ့လေ“

အိန်ဂျလာ စိတ်ဆိုးသွားသည်။ ဖုန်းချလိုက်သည်။ မက်(စ်)က သူမထံဖုန်းပြန်ဆက်သည်။ သို့သော် အိန်ဂျလာ ဖုန်းမကိုင်တော့။ နောက်တစ်နေ့ သားဖြစ်သူကို မက်(စ်)မတွေ့ခဲ့။ အလုပ်သို့ စောစောသွားခဲ့သည်။ သူ့ထံ စာအများအပြား ရောက်လာသည်။ မက်(စ်)နှင့်ဒွန်နာတို့ ကြိုးစားပမ်းစား အလုပ်လုပ်ကြသည်။

“မင်း ဒီစာတွေကို နားလည်လား“ ဟု မက်(စ်)က ဒွန်နာကို မေးလိုက်သည်။

“ရှင် ဘာပြောချင်တာလဲ … မက်(စ်)“ ဒွန်နာက ပြန်မေးသည်။

“ဒီကုန်ပစ္စည်းအမှာစာတွေကို မင်းနားလည်လား။ B5R ဆိုတာ ဘာလဲ။G9Q ဆိုတာ ဘာလဲ။ မင်းသိလား“

“အဲဒါတွေက လျှို့ဝှက်ပစ္စည်းတွေလေ“ ဟု ဒွန်နာက ဖြည်းဖြည်းလေးပြောလာသည်။

“ကိုလည်း သိတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတွေကို ဘာကြောင့် လျှို့ဝှက်ထားရတာလဲ“

“ကျွန်မလည်း မသိဘူး … မက်(စ်)ရယ်“ ဟု သူမက ပြောပြီး ပြုံးလျက်စကားဆက်သည်။

“ဒါပေမယ့် ရှင်သိအောင် လုပ်လို့ရပါတယ်“

“ဘယ်လိုမျိုး သိအောင် လုပ်ရမလဲ“ ဟု မက်(စ်)က မေးသည်။

“ရှင် ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဖြစ်နိုင်တာပဲလေ“

မက်(စ်)က ရယ်မောလိုက်သည်။ “မက်(စ်)ပရိုက်ဆိုတဲ့ ကျုပ်က အပြည်ပြည်ဆိုင်ရာမိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာမယ်တဲ့လား။ မဖြစ်နိုင်တဲ့ ကိစ္စပါကွာ …“

“မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူးရှင်။ ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်“ဟု ဒွန်နာက ပြောသည်။

“မင်းက ကူညီမယ် … ဟုတ်လား“ မက်(စ်) အံ့သြသင့်သွားသည်။ “မင်းကငါ့ကို ဘယ်လိုမျိုး ကူညီပေးနိုင်မှာလဲ“

“ကျွန်မမှာ အစ်ကို ဝမ်းကွဲတစ်ယောက်ရှိတယ်။ သူက ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးတစ်ယောက်လေ“

“ဒါပေမယ့် သူက ကို့ကို ကူညီပါ့မလား … ဒွန်နာရယ်“

“ကူညီမှာပေါ့။ သူ ကူညီမှာပါ … မက်(စ်)။ ရှင် ညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်လာမှာပါ“

“ကျေးဇူးပါ … ဒွန်နာရှယ်။ တကယ်ပဲ ကျေးဇူးတင်ပါတယ်“


၆။ သတင်းဆိုး၊သတင်းကောင်း

လအနည်းငယ်ကြာပြီးနောက် မက်(စ်)တစ်ယောက် အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှု လုပ်ငန်း၏ ညွှန်ကြားရေးမှူး ဖြစ်လာသည်။သူ၏ ပထမဆုံးသော ဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၎င်းအစည်းအဝေးသည် ကြယ်တာရာအဆောက်အအုံ၏အထပ်နှစ်ဆယ်တွင် ဖြစ်သည်။ မက်(စ်)မှာ အစည်းအဝေးတက်ရောက်သော အခြားသူများကို မသိချေ။ တက်ရောက်သူများက ဝယ်ယူမှုနှင့် အမြတ်များနှင့် ပတ်သက်၍ပြောဆိုနေကြသည်။

“X5B ကုန်ပစ္စည်းတွေ ရောင်းအားကောင်းနေပါတယ်“ဟု လူတစ်ယောက်က ပြောသည်။

“B3Q ကုန်ပစ္စည်းတွေမှာလည်း ကျွန်တော်တို့ အမြတ်ရနေပါတယ်“ဟု အခြားလူတစ်ယောက်က ဆိုသည်။

မက်(စ်)က သူ၏ စာရွက်များကိုကြည့်လိုက်သည်။ “C7T ပစ္စည်းတွေ ရောင်းအားကောင်းနေပါတယ်။U8D ပစ္စည်းတွေလည်း အမြတ်အစွန်း ရရှိနေပါတယ်“

“ကျေးဇူးတင်ပါတယ်၊ မစ္စတာပရိုက်“ ဟု တစ်စုံတစ်ယောက်က ပြောသည်။

လူတိုင်း မက်(စ်)ကို ပြုံးပြကြသည်။ မက်(စ်) လူတိုင်းကို ပြန်ပြုံးပြသည်။ သို့သော် ယခုအချိန်ထိမက်(စ်) နားမလည်သေး။ “C7T“ နှင့် “U8D“ ပစ္စည်းများ ရောင်းအားကောင်းနေသည်ဟူ၏။ သို့သော်၎င်းတို့သည် မည်သို့သော ပစ္စည်းများ ဖြစ်သနည်း။ မက်(စ်)က မသိသေးချေ။

ယခု မက်(စ်) အလွန်အလုပ်ရှုပ်နေပြီ။အမြဲတမ်း အိမ်ပြန် အလွန်နောက်ကျသည်။

တစ်ညနေခင်းတွင် သူ ညဥ့်နက်သန်းခေါင်အချိန်ခန့်တွင် အိမ်ပြန်ရောက်လာသည်။သူ အလွန် မောပန်းနေပြီ။ သို့သော် အိန်ဂျလာနှင့် ကလေးများ အိမ်တွင် မရှိကြ။ မက်(စ်) အခန်းတိုင်းကို လိုက်ကြည့်သည်။ မည်သူမျှ မရှိ။

“အိန်ဂျလာ …။ မင်း ဘယ်မှာလဲ။စတီဖင် …။ ဂျူလီယက် …။ မင်းတို့ ဘယ်မှာလဲ။အဖေရောက်နေပြီ လေ။ အဖေ ခေါ်နေတယ်လေကွာ ..။“

သို့သော် တုံ့ပြန်သံ လုံးဝ မကြားရ။ မက်(စ်) အိပ်ခန်းထဲသို့ ဝင်သွားပြန်သည်။ အခန်းထဲတွင် သူ စာတစ်စောင်ကိုတွေ့လိုက်သည်။ စာက အိပ်ရာပေါ်မှာ။ မက်(စ်) စာအိတ်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ ဝမ်းနည်းသွားသည်။ ချက်ချင်း သူသိလိုက်ပါပြီ။သူ စာအိတ်ကို ဖွင့်ပြီး စာကို ဖတ်သည်။ အမှန်ပင် အိန်ဂျလာထံမှ စာ ဖြစ်သည်။

ချစ်တဲ့ မက်(စ်)ရယ် …

    ကျွန်မ ကလေးတွေနဲ့အတူ အဝေးတစ်နေရာဆီ ထွက်သွားပါပြီ။ နှုတ်ဆက်ခဲ့ပါတယ်မက်(စ်)။ ကျွန်မတို့တွေ ရှင့်အကြောင်း     စဉ်းစားဖြစ်ကြမှာပါ။
                                                                                      နှုတ်ဆက်ခဲ့ပါတယ်ရှင်
                                                                                       ချစ်တဲ့ …
                                                                                       အိန်ဂျလာ
စာကြွင်း။  ။ ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့မှာရှင် ကံကောင်းပါစေ။

ယခု မက်(စ်)တွင် မိသားစုဟူ၍ မရှိတော့။ ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှုများနှင့်သာအဖော်ပြုနေရပြီ။ ထို့ကြောင့် သူ ခရီးထွက်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းကိစ္စဖြင့်ခရီးသွားဖြစ်သည်။ ဥရောပတိုက်၊ အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်၊ သြစတြေးလျတိုက်ဟူသောတိုက်ကြီးငါးတိုက်လုံးသို့ ခရီးထွက်ရသည်။ မက်(စ်)မှာ အလုပ်လုပ်ရာတွင် အလွန်တော်သည်။သူ့ဖောက်သည်များက သူ့ကို နှစ်သက်လိုလားကြသည်။

မက်(စ်)က ပေးစာနှင့် စာရွက်စာတမ်းများကို ဖောက်သည်တစ်ဦးချင်းစီထံသို့ယူဆောင်သွားသည်။ ဖောက်သည်များစွာမှာ သိပ္ပံပညာရှင်များဖြစ်သည်။ စာရွက်စာတမ်းများမှာ“ထိပ်တန်းလျှို့ဝှက်ချက်“ ဟူ၍ ရေးသားထားသည်။ မက်(စ်)မှာ သိပ္ပံပညာရှင်တစ်ဦးမဟုတ်သဖြင့်ထိုစာရွက်စာတမ်းများကို နားမလည်ချေ။

သူက စာရွက်စာတမ်းများကို နိုင်ငံခြားတိုင်းပြည်များမှ ဖောက်သည်များထံပြသည်။ဖောက်သည်များက စာရွက်စာတမ်းများကို ဖတ်ပြီးနောက် ဆုံးဖြတ်ချက်ချကြသည်။

ဥပမာ - အာဖရိကလူမျိုး သိပ္ပံပညာရှင်တစ်ယောက်က ဤသို့ ပြောသည်။“ကျေးဇူးတင်ပါတယ်၊ မစ္စတာပရိုက်။ စာရွက်စာတမ်းတွေအတွက် ကျေးဇူးတင်ပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ စာရွက်စာတမ်းတွေပဲ။ ကျွန်တော် S3B ဆယ့်ငါးခုနဲ့ M2G လေးရာမှာမယ်ဗျာ“

များမကြာမီ မက်(စ်)သည် အခြားညွှန်ကြားရေးမှူးများအကြား အလွန်ရေပန်းစားလာသည်။

တစ်နေ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောသည်။

“မက်(စ်)ရေ။ မင်း အလုပ်လုပ်တာ တအား တော်တာပဲဟေ့“

ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက ပြောပြန်သည်။ “ဟုတ်တယ်ဗျ။ တကယ့်ကို ပြောင်မြောက်လွန်းပါတယ်“

ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောသည်။ “မင်းအတွက် အံ့သြစရာတစ်ခုတို့ သိထားတယ် … မက်(စ်)“

“အခု ခင်ဗျားဟာ ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌသစ် ဖြစ်သွားပြီဗျ“

“ကျွန်တော် … အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းကြီးရဲ့ဥက္ကဋ္ဌ ဖြစ်သွားပြီ … ဟုတ်ရဲ့လားဗျာ …“


၇။ မိုးကောင်းကင်သာကန့်သတ်စရာ

ယခုအခါ မက်(စ်)သည် အပြည်ပြည်ဆိုင်ရာမိတ်သင်္ဂဟ ဝန်ဆောင်မှုကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သွားပေပြီ။ ယခု သူသည် ကြယ်တာရာ အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင်ရုံးထိုင်ရသည်။

သူ၏ရုံးခန်းမှာ နှစ်ဆယ့်ငါးထပ်တွင် ရှိ၏။ အလွန်ထူးခြားဆန်းကြယ်သောရုံးခန်းတစ်ခုဖြစ်သည်။ ၎င်းအခန်းသည် အလွန်ကျယ်ဝန်းပြီး အဖြူရောင်ဆေးသုတ်ထားသည်။ စာရေးစားပွဲကြီးတစ်လုံးနှင့်ကုလားထိုင်တစ်လုံးရှိသည်။ စားပွဲကြီးပေါ်တွင် တယ်လီဖုန်းနှစ်လုံးရှိသည်။ တယ်လီဖုန်းတစ်လုံးပေါ်တွင် “M“ ဟူသော အက္ခရာကို ရေးသားထားပြီး၊ အခြားတယ်လီဖုန်းပေါ်တွင် “W“ ဟူသော အက္ခရာကို ရေးထားသည်။

မက်(စ်)က တစ်ကိုယ်တည်း ပြောဆိုလိုက်သည်။“ဒီဖုန်းတွေက ဘာအတွက် သုံးတာလဲ“ သို့သော် သူ မသိ။

ရုံးခန်းထဲတွင် ပြတင်းပေါက်ကြီးတစ်ခုရှိသည်။ ပြတင်းပေါက်မှနေ၍တိမ်သလ္လာကင်းသော အပြာရောင် ကောင်းကင်ပြင်ကြီးကို မက်(စ်) ကြည့်နေမိသည်။ အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်း၏ကြော်ငြာကို သူ ပြေးသတိရလိုက်သည်။ “မိုးကောင်းကင်သာ ကန့်သတ်စရာ“ဟူ၏။

မစ္စတာလီလိုက်(စ်)၊ မစ္စတာခရီး(ပ်)၊ မော့(တ်)ဟိုက်တောင်ဝါတို့နှင့် အင်တာဗျူးလုပ်ခဲ့သော အချိန်ကို သူ ပြန်သတိရလိုက်သည်။ထို့နောက် ဖရန့်စတက်မန်း အကြောင်း တွေးမိပြန်သည်။

“အခု ဖရန့် ဘယ်များ ရောက်နေပါလိမ့်“ ဟု သူတွေးမိသည်။ သို့သော် မက်(စ်) မသိနိုင်တော့ပေ။

ထို့နောက် သူ့ဇနီးဖြစ်သူ အိန်ဂျလာနှင့် သားသမီးများဖြစ်သော စတီဖင်နှင့်ဂျူလီယက်တို့ကို သတိရသည်။ သူတို့ လုံးဝ ပြန်မလာကြတော့ချေ။

ညနေတိုင်း လူသူကင်းမဲ့သော အိမ်ကြီးဆီသို့ မက်(စ်)ပြန်လာတတ်စမြဲ။ သို့သော် သူ၏ လှပသောအိမ်မှာ ညစ်ပတ်ပေကျံနေသည်။မက်(စ်)ထံ မည်သူတစ်ဦးတစ်ယောက်မှ လာရောက်လည်ပတ်သည်ဟူ၍မရှိ။ သူ့တွင် မိတ်ဆွေဟူ၍ မရှိတော့။ တစ်ကိုယ်တည်း အထီးကျန်ဆန်လျှက်။ သူ လုံးဝ မပျော်ရွှင်ပေ။

ညနေတိုင်း မက်(စ်) စာတစ်စောင်စီ ရေးဖြစ်သည်။ရေးသမျှစာများမှာ တစ်ထပ်တည်း တူညီနေသည်။

ချစ်တဲ့ အိန်ဂျလာရယ် …
အိမ်ပြန်လာပါတော့ကွာ … ကို မင်းကို လိုအပ်တယ် … ကို မင်းကို ချစ်ပါတယ်ကွာ … ကလေးတွေကို ပြန်ခေါ်လာပေးပါကွာ… ကလေးတွေကိုလည်း ကို ချစ်ပါတယ် … မင်း ဘယ်များရောက်နေလဲ… အိန်ဂျလာရယ် … ကျေးဇူးပြုပြီး အိမ်ပြန်လာခဲ့ပါကွာ…“
                                                                        မင်းကို အသက်လောက်ချစ်တဲ့
                                                                        မက်(စ်)

မက်(စ်)က စာတစ်စောင်စီကို စာအိတ်တစ်အိတ်စီတွင်ထည့်သည်။ စာအိတ်တိုင်းတွင် “ချစ်တဲ့ အိန်ဂျလာ … သို့“ ဟူ၍ ရေးထားသည်။ ယခု စာအိတ်များမှာ တစ်ရာနီးပါးခန့်ရှိပြီ။ စာအိတ်အားလုံးမှာ ပုံစံတူချည်း ဖြစ်သည်။

မက်(စ်)သည် အပြည်ပြည်ဆိုင်ရာမိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သော်လည်း ဘာအလုပ်မှ မလုပ်ရပေ။ တစ်ခုသော နံနက်ခင်းတွင် သူ၏ စားပွဲပေါ်၌ စာအုပ်ကြီးတစ်အုပ်ကို တွေ့ရ၏။“ဒါကြီးက ဘာပါလိမ့်“ ဟူ၍ သူ တစ်ကိုယ်တည်း မေးပြောပြောလိုက်သည်။စာအုပ်ကြီး၏ အဖုံးပေါ်တွင် ရေးထားသည်က “ထိပ်တန်းလျှို့ဝှက်ချက်များစာရင်း“ ဟူ၍ ဖြစ်၏။

ထိုအချိန်တွင် “M“ ဟူသော အက္ခရာပါသော တယ်လီဖုန်း မြည်လာသည်။မက်(စ်) ဖုန်းကိုင်လိုက်သည်။ တစ်ဘက်လူအသံကိုသူ ကြားရသည်။ “ကျွန်တော်တို့ဆီကို N5B ငါးရာအခု ချက်ချင်း ပို့ပေးပါဗျာ။ လျှို့ဝှက်ချက်စာရင်းထဲမှာ လူကြီးမင်းအနေနဲ့ အသေးစိပ်ရှာတွေ့ပါလိမ့်မယ်“

“ဒါနဲ့ … ခင်ဗျားက ဘယ်သူလဲဗျ။N5B ဆိုတာရော ဘာတွေလဲ“ ဟု မက်(စ်) ထပ်၍ မေးလိုက်သည်။

တစ်ဖန် မက်(စ်) စောင့်နေလိုက်သည်။သို့သော် တစ်ဘက်လူ၏ ပြန်ဖြေသံက ပေါ်မလာ။ ယခု သူ ကြောက်ရွံ့စိတ်ဝင်လာခဲ့ပြီ။“M“ ဆိုတာ ဘယ်သူလဲ။ “W“ ဆိုတာကကော ဘယ်သူလဲ။N5B ဆိုတာကရော။ ဘာပါလိမ့် …“ မက်(စ်)က စားပွဲပေါ်မှ လျှို့ဝှက်ချက် စာရင်းစာအုပ်ကို ကောက်ယူလိုက်သည်။စာအုပ်ကို ဖွင့်ပြီး “N“ ဟူသော အက္ခရာအောက်တွင် ကြည့်လိုက်သည်။

N5B
N: နယူးကလီးယား
5: ဒုံးကျည်
B: ကြယ်တာရာ ပေါက်ကွဲမှု

ယေဘုယျသတင်းအချက်အလက်

1 - ကုန်မြေ၊ ပင်လယ်၊ လေထု ဟူသော နေရာသုံးမျိုးလုံးတွင်သုံးနိုင်သည်။
2 - စက္ကန့်ပိုင်းအတွင်း သေစေနိုင်သည်။

“အို … မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး … ကျုပ် … ကျုပ် … ဒုံးကျည်တွေ၊ သေနတ်တွေ၊ ဗုံးတွေ ရောင်းနေတာပါလား… ကျုပ် ဒါကို မသိခဲ့ပါလား။ ကျုပ် အခု ဘာလုပ်ရမှာလဲဗျာ …“

(ပြီးပါပြီ။)

(Norman F. Whitney ၏ The Sky is theLimit အမည်ရှိ ဝတ္ထုတိုကို ဘာသာပြန်ပါသည်။ တစ်ပုဒ်လုံးကို အစမှအဆုံးတိုင် ဖတ်ပြီးလျှင် စာဖတ်သူ အသိအမြင်တစ်ခုခုကို ရမည်ဟု ယုံကြည်မိပါသည်။ ယင်းအသိအမြင်ကိုမိမိကိုယ်တိုင် ရရှိခံစားမိသော စိတ်ဖြင့် ဤသို့ ဘာသာပြန်ဆိုဖြစ်ခြင်းဖြစ်ပါသည်။ ဤဝတ္ထုတိုကို ဘာသာပြန်ဆိုလိုလျှင် ပြန်ဆိုနိုင်ကြောင်းပြောပြီး ပေးလိုက်သော ဆရာကြီးဦးမျိုးဝင်း (ရန်ကုန်ပညာရေးတက္ကသိုလ်) ကို အထူးကျေးဇူးတင်ပါသည်။ ဖတ်ရှုအားပေးသူများကိုလည်း ကျေးဇူးတင်ပါသည်။)

Trs: ဇွဲသစ်(ရမ္မာမြေ)

      ၁၆.၃.၂၀၁၄

No comments:

Post a Comment