(၁)
သူတို့ဆိုသည်မှာ သူတို့တက္ကစီသမားများကို ဆိုလိုပြီး၊
ကျွန်ုပ်ဆိုသည်မှာကား ကျွှန်ုပ်ဇွဲသစ် ဖြစ်ပေ၏။
ငွေကြေးမချမ်းသာ၍ ကားမဝယ်နိုင်သူ ကျွှန်ုပ်ဇွဲသစ်တစ်ယောက်
အကြောင်းအမျိုးမျိုးကြောင့် တက္ကစီဆရာတို့ကို အားကိုးအားထားပြုရရှာသည်။ ငွေကြေးပေါလွန်းနေ၍ကားမဟုတ်။
ထို အကြောင်းအမျိုးမျိုးဟူသော စကားလုံးများကြောင့်ပင် ဖြစ်သည်။
လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေဟု ဆိုကြသည့်အတိုင်း
ထွေထွေရာရာ ကိစ္စများမှာ ဇွဲသစ်အတွက် များလှပါဘိသနှင့်။ ပူမှုမဟုတ်သော မပူမှုများကလည်း
ရှိချေ၏။ မည်သို့ဆိုစေ ထိုထွေထွေရာရာ ဟူသော စကားလုံးထဲတွင် ရောထည့်လိုက်ချေပြန်ပြီ။
ပြောချင်သည်မှာ ထိုထိုသော စကားလုံးများ (ဝါ)
အကြောင်းပြချက်များကြောင့်ပင် ကျွှန်ုပ်ဇွဲသစ်နှင့် တက္ကစီသမားများ ကြုံကြိုက်ဆုံဖြစ်ကြလေသည်။
အငှားစီးတော်ယာဉ်တက္ကစီကို စီးရင်း ထိုထိုသည်သည် သွားလာရင်း ထိုထိုဤဤ တက္ကစီသမားတို့နှင့်
စကားမျိုးစုံ ပြောဖူး၊ သွားဖူးပေပြီ။ သွားလာပြောဆိုကြရင်း လူတို့၏ စိတ်သဘောထားများကို
စောကြောမိလာသည်ကို တင်ပြလိုပါ၏။
(၂)
“အစ်ကို ……… ကို သွားမယ်။ ၁၅ဝဝ နဲ့ ရမလား။“
ဇွဲသစ်၏ ဝသီအတိုင်း မိမိ အသေအချာ သိထားသော ဈေးနှုန်းဖြင့် လိုက်နိုင်၊ မလိုက်နိုင်
တက္ကစီသမားကို မေးလိုက်၏။
“အေး … ရတယ် ညီ …။ တက် … တက် …“ တက္ကစီသမားက
ကြည်နူးစဖွယ် ပြုံးပြရင်း ပြောလာသည်။
ဇွဲသစ် တက္ကစီပေါ် တက်လိုက်ပြီ။ တက္ကစီ ဝူးကနဲ
မောင်းထွက်လာပြီ။
ပြီးမှ သတိရလိုက်ပြီ။ စိုးရိမ်တကြီးဖြင့် အိတ်ကပ်ထဲ
နှိပ်ကြည့်သည်။ တစ်ထောင်တန်တစ်ရွက် ထွက်ကျသည်။ စာအုပ်ကြားထဲ အပို ပါလိုပါငြား လှန်လှောကြည့်ရှုမိသည်။
ထွက်ကျလာသည်က နှစ်ရာတန်တစ်ရွက်နှင့် ငါးဆယ်တန်တစ်ရွက်။ စုစုပေါင်းမှ (၁၂၅ဝ) ကျပ်တည်းသာ။
ပေးရန် ပြောထားသည့်ငွေက (၁၅ဝဝ) ကျပ်။ လိုငွေက (၂၅ဝ) ကျပ်။ ပြောထားပြီးသားစကားကိုလည်း
မဖျက်ချင်တော့။ ဘေးလွယ်အိတ်ထဲ မွှေနှောက်ကြည့်သည်။ လုံးဝ မတွေ့တော့ …။
“အစ်ကို … အစ်ကို … “ ငွေမလောက်ကြောင်း အားနာပါးနာနှင့်
ပြောရန် တက္ကစီသမားကို ဇွဲသစ် ခေါ်လိုက်သည်။ သို့သော် … တက္ကစီသမားထံမှ စကားများကြောင့်
ခဏ အခေါ်ရပ်လိုက်သည်။
“အော် … အမေ … ဟုတ်ကဲ့ … သားပြန်လာတဲ့အထိ မစောင့်နဲ့တော့နော်
… အမေ ဆာရင် စားလိုက်တော့နော် … သားနည်းနည်း နောက်ကျမယ်ထင်တယ် … ဟုတ်ကဲ့ … အမေ ဆေးကော
သောက်ပြီးပြီလား … ဟုတ်ကဲ့ … စိတ်ချပါ အမေ … ဒါပဲနော် … သား ဖုန်းချလိုက်ပြီ။“ တက္ကစီသမား၏
စကားများက ဇွဲသစ်၏နားထဲ ငြိမ့်ညောင်းသော တေးသွားများကို အပီအပြင် ခံစားနားဆင်လိုက်ရသည့်နှယ်
သာယာလှပါ၏။
“သြော် … သူလည်း ငါ့လို အမေ့ကို တော်တော် ချစ်တတ်သူပါလား…။“
ဟူသော စိတ်ဖြင့် သူ့မျက်နှာကို ကြည့်မိသည်။ ညအမှောင်ထု လွှမ်းမိုးချိန် မှန်မှန်ပြေးနေသော
ကားပေါ်သို့ ထိုးကျလာသော လမ်းမီးရောင်တို့ကြောင့် ကားရှေ့ခန်းမှ တက္ကစီသမား၏ မျက်နှာကို
လှစ်ကနဲ လှစ်ကနဲ လှမ်းမြင်နေရသည်။ အသက် (၄ဝ) လောက်ရှိမည်ဟု ဇွဲသစ် ခန့်မှန်းမိသည်။
သူ၏ အမေမှာ အသက် (၇ဝ) ခန့် အနည်းဆုံး ရှိလောက်ပေမည်ဟု ခန့်မှန်းမိသည်။
“သြော် … သူက လူပျိုကြီးများလား မသိဘူး။ အမေကို
အဲဒါကြောင့် ပိုပြီး ဂရုစိုက်နိုင်တာ နေမှာ …။“ ဇွဲသစ် ခဏမျှ အတွေးနယ်ထဲ ရွက်လွှင့်နေမိသည်။
ပြီးမှ သတိဝင်လာသည်။
“ညီလေးက ………………. လား။“ တက္ကစီဆရာက မေးသည်။
“ဟုတ်ပါတယ် အစ်ကို။“ ဇွဲသစ်၏ အဖြေ။
“အေးကွာ။ ကောင်းပါတယ်။ အစ်ကိုကတော့ GTC ကျောင်းလည်းပြီးရော
အလုပ်ဝင်ကြည့်တယ်။ သားကျွေးမှု၊ မယားကျွေးမှုကလည်း ရှိလေတော့ မဟန်ပါဘူးကွာ။ ဒါကြောင့်
တက္ကစီပဲ မောင်းနေရတာပါပဲ။ “ … တက္ကစီဆရာက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ခဏအကြာ ဇွဲသစ် သတိရလာဟန်ဖြင့် အိတ်အတွင်းပါလာသော
စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး စာရွက်အတွင်းသို့ လှန်လှောရှာဖွေဖြစ်သည်။
“ဟိုက် … တွေ့ပြီဟ တစ်ထောင်တန် သုံးရွက်၊ ငါးရာတန်
တစ်ရွက်တောင် ပြန်တွေ့တယ် အစ်ကိုရေ။ အခုမှ ပြန်သတိရလို့။ ၁၅ဝဝ ပေးလို့ ရပြီဗျ။“ ဇွဲသစ်
ဝမ်းသာအားရ ပြောလိုက်သည်။
“ရပါတယ် ညီရေ ။ ကိုတို့က ကူညီသင့်ရင်လည်း ကူညီနေကျပါ။
တစ်ခါတစ်ခါ လူပဲ။ မေ့ကျန်ခဲ့တတ်တာ ပဲလေ။ နားလည်ပေးတတ်ပါတယ်ကွာ။“ တက္ကစီသမား စိတ်ရင်းအတိုင်း
ပြောဆိုသည်ဟု သူ၏ စကားသံအပေါ် မူတည်၍ ဇွဲသစ် လက်ခံမိသည်။
သို့ဖြင့် မျှော်မှန်းရာပန်းတိုင်ကို ရောက်ပြီး၊
ကျသင့်ငွေကို ပေးချေခဲ့သည်။ တက္ကစီသမားကိုလည်း “ကျေးဇူးပဲနော် … အစ်ကို“ ဟု လှိုက်လှဲစွာ
ဝစီကံမြောက် စကားဆိုဖြစ်သည်။
ဇွဲသစ် စိတ်ထဲမှလည်း ကြည်နူးစွာ မနောကံမြောက်
စကားဆိုနေမိသည်။
“သြော် … ငါ သူတော်ကောင်းတက္ကစီသမားနဲ့ တွေ့လာခဲ့တာကိုး။“
ဟူ၍။
(၃)
+++
နောက်ထပ် တက္ကစီသမားတစ်ဦးနှင့် တွေ့ကြပြန်ပါလေရော။
“………. ကို သွားမယ် အစ်ကို။ ဘယ်လောက်လဲ။“ ဒီတစ်ခါတော့
လမ်းကြောင်းကို သိပ်မသိလေတော့ တက္ကစီဆရာကို မေးလိုက်သည်။
“၂၅ဝဝ …“ တက္ကစီဆရာက ပြတ်သည်။
အလျင်လိုနေသူ ဇွဲသစ်ကလည်း ကားပေါ်တက်ရင်းမှ
“အိုကေ“ ဟု ရေရွတ်လိုက်မိသည်။
“ဘာပွဲရှိလို့လဲ …“ တက္ကစီသမား၏ အမေးစကား။
“ရခိုင်ရှိုးပွဲပါ။“ ဇွဲသစ်၏ အဖြေ။
“သြော် … မင်းလည်း ရခိုင်ငှက်ပျောပေါ့ … ဟဟ
…“
တက္ကစီဆရာ၏ မျှော်လင့်မထားသော စကားက ဇွဲသစ်၏
ရင်ဝကို ဖနောင့်နှင့် တက်ဆောင့်လိုက်သလို ခံစားလိုက်ရသည်။
“တက္ကစီပေါ်က အခုချက်ချင်း ဆင်းလိုက်ရင်ကောင်းမလား“
ဟူ၍ပင် စဉ်းစားမိလောက်အောင် ဒေါသထွက်သွားသည်။ သို့သော် တစ်ချက်စဉ်းစားမိသည်။ ပွဲက စနေလောက်ပြီဖြစ်၍
နောက်ထပ်တက္ကစီ တစ်စီးကို ငှားရန် မစဉ်းစားချင်တော့ပေ။ ထို့ကြောင့် …
“ခင်ဗျား စကားပြောတာတစ်မျိုးပဲဗျ။ ခင်ဗျား
စကားတော်တော် အပြောကောင်းတာပဲနော်။ ခရီးသည်နဲ့ တည့်အောင် တော်တော် ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်ပါပေတယ်ဗျာ။“
ဟု ပိုပိုသာသာ ခနဲ့လိုက်သည်။
ဇွဲသစ်၏ စကားကလည်း သူ့ ရင်ဝကို စစ်ဖိနပ်ဖြင့်
တက်နင်းခံလိုက်ရသည့်အလား ဖြစ်လေမည်လားမသိ။ အကျိုးဆက်အနေဖြင့် တစ်လမ်းလုံးတွင် ကျွှန်ုပ်တို့
နှစ်ယောက်အကြား စည်းတစ်ခုခြားထားလိုက်လေပြီ။ နှစ်ဦးလုံး ဆက်စရာ စကားမရှိဘဲ ဦးတည်ရာနေရာသို့
ဇွဲသစ် ရောက်ခဲ့သည်။
(၄)
+++
ဇွဲသစ် တက္ကစီ စီးရပြန်ပါပြီ။
တက္ကစီတစ်စီးကို လက်ပြတားလိုက်သည်။ တက္ကစီတစ်စီးထိုးရပ်လာသည်။
ယခုတစ်ခါ တက္ကစီဆရာက ကားရှေ့ခန်းမှ လူနှင့် စကားလက်ဆုံကျနေသည်။ ပြီးတော့မှ …
“ညီလေး ဘယ်သွားမှာလဲ။“ ဟု မေးသည်။
“ ……………. ပါ အစ်ကို။ ဘယ်လောက်လဲ။“ ဇွဲသစ် မေးလိုက်သည်။
“၂ဝဝဝ ထားလိုက်လေ။“
“အိုကေလေ။“
ဇွဲသစ် တက္ကစီပေါ်တက်စီးလိုက်ပြီးနောက်မှာ တက္ကစီဆရာက
မောင်းထွက်လိုက်သည်။ လမ်းဆုံရောက်လျှင် ပုံမှန်လမ်းအတိုင်း တည့်တည့်မမောင်းဘဲ လက်ယာဘက်သို့
ချိုးကွေ့လိုက်သည်။
“သြော် … ဘေးလူကလည်း ဧည့်သည်ကို။ ကားသမားက
ကြိုလည်း မပြောဘူး။ တော်သေးတာပေါ့ ဒီနေ့ အေးဆေးမို့လို့။“ ဇွဲသစ် စိတ်ထဲက သိလိုက်ပါပြီ။
အစက တက္ကစီသမားဘေးမှလူမှာ သူ့သူငယ်ချင်းတစ်ယောက်ဟူ၍ ထင်ခဲ့သည်။ သူ့သူငယ်ချင်းမဟုတ်လျှင်
ခရီးသည်ကို တစ်ယောက်လမ်းတွင် ချထားခဲ့မည်ဖြစ်ကြောင်း ကြိုပြောရပေမည်။ ယခုမူ ခရီးသည်ကို
အလေးမထားသည့်ဟန်ဖြင့်။
တက္ကစီက ဇွဲသစ်ဦးတည်ရာနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည်။
ထားလိုက်တော့ … သည်တစ်ခါတော့ မပြောတော့ပြီဟု စိတ်ထဲ အောက်မေ့လျှက် ဟိုတွေးဒီတွေး ကားနောက်ခန်းမှ
လိုက်ပါလာသည်။
တက္ကစီသမားဘေးနားမှ ခရီးသည် ဆင်းသွားသောအခါ
ဇွဲသစ် ဦးတည်ရာဘက်သို့ လှည့်မောင်းလေတော့၏။ လမ်းပေါ်တွင် တက္ကစီဆရာ၏ ဖုန်းမြည်လာသည်။
“ဟလို … မိန်းမလား။ အင်း … ကို ရောက်တော့မယ်ကွာ။
နောက်ထပ် နာရီဝက်လောက်ဆိုရင်ရောက်ပြီ။ အပြင်ကပဲ ထွက်စောင့်နေကြပေါ့။ အဘွားကြီးကိုလည်း
ပြောလိုက်အုံး။ တော်ကြာ ငါတို့ပဲအပြင်ထွက်စားတယ်။ သူ့ကိုကျတော့ အသိတောင် မပေးဘူး လို့
ပြောနေအုံ့မယ်။“ … တက္ကစီသမား၏ ဖုန်းဆက်သံ။
“အဘွားကြီးဟူသည်မှာ မည်သူနည်း“ ဟူ၍ ဇွဲသစ်
အတွေးရောက်သွားသည်။ အဘွားကြီးဟူသည်မှာ တက္ကစီသမားဘက်မှ အဘွားသော်လည်းကောင်း၊ အမျိုးသမီးဘက်မှ
အဘွားသော်လည်းကောင်း ဖြစ်နိုင်သည်။ သို့သော် ယနေ့ခေတ်လူငယ်ပိုင်းတစ်ချို့သုံးသော အသုံးအနှုန်းအရ
အဘွားကြီးဟူသည်မှာ အမေကို ရည်ညွှန်းတတ်သည်။ ထိုလူငယ်ပိုင်း၏ အသုံးအနှုန်းမျိုးကိုများ
သူသုံးလိုက်သည်လား။ ဇွဲသစ် မဝေခွဲတတ်တော့။ သို့ဆိုလျှင် သူ့မိခင်အရင်းလား၊ အမျိုးသမီး၏
မိခင်လား ဟူသောအချက်လည်း ရှိသေးသည်။ အမျိုးသမီးဖြစ်သူ၏ မိခင်ကို ထိုသို့ခေါ်လျှင် အမျိုးသမီး၏
စိတ်ထဲ မည်သို့ ခံစားလိုက်ရမည်လဲ ဟူ၍လည်း တွေးမိလာသည်။ ထားလိုက်ပါတော့ … ကိုယ့်ကိစ္စတော့
မဟုတ် … ဟူ၍ စိတ်ကိုဆုံးမရင်း ဦးတည်ရာသို့ ရောက်ခဲ့သည်။
(၅)
+++
အထက်ပါ တက္ကစီသမား သုံးယောက်ကို လေ့လာကြည့်ပါ။
ဤသို့ တွေ့ရပါမည်။ ပထမတစ်ဦးက မိခင်ကို ရိုသေလေးစားတတ်သည်။ ခရီးသည်ကို တလေးတစား ဆက်ဆံတတ်သည်။
စာနာနားလည်မှု၊ မေတ္တာတရားနှင့် အလုပ်လုပ်တတ်သည်။ ရိုးသားသည်။ ဖော်ရွေတတ်သည်။ ဒုတိယတစ်ဦးကမူ
တစ်ဖက်သားကို အလေးမထားတတ်။ ခရီးသည်ကိုလည်း ဂရုမစိုက်၊ ရင်းနှီးဖော်ရွေစွာ ဆက်ဆံရကောင်းမှန်းလည်း
မသိ။ ခနဲ့တဲ့တဲ့ ပြောတတ်သည်။ တတိယတစ်ဦးကမူ တစ်ကိုယ်ကောင်းဆန်တတ်ကြောင်း ပေါ်လွင်နေသည်။
ဆရာကြီးတစ်ဦး၏ ဆုံးမသြဝါဒကို ခံယူဖူးပါသည်။
ဆရာကြီးကိုလည်း သူ့အဖေက ဆုံးမခဲ့သည်ဟု ဆိုပါသည်။ သူ့အဖေ၏ ဆုံးမစကားမှာ ဤသို့ဖြစ်ပါ၏။
“သား … ကိုယ်ကိုယ်တိုင် အမှားလုပ်မှ သင်ခန်းစာတွေ
ယူနိုင်မယ်ဆိုရင် ဘယ်လိုလုပ် ဖြစ်နိုင်မလဲကွာ။ အမှားတွေ အများကြီး မင်းလုပ်နေရမှာပေါ့။
အဲဒီတော့ သူများတွေ အမှားလုပ်တာထဲကလည်း မင်း သင်ခန်းစာယူတတ်အောင် ကြိုးစားစေချင်တယ်ကွာ။“
ဟူ၏။
သူတစ်ပါး၏ ကောင်းကွက်ဆိုးကွက်ကို ဇွဲသစ် တင်ပြခဲ့ပါပြီ။
ဇွဲသစ်၏ ကောင်းကွက်၊ ဆိုးကွက်လည်း ရှိနေမည်သာ။
လေးစားလျှက် …
ဇွဲသစ် (ရမ္မာမြေ)
၂၀.၂.၂၀၁၄ (ကြာသပတေးနေ့)
No comments:
Post a Comment