သူ့အမည်က ဦးတင်လှ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊
လေးတောင်တိုက်နယ်ရှိ သရက်ချိုရွာတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ငယ်စဉ်က မိဘနှစ်ပါး
ဆင်းရဲပြီး အမြင်မကျယ်ကြသောကြောင့် အတန်းစာ မသင်ခဲ့ရချေ။ ထို့ကြောင့်လည်း အရေး၊ အဖတ်
မတတ်ပေ။ သို့သော် အတွက်အချက် အနည်းငယ် တတ်သည်။
ငယ်စဉ်ကတည်းက ဖခင်နှင့်အတူ သွားလေရာ နောက်မှ
လိုက်ပါခဲ့သည်။ ငါးမျှားသွားလျှင်လည်း အတူတူ။ ပုရစ်သွားတူးလျှင်လည်း အတူတူ။ ကဏာန်းမျှားသွားလျှင်လည်း
အတူမခွဲ။ ကွန်ပစ်ငါးရှာထွက်လျှင်လည်း မခွဲအတူ။ နောက်ဆုံး တောထဲတွင် မှိုရာထွက်လျှင်တောင်
အတူတူ။ သည်တော့ တောဓလေ့သဘာဝ လုပ်ထုံးလုပ်နည်းများအားလုံးကို ဦးတင်လှ နောကြေပြီးသား။
အဖေ့ လယ်အလုပ်ကိုလည်း သူ ဝိုင်းကူလုပ်ပေးရသေး၏။
လယ်ထွန်ချိန် လယ်တောထဲမှာ အဖေနှင့်အတူ ရှိစမြဲ။ အဖေ လယ်ထွန်နေချိန်တွင် သူက မြက်ကောက်၊
ခရုလိုက်ရှာရင်း ပျော်နေတတ်၏။ ထွန်တုံး၊ ထွန်တံနိုင်လောက်ပြီ ဆိုတော့မှ သူ့အဖေက သူ့ကို
လယ်ထွန်သင်ပေးသည်။ အစတုန်းက နွားကြီးများကို ကြောက်ခဲ့သူသည် ယခု နွားများကို ပြန်ခိုင်းတတ်နေပြီ။
သူက “တီး တီး“ ဟု အော်လျှင် အထာကျနေပြီးသား နွားများက မကောက်ကွေ့အောင် တည့်တည့်သွားကြ၏။
“ဗော် ဗော်“ ဟု သူက အော်လျှင် နွားများမှာ အပ်ကြောင်းမထပ်စေအောင် သွားကြ၏။
“ဆူးလှည်“ ဟု ဆိုလျှင် ထောင့်ကွေးနားရောက်သဖြင့် နွားများ ကွေ့ကြ၏။ ဤသို့ “နွားစကား“
များကို သုံးတတ်အောင် ဖခင်ဖြစ်သူက စနစ်တကျ သင်ပေး၏။ နွားခွာကို ထယ်မထိုးမိအောင်လည်း
မောင်တင်လှ ဂရုစိုက်ရသည်။ မကြာမီ မောင်တင်လှ လယ်ထွန်တတ်သွားသည်။
သို့နှင့် အရွယ်ရောက်လျှင် ဒေါ်ဖြူဖြူ ဟုခေါ်သော
အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျ၏။ သားတစ်ယောက်ထွန်းကားခဲ့သော်လည်း လူပျိုအရွယ်တွင်ပင်
သေဆုံးသွားခဲ့၏။ နောက်ထပ် သားသမီး မထွန်းကားတော့ပေ။
ဦးတင်လှမှာ ငှက်ပစ်ခြင်းကိုလည်း ဝါသနာထုံလွန်းသူ
ဖြစ်၏။ သူ၏ ထူးချွန်သော အလုပ်တစ်ခုမှာ ရခိုင်ဒေသအခေါ် “ဝက်ဝဲဥ“ များ ရှာတူးခြင်းပင်
ဖြစ်သည်။ စာရေးသူ ငယ်စဉ်က ဦးတင်လှ ဝက်ဝဲဥ တူးရာမှ ပြန်လာသည်ကို ကြည့်၍ အားကျစိတ်ဖြစ်ဖူး၏။
အတော်လေးကြီးလာသောအခါ သူ့နောက်မှ ခွင့်တောင်း၍ အတူလိုက်သည်။ သူက ဝက်ဝဲနွယ်ပင်များကို
သည်လို ရှာပြီး၊ ဥများကို သည်လိုတူးရသည် စသည်ဖြင့် သင်ပြပေး၏။ စာရေးသူက သူသင်ပြသည့်အတိုင်း
လိုက်လုပ်ရသည်။ ဝက်ဝဲဥတူးရာမှ ပြန်ရောက်လာသောအခါ ၎င်းဝက်ဝဲဥများကို ရေဆေးပြီး ပြုတ်စားရသည့်အရသာက
ဘယ်အရာနှင့်မှ မလဲနိုင်လောက်အောင်ပင် ဖြစ်ခဲ့သည်။ တောထဲတွင် တစ်ခါတစ်ရံ လိုဏ်ခေါင်းပုံတစ်ချို့ကို
တွေ့လျှင် မြေခွေးများ ခိုအောင်းသော နေရာဟု ဦးတင်လှက ဆို၏။
စင်စစ် ဦးတင်လှမှာ အလုပ်စုံ လုပ်သူဖြစ်သည်။
ငါးကြိုက်တတ်သော သူသည် တစ်ခါတစ်ရံ ပိုက်ကွန်ဖြင့် ငါးရှာထွက်တတ်၏။ တစ်ခါတစ်ရံ ပုရစ်ကောင်များ
အတူး ထွက်တတ်၏။ ဆောင်းရာသီ ရောက်ပြီဆိုလျှင် နွားချေးပိုးများလုပ်သော နွားချေးလုံးအတွင်းမှ
ဒေသအခေါ် “ဇိုက်ဇီ“ များ တူးတတ်၏။ ဆောင်းအေးညနေပိုင်းတွင် အုန်းလက်၊ ကွမ်းသီးလက်များဖြင့်
ပြုလုပ်သော မီးရှူးဖြင့် “အောင်စကေ“ များ၊ ပုရစ်များ ရှာတတ်သေး၏။ ထိုမျှမကသေး။ မိုးရေတဖွေးဖွေးတက်သော
ဝသန္တရာသီတွင် အိမ်အနောက်မြောင်းထဲ၌ စာရေးသူတို့ခြံနှင့် သူ့ခြံအစပ်နေရာတွင် ငါးဖမ်းရန်
ဝါးဆည်လုပ်သည်။ မြုံးထောင်သည်။ ၎င်းဆည်များ၊ မြုံးများမှ အများအားဖြင့် ငါးများရပြီး၊
တစ်ခါတစ်ရံ လိပ်များရတတ်သည်။ ရသမျှသော လိပ်များ၊ ငါးများကို သတ်၍ ဟင်းချက်စားတတ်သေးသည်။
သို့သော် ဝါတွင်းလေးလ ဥပုဂ်နေ့များတွင် ဘုန်းတော်ကြီးကျောင်းသွား၍ ဥပုဂ်သီတင်း ဆောက်တည်တတ်သည်။
အာဂ ဦးတင်လှ ပေတကား။
စာရေးသူ တက္ကသိုလ်ဝင်တန်း စတက်သော နှစ်တွင်
ဦးတင်လှ အသက် (၆၇) နှစ်ခန့် ရှိပြီ။ ထိုနှစ်တွင်ပင် ဦးတင်လှ မကျန်းမမာ စဖြစ်သည်။
သို့သော် မိုးရေ၊ တက်ရေ တဖွေးဖွေး ဖြစ်ချိန်တွင်မူ ခါတိုင်းကဲ့သို့ပင် ဦးတင်လှတစ်ယောက်
အလုပ်စရှုပ်ပြီ။ ဝါးများဖြင့် ဆည်များ၊ မြုံးများ ရက်လုပ်၍ ရေထဲတွင် ဆည်ဆင်၊ မြုံးထောင်
လုပ်ရသည်။ ဆည်နှင့်မြုံးကို နေရာအနည်းငယ်စီ ခြားလျှက် ထောင်သည်။ မြုံးမှာ လေးဘက်လေးတန်
ပိတ်ထား၏။ တစ်ဘက်ကိုမူ တိုးဝင်၍ ရလောက်အောင် လုပ်ထားသည်။ သို့သော် ငါး၊ လိပ်တစ်ကောင်ကောင်
အတွင်းသို့ တိုးဝင်မိသည်ဆိုလျှင် ပြန်ထွက်၍ မရတော့ပေ။
ဦးတင်လှမှာ နာမကျန်း ဖြစ်သည့်ကြားမှ ဆည်ဆင်၊
မြုံးထောင်၍ ငါး၊ လိပ်တို့ကို ဖမ်းယူ၍ သတ်စားဖြစ်သေးသည်။ သူ့အတွက်ကား အထူးအဆန်း မဟုတ်တော့ပါချေ။
နှစ်စဉ် မိုးရေပြည့်လျှံချိန်တွင် သူ၏ လုပ်ရိုးလုပ်စဉ်အလုပ်ကို လုပ်လိုက်ရမှ အာသာပြေတော့သည်။
ယခုမူ နေမကောင်းသောကြောင့် ခံတွင်းပျက်သည်ဟုဆိုကာ ငါး၊ လိပ်အသားများ ရှာစားခြင်း ဖြစ်၏။
တစ်နေ့ ဦးတင်လှ မြုံးတစ်ခုကို ကုန်းပေါ်သို့
တင်ယူလာသည်ကို စာရေးသူ အိမ်ပြတင်းပေါက်မှ တစ်ဆင့် အတိုင်းသား လှမ်းမြင်နေရသည်။ မြုံးအတွင်းတွင်ကား
လိပ်ကြီးတစ်ကောင် ယက်ကန်ယက်ကန် ပါလာလေသည်။ စာရေးသူမှာ လိပ်ကြီးအပေါ် အလွန်
သနားနေမိသည်။ ထို့ကြောင့် ဦးတင်လှ ဘာလုပ်မည်ကို စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။ သူက
လိပ်ကြီးကို အိမ်ရှေ့ တံစက်မြိတ် အနီးသို့ ယူဆောင်သွားသည်။ ပြီးနောက် မြုံးကို တံစက်မြိတ်အနီး၌
ချထားခဲ့ပြီး ခဏ ပျောက်သွားသည်။ သူ ပြန်ပေါ်လာသောအခါ အဖုံးပါသော ဒန်အိုးကြီးတစ်လုံး လက်ထဲတွင်
ပါလာသည်။ ဒန်အိုးကို ရေအပြည့်ဖြည့်ပြီးနောက် မြုံးတွင်းမှ လိပ်ကြီးကို ဒန်အိုးထဲသို့ အသာအယာ ထည့်လိုက်သည်။ ထို့နောက် ဒန်အိုးကို အဖုံးပိတ်လိုက်ပြီး အဖုံးပေါ်၌ အလေးတစ်ခုကို
တင်ထားလိုက်သည်။
ဦးတင်လှ လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်မှ
စာရေးသူ စဉ်းစားနေမိသည်။ သူ ထိုလိပ်ကြီးကို အဘယ်ကြောင့် ချက်ချင်း မသတ်စားသနည်း ဟူ၍ပင်။
အတန်ကြာမှ အကြောင်းရင်းကို စဉ်းစားမိသည်။ ထိုနေ့က ဥပုဂ်နေ့ ဖြစ်သဖြင့် နံနက်ပိုင်းအချိန်က
ဘုန်းကြီးကျောင်းသို့ သွားပြီး ဥပုဂ်ယူထားသည်ကိုး။ ယခုမှပင် ဦးတင်လှကို ကြည့်မိသည်။
လည်ကတုံးအဖြူလက်ရှည်ကိုပင် မချွတ်ရသေး။ ဥပုဂ်စောင့်ထား၍ လိပ်ကြီးမှာ သည်တစ်နေ့တာ အသက်ချမ်းသာရာ
ရခဲ့ပေပြီ။ လောလောဆယ် ကိုရွှေလိပ်ကြီးမှာ ဝန်းကျင်သစ်တွင် စုန်တစ်ခါ ဆန်တစ်လှည့် ကူးခတ်ရင်း
အပျော်ကြီးပျော်နေပေရော့မည်။ နောက်တစ်နေ့တွင် သူ့ထံ ကျရောက်လာမည့် ကြံမ္မာဆိုးကိုကား
သူ မသိရှာပေ။
နောက်တစ်နေ့ နံနက် မိုးလင်းသည်နှင့် စာရေးသူ
ထင်သည့်အတိုင်းပင် ဦးတင်လှတစ်ယောက် ဒန်အိုးအတွင်းမှ လိပ်ကြီးကို သတ်၍ ချက်ပြုတ်စားသောက်ရန်
သွေးသံရဲရဲဖြင့် ခုတ်ထစ်နေသည်ကို အသည်းယားစဖွယ် တွေ့မြင်ရ၏။ သူ့ပုံစံမှာ နေမကောင်းသဖြင့်
ပိန်ချုံ့ကျသွားသည်။ အားနည်းနေပုံရ၏။ သူ့ဇနီးသည်မှာ သူ၏ လှုပ်ရှားမှုကိုသာ မသိမသာ စောင့်ကြည့်နေလေသည်။
ထိုသို့ ဖြစ်ပြီးနောက် နှစ်ရက်မြောက်သောနေ့တွင်
ဦးတင်လှ၏ အခြေအနေ ပိုမိုဆိုးဝါးလာသည်။ အစားအစာများကို စား၍ပင် မဝင်တော့။ စားသမျှကို
အစာအိမ်က လက်မခံ။ ပြန်၍ အန်ထုတ်ပစ်လိုက်စမြဲ။ ဇနီးသည်က ဆန်ပြုတ် ပြုတ်၍ တိုက်သေးသည်။
သို့သော် ၎င်းကိုလည်း ပြန်အန်ထုတ်သည်။ ထို့ကြောင့်ပင် ဦးတင်လှမှာ တစ်နေ့တခြား ပိန်ချုံ့လာ၏။
နဂိုပိန်သော ခန္ဓာကိုယ်သည် တဖြည်းဖြည်း အရိုးပေါ်အရေတင် ဖြစ်လာသည်။ အိပ်ရာပေါ်မှ မထနိုင်လောက်အောင်ပင်
အားအင်ချိနဲ့သွား၏။
အစားအစာ မဝင်ခြင်းနှင်အတူ ကျို့ထိုးသော ရောဂါပါ
တစ်စခန်းထလာသည်။ ကျို့ထိုးသည်မှာ တစ်မိနစ်လျှင် ဆယ်ကြိမ်ခန့်ဖြစ်သည်။ ကျို့စထိုးသည်နှင့်
လုံးဝမပျောက်တော့။ အိပ်၍လည်း မရ၊ စား၍လည်း မဝင်။ နောက်နှစ်ပတ်ခန့် အကြာတွင် ရေသောက်၍ပင်
မဝင်တော့။
စာရေးသူ၏ အမေနှင့် စာရေးသူတို့ လူနာ သွားကြည့်ချိန်တွင်
မြင်ရသော မြင်ကွင်းကား အလွန် ချောက်ချားစရာ ကောင်းလှ၏။ အရိုးပေါ်အရေတင်နေသော ခန္ဓာကိုယ်တွင်
အသားဟူ၍ပင် ရှိပါလေစ ဟူ၍ သံသယဖြစ်စရာကောင်းနေသည်။ အရောင်မှိန်သော မျက်လုံးအစုံမှာ အတွင်းသို့
အတော်ပင် ချိုင့်ဝင်နေသည်။ ဆံပင်များလည်း ကျိုးတိုးကျဲတဲ။ အသက်ရှုသောအခါ အသက်ရှူမဝသလို
ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေ၏။ အရေးထဲ ဆက်တိုက် ကျို့ထိုးနေသည်။ ရောက်လာသူများနှင့် သူ
စကားပြောဖို့ ကြိုးစားသည်။ သို့သော် အသံမထွက်နိုင်တော့။ အားအင်မရှိတော့။ ထိုမှ နှစ်ရက်မြောက်သောနေ့တွင်
ဦးတင်လှ ကွယ်လွန်သွားခဲ့သည်။
စာရေးသူမှာကား လိပ်ကြီးကို မြုံးဖြင့် ကုန်းပေါ်တင်လာပြီး
ဒန်အိုးထဲ ထည့်နေသော မြင်ကွင်း၊ နောက်တစ်နေ့ နံနက်တွင် လိပ်ကြီးကို သတ်၍ ချက်ပြုတ်ရန်ပြင်ဆင်နေသော
မြင်ကွင်း၊ ယခင်က သူပြုခဲ့သော သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့မှုများမှာ မျက်လုံးပုံရိပ်ထဲမှ
မထွက်နိုင်တော့ပြီ။ ကံကြမ္မာရဟတ် တစ်ပတ်လည်ခဲ့ပြီလော။ ဝဋ်လည်သည်ဟူသည် ချက်ချင်းလက်ငင်း
ဖြစ်ခဲ့လေသလော ဟူ၍သာ တစိမ့်စိမ့် တွေးနေမိပါတော့သတည်း။
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
၁၉၊၁၁၊ ၂၀၁၃
No comments:
Post a Comment