Tuesday 24 November 2015

ငှက်တွေ တေးသီတဲ့ မနက်ခင်းလေး


နောက်ဆုံး Assignment ပထမအဆင့်ဖြစ်တဲ့ စာရှာဖတ်ပြီးရေးတဲ့အဆင့်ကို လက်စသတ်နိုင်ဖို့ ၂ ရက်ဆက်တိုက် အလုပ်တော်တော်လေး ကြိုးစားလိုက်ရလေတော့ အအိပ်ကလည်း နည်းခဲ့သပေါ့။ ဒီတော့ ဒီနေ့မနက် နောက်ကျမှ အိပ်ရာထနိုင်ခဲ့တယ်။ အိမ်မှာ စာမလုပ်ဖြစ်မှာစိုးလို့ စာကြည့်တိုက်ကို အားကိုးခင်တွယ်နေရသူကျွန်တော် စာကြည့်တိုက်ကို သွားမှ ဖြစ်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အိမ်က အခန်းထဲမှာ နေရင် အိပ်ရာကလည်း ဘေးနားမှာ အသင့်ဆိုတော့ မျက်လုံးတွေလည်း အလိုလို ပိတ်ချင်လာတတ်တာက ဆိုးပါ့။ 

ကမန်းကတမ်း မျက်နှာသစ်ပြီး ညက ချက်ထားတဲ့ ထမင်းနဲ့ ဟင်းကို ပြန်နွေး၊ ထမင်းဘူးထဲ ထည့်ပြီး စာကြည့်တိုက်ဆီ ပြေးလာခဲ့တယ်။ စာကြည့်တိုက်ထဲ မဝင်မီ ကော်ဖီဆိုင်လေးဆီ သွားပြီး Cappachino တစ်ခွက်သွားဆွဲတယ်။ ပြီးမှ စာကြည့်တိုက်ဆီ ပြန်လှည့်လာလိုက်တယ်။
စာကြည့်တိုက်ရှေ့ရောက်တော့ တံခါးက ခါတိုင်းလို အော်တိုပွင့်မလာ။ ဘေးဘီဝဲယာ ကြည့်လိုက်တော့ ကျား၊ မ၊ ကြီး၊ ငယ် လူ (၂၀) သာသာလောက် ဟိုတစ်စု သည်တစ်စု၊ ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ထိုင်သူထိုင်၊ မတ်တတ်ရပ်သူရပ် တွေ့လိုက်ရတယ်။ တစ်ချို့တွေက စနေ၊ တနင်္ဂနွေနေ့မှာ ဖွင့်တဲ့ တစ်ခုတည်းသော ကော်ဖီဆိုင်က ဝယ်ထားတဲ့ ကော်ဖီပူပူလေးကို တို့ကနန်း ဆိပ်ကနန်း သောက်ရင်း တွေးသူက တွေးနေတယ်။ ငေးသူက ငေးနေတယ်။ နည်းနည်း အေးတယ်ဆိုပြီး ကိုယ်ကို ကျုံ့ယုံ့၊ လက်ကလေးပိုက်ပြီး ခပ်ငိုက်ငိုက်လေး နေတဲ့သူက နေတယ်။ လက်ပ့တော့လေးနဲ့ အလုပ်ရှုပ်နေသူကလည်း ရှိတယ်။ စာဖတ်နေသူတွေလည်း အနည်းငယ် ရှိလေရဲ့။ စကားပြောနေသူက ပြောနေတယ်။ 
ဒီတော့ သိလိုက်ပါပြီ။ စာကြည့်တိုက်အဖွင့်ကို သူတို့တွေ စောင့်နှင့်နေကြသကိုးလို့။ ဒီတော့ ကိုယ်တွေလည်း ကော်ဖီခွက်ကလေးကိုင်ထားရင်း စာကြည့်တိုက်ရှေ့မှာ မြက်ခင်းစိမ်းကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံတည်ဆောက်ထားတဲ့ အုတ်ခုံတန်းလေးဆီကို သွားလိုက်သပေါ့။ 
ဒီအုတ်ခုံတန်းလေးရဲ့ လေးဘက်လေးတန်က စတုရန်းပုံထောင့်လေးထောင့်မှာ စိုက်ထားတဲ့ သြစတြေးလျဇာတိ သစ်ပင်ကြီးလေးပင်က ဆောင်းဦးရာသီမှာ ရွက်ဟောင်းကြွေပြီး ရိုးတံပြိုင်းပြိုင်းနဲ့ သဘာဝအလှကို တစ်မျိုးတစ်မည် ဆင်နေတယ်။ 
ကိုယ်ကလည်း အုတ်ခုံဝိုင်းမှာ ထိုင်ရင်း နေ့လည်စာကို စောစောလေး စားလိုက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့လေ။ ထိုင်မယ့်နေရာ လိုက်ရှာတော့ အပေါ်ကို မော့မော့ကြည့်ရတယ်။ ဒီနေရာ အဆင်ပြေမလားလို့ နေရာကို ကြည့်လိုက်တယ်။ ထိုင်ဖို့က အဆင်ပြေတာပါပဲ။ ဒါပေမယ့် အပေါ်ကို မော့ကြည့်လိုက်တော့ အဆင်မပြေဘူးလို့ ပြောနေသလိုလို။ အပေါ်မှာက ရိုးတံပြိုင်းပြိုင်း သစ်ပင်အကိုင်းအခက်တွေ မိုးထားလေရဲ့။ ဒါ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ဘာအန္တရာယ်လဲဆိုတော့ သဘာဝအန္တရာယ်လေ။ ငှက်လေးတွေက ဒီအကိုင်းတွေပေါ်မှာလာနားရင်း မတော်တဆ ဟိုဟာလုပ်လိုက်ရင်၊ အဲဒီဟိုဟာက စားနေတဲ့ ထမင်းဘူးထဲကို ကျသွားရင် ဆိုတဲ့အတွေးက ကျွန်တော်ကို သစ်ကိုင်းတွေ လွတ်ရာ ဘေးအန္တရာယ်ကင်းရာ နေရာကို ရွေးဖြစ်သွားစေခဲ့တယ်။ သစ်ပင်အောက်က ဖြတ်သွားရင်း ကိုကိုငှက်တွေ ချေးပါချခံရလို့ ဒုက္ခရောက်ဖူးခဲ့လေတော့ ကျွန်တော်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်တစ်ကောင်လို ဖြစ်ခဲ့ပြီ။ 
အန္တရာယ်ကင်းရာ အုတ်ခုံနေရာလေးမှာ ကျွန်တော်ထိုင်လိုက်ပါပြီ။ ရာသီဥတုက နည်းနည်း အေးသလိုလို ရှိလေရဲ့။ ထမင်းစားဖို့ ထမင်းဘူးထုတ်လိုက်တယ်။ ရေဘူးကို ထုတ်ပြီး ဘေးမှာ ချလိုက်တယ်။ ကော်ဖီခွက်လေးကို ရေဘူးဘေးမှာ ချလိုက်တယ်။ ဒီအချိန်မှာပဲ ခိုလေးတစ်ကောင် ရှေ့နားလေးက ကော့တော့ကော့တော့လေး ဖြတ်လျှောက်သွားတယ်။ ဒီခိုလေးကလည်း ခိုမော်ဒယ်မလေးလားမသိဘူးလို့ စိတ်ထဲမှာ ပေါက်ပေါက်ရှာရှာ တွေးမိလိုက်တယ်။ ဒီအထိ သူဘာလို့ ရှေ့က ဖြတ်လျှောက်သွားတာလဲလို့ ကိုယ် မရိပ်မိသေးဘူး။ 
ထမင်းဘူးကို ဖွင့်ပြီး အသင့်ယူလာတဲ့ ဇွန်းနဲ့ ထမင်း၊ ဟင်း ခတ်စားမယ်အလုပ်မှာ ခိုလေး နှစ်ကောင် ရှေ့က ဖြတ်လျှောက် ပြန်တယ်။ ပထမဖြတ်လျှောက်ခဲ့တဲ့ ခိုမော်ဒယ်မလေးနဲ့ ခိုမော်ဒယ်ကောင်လေးစုံတွဲလားမသိ။ ဟော ... ဒီတစ်ခါတော့ သူတို့သဘောကို ကိုယ် စောကြောမိပါပြီ။ အစာတောင်းနေကြသကိုး။ ကိုလည်း ထမင်းနဲ့ ဟင်းတစ်ဇွန်း၊ နှစ်ဇွန်း ပါးစပ်ထဲ ထည့်ဝါးရင်း သူတို့တွေအတွက် ထမင်းနည်းနည်းလေးကို ဇွန်းနဲ့ ခပ်ထုတ်ပေးလိုက်တယ်။ သူတို့တွေ ပျော်လိုက်ကြပုံများ ချပေးလိုက်တဲ့ ထမင်းတွေဆီကို အပြေးကလေး လာလို့။ စားသောက်နေလိုက်ကြတာ အားရစရာကြီး။ ခဏနေတော့ ထမင်လုံးတစ်လုံးတောင် မကျန်တော့။ တစ်ခါ ထမင်းနည်းနည်း ချပေးလိုက်ပြန်တယ်။ မှိုကြော်နည်းနည်းလေးကိုလည်း သူတို့ကို ချပေးလိုက်တယ်။ ဒါပေမယ့် သူတို့ကတော့ မှိုကြော်ထက် ထမင်းလုံးတွေကို ပိုမိုခုံမင်နှစ်သက်တာ တွေ့ရတယ်။ မှိုကြော်ကို အနံ့တောင် မရှုကြည့်ကြဘူး။ 
ခိုလေးနှစ်ကောင်ကနေ သုံးကောင် ဖြစ်လာတယ်။ သူတို့တွေ အားပါးတရ ဆက်စားကြတယ်။ ကျွန်တော်လည်း ထမင်းလုံးလေးတွေ ထပ်ပစ်ပေးဖြစ်တယ်။ 
သူတို့ကို ကျွန်တော်အစာကျွေးတာ မြင်သွားတဲ့ ဆက်ရက်ငှက်လေးနှစ်ကောင်ကလည်း အော်သံလေးပေးပြီး အနား ကပ်လာတယ်။ ဒါပေမယ့် ခိုလေးတွေကိုတော့ သူတို့ ရှိန်နေပုံပါပဲ။ အနားမကပ်ပဲ ခပ်ခွာခွာ နေတယ်။ ထမင်းလုံးတွေက ခိုလေးတွေနားမှာ ဆိုတော့ သူတို့တွေလည်း စားချင်ရက်နဲ့ မစားနိုင်။ အဝေးကပဲ ငေးရင်း ဟန်ရေးပြနေတယ်။ ဒီတော့ သူတို့လေးတွေဆီကိုလည်း ကျွန်တော် ထမင်းလုံးနည်းနည်း ပစ်ပေးလိုက်တယ်။ ဒါကို ခိုလေးတွေ မြင်တော့ ဆက်ရက်လေးတွေဆီပြေးသွားတယ်။ ဆက်ရက်လေးတွေ စားသွားမှာ စိုးလို့ပါပဲ။ အော် ... လောဘ၊ လောဘ ... သတ္တဝါပီပီ သူတို့တွေလည်း လောဘတက်တတ်ပါကလား။
ဆက်ရက်လေးတွေကတော့ ခိုလေးတွေ ပြေးလာတာမြင်လို့ ထမင်းလုံးတစ်စေ့လောက်ပဲ ကိုက်လိုက်ရပြီး ရှောင်ပေးလိုက်ကြရတယ်။ ဘယ်ရမလဲ ...။ ဒီကောင်တွေကလည်း ဆက်ရက်ပါးလေးတွေ။ ဟိုခိုသုံးကောင် နဂိုက စားနေခဲ့တဲ့ အစာအကြွင်းအကျန်လေးတွေဆီ ရုပ်ခြည်းဆိုသလို ရောက်လာပြီး စားကြပြန်ရော။ မြင်ကွင်းလေးကတော့ ပျော်စရာလေး။ ဆက်ရက်လေးတွေကို တော်ပါပေ့ကောင်လေးတွေရယ် လို့ ကျွန်တော့်စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ချီးကျူးဖြစ်လိုက်တယ်။ ဒီကောင်လေးတွေက ခေသူတွေမဟုတ်။ အားမတန်လို့ မာန်လျှော့ရပေမယ့် ဇွဲမလျှော့တဲ့ အာဂသတ္တိရှင်လေးတွေလေ။
ဒီအချိန်မှာပဲ ရုတ်တရက် ကျီးကန်းတစ်ကောင် ခပ်ထောင်ထောင်လေး ရှေ့မှာ နားလာတယ်။ ခိုလေးတွေရော ဆက်ရက်လေးနှစ်ကောင်ပါ ခပ်လှမ်းလှမ်းကို ပျံပြေးသွားကြရတယ်။ အဲဒီကပဲ အသစ်ရောက်လာတဲ့ ကိုကျီးကန်းကို လှမ်းကြည့်နေကြတယ်။ ကိုကျီးကန်းကတော့ နှုတ်သီးလေးတငေါ့ငေါ့နဲ့ အစာလိုက်ရှာတယ်။ သူ့လည်ပင်းနားမှာ အဖြူရောင် အစင်းကြောင်းလေးနဲ့ တစ်မျိုးတော့ လှနေတယ်။ ချက်ချင်းပဲ ကျွန်တော့်စိတ်ထဲမှာ သူ့ကို "ဂုတ်ကျား" လို့ အမည်ပေးလိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ မောက်မာတဲ့ ပုံစံကို ကျွန်တော်မကြိုက်။ ဟိုငှက်လေးတွေလည်း အမြင်ကတ်တဲ့ပုံမျိုး။ ထားလိုက်ပါတော့လေ...။ 
အသားတွေကို ကြိုက်တတ်တဲ့ ကိုဂုတ်ကျားခမျာမှာတော့ သနားရမလိုလိုရယ်။ အသားသိပ်မစားတဲ့ ကျွန်တော်ချပေးထားတဲ့ ထမင်းလုံးနည်းနည်းနဲ့ မှိုကျော်တစ်ဖတ်နှစ်ဖတ်လောက်ပဲ သူ့ကို ခရီးဦးကြိုပြုနေလေတော့ ကိုဂုတ်ကျား စားစရာ သိပ်မြင်ပုံမပေါ်။ ငေးတေးငိုင်တိုင်နဲ့ တစ်လှမ်းချင်းသွားလို့ အစာရှာရင်း မှိုကြော်တစ်ဖတ်၊ နှစ်ဖတ်ကတော့ သူ့အာသာဆန္ဒကို နည်းနည်း ဖြည့်ဆည်းပေးလိုက်နိုင်တယ် ထင်ပါ့။ နောက်တော့ ဟိုဘက်နားလေး လျှောက်သွားတယ်။ ကျီးကန်းမရှိတဲ့ နေရာဆီ ခိုလေးတွေ တစ်ဖန် ပြန်လာကြပါပြီ။ ကျန်နေသေးတဲ့ ထမင်းလုံးလေးတွေကို သူတို့တွေ လက်စသတ်နေကြတဲ့ အချိန် ကျွန်တော်လည်း ထမင်းစားလက်စသတ်ပြီး ထမင်းဘူးကို ပိတ်၊ သူ့အိတ်ထဲ ပြန်ထည့်လိုက်ပါပြီ။ 
ဒီအချိန် ကျွန်တော့်ရှေ့ မျက်စောင်းထိုးက ခပ်လှမ်းလှမ်းမှာရှိတဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် (၅၀) ကျော်အရွယ် သြစီကြီးဆီ ကျွန်တော် အကြည့်ရောက်သွားတယ်။ ကျွန်တော်နဲ့ ငှက်ကလေးတွေ ဖြစ်နေပုံကို သူ ကြည့်ပြီး ပြုံးနေတာကို တွေ့ရတယ်။ ကျွန်တော်လည်း သူ့ဆီကနေ အကြည့်လွှဲပြီး စာကြည့်တိုက်တံခါးပေါက်ဆီ ကြည့်လိုက်တယ်။ ပိတ်ထားတုန်း။ ဒီတော့မှ ဘေးက ရေဘူးကို ကောက်ကိုင်လိုက်တယ်။ ရေသောက်လိုက်တယ်။ ပြီးတော့ ကော်ဖီတစ်ကျိုက် သောက်လိုက်တယ်။ အစာစားနေဆဲဖြစ်တဲ့ ခိုလေးတွေကို ဓာတ်ပုံရိုက်မိလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စုပေါင်းစားသောက်ပွဲလေးမှာ ကိုယ်တို်င် ဝင်မပါဘဲ ပွဲကြည့်ပရိသတ်လုပ်နေတဲ့ နာမည်ဘယ်လိုခေါ်ရမှန်းမသိတဲ့ ချစ်စရာငှက်ဖြူလေးနှစ်ကောင်ကိုလည်း ကျောဘက်က မြက်ခင်းစိမ်းလေးနဲ့တွဲပြီး ဓာတ်ပုံရိုက်ဖြစ်လိုက်တယ်။ ပြီးတော့ ကော်ဖီခွက်လေးကို ကောက်ကိုင်ပြီး တစ်ကျိပ်နှစ်ကျိပ် သောက်လိုက်ရင်း အတွေးနယ်ချဲ့နေမိတယ်။
ခဏလောက်ကြာမှ စာကြည့်တိုက် တံခါးဝဆီ လှမ်းကြည့်လိုက်တယ်။ ဖွင့်ထားပြီ။ ဝင်ပေါက်နားမှာ စောင့်နေခဲ့ကြတဲ့လူတွေလည်း အတွင်းသို့ ဝင်သွားကြပြီ။ ဝင်နေကြပြီ။ ကျွန်တော့် မျက်စောင်းထိုးမှာ ထိုင်နေခဲ့တဲ့ သြစီကြီးလည်း မရှိတော့။ ကျွန်တော့်ဘေးနားမှာ အစာစားနေခဲ့တဲ့၊ လောဘတက်နေခဲ့တဲ့၊ မာန်ဝင့်နေခဲ့တဲ့ သတ္တဝါလေးတွေကို ရှာကြည့်မိတယ်။ မမြင်တွေ့ရတော့။ သြော် ... သူတို့တွေလည်း အစာဝလို့ ဌာနကို ပြန်ကြလေပြီပေါ့။ 
ဒီတော့ ကျွန်တော်လည်း သွားဖို့အချိန်တန်ပြီလို့ တွေးရင်း ရေဘူးလေးကို ကျောပိုးအိတ်ရဲ့ ဘေးအိတ်ထဲထည့်၊ ကျောပိုးအိတ်လွယ်၊ ထမင်းဘူးအိတ်ကို ဘယ်ဘက်ပုခုံးစောင်းမှာ ချိတ်၊ ညာလက်တစ်ဘက်နဲ့ ကော်ဖီခွက်လေးကို ကိုင်ရင်း လူအနည်းငယ်သာရှိတဲ့ ခြောက်ကပ်ကပ် စာကြည့်တိုက်ရဲ့ အသံအတိတ်ဆုံး တတိယထပ်ဆီကို တစ်လှမ်းချင်း တက်လာခဲ့မိတယ်။ ကျွန်တော့်စိတ်မျက်စိထဲမှာတော့ ငှက်ကလေးတွေ ပျံဝဲနေကြဆဲ။ ဆော့ကစားနေကြဆဲ။ တေးသီနေကြဆဲ။ မနက်ခင်းလေးက လှပနေဆဲ ... ။
By: ဇွဲသစ် (ရမ္မာမြေ)
၂၇၊ ၆၊ ၂၀၁၅ (စနေနေ့)

1 comment:

  1. Casino.com Archives - ScoopGo
    Casino.com Archives - ScoopGo.com's air jordan 18 retro yellow for sale collection of online authentic air jordan 18 retro men blue casino air jordan 18 retro men blue on sale and sports betting tips, casino games, video slots, live dealer get jordan 18 white royal blue games and more! 슬롯 사이트

    ReplyDelete