မှိုင်းညိုညို ရမ်းဗြဲကျွန်း၏ အလယ်ပိုင်းလောက်တွင်
ရှိသည့် လေးတောင်နယ်၌ ရှေးလွန်လေပြီးသော တစ်ခေတ်တစ်ခါက ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ဇာတ်လမ်းတစ်ခု
ရှိခဲ့လေသည်။
လေးတောင်နယ်၏ အရှေ့ဘက်တွင် သမိုင်းဝင် “လည်ရိုးတော်ဓာတ်ဘုရား“
ရှိရာ “ဇာတီတောင်“ ရှိသည်။ ၎င်းတောင်၏ အရှေ့ဘက်တွင် “ကျောက်တောင်“ ဟု ခေါ်သော တောင်ကြီးတစ်လုံး
ရှိသည်။ ယခင်က တောင်နှစ်လုံးအကြား၌ လူများဖြင့် အလွန်စည်ကားခဲ့သော ရွာကြီးတစ်ရွာ ရှိခဲ့သည်ဟု
ဆိုသည်။
ရွာအလေ့အရ နွားများကို ကျောက်တောင်ခြေရင်းရှိ
စားကျက်တွင် နွားလှန်ကြိုးဖြင့် လှန်ထားတတ်ကြသည်။ ကောက်ပဲသိးနှံများ ရိပ်သိမ်းပြီးချိန်တွင်
နွားများကို လွှတ်ကျောင်းလေ့ရှိကြသည်။
ထိုသို့ နွားကျောင်းသည့်အခါ ညနေစောင်းတိုင်း
နွားတစ်ကောင်စီ ပျောက်ဆုံးနေကြောင်း ရွာသူရွာသားများ တွေ့ရသဖြင့် အကြောင်းရင်ကို စုံစမ်းစစ်ဆေးရန်
ရွာသားတစ်ဦးအား တာဝန်ပေးသည်။
ထိုရွာသားက နွားများကို စားကျက်တွင် လှန်ထားပြီး
မမြင်ကွယ်ရာမှ စောင့်ကြည့်နေသည်။ ညနေစောင်းတွင် ကျောက်တောင်ပေါ်မှ ခန္ဓာကိုယ် ထွားထွား၊
အစွယ်ငေါငေါ၊ အသားမည်းမည်း၊ ဆံပင်ဖားလျားချထားသော အမျိုးသမီးတစ်ဦး အရှိန်ဖြင့် ဆင်းလာကာ
နွားတစ်ကောင်ကို သတ်၍ တောင်ပေါ်သို့ သယ်ယူလျှက် တောင်လယ်လောက်တွင်ရှိသော ကျောက်တောင်နံရံရှိ
ကျောက်ခေါင်းကြီးအတွင်းသို့ ပေါ့ပေါ့ပါးပါးပင် မ,ယူသွားသည်ကို ထိပ်လန့်အံ့သြစဖွယ် မြင်တွေ့ရသည်။
ညနေပိုင်းတွင် ရွာသူ၊ ရွာသားများ အစည်းအဝေး
ပြုလုပ်ပြီး သွားရောက်စုံစမ်းလေ့လာထားသူက သူ၏ တွေ့ရှိချက်ကို မခြွင်းမချန် ဖောက်သည်ချလေသည်။
ထိုအခါမှ လာရောက်စုဝေးကြသော ရွာသူရွာသားများထံမှ
အထိတ်တလန့် စကားသံများ ပွတ်လောရိုက်သွားသည်။
“ကျုပ်လည်း ဟိုတစ်နေ့ညနေက တောင်ပေးတက်ပြီး
ဟင်းရှာသွားလို့ အပြန်မှာ အဲဒီကျောက်ခေါင်းဆီက ကြောက်စရာအသံကြိးနဲ့ အော်သံတွေကြားတော့
ကြည့်မနေရဲ တော့ဘူး။ မြန်မြန် ပြန်ပြေးလာခဲ့တယ်ဗျ။“
“ဟုတ်တယ်။ ကျုပ်လည်း ဟိုတစ်နေ့ နေ့ခင်းအချိန်လောက်က
ကျောက်ခေါင်းနား ရောက်သွားတော့ တိရစ္ဆာန်အရိုးစုတွေကို အပေါက်ဝနားမှာ အများကြီးတွေ့ရတယ်။
ကျုပ်လည်း ကြောက်တာနဲ့ အတွင်းဘက်ကိုတောင် ကြည့်မနေရဲတော့ဘူး။ မြန်မြန် ပြန်ပြေးလာခဲ့ရတယ်ဗျို့။“
“ဟုတ်တယ်။ ဒီကျောက်ခေါင်းမှာ အန္တရာယ်ရှိတယ်ဆိုတာတော့
တို့ သိတာကြာပြီ။ ဒါပေမယ့် ဒီဘီလူးမကျောက်ခေါင်းထဲက ဘီလူးမကို ဘယ်လိုများ နှိမ်နင်းနိုင်ပါ့မလဲ။
နွားထီးကြီးတစ်ကောင်ကိုတောင်မှ မမှုတဲ့ ဘီလူးမက ငါတို့ရွာသားတွေလောက်တော့ မှုမှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီအတိုင်း နေလိုက်မယ်ဆိုရင် ဒီဘီလူးမ အတင့်ရဲပြီး ရွာသူ၊ ရွာသားတွေကိုပါ ကိုက်ဖြတ်စားသောက်လိမ့်မယ်။
အန္တရာယ်ကောင်ကို မြန်မြန် နှိမ်နင်းလိုက်မှပဲ။“ ဟူ၍ ရွာသားတစ်ယောက်က စကားဆိုသည်။
“ကဲ … အဲဒီကောင်ကို နှိမ်နင်းဖို့ မင်းတာဝန်ယူမလားပြော
… ။“ ဟု တစ်ယောက်က မေးတော့မှ ထိုသူ ပါးစပ်ပိတ်သွားသည်။
“ဟာ … ဒါကတော့ …“ ဟု ပြောပြီးကာမှ သူ ဆွံ့အ,
သွားသကဲ့သို့ ရှိ၏။ ကျန်သူများကလည်း သူ့နည်း နှင်နှင်ပင်။ ဤသို့ဖြင့် ဆွေးနွေးပွဲ နိဂုံးချုပ်ခဲ့သည်။
ရွာကလေးမှာလည်း အရင်လို စည်စည်ကားကား၊ ဆူဆူညံညံ
မရှိတော့။ ခြောက်ခြောက်ကပ်ကပ်ကြီး ဖြစ်နေ၏။ တောင်ပေါ်သို့ လူအချို့ မသွားရဲကြတော့။ နွားများကိုပင်
အခြားနေရာများတွင် သွား၍ စားကျက်ချကြသည်။ လူများမှာလည်း မပျော်ပိုက်ကြတော့။ အချို့မှာ
မိသားစုကို ခေါ်၍ အခြားရွာများသို့ ပြောင်းရွှေ့သွားကြသည်။ ကျန်ရစ်ခဲ့သူများမှာလည်း တစိုးရိမ်ရိမ်
တကြောင်းကြကြဖြင့် ကျီးလန့်စာစား ဖြစ်နေကြသည်။ နွားများမှာ ပျောက်မြဲ ပျောက်နေဆဲ။ လူများကို
ဖမ်းစားသည်ဟူ၍ကား သုံးကြိမ်၊ လေးကြိမ်သာ ရှိသေးသည်။
သို့သော် များမကြာမီ တစ်ပတ်ကျော်ကြာကြာ တိရစ္ဆာန်များ၊
လူများ လုံးဝ အပျောက်အရှ မရှိပြန်သောအခါ အဘယ်ကြောင့်နည်းဟူ၍ သိလိုလာကြသည်။ ထို့ကြောင့်ပင်
ရွာလူကြီးဦးဆောင်၍ ရွာသားဆယ်ယောက်ခန့်ဖြင့် ကျောက်တောင်ဆီသို့ သွားကြည့်ကြရာ ဘီလူးမ
ကျောက်ခေါင်းမှာ ဧရာမကျောက်တုံးကြီးတစ်တုံးဖြင့် ပိတ်ဆို့ထားကြောင်း တွေ့ကြရသည်။
ရွာလူကြီးမှ ပြောကြားရာတွင် ပိတ်ဆို့ထားသော
ကျောက်တုံးကြီးမှာ အလွန်ကြီးမားလွန်းသောကြောင့် သာမန်လူ (၂၀) ဦးလောက်ပင် မ,၍ ရနိုင်မည်မဟုတ်သဖြင့်
တန်ခိုးရှိသောသူတစ်ပါးပါးက ကျောက်တုံးကြီးကို တန်ခိုးဖြင့် တစ်နေရာမှ မ,ယူကာ သူတို့
ရွာသူ၊ ရွာသားများကို ကယ်တင်လိုက်ခြင်းပင်ဖြစ်ကြောင်း ပြောသည်။
ရွာသူ၊ ရွာသားများအကြားတွင်ကား ဖေဇော်ဂျီတစ်ယောက်က
လာရောက်၍ ဆေးတောင်ဝှေ့ဖြင့် ကျောက်တုံးကြီးကို တစ်နေရာမှ ရွှေ့ယူလာကာ ဘီလူးမ ကျောက်ခေါင်းကို
ပိတ်ဆို့ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
ယခုအခါတွင်မူ ထိုရွာကလေးမှာ မရှိတော့။ ရွာသူရွာသားများမှာ
တဖြည်းဖြည်း ဘေးပတ်ဝန်းကျင်ရွာများကို ပြောင်းရွှေ့သွားကြ၍ပင်။ သို့သော် ဘီလူးမကျောက်ခေါင်းရှိခဲ့ရာနေရာကိုကား
မြင်တွေ့နိုင်ပါသေးသည်။
လေးတောင်သားများအကြားတွင်လည်း ထိုဘီလူးမကျောက်ခေါင်းအနားကို
မသွားရန်နှင့် သွားဖွင့်နိုင်လျှင် ဘီလူးမကြီး ပြန်ထွက်လာ၍ မိမိတို့ကို သတ်စားလိမ့်မည်ဖြစ်ကြောင်း
ပြောဆိုတတ်ကြပါသည်။
(မှတ်ချက်။ ။ ၎င်းတောင်နှင့်နီးသော ရွာထက်ရွာမှ
မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ အလှူ၊ မင်္ဂလာပွဲစသည့် ပွဲများရှိလျှင် အချို့မှာ ၎င်း ဘီလူးမကျောက်ခေါင်းသို့သွားကာ
အဝတ်အထည်များကို ငှားကြသည်။ ဘီလူးမကလည်း ထုတ်ပေးသည်။ သို့သော် နောက်ပိုင်းတွင် ဒေသခံများက
လာပြန်မပေးသဖြင့် ၎င်းကျောက်ခေါင်းကို ပိတ်ပစ်လိုက်သည်၊ ကျောက်ခေါင်းတံခါးတွင် ကျောက်စာအနည်းငယ်
ရေးထွင်းထားပြီး ၎င်းစာကို ဖတ်နိုင်လျှင် တံခါးကို ဖွင့်နိုင်မည် ဖြစ်ကြောင်း အဖိုး၏ ပြောပြချက်ကို
တစ်ဆင့်ပြန်ပြောပြသည်ကိုလည်း မှတ်သားဖူးပါသည်။ ဤသဘောအရဆိုလျှင် ၎င်းကျောက်ခေါင်းတွင်းမှ
ပုဂ္ဂိုလ်မှာ အသားစားသော ဘီလူးမ မဟုတ်ဘဲ နတ် (သို့) သူတော်စင်တစ်ပါးပါးကဲ့သို့ ဖြစ်နေသည်။
၎င်းထံမှ မည်သို့သောအဝတ်အစားများကို ငှားနိုင်ပါမည်နည်းဟူသောအချက်မှာလည်း စဉ်းစားစရာ တစ်ခုပင်ဖြစ်သည်။
မဖြစ်နိုင်ပါပေ။ အချို့ကမူ ဂျပန်ခေတ်က ဂျပန်များသည် ထိုနေရာတဝိုက်တွင် တပ်စွဲခဲ့ပြီး၊
၎င်းတို့ ပြန်ဆုတ်ခွာသွားသောအခါ ထိုကျောက်တောင်နေရာ၌ လက်နက်ခဲယမ်းမီကျောက်များ ဝှက်ထားခဲ့သောကြောင့်
ဒေသခံများ တွေ့ရှိသွားမည်စိုး၍လည်းကောင်း၊ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်သွားမည် ကြည့်၍လည်းကောင်း
အထက်ပါ ဒဏ္ဍာရီကို တီထွင်ခဲ့သည်ဟုလည်း ဆိုပါသည်။ ဖြစ်နိုင်ခြေနှင့်ပို၍ နီးစပ်သလို ရှိသည်။
မည်သို့ပင်ဖြစ်စေ လေးတောင်နယ်၏ အထင်ကရ ဒဏ္ဍာရီတစ်ပုဒ်ပင် ဖြစ်ပါ၏။ ထို့ကြောင့် စာရေးသူအနေဖြင့်
သိမှတ်ဖူးသလောက် မှတ်တမ်းတင်ခြင်းသာ ဖြစ်ပါသည်။ ကွဲလွဲချက်အနည်းငယ် ရှိကောင်းရှိနိုင်ပါသည်။
မည်သို့ကွဲလွဲသည်ဟူ၍ သိမှတ်ဖူးသူးများက မျှဝေပြောပြပေးပါလျှင် အလွန် တန်ဖိုးရှိပါမည်။
ကျေးဇူးတင်ပါသည်။)
ဇွဲသစ် (ရမ္မာမြေ)
၂၇.၃.၂၀၁၂ (တပ်မတော်နေ့)
No comments:
Post a Comment