Tuesday 24 November 2015

နှစ်ခြိုက်မိတဲ့ စကားပုံလေးတစ်ခုနှင့် ကျွန်တော်တို့


အင်္ဂလိပ်စကားပုံတစ်ခု ရှိတယ်။

There is darkness at the bottom of the lighthouse! တဲ့...။

အတော်လေးအတွေးပါတဲ့ စကားပုံလေးတစ်ခုပါ။

မြန်မာလိုဆိုရရင် “မီးပြတိုက်ရဲ့ အောက်ခြေမှာတော့ မှောင်အတိ“ လို့ ပြောနိုင်မယ်ထင်ပါ့။

ဟုတ်ပါတယ်...။

တစ်ခါတစ်ရံ ကျွန်တော်တို့ တွေဟာ ကိုယ့်ကိုယ်ကို ကြိုးစားနေကြတယ်။ အရောင်အသွေးတွေ စုံလင်အောင် အားထုတ်နေကြတယ်။ ဒိ့အတွက်အောင်မြင်မှုလည်း အတန်အသင့် ရကြတယ်။

ဒါပေမယ့် ကိုယ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ သူတစ်ချို့ (သို့) အများကတော့ ဒီအကျိုးကို မခံစားရဘူး။ ကိုယ့်အောင်မြင်မှုက သူများအတွက် အရာမရောက်ဘူး။ ကိုယ့်အလင်းရောင်က သူများအတွက် အရောင်ဟပ်ပြီး မလင်းလက်စေဘူး။

ဒါပေမယ့် အတော်များများ အတွက်တော့ အကျိုးပြုနေပြန်ပါတယ်။

ဆိုပါစို့... ကိုယ်က အလွန် ထူးချွန်နေပြီဆိုတဲ့ အချိန်မှာ ကိုယ့်မိသားစုဝင်တွေကို သိပ်အာရုံမစိုက်ဖြစ်ကြတာမျိုး ဖြစ်တတ်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ တင်ပြရရင် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်ဖြစ်သူ မြန်မာနိုင်ငံသား ဦးသန့်ဟာ တစ်ကမ္လာလုံးအတွက် အလင်းရောင်ပေးခဲ့သူပါ။ ကျူးဘားဒုံးပျံအရေးအခင်းတုန်းက အမေရိကန်နဲ့ ဆိုဗီယက်အကြား တင်းမာမှုတွေကို ဖြေလျှော့ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့တဲ့အတွက် တတိယကမ္ဘာစစ် မဖြစ်အောင် သံတမန်နည်းကျကျ တားဆီးကာကွယ်နိုင်ခဲ့သူအဖြစ် တစ်ကမ္ဘာလုံးက အမှတ်ပြည့်ပေးခံရသူ ပုဂ္ဂိုလ်ထူးတစ်ယောက်ပါပဲ။

ဒါပေမယ့် သူ့သားနှစ်ယောက်ကို လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် မြေတောင်မြှောက်မပေးနိုင်ခဲ့ဘူး။ သားနှစ်ယောက်မှာလည်း စောစောစီးစီး ဘဝဆုံးခဲ့ရရှာတယ်။

ဒီအတွက် အဖေဖြစ်သူ ဦးသန့်ကို လက်ညိုးထိုး အပြစ်ဖို့ကြမယ်။ ဦးသန့်ရဲ့ ဆိုဆုံးမမှု မရှိလို့ ဒီလိုဖြစ်တာလို့ပေါ့လေ။

ဒါပေမယ့်... တစ်ကမ္လာလုံးရဲ့ ဝန်ကို ခေါင်းတစ်လုံးတည်းနဲ့ မနိုင့်အနိုင် ထမ်းပိုးထားရဲသူ၊ ထမ်းပိုးထားလိုသူ၊ ထမ်းပိုးထားနိုင်သူ ဦးသန့်က သူ့သားနှစ်ယောက်အတွက် အချိန်အလုံအလောက် မပေးနိုင်တာက ဝမ်းနည်းစရာပါပဲ။ ပြီးတော့ သနားစရာပါပဲ။ ကိုယ်ချင်းစာစရာပါပဲ။

ဆရာတစ်ယောက်က ဦးသန့်နဲ့ပတ်သက်ပြီး ဒီလိုမျိုး သုံးသပ်ပြခဲ့တယ်။
“တစ်ကမ္ဘာလုံးအတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့တာပဲကွာ။ သားနှစ်ယောက် ပျက်စီးသွားတာနဲ့ ဒီအချက်နဲ့ ချိန်ထိုးကြည့်ရင် သားနှစ်ယောက်ဆုံးရှုံးလိုက်ရတာဟာ စာမဖွဲ့လောက်ပါဘူး။ အဓိကအချက်က အဲဒီသားနှစ်ယောက်အနေနဲ့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် ကြိုးစားဖို့လိုခဲ့တယ်မဟုတ်လား။“ တဲ့။

ဒီစကားလေးကို ကျွန်တော် အမှတ်တရ ရှိနေဆဲပါပဲ။

ဒီလိုပါပဲဗျာ။ မီးပြတိုက်ဟာ ဘေးပတ်ဝန်းကျင် တမျှော်တခေါ်အထိ မီးရောင်ထွန်းပ အသုံးကျပါတယ်။ အကျိုးများပါတယ်။ ဒါပေမယ့် သူ့အောက်ခြေနားမှာတော့ မှောင်အတိ။

ကျွန်တော့်ဆရာတစ်ယောက်ရဲ့ ခံယူချက်သဘောထားကလည်း တစ်မျိုးလေးပါ။
“ငါ့မှာက သမီးလေးတစ်ယောက်ပဲ ရှိတယ်ကွာ။ သူက အခြားကစားဖော်တွေမရှိတော့ ငါ့ကိုလာလာပြီး ဂျီကျတတ်တယ်။ ငါကလည်း ငါ့စာအတွက် ကြိုးစားဖို့လိုတယ်ဆိုတာ သိပေမယ့် သူကလေးကို သနားပြီး အချိန်တွေကို ဖဲ့ပေးပေးနေရတယ်ကွာ။ မိသားစုဘဝလေး လှပဖို့၊ ကြည်နုးမှုတွေ၊ မေတ္တာတရားတွေနဲ့ လွှမ်းခြုံနေဖို့ကလည်း အရေးကြီးတယ် မဟုတ်လား။“ တဲ့...။

ဒီစကားလေးတွေကို ကျွန်တော် ကြားနာမှတ်သားခဲ့ပြီးတဲ့နောက်မှာ ဖြစ်လာမိတဲ့ ခံစားချက်က “မြတ်စွာဘုရားဟောကြားတဲ့ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးဖို့ဆိုတာ အကောင်းဆုံးပါပဲ“ လို့။

ဒီလို ယုံကြည်မှုနဲ့ပဲ ဘဝခရီးကို ဆက်လျှောက်သွားချင်မိတယ်ဗျာ။

By: ဇွဲသစ် (ရမ္မာမြေ)

၂ ၊ ၉ ၊ ၂၀၁၃ (တနင်္လာနေ့)

No comments:

Post a Comment