Tuesday 24 November 2015

ဝေဒနာဖြစ်သွားခဲ့လေသော စေတနာ (ဝတ္ထုတို)

အခန်း (၁)
+++++

အိမ်မှ စထွက်ကတည်းက မောင်ကျော်ဇော၏ ခြေလှမ်းများ သွက်လက်မြန်ဆန်နေသည်။ သို့တိုင် စာအုပ်ကို ခဏကြည့်လိုက်၊ ဆက်နွှေးလိုက် လုပ်နေသော သူ့အမူအရာမှာ ပြောင်းလဲမသွားပေ။

သဲထူထူ ရွာလယ်လမ်းမှ သဲကျွံမှုကို အလေးဂရုမပြုအား။ ရင်တုန်ပန်းတုန် မဖြစ်၊ ခေါင်းနပန်းကြီးသည် အထိ မဖြစ်သော်လည်း စိတ်ကမူ မဆိုလောက်ဖွယ် လှုပ်ရှားနေသည်။ ရွာလယ်လမ်းက ထွက်သည်နှင့် မြန်မာကဗျာပိုင်းကို ပြန်နွှေးပြီးသွားပေပြီ။


နောက်ထပ် ဆယ်မိနစ်ခန့် လျှောက်လျှင် ကျောင်းသို့ ရောက်ပေမည်။ မြန်မာစာ စကားပြေပိုင်းကို ပြန်နွှေးသည်။ ထို့နောက် သဒ္ဒါ၊ ရေသည်ပြဇာတ် စုံသွားပေပြီ။ ရေသည်ပြဇာတ်အပိုင်းမှ ခက်ဆစ်များကို ပြန်နွှေးရင်း ရှေ့ဆက်လျှောက်လာသည်မှာ ကျောင်းတော်ကြီးကိုပင် လှမ်းမြင်နေရပြီ။ ယနေ့မှ ကျောင်းတော်ကြီးမှာ ပိုမိုခန့်ညားနေသယောင် မော်ကျော်ဇော စိတ်ထဲတွင် မှတ်ထင်နေမိသည်။
လူအများကမူ ကျောင်းဝင်းအတွင်းသို့ ဝင်သွားကြပြီ။ အနည်းငယ်သာ အပြင်ဘက်တွင် ရှိနေကြဆဲ။ မဝင်ရသေးသည့် ကျောင်းသူ၊ ကျောင်းသားများ၏ မိဘများက စာမေးပွဲကို ဂရုတစိုက် ဖြေဆိုရန် တဖွဖွ မှာကြားနေသူက မှာကြား၊ ခဲတံ၊ ပေတံ၊ ဘောပင် အပြည့်အစုံပါမပါ စစ်ဆေးပေးသူက ပေးနှင့် သား၊ သမီးများကိုယ်စား သူတို့ကိုယ်တိုင်ပင် ဝင်ဖြေတော့မယောင် လုံးပမ်းနေကြလေသည်။ နွေရက်များဖြစ်၍ မိုးရွာမည်ကို မစိုးရိမ်ရသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ လွယ်အိပ်များကို ကျောင်းခြံပြင်ပတွင်သာ ထားခဲ့ကြရသည်။ အများစုမှာ ကျောင်းခြံတိုင်များပေါ်တွင် ချိတ်ဆွဲထားကြသည်။ ကျောင်းသား၊ ကျောင်းသူများ၏ မိဘအချို့မှာ ကျောင်းဘေးတဝိုက်ရှိ သစ်ပင်ရိပ်အောက်တွင် စောင့်နေကြသည်။ တစ်ချို့ဆိုလျှင် ကျောင်းနှင့်မလှမ်းမကမ်းအိမ်တွင် ယာယီဖွင့်ထားသော လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည်သောက်ရင်း ကျောင်းဘက်သို့ တစေ့တစောင်း အကဲခတ်သလို လှမ်းကြည့်လျှက် ထိုင်နေကြသည်။ မောင်ကျော်ဇောမှာမူ အမေဖြစ်သူကို အိမ်တွင် စိတ်ချလက်ချ နေခဲ့ပါဟု ပြောခဲ့သည်။ အမေဖြစ်သူကလည်း သားအကြောင်းကို သိသူပီပီ စာမေးပွဲသွားဖြေမည့် သားနောက်မှ နေပူခံပြီး မလိုက်ခဲ့ချေ။
မောင်ကျော်ဇောက ပေတံ၊ ခဲတံ၊ ခဲဖျက်၊ ဘောပင်၊ ဓာတ်ပြားများကို ယူလျှက် လွယ်အိပ်ကို ကျောင်းခြံတိုင်တွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် ကျောင်းတွင်းသို့ ဝင်လိုက်သည်။

စာကို တစ်နှစ်ပတ်လုံး ကောင်းကောင်း ကျက်မှတ်လာခဲ့သူပီပီ မြန်မာစာဘာသာကို သူ ကောင်းစွာ ဖြေဆိုနိုင်သည်။ ဂုဏ်ထူးရမည်ဟူ၍လည်း မျှော်လင့်မိသည်။ အဖြေလွှာများကို ကောင်းမွန်စွာ စစ်ဆေးကြည့်သည်။ ထို့နောက် အခန်းစောင့်ဆရာမထံ အဖြေလွှာများကိုအပ်၍ အခန်းထဲမှ ထွက်လာသည်။ ကျောင်းဝင်းထဲမှ မထွက်မီကပင် ကျောင်းပြင်ဘက်မှ သူ့အမည်ကို ခေါ်သံ ကြားလိုက်ရသည်။ သူ လှမ်းကြည့်လိုက်ရာ ဆရာဦးကျော်မောင်နှင့် မိမိ၏ အတန်းဖော်မိန်းကလေး တစ်ယောက်တို့ကို ကျန်သူစိမ်းယောက်ျားကြီးတစ်ဦးနှင့်အတူ တွေ့လိုက်ရသည်။ သူတို့က မိမိအမည်ကို ခေါ်နေသည့်အပြင် ပြုံးပြနှုတ်ဆက်နေကြသည်။ သူလည်း ပြန်လည်ပြုံးပြနှုတ်ဆက်လိုက်သည်။ ဆရာဦးကျော်မောင်က သူ့ပုခုံးကို လာဖက်၍ ပြောလာသည်။

“ကဲ … လက်ဘက်ရည် သွားသောက်ကြရအောင်ကွာ။ ခဏလေး။ ဘယ်လိုလဲ ဖြေနိုင်တယ်မလား။ ဂုဏ်ထူးရနိုင်မလား။“

“ဟုတ်ကဲ့ ဆရာ။ ဖြေနိုင်ပါတယ်။ ဂုဏ်ထူးရမယ်တော့ ထင်တာပါပဲ။“ ထိုသို့ ပြန်ပြောဖြစ်သည်နှင့်အတူ ခြေလှမ်းကပါ ဆရာနှင့်အတူလိုက်ပါရွှေ့နေသည်။ အတန်းဖော်မိန်းကလေးနှင့် သူစိမ်းယောက်ျားကြီးတို့ ကလည်း ဘေးမှ ထက်ကြပ်မကွာ လိုက်ပါလာကြသည်။ တအောင့်အကြာ လက်ဘက်ရည်ဆိုင်တွင် ဝင်ထိုင်လိုက်ကြပြီ။ လက်ဘက်ရည်လေးခွက်နှင့် အီကြာကွေးတစ်ပန်းကန် လာချပေးသည်။ ဆရာကျော်မောင်က စကားဆက်သည်။

“စာမေးပွဲ ဖြေနိုင်တော့ ကောင်းတာပေါ့ကွာ။ ဒီမှာ မင်းသူငယ်ချင်း တင်တင်လှကို သိတယ်မဟုတ်လား။ သူက အင်္ဂလိပ်စာ သိပ်မရဘူးကွ။ အဲဒီတော့ မနက်ဖန်အတွက်ကို သူ တအားကြောက်နေတယ်။ မဖြေနိုင်မှာ စိုးရိမ်နေတယ်။ အဲဒါ မင်း နိုင်သလောက်လေး ကူညီပေးရင် အဆင်ပြေမယ်ကွာ။ ကူညီပေးတာကလည်း မင်းကိုယ်တိုင်လုပ်စရာ မလိုပါဘူးကွာ။ အခန်းစောင့် ဆရာ၊ ဆရာမတစ်ယောက်ယောက်က မင်းအဖြေလွှာထဲက အောင်မှတ်ဖိုးလောက် ကူးပြီး သူ့ကို ပေးပေးဖို့ပါပဲ။ အဆင်ပြေနိုင်မလားကွာ။“

သည်တစ်ခါ မောင်ကျော်ဇောတစ်ယောက် ချက်ချင်း အဖြေမပေးမိ။ သူ့ဦးနှောက်ထဲတွင် အတွေးများက စုန်တစ်ခါ ဆန်တစ်လှည့် ကူးလူးသွားလာနေကြသည်။ ဆရာဦးကျော်မောင်၏ မျက်နှာကို ကြည့်ဖြစ်လိုက်သည်။ မျှော်လင့်ချက်ပြည့်နေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်။ တင်တင်လှ၏ မျက်နှာကိုလည်း ကြည့်မိသည်။ သူ့ကို မဝံ့မရဲ ကြည့်နေသည်ကို တွေ့ရသည်။ တစ်ချိန်လုံးငြိမ်နေခဲ့သည့် စကားနည်းပုံရသော သူစိမ်းယောက်ျားကြီးက ယခုမှပင် စကားစပြောလာချေပြီ။

“အေးကွာ … သားလေးရာ။ ဦးလေးတို့မှာလည်း ဒီသမီးလေးတစ်ယောက်အတွက် စာမေးပွဲအတွင်း တောက်လျှောက် လာစောင့်နေပေးရတာ။ သူကလည်း ငယ်ငယ်တည်းက အင်္ဂလိပ်စာနဲ့ အထိအတွေ့မရှိ။ အခြေခံလည်းမပါတော့ ဒီပုံစံအတိုင်းဆိုရင် လုံးဝအောင်မှာ မဟုတ်ဘူး။ ကံကောင်းချင်တော့ မင်းနဲ့ တစ်ခန်းတည်းကျတာပေါ့ကွာ။ ဦးသမီးလေးကို ကူညီပေးပါဦးကွာ။“ တင်တင်လှ၏ ဖခင်ဆိုသူက ထိုသို့ အောက်ကျို့ခံ၍ အကူအညီတောင်းနေသည်။

မောင်ကျော်ဇောမှာ စာတော်သူ ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ်စာပိုင်းတွင် ပိုတော်သည်။ ထို့ကြောင့်ပင် ယခုကဲ့သို့ အကူအညီလာတောင်းခြင်း ဖြစ်နိုင်သည်။
တင်တင်လှ အင်္ဂလိပ်စာညံ့သည်ကို တစ်တန်းတည်းသားဖြစ်သူ မောင်ကျော်ဇော သိသည်။ လွယ်ကူသော သဒ္ဒါလေ့ကျင့်ခန်းများကိုပင် တော်တော်နှင့် နားမလည်နိုင်ဖြစ်သည်ကို သတိထားမိခဲ့သည်။ မောင်ကျော်ဇောအနေဖြင့် သူမအတွက်အောင်မှတ်ဖိုးလောက်ကို မိမိ၏ အဖြေလွှာမှ ကူးယူစေပြီး သူမကို ကူညီပေးလိုက်၍ သူမအောင်သွားလျှင် ကောင်းမှုတစ်ခုကို ပြုလိုက်ရာပင် ရောက်ပေမည်ဟု မောင်ကျော်ဇော တွေးမိလိုက်သည်။ သူတစ်ပါးကောင်းကျိုးကို ရှေ့ရှုလုပ်ဆောင်လိုသည်မှာ သူ၏ အကျင့်ပင် ဖြစ်သည်။ ထို့ပြင် ဆရာကရော တင်တင်လှ၏ ဖခင်ကပါ သူ့ကို အကူအညီ တောင်းနေလေပြီ။ တစ်ပါးသူကို အားနာတတ်သော မောင်ကျောဇောအတွက် မည်သို့မျှ ငြင်းပယ်ရန် မဝံ့ရဲတော့ပေ။ သို့နှင့် သူ ခေါင်းညိတ်လိုက်ရတော့သည်။

“ရပါတယ် ဆရာ။ အောင်မှတ်ဖိုးလောက်ကိုတော့ ကျွန်တော် ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ကူညီပေးပါ့မယ်ခင်ဗျာ။“

“ဟာ … ဝမ်းသာလိုက်တာကွာ။ ကျေးဇူးတင်တယ်နော်။ ကဲ … ကဲ … မင်းလည်း စာကျက်ရဦးမယ်။ ပြန်ကြမယ်ကွာ။“ ဆရာဦးကျော်မောင်က ဝမ်းသာအားရ ပြောလိုက်သည်။

တင်တင်လှ၏ အဖေကလည်း သူ့ကို ကျေးဇူးတင်ကြောင်းပြောသည်။ တင်တင်လှကမူ ကျေးဇူးတင်စကားကို မျက်ဝန်းထဲမှ ပြောနေလေသည်။

သို့နှင့် သူတို့ လမ်းခွဲခဲ့ကြပြီ။

လမ်းပေါ်တွင် မောင်ကျော်ဇော စဉ်းစားသည်။

“ဆရာဦးကျော်မောင်က ဘာလို့ ငါ့ဆီလာပြီး အကူအညီတောင်းတာပါလိမ့်။ သူနဲ့ ဒီမိသားစုနဲ့ ဘယ်လို ဆက်စပ်နေလို့ပါလိမ့်။ အို … ထားလိုက်ပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို ကူညီပေးလိုက်တာ ငါ့ဖက်က မဟုတ်တာလုပ်တာမှ မဟုတ်ဘဲ။ ကူညီပေးလိုက်လို့ ကုသိုလ်တောင် ရပါဦးမယ်။ ငါ စိတ်သန့်သန့်နဲ့ ကူညီလိုက်ပါမယ်လေ။“

အခန်း (၂)
++++++

နောက်တစ်နေ့ နံနက်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုရပေပြီ။ မောင်ကျော်ဇောအနေဖြင့် အင်္ဂလိပ်စာဘာသာကို အခက်အခဲမရှိဘဲ ဖြေဆိုနိုင်သည်။ လွန်ခဲ့သောနေ့က ကူညီပေးမည်ဟု ကတိပေးထားသည့်အတိုင်း မိမိ၏ အဖြေလွှာမှ အဖြေများကို အောင်မှတ်ဖိုးရအောင် တင်တင်လှအတွက် ကူးယူခွင့်ပေးသည်။ တင်တင်လှအတွက်သာမက ကျန်အတန်းဖော်တစ်ချို့ထံသို့လည်း ထိုစာရွက် အလည်ရောက်သွားသည်ကို မောင်ကျော်ဇော မြင်လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ အများအတွက် အောင်မှတ်ဖိုးရသွားစေလျှင် မိမိအဖို့ ကုသိုလ်ရသည်ဟုသာ မောင်ကျော်ဇောတစ်ယောက် စိတ်ထဲ၌ ပီတိဖြစ်နေမိသည်။

မေးခွန်းလွှာကို အစမှ အဆုံးတိုင် စေ့စေ့ငုငု ဖတ်၍ စေ့စေ့စပ်စပ် ဖြေပြီးသည့်တိုင် အချိန်မကုန်သေး။ ထို့ကြောင့် အဖြေလွှာကို အသေအချာ ပြန်စစ်နိုင်သည်။ သုံးခေါက်မြောက် စစ်ဆေးမှုအပြီးတွင် အဖြေလွှာသိမ်းရန် ခေါင်းလောင်းထိုးတော့သည်။ အဖြေလွှာကို ဆရာမလက်ထဲအရောက် ထည့်ပေးအပြီး အခန်းထဲမှ ထွက်ကာ ကျောင်းခြံတံခါးဝဆီသို့ လျှောက်လိုက်သည်။ ကျောင်းခြံပြင်သို့ ရောက်သည်နှင့် ခြံတိုင်ပေါ်မှ လွယ်အိတ်ကို ယူလိုက်သည်။ ထို့နောက် ရွာဆီသို့ ပြန်မည်ဟု ခြေလှမ်းပြင်စဉ် နောက်ဆီမှ ခေါ်သံကြားလိုက်ရသည်။

“ဟေ့ … ကျော်ဇော။ ခဏနေပါဦးဟ။ နင့်ကို ပေးစရာ ရှိလို့။ ရော့ … နင့်အတွက် လက်ဆောင်။“ အနားရောက်လာသော တင်တင်လှက တစ်ရာတန် ဘောပင်လေးတစ်ချောင်းကို ကမ်းပေးလိုက်သည်။

“ဘာလို့ ပေးတာလဲဟ။“ မောင်ကျော်ဇောက တင်တင်လှကိုတစ်လှည့် ဘောပင်ကိုတစ်လှည့် ကြည့်လျှက် နားမလည်သလို မေးလိုက်သည်။
“နင့်ကို ကျေးဇူးတင်လို့ပါ။“ သူမက ထိုသို့ပြောပြီးနောက် ချာကနဲ လှည့်ထွက်သွားသည်။

မောင်ကျော်ဇောတစ်ယောက် ဘောပင်ကို ကြောင်အမ်းအမ်းနှင့် ယူထားလိုက်ရတော့သည်။

အခန်း (၃)
++++++

သင်္ချာဘာသာရပ် ဖြေဆိုရမည့် နောက်တစ်နေ့ နံနက်…။
မောင်ကျော်ဇော ကျောင်းသို့ ရောက်ခါနီးပြီ။ ဘောလုံးကွင်းတစ်ဝက်လောက် ရောက်လာပေပြီ။

ထိုအချိန် မျက်နှာချင်းဆိုင်ဘက်မှ လူကြီးတစ်ယောက်က သူ့ထံ ဦးတည်လျှောက်လာနေသည်ကို တွေ့ရ၏။ ထိုလူကြီးကို တွေ့ဖူးသည်ဟု စဉ်းစားနေဆဲတွင်ပင် သူ့အနားသို့ လူကြီးရောက်လာသည်။

“ရော့ … ရော့ … ငါ့တူကို လူတစ်ယောက်က စာပေးသွားလို့ ယူထားလိုက်ပါကွာ …။ ကဲ … စာမေးပွဲဖြေရတော့မယ်။ မြန်မြန် ဝင်သွားလိုက်တော့ကွာ။ အဲဒါကို အိတ်ထဲထည့်ထားတော့။“ ထိုလူကြီးက ကရောသောပါး ပြောလာသည်။

“သြော် … ဟုတ်ကဲ့ ခင်ဗျ။ ကျေးဇူးတင်ပါတယ်။ သွားလိုက်ပါတော့မယ်ခင်ဗျာ။“ သူ ဟိုဟိုဒီဒီ စဉ်းစားမနေတော့ဘဲ စာအိတ်ကို လွယ်အိပ်ထဲထည့်လျှက် ခြံတိုင်ပေါ်ချိတ်ဆွဲပြီးနောက် ကျောင်းခြံအတွင်းသို့ ခပ်သွက်သွက် ဝင်သွားသည်။
စာမေးပွဲ ဖြေပြီး၍ ပြန်အထွက်တွင်မှ စာအိတ်ကို ဖွင့်ကြည့်လိုက်မိသည်။ စာအိတ်အတွင်းတွင်မူ တစ်ထောင်တန် ဆယ်ရွက်ကို တွေ့လိုက်ရ၏။ ယခုမှပင် စာအိတ်ပေးခဲ့သော လူကြီးမှာ တင်တင်လှ၏ ဖခင်ဖြစ်ကြောင်း ရုတ်တရက် သတိရတော့သည်။

မောင်ကျော်ဇော အခြေအနေကို သိလိုက်ပေပြီ။ မိမိ၏ ကူညီပေးမှုအတွက် မိမိကို ငွေပေး၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်သည်။ သို့သော် စေတနာထား၍ လှူဒါန်းသလို စိတ်ထဲမှ မှတ်လျက် လုပ်ဆောင်ဖြစ်လိုက်သော တဆိတ်စာ ကူညီမှုအတွက် ထိုသို့ ငွေကြေးဖြင့် ပြန်လည် ကျေးဇူးဆပ်ခြင်းကိုမူ မောင်ကျော်ဇော ဒေါသဖြစ်မိ၏။ မိမိကို စော်ကားခြင်းဟူ၍ ခံစားရ၏။ မိမိ၏ ကူညီမှုအတွက် နောက်ဆက်တွဲ ကျေးဇူးဆပ်မှုမျိုးကို မောင်ကျော်ဇော မလိုချင်ပေ။ ထို့ကြောင့်ပင် သူ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ချလိုက်သည်။

အခန်း (၄)
+++++

ကျောင်းဝင်ပေါက်နှစ်ခု ရှိသည်။ ယခု မောင်ကျော်ဇော ရောက်နေသည်က ကျောင်းရှေ့ဝင်ပေါက်။ ကျောင်းဘေးဝင်ပေါက်တစ်ခုလည်း ရှိသေးသည်။ သူ့နောက်နားဆီတွင် တင်တင်လှပါလာမည်လား ဟူ၍ သူ ရှာဖွေကြည့်သည်။ မတွေ့သေး။ ခဏလေးစောင့်ကြည့်သည်။ လုံးဝ အစအနပင် မမြင်ရ။ ထို့ကြောင့် ဘေးပေါက်သို့ သွားကြည့်လိုက်သည်တွင်မှ တင်တင်လှကို တွေ့သည်။
“တင်တင်လှ …. ခဏလောက် စောင့်ပါဦးဟ။ ဒီမှာ နင့်အဖေက ပေးသွားတဲ့ စာအိတ်ကို နင်ပြန်ယူသွားပြီး ပြန်ပေးလိုက်ပါဟာ။ ငါ့ဆီမှားပို့တာပါ။ သြော် … ပြီးတော့ နင်ပေးတဲ့ ဒီဘောပင်လေးလည်း နင်ပဲ ပြန်ယူသွားလိုက်ပါဟာ။“ မောင်ကျော်ဇော ဒေါသကို ထိန်း၍ ပုံမှန်လေသံအတိုင်း ကြိုးစား၍ ပြောလိုက်သည်။ စိတ်ထဲမှ ခံပြင်းဒေါသကြောင့် မာကျောနေသလိုရှိသောအသံသည် ဝမ်းနည်းနေသလိုဖြစ်သဖြင့် ကြေကွဲသံများပါ ရောစွက်နေသည်။

“ဟင် … ငါ့အဖေက နင့်အတွက်ပေးတာပါ။ သေချာပါတယ်။ နင် ပြန်ယူသွားလိုက်ပါဟယ်။ နင့်ကို ကျေးဇူးတင်လို့ ပေးတာပါ။ ဘောပင်လည်း နင်သိမ်းထားပေါ့ဟာ။“ တင်တင်လှက စာအိတ်ထဲ ဘာပစ္စည်းပါသည်ကို သိထားနှင့်သည်ကိုး။ မောင်ကျော်ဇော ကမ်းပေးသည့် စာအိတ်နှင့် ဘောပင်ကို သူ့လက်ထဲသို့ အတင်း ပြန်လည် တွန်းထုတ်ထည့်ပေးနေ၏။

မောင်ကျော်ဇော၏ စိတ်ထဲမှ ဖွင့်မချဘဲ အောင့်အည်းသည်းခံသိမ်းဆည်းထားတော့မည်ဟူ၍ မှတ်ထားသော စကားလုံးများမှာ ပွင့်အန်ထွက်လာချေပြီ။

“နင်တို့က ငါ ကူညီတာကို ငွေလိုချင်လို့ ကူညီတယ် ထင်လား။ ငါ့တို့က နင်တို့မိသားစုလို ငွေကြေးမချမ်းသာဘဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ငါတို့တွေက သိက္ခာတော့ ချမ်းသာတယ်ဟ။ သူများတွေ ငါတို့ဆီက တစ်ခုခုလိုချင်လို့ ငွေနဲ့ ပေါက်ယူလို့လည်း မရဘူး။ နင့်ကိုကူညီခဲ့တယ်ဆိုတာလည်း အဓိက ဆရာ့မျက်နှာကြောင့်။ ပြီးတော့ နင့်အပေါ်မှာ ထားတဲ့ သူငယ်ချင်းသံယောဇဉ်ကြောင့်ပဲ။ နင်မဟုတ်ဘဲ တခြားသူတွေဆိုရင်လည်း ငါ ကူညီဖြစ်မှာပဲ။ နင်တို့က တစ်ဘက်သားကို တော်တော် အထင်သေးတတ်တယ်။ နှိမ့်ချ ဆက်ဆံတတ်ကြတယ်။ ဒီလိုမျိုး ငါ့အပေါ် လုပ်လိုက်တာ ငါ့ကို စော်ကားလိုက်တာပဲ။ နင့်တို့ ငွေတွေကို နင်တို့ပြန်ယူသွားပါ။ ကဲ … ရော့ …“ ပြောရင်းဆိုရင်း တင်တင်လှ၏ လက်တွင်းသို့ စာအိတ်နှင့် ဘောပင်ကို ထည့်ပေးလိုက်၏။ သူမကလည်း ကြောင်အမ်းအမ်းနှင့် လက်ခံထားမိသည်။

အမြဲတမ်း အေးဆေးစွာ နေထိုင်တတ်သော ကျော်ဇောမှာ ယနေ့တွင်မူ အလွန် ဒေါသထွက်နေသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် တင်တင်လှ မြင်တွေ့ရခြင်းပင် ဖြစ်သည်။ သူပြောသည့် စကားများကို တွန်းလှန်ပြောဆိုရန် သူမတွင် အင်အားမရှိပါချေ။ ငေးစိုက်ကြည့်နေရုံကလွဲ၍ ဘာမှ မတတ်နိုင်တော့။

မောင်ကျော်ဇော၏ ခြေလှမ်းများက သူမနှင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ ရှေ့ရှုဦးတည်လျှက် မာန်ပါနေဆဲ … သွက်နေဆဲ … ဝေးကွာသွားနေဆဲ …။ ။

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)

20.1.2014

(၂၀၁၄ ခုနှစ်ထုတ် ရွှေကျွန်းသန္တာမဂ္ဂဇင်း၊ အမှတ် (၄) တွင် ဖော်ပြပြီး)

No comments:

Post a Comment