Saturday 28 November 2015

သို့ ... အဖေ


"အဖေ" 
ဒီအခေါ်အဝေါ်လေး
သား နှုတ်ဖျားက မဖွင့်ဟဖြစ်ခဲ့တာ
ဆယ်စုနှစ် (၂) ခုကျော် ကြာခဲ့ပေါ့။

မနူးမနပ် လူမမယ်လေးကျွန်တော့်ကို
အိမ်ေ
ခါင်းရင်းခန်းမှာ လှဲရင်း 
"သား" ... တဲ့
တိုးလျလျ လှမ်းခေါ်လိုက်တဲ့ အဖေ့အသံ
သောတအာရုံမှာ ညံနေဆဲ ...
အသံမဲ့စွာ ပြောနေတဲ့
အဖေ့မျက်ဝန်းတစ်စုံ
ညှိုးရိပ်တွေ အဖုံဖုံနဲ့
လုံးစုံ ဘာသာမပြန်တတ်ခဲ့တဲ့ သားတစ်ယောက်။


မရှေးမနှောင်းမှာပဲ
အဖေခွဲခွာ
ပန်းနာသည်အမေနဲ့ ကျွန်တော်တို့ တစ်သိုက်
ဘဝမှာ ကုန်းရုန်းဖြစ်စေဖို့ ...။

မုန်တိုင်းထန်တဲ့ အမေ့ဘဝ
ပြီးတော့ လှိုင်းလေပြင်းတဲ့ ကျွန်တော်တို့ ဘဝတွေ
လောကဓံဝဲဂယက်ထဲ
တက်ကျိုးပေမယ့် လက်ထိုးလှော်ခဲ့ကြပေါ့
အမေက ပဲ့ကိုင်သူကြီးလေ...။

ဝေဖန်မှုတွေကြား
နှိမ့်ချဆက်ဆံမှုတွေကြား
ကံကြမ္မာရဲ့ လှည့်ကွက်တွေကြား
မားမားမတ်မတ်ရပ်ရင်း
"အမေ" အလင်းပြခဲ့တာက
"ပညာသည်သာ အခရာ။ ကြိုးစားကြစမ်းပါဟဲ့" တဲ့ ။

မာန်အပြည့်နဲ့ အမေ့စကားမယ်
သားတို့ ရင်ဝယ် ဆူပွက်
ပညာမက်တတ်ခဲ့ပါပြီ အဖေ ...။

သားဘဝခရီးမှာ
စောစီးစွာ လက်ပြသွားခဲ့တဲ့အဖေ့အတွက် ...
ပြီးတော့ ...
ဘဝခရီးတစ်လျှောက်
ဝေဒနာမျက်မှောက်ပြုသည့်တိုင်
အပြုံးမပျက် အားပေးလာရက်ခဲ့တဲ့ အမေ့အတွက်
အားတင်း ဆက်ကြိုးစားရင်း
အမေ့ကို တစ်ဖန် ကျေးဇူးဆပ်ရင်း
ဘဝခရီးကို ရှင်းရှင်းလေး သွားပါရစေတော့ "အဖေ" ...။

အဖေနဲ့ ပတ်သက်တဲ့
အမှတ်တရ ဆိုလို့
အမေ တယုတယ သိမ်းလာခဲ့တဲ့ တိုက်ပုံတစ်ထည်
အဖေပါတဲ့ ဝါးတားတား မိသားစုပုံတစ်ပုံ
ဒါ ... အကုန်ဆိုပေမယ့်
သား မနောအာရုံမှာ
ပြည့်လာရုံမက လျှံကျ
ဒီနေ့မှ သတိရမှု ပိုနေ
အော် ... အဖေ
သားတို့ အားလုံးရဲ့ အဖေ
အနန္တကျေးဇူးရှင် အဖေ
ကောင်းရာဘုံဘဝ ရောက်နေပါစေ အဖေ ...။

(အဖေများနေ့ အမှတ်တရ)

By: ဇွဲသစ် (ရမ္မာမြေ)

21/06/2015 (Sun)
(World Father's Day)

No comments:

Post a Comment